သူတို့နှစ်ဦးစလုံးသည် စက္ကူလှည်းငယ်ထဲတွင် ပူးကပ်စွာထိုင်နေရပြီး လွတ်လပ်စွာ မလှုပ်ရှားနိုင်ကြချေ။ တစ်ညလုံး ကိုယ်လက်မဆန့်ခဲ့ရသဖြင့် ခန္ဓာကိုယ်တစ်ခုလုံး ညောင်းညာကိုက်ခဲနေတော့သည်။
ရုတ်တရက်
"အောက်အီးအိအွတ်"
ကြက်တွန်သံကြားလိုက်ရသည်။
အပြင်ဘက်မှ ရှောင်ယွီ၏ အသံထွက်ပေါ်လာသည် ။
"မိုးလင်းပြီ။"
စက္ကူစလွယ်သည် ယိမ်းထိုးလျက် မြေပြင်ပေါ်သို့ ဆင်းသွားသည်။ ပိုင်ရုံ့ရုံ့သည် ပထမဆုံးအပြင်သို့ အလုအယက် တိုးထွက်သွားပြီး အဝေးတစ်နေရာသို့ ခပ်မြန်မြန် ဆုတ်ခွာသွားတော့သည်။ ထို့နောက်မှ တန်ဝမ်ကျဲက အေးအေးလူလူ လမ်းလျှောက်လာခဲ့သည်။
သူ ခေါင်းမော့ကြည့်လိုက်ရာ အရှေ့ဘက်မိုးကုပ်စက်ဝိုင်း၏တွင် အလင်းရောင်သန်းနေသည်ကို တွေ့လိုက်ရ၏။
"မင်းရဲ့လှည်းကို ငါမတော်တဆအပေါက်တစ်ခု ဖောက်မိသွားတယ်။ နောက်ကျရင် အစားပြန်ပေးတဲ့အနေနဲ့ လူရှစ်ယောက်ထမ်းတဲ့ လှည်းအကြီးစားတစ်စီး မင်းအတွက် မီးရှို့ပေးပါ့မယ်။"
သူသည် ရှောင်ယွီကို ကတိများစွာ ပေးပြီးသားဖြစ်ရာ နောက်ထပ်တစ်ခုတိုးလည်း ဘာမှမဖြစ်တော့ပေ။
ရှောင်ယွီသည် သူ့ကို တစ်ချက်သာ ကြည့်လိုက်ပြီး လှည်းထဲသို့ ပြန်ဝင်သွားသည်။ ထို့နောက် ခရီးဆောင်သေတ္တာသည် ဒုန်းခနဲ မြည်သံနှင့်အတူ မြေပြင်ပေါ်သို့ ကျလာတော့သည်။
သူ နားခါးနေအောင် ကြားဖူးနေသည့် သရဲသတို့သမီး သီချင်းသံနှင့်အတူ ရှောင်ယွီသည် သူတို့ရှေ့မှ ပျောက်ကွယ်သွားလေသည်။
"သွားကြစို့ ကျူးကောအိမ်ကို ရောက်ဖို့ ဘယ်လောက်လိုသေးလဲ။"
တန်ဝမ်ကျဲသည်ငုံ့၍ သေတ္တာကို ကောက်မလိုက်သည်။
"နောက်ထပ် ဆယ်လီ လောက်ပဲ လိုပါတော့တယ်။ ရှေ့မှာ ရွာတစ်ရွာ ရှိပါတယ်။"
မွန်းတည့်ချိန်တွင် တန်ဝမ်ကျဲသည် ပိုင်ရုံ့ရုံ့နောက်မှ လိုက်ပါလာရင်း ကျူးကောနေအိမ်သို့ ရောက်ရှိလာသည်။ ခြံ၏ အကျယ်အဝန်းကို ကြည့်ခြင်းအားဖြင့် သူတို့ကို ချမ်းသာသောမျိုးနွယ်စုဟု ခေါ်ဆိုနိုင်ပြီး တန်မိသားစု ဆောက်လုပ်ရန် ပြင်ဆင်နေသည့် အိမ်သစ်ထက် အနည်းငယ်သာ သေးငယ်တော့သည်။
ပိုင်ရုံ့ရုံ့သည် ရှေ့သို့တက်ကာ တံခါးခေါက်လိုက်သည်။ အတော်ကြာမှ တံခါးသည် ကျီခနဲ မြည်ကာ ပွင့်လာပြီး ထွက်လာသူကို မြင်လိုက်ရသောအခါ တန်ဝမ်ကျဲ လန့်သွားရသည်။
"ရှောင်ယွီ... မင်းက ဘယ်လိုလုပ် နေ့ခင်းကြောင်တောင် ထွက်လာနိုင်တာလဲ။"
