လိဖုန်း တောင်ကြား သည် သားရဲတစ်သောင်း တောင်ထိပ် ရှိ ရုပ်ခန္ဓာကိုယ်သန့်စင်ခြင်း အဆင့် အမဲ လိုက် ဧရိယာ သုံးခုအနက် အန္တရာယ်အများဆုံး ဖြစ်၏။
၎င်းအတွင်းရှိ အန္တရာယ်နှင့် အခက်အခဲများကို ရှင်းပြနေရန်ပင် မလိုအပ်ချေ။ အပြင်စည်းတပည့်များ သည် အတွင်းသို့ ခြေချရန်ပင် မရဲဝံ့ကြပေ။
အတွင်းစည်းတွင်ပင် အသွက်လက်ဆုံး ဂုဏ်ထူးဆောင်များသာ ဤခရီးကို စွန့်စားရဲကြ၏။ အတွင်းသို့ ဝင်ရောက်သူများအနက် အများစုမှာ အစွန်အဖျားတွင်သာ နေရဲကြလေသည်။
နတ်ဆိုးသားရဲ တစ်ကောင်နှင့် ရင်ဆိုင်ရသည်နှင့်တစ်ပြိုင်နက် သူတို့သည် တိုက်ပွဲ အကြိမ်ကြိမ်ကို အထိ အခိုက်မရှိ ဖြတ်ကျော်နိုင်လျှင်ပင် နောက်ဆုံးတွင် မလွဲမသွေ မောပန်းနွမ်းနယ်သွားကြမည် ဖြစ်၏။
ထိုသို့ဆိုလျှင် မည်သူက နင်းဖန်ကဲ့သို့ ပြုမူမည်နည်း...။ ရုပ်ခန္ဓာကိုယ်သန့်စင်ခြင်း ဒုတိယအလွှာတွင်သာ ရှိနေပြီး ပထမဆုံးအကြိမ် လာရောက်ခြင်းဖြစ်ကြောင်း ထင်ရှားသော်လည်း သူ၏ လမ်းကြောင်းတစ် လျှောက် အရာအားလုံးကို ဖျက်ဆီးပစ်နေခဲ့သည်။
သူသည် မောပန်းခြင်းကို မသိသကဲ့သို့ လမ်းလွှဲခြင်း သို့မဟုတ် ပုန်းအောင်းခြင်းမရှိဘဲ နတ်ဆိုးသားရဲများ စုဝေးရာ နေရာတိုင်းသို့ တည့်တည့်တိုးကာ ရှေ့ဆက်သွားနေခဲ့၏။
ယခုအခါ သူသည် မြစ်ကြီးကိုပင် ဖြတ်ကူးကာ တောင်ကြား၏ နောက်တစ်ဝက်သို့ ဝင်ရောက်သွားခဲ့ပြီ ဖြစ်သည်။
ဤနေရာရှိ သားရဲများသည် အင်အားရော သွေးမျိုးဆက်ပါ အရည်အသွေးပိုင်းဆိုင်ရာ ခုန်ပျံကျော်လွှား တိုးတက်မှုများ ရှိကြ၏။
စတုတ္ထအဆင့် သွေးမျိုးဆက်များမှာ သာမန်ဖြစ်ပြီး ပဉ္စမအဆင့် သွေးမျိုးဆက်များမှာလည်း ရံဖန်ရံခါ ပေါ်လာတတ်သည်။
အင်အားအရ သူတို့သည် လူသားမျိုးနွယ်၏ ရုပ်ခန္ဓာကိုယ်သန့်စင်ခြင်း အဆင့် ဆဋ္ဌမအလွှာရှိ ကျင့်ကြံသူ များနှင့် ယှဉ်နိုင်ပေသည်။ ထိုကဲ့သို့သော နတ်ဆိုးသားရဲများသည် ကြမ်းတမ်းသည်ဟု သတ်မှတ်နိုင်ပြီ ဖြစ်၏။
၎င်းတို့အနက်မှ တစ်ကောင်နှင့် ရင်ဆိုင်ရသော အသစ်ဝင်လာသည့် တပည့်တစ်ဦးသည် ဒဏ်ရာများဖြင့် လွတ်မြောက်နိုင်လျှင်ပင် ကံကောင်းမည်ဖြစ်ပြီး သူ၏ အသက်ကိုပင် ဆုံးရှုံးသွားနိုင်ပေသည်။
