‘ရှေးဟောင်းရာရှိုမွန်’ သည် နက်နဲဆန်းကြယ်ပြီး ခန့်မှန်းရခက်သည့် စွမ်းအားများကို ပိုင်ဆိုင်ထားသည်မှာ သံသယဖြစ်ဖွယ် မရှိပေ။ သို့သော် ဟုန်ယွိသည် ၎င်းကို ရရှိခဲ့သည့် အချိန်မှစ၍ ယခုအထိ သေချာလေ့လာရန် အချိန်မရသေးပေ။
သို့သော်လည်း ဤနတ်ဘုရားလက်နက်သည် သာမန်ဟင်းလင်းပြင် မှော်လက်နက်တစ်ခု မဟုတ်ဘဲ ‘ကမ္ဘာငယ်လေး’ တစ်ခု ဖြစ်ကြောင်း ဟုန်ယွိ ခပ်ရေးရေး ခံစားမိသည်။
လက်မအနည်းငယ်သာ မြင့်သော ထိုတံခါး၏ နောက်ကွယ်တွင် ဘာရှိသနည်း ဆိုသည်ကို မူ အဆင့်လေး မိုးကြိုးကပ်ဘေးကို ကျော်ဖြတ်ထားသော ဟုန်ယွိ၏ တာအိုပညာကျင့်စဉ် ဖြင့်ပင် ဝင်ရောက်စူးစမ်းရန် မဝံ့ရဲသေးပေ။
ထိုတံခါး၏ နောက်ကွယ်ရှိ အခြေအနေမှန်မှာ ‘ပုံရိပ်ယောင် ကိုယ်ပွားတံခါး’ များထက်ပင် ပိုမို အန္တရာယ်ကြီးမားလှသည်။
‘ရှေးဟောင်းရာရှိုမွန်’ ကို လုယူပြီးနောက် အကယ်၍, ချန်ပီယံမြို့စားသာ နှောင့်ယှက်ခြင်း မရှိပါက ဟုန်ယွိသည် ၎င်းကို ကောင်းကောင်းလေ့လာနိုင်မည် ဖြစ်သည်။ သို့သော် ချန်ပီယံ မြို့စား၏ တိုက်ခိုက်မှုကြောင့် ဟုန်ယွိမှာ သူ့ကို အရင် ရင်ဆိုင်ခဲ့ရသည်။ ချန်ပီယံမြို့စား၏ စိတ်ဝိညာဉ်ကို သတ်ဖြတ်နိုင်ခဲ့သော်လည်း သူ့ဘက်တွင်မူ အရှုပ်အထုပ်များစွာ ကျန်ရစ် ခဲ့သည်။
ကံကြမ္မာလှောင်အိမ်အတွင်းမှ ယွမ်ရှန်းရှန်း၏ အော်ဟစ်သံကို ကြားလိုက်ရသည့်အခါ အခြေအနေ မကောင်းတော့ကြောင်း ဟုန်ယွိ သိလိုက်သည်။ သူသည် ဖန်ဟွမ်အသက် ဝိညာဉ်ဓား၏ စွမ်းအားကို အစွမ်းကုန် ထုတ်ဖော်ကာ ‘ခွန်ပန်သန့်စင်ပုံရိပ်’ကို ဆွဲဖြဲရန် ကြိုးစားလိုက်သည်။
ကံကြမ္မာလှောင်အိမ်အတွင်းမှ ကြယ်တာရာများ ပေါက်ကွဲသံကဲ့သို့ ထူးခြားသော အမြောက်သံကြီးများ ထွက်ပေါ်လာသည်။ ထိုအသံကို ဟုန်ယွိ ကောင်းကောင်း မှတ်မိနေ သည်။ ၎င်းမှာ 'ဘုံသုံးပါး မူလစွမ်းအင်အမြောက်' ၏ အသံပင် ဖြစ်သည်။ ၎င်း၏ အစွမ်းမှာ မယုံနိုင်လောက်အောင် ကြီးမားပြီး ဖန်ဟွမ်အသက်ဝိညာဉ်ဓားကဲ့သို့ပင် မည်သည့် အကာကွယ်ကိုမဆို ဖျက်ဆီးပစ်နိုင်စွမ်း ရှိသည်။
ယွမ်ရှန်းရှန်းနှင့် အခြားသူများသည် နက်ရှိုင်းသော တာအိုပညာရပ်များကို ပိုင်ဆိုင်ထား ကြသော်လည်း ထိုကဲ့သို့သော စွမ်းအားကို တောင့်ခံနိုင်လိမ့်မည် မဟုတ်ပေ။
ချီ၊ ချီ၊ ချီ၊ ချီ...