ထိုသူသည် ရှောင်ယွီနှင့် မျက်နှာချင်း ဆင်တူနေသည်။ သို့သော် တစ်ဝက်သာ တူခြင်းဖြစ်သည် အဘယ်ကြောင့်ဆိုသော်ဤမိန်းကလေးမျက်နှာနောက်တစ်ခြမ်းမှာ ပုပ်သိုးမနေသောကြောင့်ဖြစ်သည်။
ထို့ပြင် အသက်အရွယ် ကွာခြားချက်မှာလည်း သိသာလှသည်။ ရှောင်ယွီက ဆယ်ကျော်သက်သို့မဟုတ် အသက် ၂၀ အစောပိုင်းသာ ရှိသေးသော်လည်း ရှေ့မှ အမျိုးသမီးမှာ အနည်းဆုံး အသက် ၃၀ ကျော်နေပြီ ဖြစ်သည်။
ပိုင်ရုံ့ရုံ့က ဘာလို့ ဘာတုံ့ပြန်မှုမှ မရှိတာလဲ။ဪ... မှန်တာပေါ့ သူမက မျက်နှာချင်းတူတဲ့ လူတွေ သရဲတွေကို အများကြီး တွေ့ဖူးမှာပဲ။
တန်ဝမ်ကျဲသည် ကျူးအူမကြီး ဖက်တီးပေါင် နှင့် သတ္တိခဲကျန်း တို့ကို ဆွဲခေါ်လာပြီး သွေးစစ်ကာ ဆွေမျိုးတော်စပ်မှု အခမ်းအနား လုပ်ရန် မစဉ်းစားသကဲ့သို့ဒုတိယဆရာဘိုးဘိုးငယ်စဉ်က မှားယွင်းခဲ့ဖူးသလား ဟုလည်း မမေးမြန်းခဲ့ပေ။ ကိုးယောက်မြောက်ဦးလေး တွင် ပျောက်ဆုံးနေသော ဖခင်အရင်း ရှိ မရှိကိုလည်း သူ မမေးခဲ့ပါ။
နေပါဦး... ဒုတိယဆရာဘိုးဘိုးက လူပျိုကြီးပဲ။ ငါ ကိုးခုမြောက်ဦးလေးကို ငါ့မျိုးဆက်ထဲ ထည့်မိတော့မလို့ တော်သေးတာပေါ့။
ထိုအမျိုးသမီးသည် ပိုင်ရုံ့ရုံ့ကို ကြည့်လိုက်ပြီး သူမ၏ အမူအရာ ပြောင်းလဲသွားသည်။
"မင်း ဘာလာလုပ်တာလဲ။"
ပိုင်ရုံ့ရုံ့က စကားပြောရန် ပြင်လိုက်သော်လည်း ထိုအမျိုးသမီးသည် သူမနောက်က တန်ဝမ်ကျဲကို သတိထားမိသွားသည်။ သူမ၏ စိတ်တိုနေမှုများသည် ချက်ချင်းပင် အပြုံးအဖြစ် ပြောင်းလဲသွားပြီး ပိုင်ရုံ့ရုံ့၏ လက်ကို နွေးထွေးစွာ ကိုင်လိုက်သည်။
"ကြည့်ပါဦး... မင်း ငါတို့ဆီ မလာတာ နှစ်တွေ အတော်ကြာပြီပဲ။ ရှောင်မင်နဲ့ ရှောင်ဟွာတို့က မင်းကို သိပ်လွမ်းနေကြတာ။"
အပြင်လူအမြင်တွင်မူ ဤသည်မှာ မရီးနှင့် ခယ်မတို့အကြား နက်ရှိုင်းသော သံယောဇဉ်ရှိသည့်ပုံပင်။
သို့သော် တန်ဝမ်ကျဲမှာမူ ပိုင်ရုံ့ရုံ့နှင့် ကျူးကောခုံဖိန်တို့ ရေဇလုံမှတစ်ဆင့် ဗီဒီယိုကော ပြောနေစဉ်က ပိုင်ရုံ့ရုံ့သည် သူမ၏ စီနီယာအစ်ကိုကြီး၏ ဇနီးကို လက်ဖက်စိမ်း ပုံစံဖြင့် မည်သို့ စောင်းမြောင်း ပြောဆိုခဲ့သည်ကို အကုန်ကြားခဲ့ပြီးဖြစ်သည်။
သူတို့နှစ်ဦး အတူရှိချိန်တွင် မီးနှင့်ရေကဲ့သို့ပင်။
"ကျွန်မ..."
