တန်ဝမ်ကျဲသည် သူတစ်ပါး၏ ငယ်သူငယ်ချင်း ချစ်သူကို လုယူသည့် လူယုတ်မာနေရာတွင် အတင်းအဓမ္မ သရုပ်ဆောင်ခိုင်းခြင်း ခံလိုက်ရသော်လည်း နစ်နာသူဖြစ်သည့် ကျူးကောခုံဖိန်နှင့် ရင်ဆိုင်ရချိန်တွင် သူသည် တုံ့ဆိုင်းမနေခဲ့ပေ။ ထိုအစား သူသည်အလောင်းကောင်များ အရောင်းအဝယ်ကိစ္စကို တိုက်ရိုက်ပင် မေးမြန်းလိုက်သည်။သူသည် ထိုကြေးနီချပ်ဝတ်အလောင်းကောင် ကို ဝယ်ယူလိုခြင်း ဖြစ်သည်။
“မဖြစ်နိုင်ဘူး။အဲဒီ အလောင်းကောင်က အလွန်ရှားပါးလှတဲ့ နမူနာပစ္စည်းပဲ။”
ကျူးကော့ခုံဖိန်ကတစ်ခွန်းတည်းနှင့် ငြင်းဆိုလိုက်သည်။ သူသည်အလောင်းကောင်များကို မိမိအသက်ကဲ့သို့ ချစ်မြတ်နိုးသူဖြစ်သည်။
သူ၏ ညီမလေးကို အိမ်ထောင်ချပေးလိုက်ရသည်မှာ တစ်ကြောင်း သူ၏ဇနီးမှာ သဝန်တိုတတ်သည့် ကျားမကြီးဖြစ်သဖြင့် သူသည် ညီမလေးနှင့် မည်သို့မျှ နီးစပ်ခွင့်မရှိသည်မှာလည်း တစ်ကြောင်းကြောင့် သူ သဘောတူနိုင်သော်လည်းသူ၏ အဖိုးတန်လှသောအလောင်းကောင်လေးကို ရောင်းချရန်တော့သူ လုံးဝ သဘောမတူနိုင်ပေ။
“ရှင် အဲဒီ အလောင်းကောင်ကြောင့်ဘဲ ကံဆိုးမှုတွေနဲ့ ကြုံနေရတာ။ကျွန်မပဲ ဆုံးဖြတ်လိုက်မယ်။အဲဒါကို ဝမ်ကျဲ ကိုပဲ ပေးလိုက်ရအောင်”
တန်ဝမ်ကျဲက လက်ကို အကြိမ်ကြိမ် ခါယမ်းကာ တရားသော လေသံဖြင့်။
“မရပါဘူး... ကျွန်တော်က ပိုက်ဆံပေးဝယ်ရမှာပေါ့။ အလွန်ဆုံးရှိလှရင်တော့ လျှော့ဈေးပေါ့။ ၂၀ ရာခိုင်နှုန်းထက် ပိုတဲ့ဈေးကိုပဲ ကျွန်တော် လက်ခံနိုင်မယ်။ ပြီးတော့ တခြား အလောင်းကောင်တွေနဲ့ဖုတ်ကောင်တွေကိုလည်း အပိုထည့်ပေးလို့ ရပါတယ်။ ဒီထက်ပိုပြီး လျှော့ပေးမယ်ဆိုရင်တော့ ကျွန်တော် စိတ်ဆိုးမှာနော။ အဲဒါက သူစိမ်းဆန်လွန်းတယ်။ဪ... အစ်ကိုကျူးကော အစ်ကို့ဆီမှာ ချင်းမင်းဆက်ရဲ့ နံပါတ်တစ် ခွန်အားကြီးသူ ဖြစ်ခဲ့ဖူးတဲ့ အိပ်ပျော်နေတဲ့အလောင်းကောင်လည်း ရှိတယ်လို့ ကြားမိတယ်။”
ကျူးကောခုံဖိန်က စိတ်ထဲမှ ကြိတ်တွေးလိုက်သည်။ဒီကောင်လေးကတော့ တကယ့်ကို အလိုရလောဘ ကြီးလှချေလား။
စကားပြောရင်းနှင့်ပင် ကြေးနီချပ်ဝတ်အလောင်းကောင်၏ အရောင်းအဝယ်ကိစ္စမှာ အထမြောက်သွားတော့သည်။ ကျူးကောဝမ်ဟွေသည် တန်ဝမ်ကျဲက ပိုင်ရုံ့ရုံ့ကို မခေါ်သွားမှာ စိုးရိမ်နေခြင်း ဖြစ်သည်။အကယ်၍ ပိုင်ရုံ့ရုံ့သာ သူတို့အိမ်တွင် ဆက်ရှိနေပါကသူတို့အိမ်ထောင်ရေးမှာ တကယ်ပင် အေးချမ်းမည်မဟုတ်ပေ။
