ဟုန်ယွိ၏ တိုက်ကွက်မှာ သာမန်ကိုယ်ခံပညာ တစ်ရပ် မဟုတ်ပေ။ ၎င်းမှာ သူကိုယ်တိုင် ဆင်ခြင်တွေးတော နားလည်ထားသည့် ‘ကောင်းကင်၊ မြေကြီး၊ လေ၊ မိုးကြိုး’ ဟူသည့် ဓားလေးလက်အနက် ‘လေ’ ဓားသိုင်းပင် ဖြစ်သည်။
‘ရွှန့်’ဆိုသည်မှာ ချောမွေ့ခြင်းနှင့် အတားအဆီးမရှိခြင်းကို ဆိုလိုသည်။ ၎င်းသည် လေ၏ သဘောသဘာဝကို အပြည့်အဝ ကိုယ်စားပြုသည်။
“လေရွှန့်ဓား ... လူကြီးလူကောင်းတစ်ဦးသည် မိမိ၏ဆန္ဒအတိုင်း ဆောင်ရွက်၏။”
သမိုင်းရေစီးကြောင်း၊ လူသားမျိုးနွယ်၏ ဖြစ်တည်မူ အရှိန်အဟုန်ကဲ့သို့ တားဆီး၍ မရနိုင် သည့် ကျယ်ပြောလှသော အငွေ့အသက်တစ်ခုက ဟုန်ယွိ၏ ဓားအတွင်း၌ အပြည့်အဝ ပေါ်လွင်ထင်ဟပ်နေတော့သည်။"
လေတာအိုသည် လိုက်လျောညီထွေရှိခြင်း ဖြစ်ပြီး လူသားမျိုးနွယ်၏ လည်ပတ်နေသော တာအိုလည်း ဖြစ်သည်။
လူကြီးလူကောင်းတစ်ဦးသည် လေ၏သဘောကို လေ့လာကြည့်ရှုသည့်အခါ မေတ္တာနှင့် တရားမျှတမှုကို ကြေညာကာ နိုင်ငံအုပ်ချုပ်ရေးကို မြှင့်တင်နိုင်လိမ့်မည်။ ထိုမှတဆင့် လူသားမျိုးနွယ်၏ မြင့်မြတ်သော ကိုယ်ကျင့်သီလများကို သမိုင်းနှင့်အတူ ရှေ့သို့ ချီတက် စေလိမ့်မည်။ ဤသည်မှာ ယေဘုယျကျသော လမ်းစဉ်ကြီး ဖြစ်သည်။ ၎င်းသည် စစ်မှန် သော ‘လေ’ ပင် ဖြစ်၏။
အချို့သူများသည် လေကို လေ့လာပြီး ၎င်း၏ မမြင်နိုင်သော သဘောတရားကို နားလည် ကြသည်။ အချို့က လေကိုကြည့်ပြီး ၎င်း၏ ‘လျင်မြန်မှု’ သဘောကို ထိုးထွင်းသိမြင်ကြ သည်။ အချို့က ‘လွင့်မျောမှု’၊ အချို့က ‘ပေါ့ပါးမှု’၊ အချို့က ‘အသက်စွမ်းအား စီးဆင်းမှု’ စသည်ဖြင့် အသီးသီး နားလည်ကြသည်။
သို့သော် ဤအရာများမှာ လေ၏ စစ်မှန်သော အဓိပ္ပာယ် မဟုတ်ကြပေ။ ‘ပြောင်းလဲခြင်း ကျမ်း’ ရှိ လေ၏နိယာမအရ လူကြီးလူကောင်းတစ်ဦးသည် သူ၏အမိန့်များကို ထုတ်ပြန် ပြီး၊ လိုက်နာဆောင်ရွက်ကာ လူသားမျိုးနွယ်၏ လမ်းစဉ်ကို ချောမွေ့စွာ စီးဆင်းစေခြင်း သည်သာ စစ်မှန်သော လေ၏နိယာမ၊ စစ်မှန်သော အင်မော်တယ်တို့၏ လမ်းစဉ်ပင် ဖြစ်သည်။
ဤစွမ်းအားမှာ အမြင်ကျဉ်းမြောင်းသော သိုင်းဆန္ဒထက်ပင် သာလွန်သော စွမ်းအားဖြစ် ပြီး၊ အင်မော်တယ်များကိုပါ လွှမ်းခြုံထားသည်။
ဟုန်ယွိ၏ ‘လေရွှန့်ဓား’သည် လူသားမျိုးနွယ်ကို ရှေ့သို့ တွန်းတင်ပေးနေသော လူကြီး လူကောင်းတစ်ဦးနှင့် တူနေပြီး၊ တရှိန်ထိုး လည်ပတ်နေသော ထိုသမိုင်းကြောင်းဘီးကြီး ကို မည်သူမျှ တားဆီး၍ မရနိုင်ပေ။
ထိုကြီးမားလှသော အရှိန်အဝါကြောင့် ချန်ပီယံမြို့စားမှာ လုံးဝ တုန်လှုပ်သွားခဲ့ရသည်။
လူသားအင်မော်တယ် တစ်ဦး၏ သိုင်းပညာသည် ဤအဆင့်သို့ ရောက်ရှိသွားသည့်အခါ ‘ကောင်းကင်အချိန်အခါ’၊ ‘မြေပြင်အားသာချက်’ နှင့် ‘လူသားတို့၏စည်းလုံးမူ’ ဟူသည့် အချက်အားလုံးမှာ ဤဆုံချက်တစ်ခုတည်းတွင် စုစည်းသွားတော့သည်။
...