"ဒါ ခဲအိုလား။"
ထိုအမျိုးသမီးသည်တန်ဝမ်ကျဲကို ကြည့်နေပြီဖြစ်သည်။
"တကယ့်ကို ရုပ်ရည်ခန့်ညားတဲ့ လူတစ်ယောက်ပဲ။"
"မဟုတ်ဘူးမမကြီး နားလည်မှု လွဲနေပြီ။"
ထန်ဝင်ကျဲက ပြုံးလျက် နှုတ်ဆက်လိုက်သည်။
"ကျူးကောကတော် ကျွန်တော့်ကို အာကျဲ လို့ပဲ ခေါ်ပါ။"
အကယ်၍ ဆွေမျိုးများက သူ့ကို ဈေးလျှော့ပေးမည်ဆိုလျှင် အဆင့်အတန်း ခေတ္တနိမ့်ပါးသွားခြင်းကို သူ ဂရုမစိုက်ပါ။
"အာကျဲ လာ မြန်မြန် အထဲဝင်ခဲ့။"
သူမသည်တန်ဝမ်ကျဲအပေါ် ပိုင်ရုံ့ရုံ့ထက်ပင် ပို၍ စိတ်အားထက်သန်နေသည်။
လွန်ခဲ့သော ဆယ်နှစ်ကျော်က သူမ အိမ်ထောင်မကျမီကတည်းက ပိုင်ရုံ့ရုံ့ကို သတိထားမိခဲ့သည်။ နောက်ပိုင်းတွင် သူမ၏ ယောကျ်ားနှင့် သားသမီးများကို ကံကောင်းစေသည့် မွေးသက္ကရာဇ်ကြောင့်အသာစီးရခဲ့ပြီး သူမ၏ ကျားမကဲ့သို့ ဩဇာကြီးမှုဖြင့် ကျူးကောခုံဖိန်နှင့် ပိုင်ရုံ့ရုံ့တို့ကို နှစ်ပေါင်းများစွာ မဆုံနိုင်အောင် လုပ်ခဲ့သည်။
သူတို့နှစ်ဦး တိတ်တဆိတ် အဆက်အသွယ်ရှိနေသည်ကိုလည်း သူမ သိသော်လည်း တားဆီးရန် နည်းလမ်းမရှိပေ။ ထို့ကြောင့် ဤအန္တရာယ်ကို အပြီးတိုင် ဖယ်ရှားရန် ပိုင်ရုံ့ရုံ့ကို အမြန်ဆုံး အိမ်ထောင်ချပေးချင်နေသည်မှာ ကြာပြီဖြစ်သည်။
အမှန်တရားက မည်သို့ပင်ဖြစ်စေကာမူ သူမမျက်လုံးထဲတွင်တော့ ဒါဟာ အမှန်တရားဖြစ်ရမည်။ ထို့ပြင် အစ်ကိုကြီးသည် အဖရာအစ်မကြီးသည် အမိရာ ဖြစ်၍ သူမသာ မိသားစုစည်းမျဉ်းကို ထုတ်သုံးလိုက်လျှင် ထိုလူဝကြီးက မည်မျှပင် လက်မခံချင်သော်လည်း ပိုင်ရုံ့ရုံ့ကို လက်ထပ်ပေးလိုက်ရမည်သာ ဖြစ်သည်။
"တစ်ယောက်ယောက် လာပါဦး...ရှောင်ဟွာ။မင်းရဲ့ ဒေါ်လေးရောက်နေတယ် လာပြီး လက်ဖက်ရည် ငှဲ့ပေးစမ်းဦး။"
တစ်ဖက်တွင်မူ ကျူးကောနေအိမ်၏ အခြားတစ်နေရာ၌ ကျူးကောခုံဖိန်သည် သူ၏သား ရှောင်မင်နှင့်အတူ စိတ်ညစ်စွာ ထိုင်နေသည်။