တစ်ဖက်တွင်လည်း တန်ဝမ်ကျဲက ကျူးကောဝမ်ဟွေသည်သာ ဆုံးဖြတ်ချက်ချသူဖြစ်ကြောင်း ရှင်းရှင်းလင်းလင်း မြင်နေရသည်။
ကျူးကောဝမ်ဟွေ၏ အမြင်တွင်မူ ထိုအလောင်းကောင်များသည် ကံဆိုးမှုကို ဆွဲဆောင်သည့် ညစ်ပတ်သော အရာများသာဖြစ်ပြီး အားလုံးကို တစ်ပြိုင်နက်တည်း လွှင့်ပစ်လိုက်ချင်နေသူဖြစ်သည်။ သို့သော် ပိုင်ရုံ့ရုံ့ကို ပို့ဆောင်လိုက်ခြင်းနှင့် ကြေးနီချပ်ဝတ်အလောင်းကောင်ကို ရောင်းချလိုက်ခြင်းသည် ကျူးကောခုံဖိန်အတွက် အကန့်အသတ်သို့ ရောက်နေပြီဖြစ်ကြောင်း သူမ သိသည်။ သူမသည် ထပ်မံ၍ အတင်းအကျပ် မလုပ်ရဲတော့သဖြင့် ထန်ဝင်ကျဲ၏အမှိုက်သိမ်းသည့်အပြုအမူအပေါ် နှမြောတသဖြစ်ရုံသာ တတ်နိုင်တော့သည်။
နောက်တစ်ခါ အခွင့်အရေးရရင်တော့ ရှိသမျှအကုန်လုံးကို တန်ဝမ်ကျဲဆီကို အတင်းထိုးထည့်ပေးလိုက်မယ်။
တန်ဝမ်ကျဲသည် သူ၏ သေတ္တာကို ဖွင့်လိုက်သည်။ အထဲတွင် အဝတ်အစားများအပြင် ရွှေတုံးများ ငွေဒင်္ဂါးများနှင့် ငွေစက္ကူအထပ်လိုက် ပါရှိနေသည်။
ဟွန်း မင်းမှာ ပိုက်ဆံအပုံလိုက်တွေ ရှိနေတော့ကော ဘာဖြစ်လဲ။ ကျူးကောခုံဖိန်က ပို၍ စိတ်တိုလာသည်။
“ကောင်လေး မင်း အဲဒီ ကြေးနီချပ်ဝတ် အလောင်းကောင်ကိိုဘာလုပ်မှာလဲ။”
ထန်ဝင်ကျဲက တရားသော လေသံဖြင့်
“မိစ္ဆာတွေကို နှိမ်နင်းပြီး ဘေးရန်တွေကို ဖယ်ရှားဖို့ပါ။အကယ်၍ ဒီ နှစ်တစ်ထောင်သက်တမ်းရှိတဲ့ကြေးနီချပ်ဝတ် အလောင်းကောင်ကို တစ်ယောက်ယောက်ကများမတော်တဆ လွှတ်ပေးလိုက်မိရင် နေရာအနှံ့မှာ ပရမ်းပတာတွေ ဖြစ်ကုန်မှာပဲ။ ဒါကြောင့် ကျွန်တော်က အဲဒါကို ဝယ်ယူဖျက်ဆီးပစ်ပြီးအနာဂတ်အတွက်အန္တရာယ်ကို အမြစ်ဖြတ်ချင်တာပါ။”
မိစ္ဆာနှိမ်နင်းရင်းနှင့်ပင် လမ်းတစ်လျှောက်တွင် အဆင့်မြှင့်တင်ရန် လိုအပ်သည့် ပစ္စည်းများကို စုဆောင်းသွားခြင်းမှာ အလွန်ပင် ကျိုးကြောင်းဆီလျော်လှသည်။
“ဟင်း...ဟင်း”
ကျူးကောခုံဖိန်ကအပြုံးတုလုပ်လိုက်သည်။
“ငါ ကျူးကောခုံဖိန် ရှိနေသရွေ့ ဒီအလောင်းကောင်က ဘယ်လိုလုပ် လွတ်နိုင်မှာလဲ။ငါ မင်းကို အထင်သေးလို့ ပြောတာမဟုတ်ဘူးနော်။အဲဒီအလောင်းကောင်ရဲ့ ကျင့်ကြံဆင့်က အတော်လေး မြင့်တယ်။မင်း ဖျက်ဆီးနိုင်မှာ မဟုတ်ဘူး။”