ဂိုဏ်းကပင် ရုပ်ခန္ဓာကိုယ်သန့်စင်ခြင်း ပဉ္စမအလွှာ အောက်ရှိ တပည့်များကို တောင်ကြား၏ အနောက် ဘက်ခြမ်းသို့ မျက်ကန်းတစ္ဆေမကြောက် ဝင်ရောက်ခြင်းကို အားပေးအားမြှောက် မပြုချေ။
သူတို့သည် အုပ်စုလိုက် သွားရောက်ရမည် သို့မဟုတ် သူတို့၏ အင်အားကို မြှင့်တင်ပြီးနောက်မှသာ ပြန်လာရမည် ဖြစ်၏။
မည်သို့ပင်ဆိုစေ ဂိုဏ်းသည် တပည့်များ၏ စိတ်ဓာတ်ကို ခိုင်မာစေရန် ဤအမဲလိုက် ဧရိယာများကို ဖွင့်လှစ်ထားခြင်းဖြစ်ပြီး သူတို့ကို သေတွင်းသို့ ပို့ရန်တော့ မဟုတ်ချေ။
ရုပ်ခန္ဓာကိုယ်သန့်စင်ခြင်း ဒုတိယအလွှာမျှသာ ရှိသူတစ်ဦး နင်းဖန်ကဲ့သို့ နောက်ဘက်ခြမ်းသို့ ဝင်ရောက် ရဲခြင်းမှာ အလွန် ရှားပါးလှပေသည်။
ထို့ကြောင့် ထိုက်ရီအကြွင်းအကျန်နယ်မြေ အတွင်းရှိ ကြည့်ရှုနေသူ အများအပြား မှင်တက်သွားကြ သည်မှာ အံ့သြစရာတော့ မဟုတ်ပေ။
အပြင်စည်းတပည့်များသည် ဆူညံစွာ ဆွေးနွေးလာကြ၏။
အတွင်းစည်းနှင့် အစစ်အမှန်တပည့် များသည်လည်း မယုံကြည်နိုင်စွာ မျက်မှောင်ကြုတ်နေကြသည်။
"နင်းဖန်က နည်းနည်း လွန်လွန်းနေတာ မဟုတ်ဘူးလား...။"
"သူက အမြင့်ဆုံး အကန့်အသတ်မဲ့နည်းစနစ် တာအိုကျမ်းစာ ကို ကျင့်ကြံတယ်ဆိုရင်တောင် အဆုံးမှာ သူက သေမျိုးခန္ဓာကိုယ် ပဲ ရှိသေးတာလေ...။ သူ ဘယ်လိုလုပ် လိဖုန်း တောင်ကြား ရဲ့ နောက်ဘက်ခြမ်း ကို ခြေချရဲတာလဲ...။"
"နတ်ဆိုးသားရဲ တစ်ကောင်ရဲ့ သွေးမျိုးဆက်က သူ့ရဲ့ အင်အားအပေါ် ဘယ်လောက် လွှမ်းမိုးမှု ရှိလဲဆို တာကို သူ နားမလည်လို့များလား...။"
"ဖြစ်နိုင်တယ်...။ အစောပိုင်းက အရှေ့ဘက်ခြမ်းမှာ သူက သာမန် ရုပ်ခန္ဓာကိုယ်သန့်စင်ခြင်း ဆဋ္ဌမအ လွှာ ကျင့်ကြံသူတစ်ယောက်နဲ့ ညီမျှတဲ့ တတိယအဆင့် သွေးမျိုးဆက် သွေးဝံပုလွေ တစ်ကောင်ကို သတ်ခဲ့တယ်လေ... ။ အဲဒီ အောင်ပွဲက သူ့ရဲ့ ယုံကြည်မှုကို ကြီးထွားလာစေပြီး နောက်ဘက်ခြမ်းက လည်း သိပ်အန္တရာယ် မများလှဘူးလို့ ထင်သွားစေတာ ဖြစ်မယ်...။"
"အဲဒါ အမှန်ဆိုရင်တော့ သူ ဆိုးဆိုးရွားရွား အံ့သြရတော့မှာပဲ...။"