"ကမ္ဘာ့နံပါတ်တစ် ကောင်းကင်အောက်ကပထမဆုံးမြက်တဲရှင်က ငါ့ကို ပြဿနာလာရှာတော့မယ်။ ဒါပေမဲ့ ငါက အခု ကြေးနီချပ်ဝတ်အလောင်းကောင်ရဲ့ဖိနှိပ်မှုကို ခံနေရတော့ ငါ့ရဲ့ မှော်စွမ်းအားတွေက အတော်လေးကိုကျဆင်းနေတယ်။ ရှောင်မင် မင်းရဲ့ ဒေါ်လေးကို ဆက်သွယ်ပြီး မကောင်းဆိုးဝါးနှင်ဖို့ အဆောင်တွေ ဝိုင်းရေးပေးဖို့ အကူအညီတောင်းပေးဦး။"
"ဗျာ...ကျွန်တော်ကလား။"
ကျူးကောရှောင်မင်ကမိမိကိုယ်ကိုယ် လက်ညှိုးထိုးရင်း ခေါင်းကို အကြိမ်ကြိမ် ခါယမ်းသည်။
"မင်းက မင်းအဖေ သေမှာကို တကယ်ပဲ မြင်ချင်နေတာလား။"
ရုတ်တရက် အပြင်ဘက်မှ ကျူးကောရှောင်ဟွာ၏ အော်ဟစ်သံ ထွက်လာသည် ။
"အဖေဒေါ်လေးပြန်ရောက်လာပြီ။"
"ငါ့ညီမလေး ရောက်လာပြီ။"
ကျူးကော့ခုံဖိန်သည်ဝမ်းသာစွာဖြင့် စားပွဲကို ရိုက်လိုက်သည်။ သူနှင့် သူ၏ညီမလေးမှာ တကယ့်ကို စိတ်ချင်းဆက်နေတာဖြစ်သည်ဟု တွေးလိုက်မိသည်။
သို့သော် ထိုစကားကို သူ အပြင်ထုတ်ပြောရန် သတ္တိမရှိချေ။အိမ်က ကျားမကြီးက သူ့အသက်ကို နှုတ်ယူသွားပေလိမ့်မည်။
ကျူးကောရှောင်ဟွာက ပြေးဝင်လာပြီး
"ဒေါ်လေးနဲ့ ဒေါ်လေးရဲ့သတို့သားအတူတူပြန်ရောက်လာတာ"
"ဘာ"
ကျူးကောခုံဖိန်၏ မျက်လုံးများ ပြူးကျယ်သွားသည်။
ဘေးမှ ကျူးကောရှောင်မင်က
"အဖေ... အိပ်ချင်နေတာလား။"
"ငါ့မျက်လုံးတွေကို အစွမ်းကုန် ပြူးထားတာကွ။"
တန်ဝမ်ကျဲသည် ထိုင်ခုံတွင် ထိုင်ရင်း အမျိုးသမီးနှစ်ဦး၏ စကားစမြည်ပြောဆိုမှုကို တိတ်ဆိတ်စွာ နားထောင်နေသည်။ သူတို့၏ ဆက်ဆံရေးမှာ အမြဲတမ်း မသင့်မြတ်ခဲ့သဖြင့် ဤကဲ့သို့ ရုတ်တရက် ရင်းနှီးရန်ဟန်ဆောင်နေခြင်းမှာ မည်သို့ကြည့်ကြည့် အတော်လေး ကြည့်ရဆိုးလှသည်။
"ညီမလေး...လာမှာကို ဘာလို့ ကြိုမပြောတာလဲ။"
လူသစ်တစ်ယောက် အခန်းထဲသို့ ဝင်လာသည်။ သူသည် သူ၏ ဗိုက်ကြီးကို မလျက် အမောတကော ဖြစ်နေသော်လည်း သူ၏ အကြည့်မှာ တန်ဝမ်ကျဲပေါ်သို့ ချက်ချင်း ကျရောက်သွားသည်။