ဤဓားချက်တွင် ‘ဆေးမီးလျှံ နတ်ဘုရားဓား’ သည် ဖန်ဟွမ်အသက်ဝိညာဉ်ဓားကဲ့သို့ပင် သူ၏ စွမ်းအားအားလုံးကို တနေရာတည်း၌ ဖိသိပ်စုစည်းထားသည်။
ကောင်းကင်နှင့် မြေကြီး၏ အနှစ်သာရ၊ လူသားအင်မော်တယ် သန္ဓေသား၏ အနှစ်သာရနှင့် ဆေးမီးလျှံ၏ တောက်ပသော အလင်းတန်းများ အားလုံးသည် ဓားဖျားတွင် စုစည်းနေပြီး၊ ဓားဖျားတစ်ခုလုံးက လူများ မျက်လုံးကွယ်သွားလောက်အောင် တောက်ပ သော အလင်းတန်းကို ထုတ်လွှတ်နေ၏။
အထွက်အထိပ် သိုင်းသူတော်စင်တစ်ဦးပင်လျှင် ဤဓားဖျားမှ အလင်းကို တည့်တည့် ကြည့်မိပါက မျက်စိကွယ်သွားနိုင်ပေသည်။
တားဆီး၍ မရနိုင်သော အငွေ့အသက်၊ ကျယ်ပြောလှသော အရှိန်အဝါနှင့် ထက်ရှလှသော နတ်ဘုရားဓား၊ ဤအရာအားလုံးသည် တနေရာတည်းတွင် စုစည်းသွားပြီး၊ ဤလောက၌ ၎င်း၏ လမ်းကြောင်းကို ပိတ်ဆို့တားဆီးနိုင်မည့်အရာ ဘာရှိဦးမည်နည်း။
ထို့ကြောင့် ဟုန်ယွိသည် အခွင့်အရေးကို ဖမ်းဆုပ်ကာ သူ၏ အပြင်းထန်ဆုံးသော တိုက်ကွက်ကို ထုတ်ဖော်ပြီး၊ ချန်ပီယံမြို့စား၏ ‘ကံကြမ္မာ ကျောက်စိမ်းခန္ဓာ’ ကို တစ်ချက် တည်းဖြင့် ချေမှုန်းနိုင်မည်ဟု ယုံကြည်ချက် အပြည့်ရှိနေသည်။
သို့သော် အရာအားလုံးမှာ သူဖြစ်စေချင်သလို ဖြစ်မလာခဲ့ပေ။ အခြေအနေမှာ ရုတ်တရက် ပြောင်းလဲသွားသည်။
‘ဆေးမီးလျှံ နတ်ဘုရားဓား’ သည် ချန်ပီယံမြို့စား၏ ရင်ဘတ်ကို ထိုးစိုက်လိုက်သည့် အခိုက်အတန့်တွင် ထူးဆန်းပြီး ဖရိုဖရဲအရောင်ဝါရှိသော အရာဝတ္ထုတစ်ခုက သူ့ရင်ဘတ်မှ ရုတ်တရက် ထွက်ပေါ်လာသည်။ ၎င်းမှာ မှန်တစ်ချပ်နှင့် တူသော်လည်း မှန်မဟုတ်ပေ။
ဤမှန်မှာ ကြိုတင်သတိပေးချက် မရှိဘဲ ထွက်ပေါ်လာပြီး ‘ဆေးမီးလျှံ နတ်ဘုရားဓား’ ၏ ဓားဖျားကို ပိတ်ဆို့လိုက်သည်။ ထိုနှစ်ခု တိုက်မိသည့်အခါ အလွန်ပြင်းထန်လှသော ဓားအလင်းမှာ ထိုထူးဆန်းသော ‘ရင်ဘတ်ကာမှန်’ အတွင်းသို့ လုံးဝ ဝါးမြိုခြင်း ခံလိုက်ရ သည်။
တစ်ချိန်တည်းမှာပင် ထိုရင်ကာမှန်မှာ အက်ကွဲသံများ ထွက်ပေါ်လာသည်။ ‘ဆေးမီးလျှံ နတ်ဘုရားဓား’ ၏ ဓားစွမ်းအားနှင့် ‘လေရွှန့်ဓား’ ၏ ကြီးမားလှသော အရှိန်အဟုန်ကို မခံနိုင်တော့သည့် ပုံပင်။ သို့သော် ၎င်းအက်ကွဲသွားပြီးနောက် ‘အတိတ်ကျမ်း’ ၏ ဗုဒ္ဓအလင်းနှင့် အဆုံးမဲ့အလင်းများထက်ပင် ပို၍ တောက်ပသော အလင်းတန်းတစ်ခုမှာ ပြင်းထန်စွာ စုစည်းလာခဲ့သည်။