ဖန်ဟွမ်အသက်ဝိညာဉ်ဓား၏ လှုပ်ရှားမူ အရှိန်အဟုန်နှင့်အတူ ဓားအလင်းတန်း ထောင်ပေါင်းများစွာ ထွက်ပေါ်လာသည်။ ၎င်းတို့မှာ ရေတံခွန်စီးဆင်းနေကဲ့သို့ မဟုတ်ဘဲ အလွန်ပင် ပါးလွှာသော မိုးမခ သစ်ရွက်ပုံစံ ဓားအလင်းတန်းများ ဖြစ်ကြသည်။
ဤကဲ့သို့ အလွန်တရာ သိပ်သည်းထားသော မိုးမခသစ်ရွက်ပုံစံ ဓားစွမ်းအင်များသည် အဖျက်စွမ်းအား အလွန်တရာ ပြင်းထန်လှသည်။
အလင်းတန်းမှာ ပိုမို သိပ်သည်းလေ၊ စွမ်းအားက ပိုမို ကြီးမားလေ ဖြစ်သည်။ ချန်ပီယံ မြို့စား၏ ‘အလင်းတစ်သောင်း စုစည်းခြင်း’ အစွမ်းကို ဓားဦးဖျားတွင် စုစည်းထာပါက ‘သေမင်းအလင်း နတ်ဘုရားလှံ’ ကိုပင် နှစ်ပိုင်းပြတ်အောင် ဖြတ်တောက်နိုင်သည်။
ထိုကဲ့သို့သော ဓားစွမ်းအင်များ ပေါက်ကွဲထွက်လာသည်ကို မြင်လိုက်ရသည့်အခါ ယွန်မင် နိုင်ငံ ဧကရာဇ် နာလန်ယိဟုန်၏ မျက်နှာအမူအရာမှာ ပျက်သွားခဲ့သည်။ သူ၏ လက်ထဲရှိ ‘ခွန်ပန်သန့်စင်ပုံရိပ်’ကို အလျင်အမြန် ကျုံ့လိုက်ပြီး သူ့ဆီသို့ ပြေးဝင်လာသော ဓားအလင်း များကို တားဆီးရန် စွမ်းအားများကို စုစည်းလိုက်သည်။ ထို့နောက် ထိုနတ်ဘုရားလက်နက် ပျက်စီးသွားမှာ စိုးရိမ်သဖြင့် ချက်ချင်း ပြန်သိမ်းလိုက်တော့သည်။
တစ်ချိန်တည်းမှာပင် သူ၏ ခန္ဓာကိုယ်မှာ အပြင်ဘက်သို့ ခုန်ထွက်သွားပြီး မိုင်ပေါင်း ရာနှင့် ချီသော နေရာသို့ ချက်ချင်းပင် ရောက်ရှိသွားကာ စစ်တလင်းနှင့် ဝေးရာသို့ ရှောင်တိမ်း လိုက်သည်။
‘ခွန်ပန်သန့်စင်ပုံရိပ်’သည် ဓားစွမ်းအင်ကို တားဆီးနိုင်သော်လည်း၊ တစ်ကြိမ် ခုခံတိုင်းတွင် ထိုနတ်ဘုရားလက်နက်မှာ ပြန်လည်ပြုပြင်၍မရနိုင်သော ထိခိုက်မှုများကို ခံစားရသည်။ သူသည် ဤနတ်ဘုရားလက်နက်ကို အပျက်စီး မခံနိုင်ပေ။
ဤသည်မှာ သူ၏ အကာကွယ် လက်နက်ဖြစ်သလို၊ ယွန်မင်နိုင်ငံ၏ ရတနာ၊ မျိုးဆက်တိုင်း ဧကရာဇ်များ၏ သင်္ကေတလည်း ဖြစ်သည်။
ထို့ကြောင့်လည်း ဆန်းကြယ်ကောင်းကင်ဘုံခန်းမသည် အနောက်ဘက်နိုင်ငံများကဲ့သို့ နိုင်ငံရေးနှင့် ဘာသာရေး တစ်သားတည်း မကျဘဲ၊ တော်ဝင်မျိုးနွယ်နှင့် ဆန်းကြယ် ကောင်းကင်ဘုံခန်းမအကြား ပဋိပက္ခများ ရှိနေရခြင်း ဖြစ်သည်။
...