ချောမောတဲ့ ကောင်လေးတစ်ယောက်ပဲ။ဟွန်းရုပ်ပဲရှိပြီး အနှစ်မရှိတဲ့ကောင်။ ဒီလိုလူမျိုးက ငါ့ညီမလေးကို တကယ်ပဲ လက်ထပ်ချင်နေတာလား။
ဒီနေ့ ငါ့အသက်ကို ရင်းရရင်တောင် ဒီကိစ္စကို အပြတ်အသတ်အာဏာသုံးပြီး ကန့်ကွက်ရမယ်။
"လူဝကြီး မင်း လာတာ အချိန်ကိုက်ပဲ။"
ကျူးကောဝမ်ဟွေ၏ အမူအရာ ပြောင်းလဲသွားပြီး ငြင်းဆန်၍မရသော လေသံဖြင့် မေးလိုက်သည်။
"အာကျဲက လက်ထပ်ဖို့ကိုတောင်းဆိုဖို့ ရောက်လာတာ။ အစ်ကိုကြီးကအဖရာအစ်မကြီးကအမိရာတဲ့ ငါ မင်္ဂလာရက်ကောင်းရက်မြတ် ရွေးလိုက်မယ်။မင်းဘယ်လိုသဘောရလဲ။"
စိတ်ထဲတွင် ထန်ဝင်ကျဲကို အချက်ပေါင်း ရာချီ ထိုးနှက်ပြီးသားဖြစ်သော ကျူးကောခုံဖိန်သည် မျက်နှာပေါ်တွင် အတင်းအပြုံးတစ်ခုကို လုပ်ယူလိုက်ရသည်။
"ကောင်းတာပေါ ငါကတော့ လက်နှစ်ဖက် ခြေနှစ်ဖက်လုံး မြှောက်ပြီး သဘောတူပါတယ်။"
"မင်း မကန့်ကွက်ရဲဘူးဆိုတာ ငါသိသားပဲ။"
နေပါဦး ငါ သဘောမတူဘူးလေ။လက်ထပ်ဖို့လည်း မတောင်းဆိုရသေးဘူး။ ဤကဲ့သို့ အတင်းအဓမ္မလက်ထပ်ရန်စီစဥ် ခံရခြင်းကို တန်ဝမ်ကျဲ ပထမဆုံး ကြုံဖူးခြင်းဖြစ်သည်။
သူ၏အကြည့်သည် ကျူးကောခုံဖိန်ထံသို့ ရောက်သွားပြီး ဤလူတွင် မည်သည့် ထူးခြားသော အရည်အချင်းများ ရှိသဖြင့် အမျိုးသမီးနှစ်ဦးကို ဤမျှအထိ သဝန်တိုစေသနည်းဟု တွေးမိသည်။
အပြင်ပန်းက ပုပ်သိုးနေရင် အတွင်းသားက ရွှေဖြစ်ရမယ်။ သူ့ကို အိမ်သာထဲ ခေါ်သွားပြီး အကဲခတ်ရမယ်။
တန်ဝမ်ကျဲက အမြန်ဝင်ပြောလိုက်သည်။
"ကျူးကောကတော် ကျွန်တော့်မှာလည်း မိဘမရှိပါဘူး ဒါပေမဲ့ ကျွန်တော့်မှာ ဆရာတစ်ယောက်တော့ရှိပါတယ်။ လက်ထပ်တာက နှစ်ဖက်မိဘဆုံးဖြတ်ရမယ့်ကိစ္စပါ။ ဒါ့အပြင် ကျွန်တော်တို့မိသားစုမှာ အခုမှ နာရေးကာလဆိုတော့ လက်ရှိမှာ လက်ထပ်လို့ မရသေးပါဘူး။"
အကယ်၍ သူသာ ပိုင်ရုံ့ရုံ့ကို လက်ထပ်ရမည်ဆိုလျှင် ရှောင်ဟုန်ကိုသာ လက်ထပ်ခွင့် တောင်းလိုက်ချင်တော့သည်။ ရှောင်ဟုန်က လူမဟုတ်သည်မှအပ သူမသည် ဇနီးလောင်းတစ်ယောက်၏အရည်အချင်းအားလုံးနှင့် ကိုက်ညီသည်။