အစစ်အမှန်တပည့်များသည် သူတို့အချင်းချင်း စကားပြောဆိုနေကြ၏။ သူတို့အားလုံးသည် လိဖုန်း တောင်ကြား တွင် လေ့ကျင့်ဖူးကြပြီး နောက်ဘက်ခြမ်း မည်မျှ အန္တရာယ်များကြောင်း အတွေ့အကြုံအရ သိထားကြပေသည်။
အန္တရာယ်သည် အဓိကအားဖြင့် သွေးမျိုးဆက် မှ ပေးစွမ်းသော အင်အား မြှင့်တင်မှုမှ လာခြင်း ဖြစ်၏။
ဥပမာအားဖြင့် သာမန် လူသား ရုပ်ခန္ဓာကိုယ်သန့်စင်ခြင်း ဆဋ္ဌမအလွှာ ကျင့်ကြံသူတစ်ဦးနှင့် ညီမျှသော နတ်ဆိုးသားရဲ နှစ်ကောင်တွင် တစ်ကောင်က တတိယအဆင့် သွေးမျိုးဆက်ဖြစ်ပြီး နောက်တစ်ကောင် က စတုတ္ထအဆင့်ဖြစ်ပါက အမှန်တကယ် တိုက်ပွဲတွင် မည်သို့မျှ နှိုင်းယှဉ်၍ မရနိုင်ချေ။
စတုတ္ထအဆင့် နတ်ဆိုးသားရဲ တစ်ကောင်သည် တတိယအဆင့် ငါးကောင်ကို တစ်ပြိုင်နက်တည်း နောက်မကျဘဲ တိုက်ခိုက်နိုင်ပေသည်။
ပဉ္စမအဆင့်တွင်မူ ၎င်းသည် လုံးဝ ဖိနှိပ်မှု ဖြစ်သွား၏။
အတိုချုပ်ပြောရလျှင် နတ်ဆိုးသားရဲ တစ်ကောင်၏ သွေးမျိုးဆက် အမြင့်သည် လူသားများကြားရှိ အထူးရုပ်ခန္ဓာကိုယ်နှင့် သေမျိုးခန္ဓာကိုယ်ကြား ကွာဟချက်နှင့် တူပေသည်။
တူညီသော နယ်မြေတွင် ကောင်းကင်ယှဉ်ပြိုင် အရှင်သခင် ခန္ဓာကိုယ် ကို ပိုင်ဆိုင်ထားသော ကျင့်ကြံသူ တစ်ဦးသည် သေမျိုးခန္ဓာကိုယ် ကို သဘာဝကျကျ ချေမှုန်းနိုင်မည် ဖြစ်၏။
ထို့ကြောင့် ထူးချွန်သော တပည့်များစွာသည် နင်းဖန် လိဖုန်း တောင်ကြား ၏ နောက်ဘက်သို့ မျက်ကန်း တစ္ဆေမကြောက် ဝင်ရောက်ခြင်းအပေါ် အဆိုးမြင်နေကြခြင်းဖြစ်လေသည်။
သူ့ကို မာနကြီးသည်ဟု သူတို့ သေချာပေါက် မယူဆကြချေ။
၎င်းကို အတွေ့အကြုံမရှိခြင်း၊ အခြေခံအုတ်မြစ် နည်းပါးခြင်းနှင့် အခြေခံ သဘောတရားများကို နားမလည်ခြင်းတို့ကြောင့်ဟုသာ သူတို့ သတ်မှတ်ကြလေသည်။
မည်သို့ပင်ဆိုစေ လွန်ခဲ့သော ရက်အနည်းငယ်ကပင် နင်းဖန်သည် အပြင်စည်း အစမ်းခန့်တပည့် တစ်ယောက်သာ ဖြစ်နေခဲ့သေးသည်မဟုတ်ပါလား။
အကြီးအကဲများက သူ့ကို တပည့်အဖြစ် လက်ခံရန် ယှဉ်ပြိုင်နေကြခြင်း သို့မဟုတ် ဂိုဏ်းချုပ်က သူ့ကို တပည့်ခေါင်းဆောင် အဖြစ် ကြေညာခြင်း ကဲ့သို့သော ကိစ္စရပ်များ အားလုံးမှာ ထိုက်ရီအကြွင်းအကျန် နယ်မြေ အတွင်း၌သာ ဖြစ်ပျက်ခဲ့ခြင်း ဖြစ်လေသည်။
နင်းဖန် ကိုယ်တိုင်အတွက်မူ အရာအားလုံးက မရှင်းလင်းသေးချေ။