သို့သော် ဟုန်ယွိ၏ ဤဓားအလင်းပေါင်း ရာနှင့်ချီမှာ သူ့ကို ပစ်မှတ်ထားခြင်း မဟုတ်ဘဲ၊ ယွမ်ရှန်းရှန်းနှင့် အခြားသူများကို ပိတ်ဆို့ထားသော အနှစ်သာရနတ်ဘုရားကျောင်း၏ ယဇ်ပုရောဟိတ်ဆီသို့ ဦးတည်ထားခြင်း ဖြစ်သည်။
မိုးမခသစ်ရွက်ပုံစံ ဓားစွမ်းအင်များသည် မျက်စိတစ်မှိတ်အတွင်းမှာပင် ယဇ်ပုရောဟိတ်၏ ပလက်တီနမ်ရောင် အလင်းတန်းများဆီသို့ ရောက်ရှိသွားသည်။ ထို့နောက် ထိုအလင်း တန်းများမှာ ပူပြင်းသော ဓားတစ်လက်က ထောပတ်ကို လှီးဖြတ်လိုက်သကဲ့သို့ တစ်ခုပြီး တစ်ခု ပေါက်ကွဲထွက်သွားပြီး ဓားစွမ်းအင်ကို အနည်းငယ်မျှပင် မခုခံနိုင်ခဲ့ပေ။
“ပျက်ဆီးခြင်းမဲ့မှော်ဒိုင်း။”
အနှစ်သာရနတ်ဘုရားကျောင်း၏ ယဇ်ပုရောဟိတ်သည် သူမ၏ ခန္ဓာကိုယ်ကို ထုတ်ဖော် လိုက်သည်။ သူမသည် သူ၏ ‘ဘုန်းတန်ခိုးအာဏာစက်လှံတော်’ကို ထိုးညွှန်လိုက်သည့် အခါ ပလက်တီနမ် အလင်းတန်းများ အားလုံး ပြန်လည် စုစည်းသွားပြီး ဓားစွမ်းအင်ကို တားဆီးရန် ဒိုင်းတစ်ခုအဖြစ် ပြောင်းလဲသွားသည်။
သို့သော်လည်း ဓားစွမ်းအင်များမှာ အဆက်မပြတ် တိုက်ခိုက်နေသည်။ သုံးကြိမ်တိုင်တိုင် ပြင်းထန်စွာ ရိုက်ခတ်ပြီးနောက် ‘ပျက်ဆီးခြင်းမဲ့မှော်ဒိုင်း’ မှာ ကြေမွသွားတော့သည်။
“နိယာမသံကြိုးတွေ။”
ဤအရေးကြီးသော အချိန်တွင် ယဇ်ပုရောဟိတ်သည် လှံတံဖြင့် ထပ်မံ ထိုးညွှန်လိုက်ရာ ရွှေရောင်သံကြိုးတစ်ချောင်း လေထဲတွင် ပေါ်လာသည်။ ၎င်းမှာ ထောင်ပေါင်းများစွာသော သံကြိုးအသေးလေးများအဖြစ် ပြောင်းလဲသွားပြီး ဓားစွမ်းအင် တစ်ခုချင်းစီကို ရစ်ပတ်ကာ တုပ်နှောင်ထားလိုက်သည်။ နှစ်ဖက်စလုံးမှာ အားပြိုင်နေကြသည်။
“ဟွန်း”
ဤသည်ကို မြင်သောအခါ ဟုန်ယွိက နှာခေါင်းရှုံ့လိုက်သည်။ သူသည် လက်ထဲရှိ ဖန်ဟွမ် အသက်ဝိညာဉ်ဓားကို မြှောက်ကာ အရှိန်အဟုန်ဖြင့် ထပ်မံ ခုတ်ပိုင်းလိုက်ပြန်သည်။
ဓားစွမ်းအင် ရာပေါင်းများစွာသည် လေထုကို ဆွဲဖြဲလျက် ထပ်မံ ပြေးဝင်သွားသည်။