"ဒါဆို မယားငယ်အဖြစ် သိမ်းလိုက်ကြပေါ့။"
ကျူးကော့ဝမ်ဟွေသည်သူမ၏ လင်သားကို ခက်ထန်စွာ စိုက်ကြည့်လိုက်သည်။ သူမသည် နောင်ရေးအတွက် အန္တရာယ်ကို အခုကတည်းက ဖယ်ရှားချင်ရုံသာ ဖြစ်ပြီး ပိုင်ရုံ့ရုံ့၏ အကျိုးစီးပွားကို တကယ် စဉ်းစားနေခြင်း မဟုတ်ပေ။
ပိုင်ရုံ့ရုံ့ မယားငယ်ဖြစ်သွားလျှင် ပိုကောင်းမည်ဟုတောင် သူမ ခံစားရသည်။သူမသည် ပိုင်ရုံ့ရုံ့အပေါ် ဆယ်စုနှစ်တစ်ခုကျော် ရန်ငြိုးထားခဲ့သည် မဟုတ်ပါလား။
တန်ဝမ်ကျဲအတွက်မူ သူ လက်ထပ်ချင်သည်ဖြစ်စေ မထပ်ချင်သည်ဖြစ်စေ လက်ထပ်ရမည်သာ ဖြစ်သည်။ ဤပူလောင်သော အာလူးပူကြီးကို သူ ယူဆောင်သွားရမည်။
ကျူးကောဝမ်ဟွေက မေးလိုက်သည်။
"လူဝကြီး ရှင်ဘယ်လိုထင်လဲ။"
"ကျွန်တော်လား။"
ကျူးကောခုံဖိန်သည်လက်သီးကို တင်းတင်းဆုပ်ထား၍ရင်ထဲတွင် ဒေါသများ ထွက်ပေါ်နေသည်။သူမသည် သူနှင့်အတူ ငယ်သူငယ်ချင်းဘဝကတည်းက ကြီးပြင်းလာခဲ့သည့် သူ၏ ညီမလေး မဟုတ်ပါလား။
"ဟင်"
ကျူးကောဝမ်ဟွေကအေးစက်သော အကြည့်ဖြင့် ကြည့်လိုက်သည်။
ကျူးကောခုံဖိန်က ချက်ချင်းပင် အပြုံးတုဖြင့် ပြန်ဖြေလိုက်သည်။
"ပြဿနာမရှိပါဘူးလို့ ကျွန်တော် ထင်ပါတယ်။ဒါပေမဲ့ ညီမလေးရဲ့ သဘောထားကိုလည်း မေးကြည့်ရဦးမယ်လေ။"
သူသည် စိတ်ထဲတွင် သွားကြိတ်လိုက်ပြန်သည်။သူမသာ တစ်ခွန်းလေးပဲ ငြင်းလိုက်ရင် ငါ လုံးဝ ခေါင်းငြိမ့်မှာ မဟုတ်ဘူး။
ပိုင်ရုံ့ရုံ့သည် ကျူးကောခုံဖိန်ကို ကြည့်လိုက်ပြီးနောက် တန်ဝမ်ကျဲကို တစ်ချက်ကြည့်လိုက်သည်။
ငယ်စဉ်ကတည်းက စီနီယာအစ်ကိုကြီးနှင့် အတူရှိခဲ့သဖြင့် သူမ၏ နက်ရှိုင်းသော သံယောဇဉ်များက သူ့ကို အကောင်းမြင်စိတ်ဖြင့်သာ ကြည့်မိစေသည်။ လွန်ခဲ့သော ရက်အနည်းငယ်အတွင်း တန်ဝမ်ကျဲ၏ချောမောမှုကို သူမ ဘာမှမခံစားခဲ့ရဘဲ သူမ၏ မူလစိတ်ထားကို ထိန်းသိမ်းနိုင်မည်ဟု ယုံကြည်ခဲ့သည်။