လက်မောင်းခန့် တုတ်သော အလင်းတန်းတစ်ခုမှာ အမြောက်မြည်သံကဲ့သို့သော ဟိန်းသံ ကြီးနှင့်အတူ ချန်ပီယံမြို့စား၏ ရင်ဘတ်မှ ထွက်ပေါ်လာသည်။ ၎င်းသည် ဟုန်ယွိထံသို့ ဦးတည် ပစ်ခတ်လိုက်ခြင်း ဖြစ်သည်။ ဤအလင်းတန်း ပေါ်လာသည့်အခါ ဖန်ဟွမ် အသက် ဝိညာဉ်ဓား၏ တောက်ပမှုပင် မှေးမှိန်သွားရသည်။
၎င်းမှာ ဖျက်ဆီးခြင်း သက်သက်အတွက်သာ မွေးဖွားလာသော အလင်းတန်း ဖြစ်သည်။ အထူးသဖြင့် အမြောက်မြည်သံကြီးမှာ ထိုအလင်းတန်းအတွင်း၌ အရာဝတ္ထုပေါင်း ကုဋေကုဋာ ပေါက်ကွဲနေသကဲ့သို့ပင်။ ၎င်းသံကို ကြားလိုက်ရချိန်တွင် ဟုန်ယွိသည် ရှေးဟောင်းခေတ်က ကောင်းကင်ယံရှိ ကြယ်တာရာများ ပေါက်ကွဲသွားသည့် အသံမျိုးဟု ခံစားလိုက်ရသည်။
ကျယ်ပြောလှသော စကြဝဠာကြီးအတွင်း၌ မရေမတွက်နိုင်သော ကြယ်တာရာများ ရှိနေကြသည်။ နှစ်ပေါင်း ဘီလီယံနှင့်ချီ ကြာမြင့်ပြီးနောက် အချို့သော ကြယ်တာရာများ သည် ၎င်းတို့၏ သက်တမ်းကုန်ဆုံးချိန်တွင် ပြင်းထန်သော အသံကြီးနှင့်အတူ ပေါက်ကွဲ သွားကြသည်။ ဤအသံကို ကြားရသော မည်သည့် ပညာရှင်မဆို စိတ်နှလုံး တုန်လှုပ်သွား ရမည်ဖြစ်ပြီး မိုးကြိုးကပ်ဘေး ခုနစ်ကြိမ် ကျော်ဖြတ်ထားသော ‘ဖန်ဆင်းရှင်’ များပင်လျှင် ကင်းလွတ်မည် မဟုတ်ပေ။
၎င်းမှာ တွန်းလှန်၍မရနိုင်သော ဖျက်ဆီးခြင်း ဖြစ်သည်။
ယခုအခါ ဤအလင်းတန်းတွင် ရှေးဟောင်းကြယ်တာရာများ ပေါက်ကွဲသံ ပါဝင်နေသဖြင့် ၎င်း၏ အစွမ်းမှာ အရာအားလုံးကို ဖောက်ထွင်းနိုင်ကြောင်း သိသာလှသည်။ ဤလောက တွင် ဤကဲ့သို့သော စွမ်းအားမျိုး ရှိသည့် တာအိုကျင့်စဉ်မှာ တစ်ခုတည်းသာ ရှိသည်။ ၎င်းမှာ ‘မူလဝိညာဉ်နတ်ဘုရား၏ 'ဘုံသုံးပါးမူလစွမ်းအင်အမြောက်'ပင် ဖြစ်သည်။
အတိုင်းအဆမဲ့သော မူလဝိညာဉ်စွမ်းအားနှင့် နတ်ဘုရားတန်ခိုး စွမ်းအားများကို အသုံးပြု ၍ သက်တမ်းကုန်ဆုံးသွားသော ရှေးဟောင်းကြယ်တာရာတစ်ခု၏ ပေါက်ကွဲပုံကို ပုံတူ ဖန်တီးထားခြင်း ဖြစ်သည်။ အရာအားလုံးကို ဆွဲဖြဲဖျက်ဆီးနိုင်ပြီး မည်သည့်အရာကမျှ တားဆီးနိုင်ခြင်း မရှိပေ။ အနည်းဆုံးတော့ လက်ရှိ ဟုန်ယွိသည် ၎င်းကို တားဆီးနိုင်စွမ်း မရှိသေးပေ။
... ...