အနှစ်သာရနတ်ဘုရားကျောင်း၏ ယဇ်ပုရောဟိတ်မှာ မျက်နှာပျက်သွားပြီး ကောင်းကင် အမြင့်သို့ ပျံတက်သွားပြီး၊ သူ့လက်ထဲရှိ လှံတံကို ဝှေ့ယမ်းလိုက်သည့်အခါ ကျောက်မျက် ရတနာကဲ့သို့ အလင်းလုံးများစွာ ထွက်ပေါ်လာပြီး ဓားစွမ်းအင်များနှင့် အပြင်းအထန် တိုက်ခိုက်မိသည်။
သို့သော် ထိုအလင်းလုံးများမှာ ဓားစွမ်းအင်အလင်းကို လုံးဝ မချေဖျက်နိုင်ပေ။
မိုးမခသစ်ရွက်ပုံစံ ဓားစွမ်းအင်များမှာ အသိဉာဏ်ရှိသော လင်းနို့များကဲ့သို့ ကခုန်နေပြီး ယဇ်ပုရောဟိတ်၏ ခန္ဓာကိုယ်ကို အပိုင်းပိုင်း ဆွဲဖြဲပစ်ရန် ကြိုးစားနေကြသည်။
“မူလစွမ်းအင်၏ နာမတော်ဖြင့်၊ ဘုန်းတန်ခိုးအာနုဘော် အပေါင်း ကမ္ဘာအနှံ့ ပြန့်လွင့်ပါ စေ။”
ဤအရေးကြီးသော အခိုက်အတန့်တွင် ယဇ်ပုရောဟိတ်၏ ခန္ဓာကိုယ်အတွင်းမှ ဆင်ဦးခေါင်းခန့် အရွယ်ရှိ အတွေးစပေါင်း ရာနှင့်ချီ၍ ပျံထွက်လာသည်။ အတွေးစတိုင်းမှာ လုံးဝန်းပြီး ဖရိုဖရဲအရောင်များဖြစ်ကာ၊ ၎င်းတို့အတွင်းရှိ လေစီးကြောင်းမှာ တစ်စုံတစ်ခု မွေးဖွားလာတော့မည့်အလား လည်ပတ်နေ၏။
ဤအတွေးစများသည် ‘လုပ်ကြံသတ်ဖြတ်သူများခန်းမ’ တွင် ‘မုန့်ရှန်းကျီ’ ချန်ထားခဲ့သော အတွေးစ ခုနစ်ခုနှင့် ခပ်ဆင်ဆင် တူသည်။ သို့သော် နှိုင်းယှဉ်ကြည့်ပါက ‘မုန့်ရှန်းကျီ’ ၏ အတွေးစများမှာ ကြွက်သားအပြည့်နှင့် လူသန်ကြီးများ ဖြစ်ပြီး၊ အနှစ်သာရနတ်ဘုရား ကျောင်း ယဇ်ပုရောဟိတ်၏ အတွေးစများမှာမူ မွေးကင်းစ ကလေးငယ်များကဲ့သို့ ဖြစ်နေ သည်။
“ဝိုး... ဘုရားရေ… ဒါက အဆင့်ခြောက် မိုးကြိုးကပ်ဘေး အထွတ်အထိပ် အဆင့်ပဲ။ သူမက လေဟာနယ်ထဲကနေ အရာဝတ္ထု ဖန်တီးခြင်းအဆင့် အနားသတ်ကိုတောင် ရောက်နေပြီ။ အဆင့်ခုနစ် မိုးကြိုးကပ်ဘေးကို ကျော်ဖြတ်ဖို့ အလှမ်းဝေးသေးပေမဲ့ သူက ကျိုးထိုက်ကျူ ထက် အများကြီး ပိုစွမ်းထက်တာပဲ။ ဒါကြောင်းလည်း ဒီအမြင့်ဆုံး ယဇ်ပုရောဟိတ်ကြီး ဟာ နှစ်ပေါင်း ခြောက်ဆယ်ကြာ ပြင်းပြင်းထန်ထန် ကျင့်ကြံပြီးနောက်ပိုင်း ‘မုန့်ရှန်းကျီနဲ့ ယှဉ်ပြိုင်ဖို့ ရည်ရွယ်ထားတယ်လို့ ကောလာဟလက ထွက်နေတာကိုး။”
ဤအခြေအနေကို မြင်လိုက်ရသည့်အခါ ဟုန်ယွိ၏ စိတ်ထဲတွင် အနည်းငယ် လှုပ်ရှား သွားသည်။