သို့သော် ယခု သူတို့နှစ်ဦး အတူရှိနေချိန်တွင်မူ သူမ၏ အစ်ကိုကြီးသည် တန်ဝမ်ကျဲ၏ ဘေးတွင် အလွန်အမင်း ယုံကြည်ချက်ရှိစွာဖြင့် ကပ်ထိုင်လိုက်ပြီး ဘီးတစ်ချောင်းထုတ်ကာ ဆံပင်ဖြီးနေခြင်းက သူ၏ ရုပ်ဆိုးသော အချက်များကို ပို၍ ပေါ်လွင်စေသည်။
ဘာလို့ ကိုယ့်ရဲ့ အားနည်းချက်ကို သုံးပြီး တခြားလူရဲ့ အားသာချက်ကို သွားတိုက်ခိုက်နေတာလဲ။သူမ၏ အစ်ကိုကြီးသည် သူမကို ရွေးချယ်မှုတစ်ခု လုပ်ခိုင်းနေသကဲ့သို့ပင်။
သူမ၏ အစ်ကိုကြီးသည် သူမကို ကာကွယ်ရန်လည်း ပျက်ကွက်ခဲ့သည်။ ပိုင်ရုံ့ရုံ့ကို ကျူးကောအိမ်သို့ လိုက်ပို့ရန်မိမိကိုယ်ကို စတေးခဲ့သည့် တန်ဝမ်ကျဲနှင့် နှိုင်းယှဉ်လျှင် အနိုင်ရသူမှာ ရှင်းလင်းလှသည်။
သူမသည်ကြေးနီချပ်ဝတ်အလောင်းကောင်ကို ဝယ်ယူရန် လာသည်ဟူသော စကားကို မယုံကြည်ပေ။ အကယ်၍ သူသာ တကယ်ဝယ်ချင်လျှင် မိုင်ပေါင်းထောင်ချီ ခရီးနှင်စရာ မလိုပါ။ ထို့ပြင် ထန်ဝင်ကျဲက ကျူးကောမိသားစုကို ရှာနေချိန်တွင် သူမ၏ အစ်ကိုကြီးက ထိုသရဲကောင်ကို မဖမ်းရသေးပေ။ ထို့ကြောင့် ဤအရာသည် သူမနောက်သို့ လိုက်လာရန် သူပေးခဲ့သော ဆင်ခြေတစ်ခုသာ ဖြစ်ရမည်။
ပိုင်ရုံ့ရုံ့သည် ခေါင်းညှိတ်လိုက်ပြီး သူမ၏ ရွေးချယ်မှုကို ပြုလုပ်လိုက်ပြီဖြစ်သည်။
"မင်းရဲ့ ညီမလေးကလည်း အဆင်ပြေတယ်လို့ ထင်ပါတယ်တဲ့။"
ကျူးကောဝမ်ဟွေသည်သက်ပြင်းအကြီးကြီး ချလိုက်သည်။ ယခုမှစ၍ သူမ၏ ပိုင်ဆိုင်မှုများကို ချောင်းမြောင်းနေသည့် သူခိုးအတွက် စိုးရိမ်စရာ မလိုတော့ပြီ။
တန်ဝမ်ကျဲသည် ဘေးတွင် ထိုင်ရင်း လက်ဖက်ရည် သောက်နေသည်။
ငါ့ကို မေးဦးလေ။ငါ မယားငယ် ယူချင် မယူချင်ကို ဘာလို့ တစ်ယောက်မှ မမေးကြတာလဲ။
ဤကဲ့သို့ လက်ထပ်ပွဲအကြောင်း ဆွေးနွေးသည်ကို သူ ပထမဆုံး မြင်ဖူးခြင်း ဖြစ်သည်။ သူမကို ဤကဲ့သို့ အတင်းပေးလိုက်ခြင်းက အတော်လေး ရှက်စရာကောင်းလှသည်။ အကယ်၍ သူက အခု မယူဘူးလို့ ငြင်းလိုက်ရင် ဒီမိသားစုကြီးက ချက်ချင်း ရန်မူလာကြမလား။
***