“ဘုံသုံးပါး မူလစွမ်းအင်အမြောက်”
ဟုန်ယွိသည် သူ၏ အလိုလိုအာရုံခံစားမူကြောင့် အန္တရာယ်ကို ကြိုတင်ခံစားလိုက်ရသဖြင့် ဤဖျက်ဆီးခြင်း တိုက်ကွက်ကို ထိပ်တိုက် ရင်မဆိုင်ခဲ့ပေ။ သူသည် ‘ဆေးမီးလျှံ နတ်ဘုရားဓား’ ကို ပြန်ရုပ်သိမ်းကာ အပေါ်သို့ ခုန်တက်လိုက်သည်။
'ဘုံသုံးပါး မူလစွမ်းအင်အမြောက်' ၏ အဖြူရောင်အလင်းတန်းမှာ ဟုန်ယွိ၏ ခန္ဓာကိုယ်မှ သီသီလေး လွဲချော်သွားပြီး အဝေးရှိ ဥက္ကာခဲအုပ်စုကြီးကို ထိမှန်သွားသည်။ ဝုန်း…၊ ဝုန်း..၊ တိုးညင်းသော အမြောက်အသံနှင့်အတူ ထိုအဖြူရောင်အလင်းနှင့် ထိမိသော သို့မဟုတ် အဖြူရောင် အလင်းတန်းအနားသို့ ကပ်မိသော ဥက္ကာခဲများအားလုံးမှာ စိမ်းဖန့်ဖန့် မီးခိုးများ အဖြစ် ပြောင်းလဲသွားပြီး အစအနပင် မကျန်တော့ပေ။ ဤအဖြူရောင်အလင်းမှာ အဝေးဆုံးသို့ ဖောက်ထွက်သွားပြီးမှ ဟုန်ယွိ၏ အမြင်အာရုံအတွင်းမှ ပျောက်ကွယ်သွား သည်။
ဟုန်ယွိ၏ မျက်စိရှေ့တွင် မိုင်ပေါင်း သောင်းချီ၍ ရှည်လျားသော ဟင်းလင်းပြင် လမ်းကြောင်းကြီးတစ်ခု ပွင့်သွားခဲ့သည်။ သူ၏ခန္ဓာကိုယ်ပေါ်ရှိ ‘ကောင်းကင်အလင်းဦးချို နတ်ဘုရားချပ်ဝတ်’ မှာ တုန်ခါသွားသည်။ ရှေးဟောင်းကြယ်တာရာ ပေါက်ကွဲပုံကို အတုယူဖန်တီးထားသော ထိုအသံသည် နတ်ဘုရားချပ်ဝတ်အပေါ် ပြင်းထန်သော ရိုက်ခတ်မှုကို ဖြစ်စေခဲ့ခြင်း ဖြစ်သည်။ ချပ်ဝတ်မှာ ပျက်စီးမသွားသော်လည်း မြင်ရသူအဖို့ ထိတ်လန့်စရာပင်။
အကယ်၍ သူသာ တည့်တည့် ထိမှန်ခဲ့ပါက နတ်ဘုရားချပ်ဝတ်၏ ခိုင်ခံ့မှုပင် ပျက်စီးသွား လိမ့်မည်ဟု ဟုန်ယွိ သံသယဝင်မိသည်။ ဤစွမ်းအားမှာ ကျိန်းသေပေါက် ဖန်ဟွမ် အသက်ဝိညာဉ်ဓားထက်ပင် အားမနည်းပေ။
သို့သော် အမြောက်က လွဲချော်သွားခဲ့ပြီး ဟုန်ယွိက ရှောင်တိမ်းနိုင်ခဲ့သည်။ ထို့ပြင် ဟုန်ယွိ သည် ဤအရာကို ချန်ပီယံမြို့စား ကိုယ်တိုင် ပစ်ခတ်လိုက်ခြင်း မဟုတ်ကြောင်း သိလိုက် သည်။ ၎င်းမှာ တစ်စုံတစ်ဦးက ချန်ပီယံမြို့စား၏ စိတ်ဝိညာဉ်ပေါ်တွင် ထည့်သွင်းပေးထား သော ရတနာ သို့မဟုတ် အင်အားကြီး နတ်ဘုရားတန်ခိုး စွမ်းအားတစ်ခုခု ဖြစ်ရမည်။