ထို့ကြောင့် မတူညီသော နတ်ဆိုးသားရဲ သွေးမျိုးဆက် များကြား အင်အား ကွာဟချက် မည်မျှ ကြီးမား ကြောင်းကို အပြင်စည်း အစမ်းခန့်တပည့် တစ်ယောက်က နားလည်လိမ့်မည်ဟု မည်သူက မျှော်လင့်နိုင် မည်နည်း။
ယခု သူကိုယ်တိုင် တိုက်ခိုက်ပြီးမှသာ သိနိုင်မည်ဟု ဆိုရပေမည်...။
တောင်ကြား၏ နောက်ဘက်ခြမ်းသို့ ဝင်ရောက်ပြီးနောက် နင်းဖန်သည် ဗဟိုလမ်းမကြီးအတိုင်း တည့် တည့် လျှောက်သွားကာ ရဲရင့်စွာ ဆက်လက် သွားနေခဲ့၏။
လမ်းတစ်လျှောက်တွင် ပုန်းအောင်းနေသော အင်အားကြီးမားသည့် အရှိန်အဝါများစွာကို သူ ခံစားနိုင်ပြီး သူ ပိုမို နက်ရှိုင်းစွာ ဝင်ရောက်လေလေ ပို၍ အားကောင်းလာလေလေ ဖြစ်သည်။
၎င်းက သူ၏ စိတ်လှုပ်ရှားမှုကို တဖြည်းဖြည်း လှုံ့ဆော်ပေးခဲ့၏။
သူ၏ ကိုယ်ပိုင် သွေးများ အရှိန်မြန်လာပြီး အနည်းငယ်မျှ ဖုံးကွယ်ထားခြင်း မရှိဘဲ သူ၏ အရှိန်အဝါကို ထုတ်လွှတ်လိုက်သည်။
နတ်ဆိုးသားရဲများအတွက်မူ ဤသည်မှာ ထင်ရှားသော ရန်စမှုပင် ဖြစ်၏။
ဟိန်းဟောက်သံများနှင့် မြည်ဟည်းသံများ ထွက်ပေါ်လာပြီး ရှေးဟောင်း သစ်ပင်များမှ သစ်ရွက်များ တစ်ပြိုင်နက်တည်း ကြွေကျသွားစေခဲ့သည်။
နောက်ဆုံးတွင် အနီးဆုံး နတ်ဆိုးသားရဲ သည် သည်းခံနိုင်စွမ်း ကုန်ဆုံးသွားပြီး တောအုပ်ထဲမှ ထွက်လာ ခဲ့လေ၏။
၎င်းမှာ အမွေးရှည်များရှိသော မီးခိုးရောင် ဝက်ဝံကြီး တစ်ကောင်ဖြစ်ပြီး ၎င်း၏ ခြေဖဝါးများမှာ ကြီးမား ကာ နီရဲနေသော ခြေသည်းများက မီးကဲ့သို့ တောက်ပနေခဲ့သည်။
"စတုတ္ထအဆင့် သွေးမျိုးဆက် နတ်ဆိုးသားရဲ... မီးတောက်ခြေဖဝါး ဝက်ဝံ...။"
ထိုက်ရီအကြွင်းအကျန်နယ်မြေ အတွင်း၌ အစစ်အမှန်တပည့် တစ်ယောက်က ထိုသတ္တဝါကို ချက်ချင်း မှတ်မိသွားခဲ့၏။
သူ၏ မျက်လုံးများမှာ လေးနက်သွားခဲ့သည်။
မီးတောက်ခြေဖဝါး ဝက်ဝံ သည် ကြောက်မက်ဖွယ်ကောင်းသော ကာကွယ်ရေးစွမ်းအား ရှိပြီး ၎င်း၏ ပူလောင်နေသော ခြေဖဝါးများက ပြင်းထန်သော ထိခိုက်မှုများကို ဖြစ်စေ၏။ စတုတ္ထအဆင့် နတ်ဆိုး သားရဲများထဲတွင် ၎င်းသည် ဒုက္ခပေးတတ်သူအဖြစ် နာမည်ဆိုးဖြင့် ကျော်ကြားပေသည်။