ဒိုင်း၊ ဒိုင်း၊ ဒိုင်း…။
အမြင့်မြင့် ယဇ်ပုရောဟိတ်ကြီး၏ အတွေးစ ရာပေါင်းများစွာသည် ထွက်ပေါ်လာသည်နှင့် အလျင်အမြန် လည်ပတ်သွားပြီးနောက် ချက်ချင်းပင် ပေါက်ကွဲထွက်သွားတော့သည်။
ထိုပေါက်ကွဲသံမှာ ‘ဘုံသုံးပါး မူလစွမ်းအင်အမြောက်’ က ရှေးဟောင်းကြယ်တာရာများကို ပစ်ခတ်လိုက်သည့် အသံနှင့် ခပ်ဆင်ဆင် တူနေသည်။
“ဥက္ကာခဲမိုး။”
အတွေးစ ရာပေါင်းများစွာ ပေါက်ကွဲထွက်သွားပြီး တစ်ခုချင်းစီမှ အလွန်ပြင်းထန်သော အလင်းတန်းများ ထွက်ပေါ်လာကာ ကောင်းကင်ကို ဖြတ်သန်းသွားပြီး ဓားစွမ်းအင်များနှင့် အပြင်းအထန် ထိတွေ့သွားသည်။ ပြင်းထန်သော ပေါက်ကွဲသံကြီးနှင့်အတူ ဖန်ဟွမ် အသက်ဝိညာဉ်ဓား၏ ဓားစွမ်းအင်များမှာ ကြေမွသွားတော့သည်။
“အင်၊ ဒါက ‘အစွန်းရောက်ဧကရာဇ် ပြောင်းပြန်စီးဆင်းခြင်း’ ပညာနဲ့ ကျော်ကြားမူ တူပြီး၊ အနှစ်သာရနတ်ဘုရားကျောင်းမှာ ‘ဘုံသုံးပါး မူလစွမ်းအင်အမြောက်’ ပြီးရင် ဒုတိယ အစွမ်း အထက်ဆုံး ဖြစ်တဲ့ ‘ဥက္ကာခဲမိုး’ ပညာရပ်ပဲ။ ဒါပေမဲ့ ခင်ဗျားဆီမှာ စိတ်ဝိညာဉ် အတွေးစ ဘယ်လောက်များများ ရှိနေလို့လဲ။”
ဟုန်ယွိ၏နှလုံးက တချက်ခုန်သွားခဲ့ပြီး၊ သူသည် ဓားကို ထပ်မံ ဝှေ့ယမ်းရန် ပြင်လိုက် သည်။
ရုတ်တရက် အခြေအနေမှာ ပြောင်းလဲသွားသည်။
ဝုန်း…၊ ဝုန်း…၊ ဝုန်း…၊
ကံကြမ္မာလှောင်အိမ်သည် အပိုင်းပိုင်း ပေါက်ကွဲထွက်သွားပြီး မရေမတွက်နိုင်သော ပလက်တီနမ် အလင်းတန်းများက အရပ်ရပ်သို့ ပျံနှံ့သွားသည်။ ထို့နောက် ၎င်းတို့မှာ လေးထောင့်ပုံစံ လှောင်အိမ်အသေးလေးအဖြစ် ပြန်လည် စုစည်းသွားပြီး ယဇ်ပုရောဟိတ် ၏ လက်ထဲသို့ ပြန်ရောက်သွားသည်။
ထို့နောက်တွင် လှောင်အိမ်အတွင်းမှ လူရိပ်အချို့သည် ပျံထွက်လာပြီး မြေပြိုသကဲ့သို့၊ ဆူနာမီလှိုင်းများ ရိုက်ခတ်သကဲ့သို့ ပြင်းထန်စွာ ဟိန်းဟောက်လျက် ထွက်ပေါ်လာကြ သည်။
ဟုန်ယွိသည် ရုတ်တရက် မွှေးပျံ့သော ရနံ့တစ်ခုကို ရလိုက်သည်။ ၎င်းမှာ ယခင်ဘဝက ချန်ပီယံမြို့စား၏ မိခင်ဖြစ်ခဲ့ဖူးသူ ကောင်းကင်ရနံ့ သူတော်စင် မိန်းမပျို ယွမ်ရှန်းရှန်းပင် ဖြစ်သည်။