“ဒါက 'ဘုံသုံးပါး မူလစွမ်းအင်အမြောက်' ချန်ပီယံမြို့စားကို သတ်ဖို့ အကောင်းဆုံး အခွင့်အရေးကို ဆုံးရှုံးလိုက်ရတာ နှမြောစရာပဲ။ ဒါက တကယ့်ကို ပြဿနာပဲ။ ဒါပေမဲ့ ငါသာ ‘'ဘုံသုံးပါး မူလစွမ်းအင်အမြောက်'ရဲ့ အသံကို လေ့လာနိုင်မယ်ဆိုရင် ‘အလင်းနှင့် အမှောင် မဟာအတားအဆီး’ ဟာ ပိုပြီး ပြည့်စုံလာလိမ့်မယ်။ ငါ အဆင့် ၇ မိုးကြိုးကပ်ဘေး ကို ကျော်ဖြတ်ပြီး ‘ဖန်ဆင်းရှင်’ ဖြစ်လာနိုင်ဖို့အထိ ခြေလှမ်းလှမ်းနိုင်လိမ့်မယ်။ အဲဒီအချိန် ကျရင်တော့...”
'ဘုံသုံးပါး မူလစွမ်းအင်အမြောက်'ထဲမှ ရှေးဟောင်းကြယ်တာရာ ပေါက်ကွဲသံမှာ အလွန် ပင် နက်နဲလှသော တာအိုကျင့်စဉ်၏ အသံဖြစ်သည်။ ဟုန်ယွိသည် ၎င်းကို လေ့လာနိုင်ပါ က ‘အလင်းနှင့် အမှောင် မဟာအတားအဆီး’ ကို ချက်ချင်း ပြည့်စုံသွားစေမည်ဖြစ်ကြောင်း သိလိုက်သည်။ သူသည် စကြဝဠာ၏ ဖန်တီးခြင်းနှင့် ပျက်ဆီးခြင်းဆိုင်ရာ အစစ်မှန် အဓိပ္ပာယ်ကို နားလည်သွားမည်ဖြစ်ပြီး ‘ဖန်ဆင်းရှင်’ ဖြစ်လာပေလိမ့်မည်။
အကယ်၍ သူသာ အဆင့် ၇ မိုးကြိုးကပ်ဘေး ကျော်ဖြတ်နိုင်ခဲ့လျှင် ဟင်းလင်းပြင်မှတဆင့် အရာဝတ္ထုများကို ဖန်ဆင်းနိုင်သည့် စွမ်းအားကို ရရှိပေလိမ့်မည်။ ထိုအခါမှသာ သူသည် လေကိုဆင့်ခေါ်၍ မိုးကိုရွာသွန်းစေနိုင်သည့် အစစ်အမှန် စွမ်းအားရှင် ဖြစ်လာပေလိမ့်မည်။
“မထင်မှတ်ထားဘူး။ တကယ်ကို မထင်မှတ်ထားဘူး။ ဟုန်ယွိ... မင်းက တကယ်ကို အစွမ်းထက်တာပဲ။ မင်းကို သတ်ဖို့အတွက် အစာကျွေးထားတဲ့ ဝက်တစ်ကောင်လို့ပဲ ငါ ယူဆထားခဲ့တာ။ ဒါပေမယ့် မထင်မှတ်ဘဲ ပြိုင်ဘက်ကောင်းတစ်ယောက်ကို ငါကိုယ်တိုင် ဖန်တီးမိလိုက်သလိုပဲ။ ငါ့ရင်ဘတ်က ‘ဖရိုဖရဲ ရင်ဘတ်ကာမှန်’ သာ အလုပ်မလုပ်ခဲ့ရင် ငါသေရင်သေ၊ မသေရင်တောင် အပြင်းအထန် ဒဏ်ရာရသွားမှာပဲ။”