မည်သည့် ရုပ်ခန္ဓာကိုယ်သန့်စင်ခြင်း အဆင့် ကျင့်ကြံသူမဆို ၎င်းကို ခေါင်းကိုက်စရာတစ်ခုအဖြစ် တွေ့ရှိ ရမည် ဖြစ်၏။
နောက်ဘက်ခြမ်းတွင် နင်းဖန်၏ ပထမဆုံး တိုက်ပွဲမှာ ကံမကောင်းသည့်ပုံ ပေါ်နေပြီပင်။
အခြား မည်သည့် နတ်ဆိုးသားရဲ မှ ကြားဝင်စွက်ဖက်ရန် မလိုအပ်လောက်ချေ။ ဤ မီးတောက်ခြေဖဝါး ဝက်ဝံ တစ်ကောင်တည်းကပင် လိဖုန်း တောင်ကြား ၏ စစ်မှန်သော ပြင်းထန်မှုကို သူ့အား ပြသနိုင်ပေ သည်။
ထိုသို့ဖြစ်သွားသည်နှင့် သူသည် သေချာပေါက် သတိဝင်လာပြီး ဆုတ်ခွာသွားမည်သာ ဖြစ်၏။
လူအုပ်ကြီးက ထိုသို့ တွေးနေစဉ်မှာပင် အပြင်စည်းမှ အံ့သြတုန်လှုပ်သံများ ရုတ်တရက် ထွက်ပေါ်လာခဲ့ လေသည်။
အောက်ဘက်တွင် တိုက်ပွဲ စတင်နေပြီ ဖြစ်၏။
ရက်စက်ကြမ်းကြုတ်သော မီးတောက်ခြေဖဝါး ဝက်ဝံ သည် ပထမဆုံး စတင် တိုက်ခိုက်ခဲ့ပြီး ၎င်း၏ ကြီးမားသော ခန္ဓာကိုယ်သည် အမြင့်သို့ ခုန်တက်ကာ ထိုက်တောင် ကြီး ပြိုကျလာသကဲ့သို့ ခုန်အုပ်လာ ခဲ့လေသည်။
ပူလောင်နေသော ခြေသည်းများသည် ၎င်း၏ ခြေဖဝါး အစွန်းရှိ လေထုကို လှုင်းထသွားစေခဲ့၏။
"ဝက်ဝံလေး... သိုင်းပညာ ကျင့်ဝတ်တွေ မရှိဘူးပဲ...။"
နင်းဖန်သည် ဘေးသို့ ခုန်ထွက်ကာ ဖျက်ဆီးပစ်မည့် တိုက်ခိုက်မှုကို အလွယ်တကူ ရှောင်တိမ်းလိုက်ပြီး နောက်ပြောင်ရန်ပင် အချိန်ရခဲ့သေး၏။
နတ်ဆိုးသားရဲများသည် လူသားများ၏ စကားကို နားမလည်နိုင်သော်လည်း လူသားတစ်ဦးက ၎င်းတို့ကို မထီမဲ့မြင်ပြုသည့်အခါ လေသံကို နားထောင်၍ သိနိုင်ကြသည်။
ဒေါသထွက်သွားကာ ဝက်ဝံကြီးသည် ခြေလေးဖက်ဖြင့် ပြေးဝင်လာပြီး အနီးသို့ ရောက်သောအခါ ၎င်း ၏ ကြီးမားသော လက်ဖဝါးများကို ဆက်တိုက် လွှဲယမ်းကာ ရိုက်ချက်တိုင်းက ပူလောင်သော လေဖိအား များကို ယူဆောင်လာခဲ့၏။
နင်းဖန်သည် သူ၏ ခြေထောက်များကို ခိုင်မြဲစွာ ရပ်တည်ထားပြီး အပေါ်ပိုင်း ခန္ဓာကိုယ်ဖြင့်သာ ရှောင်တိမ်းနေခဲ့သည်။
ဤလှုပ်ရှားမှုများသည် တောင်ငါးလုံး စစ်မှန်သော ပုံစံ လက်သီး မှ လာခြင်း မဟုတ်ချေ...။ ၎င်းတို့သည် အလိုအလျောက် တုံ့ပြန်မှုသက်သက်အပေါ်တွင်သာ မှီခိုနေခြင်း ဖြစ်၏။