ဝှီး…။
ထိုမွှေးရနံ့ ပေါ်လာသည်နှင့် တစ်ပြိုင်နက် ဟုန်ယွိ၏ ဘေးနားသို့ ရောက်ရှိလာပြီး၊ သူမနှင့် အတူ ဆန်းဝေဝေ၊ နဂါးသမီးတော်၊ ရှဲ့ဝန်ယွမ်၊ ကျိရှန်းထျန်း၊ ချီလင်နှင့် ခွန်အားကြီး နတ်ဘုရားမျောက်ဝံ ယွမ်ကုန်းမင်တို့လည်း ပေါ်လာကြသည်။
လူတိုင်း ဒဏ်ရာ တစ်စုံတစ်ခုမှ မရကြသော်လည်း ကျိရှန်းထျန်း၏ မျက်နှာမှာ အနည်းငယ် ဖြူလျော့နေ၏။ သူမသည် တုန်လှုပ်ခြောက်ခြားနေပုံရပြီး သူမ၏ ရင်ဘတ်မှာလည်း ဒိန်းဒိန်း ခုန်နေသည်။
တစ်ချိန်တည်းမှာပင် ထိုနေရာမှ အလွန်တရာ ပြင်းထန်သော စိတ်ဝိညာဉ် စွမ်းအားများ ပြန့်လွင့်လာသည်။
ထိုနေရာမှာ ‘ရှေးဟောင်းရာရှိုမွန်’ ကို ဖိနှိပ်ထားသည့် နေရာပင် ဖြစ်သည်။
ဝုန်း၊ ဝုန်း၊ ဝုန်း...
ကျယ်ပြောပြီး အတိုင်းအဆမဲ့ အငွေ့အသက်များက ‘ရှေးဟောင်းရာရှိုမွန်’ အတွင်းမှ ထွက်ပေါ်လာသည်။ ဤတံခါးမှာ ရှေးဟောင်း မိစ္ဆာနတ်ဘုရားများကို ပိတ်လှောင်ထား သည့် တံခါးပေါက်ကြီးတစ်ခုနှင့် တူနေ၏။ ယခုအခါ တံခါးမှာ ကျယ်ပြန့်စွာ ပွင့်ဟနေပြီး ရှေးဟောင်း မိစ္ဆာနတ်ဘုရားများမှာ အပြင်သို့ ထွက်လာကာ လူသားမျိုးနွယ်ကို ဖျက်ဆီး ပစ်တော့မည့်အလားပင်။
မူလက ၁၀ လက်မသာ မြင့်သော ရာရှိုမွန်တံခါးသည် ရုတ်တရက် မီတာ ၃၀ ကျော်အထိ ကျယ်ပြန့်လာတော့သည်။
တံခါးပေါ်တွင် ကိုက်ခဲနေဟန်ရှိသည့် ကြမ်းကြုတ်သော နတ်ဘုရားသားရဲ ဦးခေါင်းများမှာ လည်း သက်ရှိများအလား ပြောင်းလဲသွားသည်။ ၎င်းတို့၏ မျက်လုံးများမှ မှိန်ဖျော့ဖျော့ အလင်းတန်းများ ထွက်ပေါ်လာသော်လည်း ဟိန်းဟောက်ခြင်း မရှိဘဲ ထိုနေရာရှိ လူအားလုံးကို အေးစက်စွာ စိုက်ကြည့်နေ၏။
လူတိုင်း ထိုနတ်ဘုရားသားရဲမျက်လုံးများနှင့် ဆုံမိသည့်အခါ နှင်းနှင့် ရေခဲကမ္ဘာထဲတွင် ကိုယ်လုံးတီး ရပ်နေရသကဲ့သို့ အလွန်တရာ အေးစက်သော ခံစားချက်ကို ရလိုက်ကြသည်။
တံခါးအတွင်းမှ ပြင်းထန်သော ဖရိုဖရဲ စွမ်းအင်များ စီးဆင်းလာပြီး၊ ထို့နောက်တွင် တံခါးအတွင်းမှ ခမ်းနားထည်ဝါသည့် အသံတစ်ခု ထွက်ပေါ်လာသည်။