ချန်ပီယံမြို့စားသည် လျင်မြန်စွာ နောက်ဆုတ်လိုက်ပြီး ကောင်းကင်ယံရှိ ဟုန်ယွိကို ကြည့်လိုက်သည်။ သူတို့နှစ်ဦးမှာ တစ်ဦးကိုတစ်ဦး သတိထားရင်း ပြန်လည် လူခွဲသွားကြ သည်။ ဟုန်ယွိသည် 'ဘုံသုံးပါး မူလစွမ်းအင်အမြောက်'နှင့် ဖန်ဟွမ်အသက်ဝိညာဉ်ဓားကို သတိထားနေရသည်။
ချန်ပီယံမြို့စားမှာမူ ဟုန်ယွိ၏ ‘လေရွှန့်ဓား’ တိုက်ကွက်ကြောင့် အကြီးအကျယ် တုန်လှုပ် နေသည်။ သူသည် ဤမျှ အရှိန်အဝါကြီးမားသော ဓားသိုင်းမျိုးကို တစ်ခါမျှ မမြင်ဖူးပေ။ သူ၏မျက်နှာမှာ အလွန်ပင် ကြည့်ရဆိုးနေသည်။
“ငါ့ရဲ့ ကျောက်စိမ်းခန္ဓာကို တည်ဆောက်ပြီးတဲ့အခါ မူလဝိညာဉ်နတ်ဘုရားက သူ့ရဲ့ နတ်ဘုရားတန်ခိုး စွမ်းအား တစ်စိပ်တစ်ဒေသကို ‘ဖရိုဖရဲ ရင်ကာမှန်’ အဖြစ် ပြောင်းလဲပြီး ငါ့ရင်ဘတ်ထဲမှာ ဝှက်ပေးထားခဲ့တာ။ အရေးကြီးတဲ့အချိန်ကျရင် ဒါက ငါ့အသက်ကို ကယ်ပေးလိမ့်မယ်လို့ သူပြောခဲ့တယ်။ ငါကတော့ သူပြောတာကို မယုံခဲ့ဘူး၊ ဒီလူက ငါ့ကို ချုပ်နှောင်ထားချင်လို့ တစ်ခုခု လုပ်ထားတာလို့ပဲ ထင်ခဲ့တာ။ ငါနဲ့သူက သွေးသောက် ညီအစ်ကိုတွေ ဆိုပေမဲ့ ငါက သူ့ကို ဘယ်လိုလုပ် ယုံကြည်နိုင်ပါ့မလဲ။ ဒါပေမဲ့ အခုကြည့်ရ တာ ဒီလူက အန္တရာယ်ကို ကြိုမြင်နိုင်တဲ့ နယ်ပယ်ကို တကယ်ပဲ ရောက်နေပြီပဲ။”
ချန်ပီယံမြို့စားသည် မကြာခင်က ဖြစ်ပျက်ခဲ့သည်များကို ပြန်တွေးရင်း စိတ်သက်သာရာ ရသွားသည်။
“မင်းမှာ ‘ဖရိုဖရဲ ရင်ကာမှန်’ ဘယ်နှစ်ချပ် ကျန်သေးလဲ။ ခုနက အဲဒီနတ်ဘုရားစွမ်းအားဟာ ငါ့ရဲ့ထိုးချက်ကြောင့် ပျက်စီးသွားပြီး ‘'ဘုံသုံးပါး မူလစွမ်းအင်အမြောက်' အဖြစ် ပြောင်း သွားတာ။ ချန်ပီယံမြို့စား ... မင်းရဲ့သိုင်းတာအို အဆင့်နဲ့ဆိုရင် မင်း ငါ့ကို မယှဉ်နိုင်ပါဘူး။ မင်းရဲ့ စိတ်ဝိညာဉ်နဲ့ ခန္ဓာကိုယ် တသားတည်း ပေါင်းစပ်သွားရင်တောင် မင်း လူသား အင်မော်တယ် ဖြစ်လာမှာ မဟုတ်ဘူး။ ငါက တာအိုကျင့်စဉ်ကို ကျင့်ကြံရင်း လူသား အင်မော်တယ်လမ်းစဉ်ကို တိုက်ရိုက် နားလည်ထားတာ။ မင်း ငါ့ကို မယှဉ်နိုင်ဘူး။”
ဟုန်ယွိသည် ဓားဖြင့် ရှေ့သို့ ညွှန်လိုက်စဉ် ခန့်ညားထည်ဝါသော အသံတစ်ခု ထွက်ပေါ်လာ သည်။ ထိုအသံနှင့်အတူ သူ၏ဓားမှာလည်း လှုပ်ရှားသွားသည်။ ဤဓားမှာ ‘လေရွှန့်ဓား’ မဟုတ်ဘဲ ‘မိုးကြိုးဓား’ ဖြစ်သည်။