သို့မဟုတ် ပိုမို တိကျစွာ ပြောရလျှင် ရွှေရောင် အရည်အသွေး ဆုလာဘ် တိုက်ပွဲဝိညာဉ် အပေါ်တွင် ဖြစ်သည်။
တိုက်ပွဲဝိညာဉ် သည် တိုက်ပွဲတိုင်းတွင် သူ၏ တိုက်ခိုက်ရေး ဉာဏ်ရည်ကို အဆုံးမရှိ မြှင့်တင်ပေးခဲ့၏။
၎င်းက သူ့ကို အလိုအလျောက် တုံ့ပြန်မှုတစ်ခုတည်းကိုသာ အားကိုး၍ သိုင်းလောက ကျွမ်းကျင်သူ တစ်ဦးနှင့် ယှဉ်ပြိုင်နိုင်စေခဲ့သည်။
ခဏတာ တွေးတောရုံဖြင့် ပြိုင်ဘက်၏ ကြိုတင် လှုပ်ရှားမှုမှတစ်ဆင့် တိုက်ခိုက်မှု၏ လမ်းကြောင်းနှင့် ကျရောက်မည့် နေရာကိုပင် သူ ခန့်မှန်းနိုင်ပေသည်။
ယခုအချိန်တွင် သူသည် တိုက်ပွဲဝိညာဉ် ကို တမင်တကာ လေ့ကျင့်နေပြီး သူ၏ တိုက်ခိုက်ရေး ဉာဏ်ရည် ကို ထက်မြက်အောင် လုပ်ဆောင်နေခြင်းသာ ဖြစ်၏။
အစပိုင်းတွင် သူ၏ ရှောင်တိမ်းမှုများမှာ အချိုးမကျဘဲ ကျွမ်းကျင်မှု မရှိခဲ့ချေ။
အကြိမ်အနည်းငယ် သူသည် အချိန်မီ မရှောင်နိုင်ခဲ့ဘဲ လက်မောင်းများကို မြှောက်ကာ အလျင်စလို ကာကွယ်ခဲ့ရလေသည်။
သို့သော် အချိန်ကြာလာပြီး အကြိမ်အရေအတွက် များလာသည်နှင့်အမျှ သူသည် သိသိသာသာ ပိုမို ချောမွေ့လာခဲ့၏။
နောက်ဆုံးတွင် လက်များကို နောက်ပစ်ကာ တည်ငြိမ်သော အမူအရာဖြင့် သူသည် တည်ငြိမ်သော ခြေလှမ်းများဖြင့် နောက်သို့ ဆုတ်ကာ ယိမ်းထိုးပြီး တိုက်ခိုက်မှုတိုင်းကို လေပြေတိုက်သွားသကဲ့သို့ ရှောင်တိမ်းနိုင်ခဲ့သည်။
ထိုအားစိုက်စရာ မလိုသော စွမ်းဆောင်ရည်က လျှို့ဝှက်နယ်မြေ အတွင်းရှိ ကြည့်ရှုနေသူများကို မှင်တက်သွားစေခဲ့၏။
"ဒါက ဘယ်လို ရွေ့လျားမှု နည်းစနစ်လဲ...။ "
ဟု အစစ်အမှန်တပည့် တစ်ယောက်က အံ့အားသင့်စွာ ပြောလိုက်လေသည်။
မည်သူကမျှ မဖြေကြားခဲ့ချေ...။ ချွမ်းကုန်းတောင်ထိပ်၏ တောင်ထိပ်အရှင်သခင် ရွှီယိုဝေသာလျှင် စိတ်လှုပ်ရှားမှုကြောင့် တုန်ယင်နေသော အသံဖြင့် ပြန်ဖြေခဲ့သည်။
"အဲဒါက ဘယ်လို ရွေ့လျားမှု နည်းစနစ်မှ မဟုတ်ဘူး...။ နင်းဖန်က တိုက်ပွဲအလယ်မှာ နည်းစနစ်တွေကို တစ်ခုပြီးတစ်ခု ဖန်တီးနေတာ...။"
"တစ်နည်းအားဖြင့် သူ့ရဲ့ တိုက်ခိုက်ရေး ဉာဏ်ရည်က တက်လာနေတာ...။ မီးတောက်ခြေဖဝါး ဝက်ဝံ ရဲ့ တိုက်ခိုက်မှုတိုင်းကို သူ့စိတ်ထဲမှာ ခန့်မှန်းနိုင်တဲ့အထိပဲ...။"
***