“ယန်အန်း (ချန်ပီယံမြို့စား) သေသွားပြီလား။ ငါက သူ့ကို ‘ဖရိုဖရဲ နှလုံးသားကာကွယ်မှန်’ ပေးထားတာပဲ။ တိုက်ခိုက်ခံရရင် ‘ဘုံသုံးပါး မူလစွမ်းအင်အမြောက်’ ကို ထုတ်လွှတ်နိုင် ရက်နဲ့ ဘာလို့ သေသွားရတာလဲ။ သူ့ကို သတ်တဲ့လူက သူ့ထက် အများကြီး ပိုသန်မာပုံရ တယ်။ ဟုန်ယွိလား။ မင်းက တကယ်ပဲ အဲဒီလောက် သန်မာနေပြီလား။ ဒီနာမည်ကို လွန်ခဲ့တဲ့ လပိုင်းကမှ ငါ စကြားဖူးတာ။ နှစ်ပေါင်း ထောင်ချီအတွင်းမှာတောင်၊ ရှေးဟောင်း မှတ်တမ်းတွေထဲမှာတောင် ဒီလို နာမည်မျိုး တစ်ခါမှ မရှိခဲ့ဖူးဘူး။”
ထိုစွမ်းအားကြီးမားသော အသံမှာ လှိုင်းများကဲ့သို့ ပြန့်လွင့်လာပြီး အတိုင်းဆမဲ့ နတ်ဘုရား အရှိန်အဝါများကို သယ်ဆောင်လာသည်။
ဟုန်ယွိသည် ချီလင်၏ ဟိန်းဟောက်သံပင်လျှင် ဤလူ၏စွမ်းအားကို ယှဉ်နိုင်ပါ့မလားဟု သံသယ ဝင်မိသည်။ အထူးသဖြင့် ထိုအသံအတွင်း၌ ခုခံ၍မရနိုင်သော စိတ်ခံစားမှုတစ်ခု ပါဝင်နေသည်။ ဤကမ္ဘာလောကအတွင်းရှိ ကျယ်ပြောလှသော မူလအနှစ်သာရချီများ အားလုံးမှာ ဤလူကြောင့် မွေးဖွားပြီး ဤလူကြောင့်ပင် သေဆုံးသွားရသကဲ့သို့ပင်။
ဤလူသည် မူလစွမ်းအင်၏ ကိုယ်ပွားပင် ဖြစ်သည်။ မည်သူမျှ သူ့ကို မဆန့်ကျင်နိုင်ပေ။
ဖြောက်… ဖြောက်…၊
ထိုအသံ ထွက်ပေါ်လာသည့်အခါ ဆန်းဝေဝေနှင့် နဂါးသမီးတော်တို့၏ ခန္ဓာကိုယ်ပေါ်ရှိ အလင်းလှိုင်းများမှာ အဆက်မပြတ် တုန်ခါသွားပြီး အချိန်မရွေး ပေါက်ကွဲထွက်သွားတော့ မည့်အလား ဖြစ်နေသည်။
ရှဲ့ဝန်ယွမ်မှာမူ ပုံမှန်အတိုင်းပင် ဖြစ်သော်လည်း သူ၏ မျက်လုံးများမှာ ခန့်ညားထည်ဝါ သော တံခါးကြီးကို စိုက်ကြည့်ရင်း လေးနက်သော အမူအရာ ရှိနေသည်။
ထိုအသံ ပဲ့တင်ထပ်သွားပြီးနောက် ငြိမ်သက်ခြင်းများက လွှမ်းမိုးသွားသည်။ ထို့နောက်တွင် ပေတစ်ရာခန့် မြင့်သော ‘ရှေးဟောင်းရာရှိုမွန်’ အတွင်းမှ လူတစ်ယောက် လမ်းလျှောက် ထွက်လာသည်။