ဤဓားကို အသုံးပြုလိုက်သည့်အခါ ၎င်းသည် ကြောက်မက်ဖွယ် ကောင်းလှသလို တဖက်တွင်မူ သိမ်မွေ့မှု၊ စိုးရိမ်မှုနှင့် ဂရုတစိုက်ရှိမှုတို့လည်း ပါဝင်နေပြီး အားနည်းချက်နှင့် ဟာကွက်အားလုံးကို ဖြည့်ဆည်းပေးလိုက်သည်။
“မိုးကြိုးကျန့်ဓား ... လူကြီးလူကောင်းတစ်ဦးသည် ကြောက်ရွံ့မှုနှင့်အတူ မိမိကိုယ်ကိုယ် ပြန်လည်ဆင်ခြင်၍ ကျင့်ကြံ၏။”
ပြင်းထန်ပြီး ကျယ်ပြောလှသော ယန်စွမ်းအားနှင့် ထက်မြက်သော ယင်စွမ်းအားတို့မှာ တစ်ခုနှင့်တစ်ခု ထပ်တူကျသွားပြီး ကောင်းကင်ယံကြီးကို တုန်ခါသွားစေသည့် ပြင်းထန် သော မြည်ဟိန်းသံကြီး ထွက်ပေါ်လာသည်။
ဤဓားချက် ကျဆင်းလာသည့်အခါ ချန်ပီယံမြို့စားမှာ ရုတ်တရက် ထုံထိုင်းသွားသလို ခံစားလိုက်ရ၏။ သူသည် လက်ထဲမှ ဖန်ဟွမ်အသက်ဝိညာဉ်ဓားကိုပင် မကိုင်နိုင်တော့ပေ။ သူ၏ အငွေ့အသက်မှာ လုံးဝ ဖိနှိပ်ခြင်း ခံလိုက်ရပြီး သူ၏ အတွေးစများမှာ ပြင်းထန်သော သိုင်းဆန္ဒကြောင့် တုန်လှုပ်သွားရသည်။
၎င်းမှာ မိုးကြိုးသံကြောင့် ထိတ်လန့်သွားသော လူတစ်ဦး၏ တုံ့ပြန်မှုမျိုးပင်။
ချန်ပီယံမြို့စားသည် လူကြီးလူကောင်းတစ်ဦး မဟုတ်သဖြင့် “မိုင်တစ်ရာအတွင်း မိုးကြိုး ပစ်သော်လည်း လက်ထဲမှ ဝိုင်ခွက် မဖိတ်စင်စေရ” ဟူသည့် နယ်ပယ်သို့ မရောက်ရှိနိုင်ပေ။
ဤ ‘မိုးကြိုးဓား’ ၏ အရှိန်အဝါမှာ ကောင်းကင်တာအို၏ တိုးတက်မှုနှင့် လူသားတို့၏ ကိုယ့်ကိုယ်ကို ပြန်လည်ဆင်ခြင်မူ သဘောတရားတို့ ပေါင်းစပ်ထားခြင်း ဖြစ်သည်။ ၎င်းသည် မိုးကြိုးကပ်ဘေးထက်ပင် ပို၍ ထက်မြက်လှသည်။ ချန်ပီယံမြို့စားသည် မိုးကြိုး ကပ်ဘေးများကို ကျော်ဖြတ်ခဲ့ဖူးသော်လည်း ဤပြင်းထန်သော တိုက်ကွက်ကြောင့် သူ၏ စိတ်မှာ ခေတ္တမျှ ကမောက်ကမ ဖြစ်သွားခဲ့သည်။