မှန်ပါသည်၊ ထိုမြင့်မားလှသော ရှေးဟောင်းရာရှိုမွန်တံခါးအတွင်းမှ ထွက်ပေါ်လာသူမှာ နတ်ဘုရားတစ်ပါး မဟုတ်သလို၊ မိစ္ဆာတစ်ကောင်လည်း မဟုတ်ပေ။ ထူးဆန်းသော နတ်ဘုရားဘုရင် သို့မဟုတ် ဗုဒ္ဓတစ်ပါးလည်း မဟုတ်ဘဲ လူသားတစ်ဦးသာ ဖြစ်သည်။
ဤလူသည် ရှည်လျားလှပသော ဝတ်ရုံကို ဝတ်ဆင်ထားပြီး၊ သူ၏ ဆံပင်မှာ ထုံးနှောင်ထား ကာ အလွန်ပင် ရှည်လျားသည်။ ခရမ်းရောင် သန်းနေသော နက်မှောင်သည့် ဆံပင်များမှာ ဆန်းကြယ်သော အရောင်အဝါများဖြင့် တောက်ပနေသည်။
ခရမ်းနက်ရောင် ဆံပင်များ၊ ခိုင်မာတောင့်တင်းသော ခန္ဓာကိုယ်၊ မှော်ဆန်သော အလင်းတန်းများ လက်နေသည့် ဖြူဖွေးသော လက်ဖဝါးများမှာ ဟုန်ရွှန်ကျိနှင့် အနည်းငယ် ဆင်တူနေပြီး ဤကမ္ဘာလောကရှိ ကြောက်မက်ဖွယ် အကောင်းဆုံး စွမ်းအား များကို ပိုင်ဆိုင်ထားသည်။
ဤလူ၏ မျက်နှာမှာ ကြည့်ကောင်းလှပြီး အသက် ၂၀ နှင့် ၃၀ ကြားဟု ထင်ရသည်။
သူ့တွင် မည်သည့် လက်နက်မျှ မပါရှိဘဲ ဝတ်ရုံလက်မောင်းရှည်ကြီးမှာ မြေသို့ ဝဲကျနေ၏။ ဤသည်မှာ အနောက်တိုင်းသားတို့၏ ဝတ်စားဆင်ယင်မှု မဟုတ်ဘဲ အလယ်ခေတ်မှ ပညာရှင် သူတော်စင်တို့၏ ဝတ်စားဆင်ယင်မူပုံစံမျိုး ဖြစ်သည်။ ဟုန်ယွိသည် ဆောင်းပါး တစ်ပုဒ်ထဲက ဖော်ပြချက်ကို ရုတ်တရက် သတိရလိုက်သည်။ “နဂါးအလား ထင်မှတ်ရ သည့် သန်လျက်ရှည်ကို ခါးဝယ်ဆင်မြန်းလျက်၊ တိမ်တိုက်တို့တိုင် ထိုးဖောက်နေသည့် တောင်ထိပ်ပမာ မြင့်မားသော ဦးရစ်သရဖူကို ဆောင်းနှင်းထားသည်။ လရောင်စစ်စစ်ကို သင်တိုင်းဝတ်ရုံအဖြစ် လွှမ်းခြုံကာ၊ အဖိုးထိုက်လှသည့် ကျောက်မျက်ရတနာအပေါင်းဖြင့် တင့်တယ်စံပယ်နေလေသည်။”
“ကျွန်မရဲ့ အရှင်နတ်ဘုရား၊ အရှင်နတ်ဘုရား နောက်ဆုံးတော့ အောင်မြင်သွားပြီပဲ။”
အနှစ်သာရနတ်ဘုရားကျောင်း၏ ယဇ်ပုရောဟိတ်သည် အလယ်ခေတ် ပညာရှင်တစ်ဦးကဲ့ သို့ ဝတ်ဆင်ထားသော ထိုလူကို မြင်လိုက်ရသည့်အခါ အလျင်အမြန် ဦးညွှတ်လိုက်သည်။ သူမ ပြောလိုက်သော စကားမှာ အလွန်ပင် တုန်လှုပ်ဖွယ် ကောင်းလှသည်။
မှန်ပါသည်၊ ဤသူမှာ အနောက်ဘက်ဒေသက နိုင်ငံပေါင်း တစ်ရာကျော်၏ အမြင့်မြတ်ဆုံး နတ်ဘုရား၊ ဝိညာဉ်များ၏ အရှင်သခင်...
မူလဝိညာဉ်နတ်ဘုရားပင် ဖြစ်တော့သည်။
***