သိုင်းပညာရှင်ကြီးများအတွက်မူ မျက်စိတစ်မှိတ်အတွင်း ဆိုသည်မှာ တိုက်ပွဲ၏ အရှုံးအနိုင် ကို ဆုံးဖြတ်ရန် လုံလောက်သည်။ မဟုတ်သေးပါ၊ မျက်စိတစ်မှိတ် ဆိုသည်မှာပင် အချိန် အလွန်ကြာလွန်းသေး၏။ ၎င်းမှာ လက်တစ်ဖျစ်စာ အချိန်၏ ခြောက်ဆယ်ပုံ တစ်ပုံမျှသာ ရှိသင့်သည်။ ထိုမျှသော အချိန်လေးမှာပင် သတ်ဖြတ်ရန် လုံလောက်သည်။
‘ဆေးမီးလျှံ နတ်ဘုရားဓား’ ကို ပိတ်ဆို့ရန် ကြိုးစားနေသော ဖန်ဟွမ်အသက်ဝိညာဉ်ဓား မှာ တစ်ဝက်ခန့်သာ ဝှေ့ယမ်းနိုင်သေးသည်။ ဟုန်ယွိ၏ ‘မိုးကြိုးဓား’ မှာ ချန်ပီယံမြို့စား၏ ပုခုံးပေါ်သို့ တည့်တည့်မတ်မတ် ကျရောက်သွားတော့သည်။
ဝုန်း….
ချန်ပီယံမြို့စား၏ ခန္ဓာကိုယ်တစ်ခုလုံးမှာ ကြွေထည်ပစ္စည်းတစ်ခုကဲ့သို့ အက်ကွဲကြောင်း များ ပေါ်လာသည်။ ‘ကံကြမ္မာ ကျောက်စိမ်းခန္ဓာ’ မှာ ပျက်စီးမသွားသော်လည်း ဝန်ထုပ် ဝန်ပိုးကို မခံနိုင်တော့သည့် လက္ခဏာများ ပြသလာသည်။ သူသည် အပြင်းအထန် ဒဏ်ရာရသွားခဲ့ပြီ။
ချန်ပီယံမြို့စားသည် ထိုဒဏ်ချက်ကို ထိပ်တိုက် ခံလိုက်ရသဖြင့် မရေမတွက်နိုင်သော အတွေးစများမှာ ကွဲကြေသွားရသည်။ သူသည် နာကျင်စွာ အော်ဟစ်လိုက်ပြီး သူ၏ ခန္ဓာကိုယ်ကို နောက်သို့ လွင့်ထွက်သွားစေကာ ရှောင်တိမ်းလိုက်သည်။
သို့သော် သူသည် အဝေးသို့ ရောက်ရှိသွားပြီး ဟင်းလင်းပြင်ကို ဆွဲဖြဲရန် ပြင်လိုက်ချိန်မှာပင် ...
ကိုးပေကိုးလက်မ မြင့်သော ‘ဗုဒ္ဓဓမ္မခန္ဓာ’ကြီးမှာ သူ၏ ရှေ့တွင် ပိတ်ဆို့လိုက်ပြီး၊ ဧရာမ လက်ဝါးကြီးကို မြှောက်လိုက်ရင်း ‘ဗောဓိတံဆိပ်’၊ ‘မဟာတံဆိပ်’ နှင့် ‘ပါရမီတံဆိပ်’ တို့မှာ အစွမ်းကုန် လည်ပတ်သွားပြီး အောက်သို့ ရိုက်ချလိုက်တော့သည်။
ထိတ်လန့်သွားသော ချန်ပီယံမြို့စားသည် သူ၏ လက်ဝါးကို မြှောက်၍ ခုခံလိုက်သည်။ လက်ဝါးနှစ်ခုမှာ ရိုက်မိသွားကြသည်။
ဖြောင်း... ဖြောင်း
‘ကံကြမ္မာ ကျောက်စိမ်းခန္ဓာ’ တစ်ခုလုံးမှာ ပေါက်ကွဲထွက်သွားပြီး မရေမတွက်နိုင်သော အတွေးစများမှာ အရပ်မျက်နှာအနှံ့သို့ လွင့်စင်သွားတော့သည်။
ဟင်းလင်းပြင်ထဲတွင်မူ ဖန်ဟွမ်အသက်ဝိညာဉ်ဓား တစ်လက်တည်းသာ လွင့်မျောလျက် ကျန်ရစ်ခဲ့တော့သည်။
***