“အခုတော့ အစ်ကိုကြီးကအလောင်းကောင် မလွတ်ဘူးလို့ အာမခံနိုင်ပေမဲ့ နောက်ထပ် နှစ်တစ်ရာကြာရင်ရော နှစ်ငါးရာကြာရင်ရော အလောင်းကောင်က သက်တမ်းရင့်လေလေ ပိုသန်မာလေလေပဲ။ နောက်ဆုံး သူ လွတ်သွားတဲ့အခါ လူတွေ အများကြီး ဒုက္ခရောက်ကုန်လိမ့်မယ်။ အမြစ်ကနေ ဆွဲနုတ်လိုက်တာက ပိုကောင်းပါတယ်။ အဲဒီအလောင်းကောင်ကိုဖျက်ဆီးဖို့ကလည်း အရမ်းလွယ်ပါတယ် မိုးကြိုး သုံးလိုက်ရုံပဲ။”
“မင်းပြောတာက လက်တစ်လုံးခြား ဆင်ခြေတွေလိုပဲ။ဒါပေမဲ့ မင်းပြောသလိုပဲ ဒါက နောက်ထပ် နှစ်ပေါင်း ရာချီကြာဦးမှာပါ။ ငါ့ရဲ့ ကျူးကောမိသားစုမှာ မျိုးဆက် ၁၈ ဆက်ရှိပြီး တစ်ဆက်ထက် တစ်ဆက် ပိုတော်ကြတယ်။ ကြေးနီချပ်ဝတ် အလောင်းကောင်လောက်ကတော့ ဘာမှမဟုတ်ပါဘူး။”
“ဒီအလောင်းကောင်က လူတွေအများကြီးကို သတ်ခဲ့ပြီးပြီ။ ရှားပါးတဲ့ နမူနာပစ္စည်းဖြစ်နေရုံနဲ့ ဘာလို့ ကာကွယ်ပေးနေရမှာလဲ။လူကို ကိုက်တဲ့ခွေးဆိုရင် သတ်ပစ်ရမှာပဲ။လူကို သတ်ထားတဲ့ အလောင်းကောင်ကိုကျတော့ ဘာလို့ ရှားပါးနေလို့ဆိုပြီး အသက်ချမ်းသာပေးထားရမှာလဲ။”
အကယ်၍ ကျူးကောခုံဖိန်တွင် ထိုအလောင်းကောင်ကို ထိန်းချုပ်နိုင်စွမ်းရှိလျှင် တစ်မျိုးပေါ သို့သော် အဖြစ်မှန်မှာ သူကိုယ်တိုင်ပင် ထိုသရဲကောင်၏ နှိပ်စက်မှုကို ခံနေရခြင်း ဖြစ်သည်။
အကယ်၍ ဤအလောင်းသာ ဦးလေးကျိုးလက်ထဲတွင် ရှိနေပါက တန်ဝမ်ကျဲသည် ဤကဲ့သို့ ဆင်ခြေများဖြင့် ငြင်းခုံရလိမ့်မည် မဟုတ်ပေ။
သူတို့နှစ်ဦး အခြေအတင် ဖြစ်နေသည်ကို မြင်သောအခါ ကျူးကောဝမ်ဟွေက ချက်ချင်း ဆုံးဖြတ်ချက် ချလိုက်သည်။
“ငါ ပြောပြီးပြီလေ ရောင်းမယ်။”
ဤကြေးနီချပ်ဝတ် အလောင်းကောင်သည် ကျူးကောခုံဖိန်အတွက် နိမိတ်မကောင်းသော အရာဖြစ်သည်ကို သူမ မြင်နေရသည်မှာ ကြာပြီဖြစ်သည်။ အရင်ကတော့ သူ့ကို ဒုက္ခရောက်စေချင်၍ လွှတ်ထားခဲ့သော်လည်း ယခု တန်ဝမ်ကျဲက ပိုင်ရုံ့ရုံ့ကို ခေါ်သွားပေးခြင်းဖြင့် အများကြီး ကူညီပေးခဲ့၍သူမအနေနှင့် ပြဿနာနှစ်ခုလုံးကို တစ်ပြိုင်နက်တည်း ဖြေရှင်းပေးလိုက်ခြင်းက ပိုကောင်းသည်ဟု တွေးမိသည်။
ကျူးကောဝမ်ဟွေသည် သူမ၏ခင်ပွန်းနားသို့ သွားကာ သူ၏နားရွက်ကို ဆွဲလိမ်ပြီး တိုးတိုးလေး ပြောလိုက်သည်။
“လူဝကြီး ရှင် အလုပ်မရတာ ခုနစ်လလောက် ရှိပြီမဟုတ်လား။”
“ငါက...”
ကျူးကောခုံဖိန်မျက်နှာပျက်သွားသည်။
သူ့ဇနီး၏ ဗေဒင်ဟောခန်းက နေ့တိုင်း ပိုက်ဆံတွေ အပုံလိုက် ရနေသော်လည်း သူ၏အလောင်းကောင်ဖမ်းသည့် အလုပ်မှာမူ အကြိမ်ကြိမ် ရှုံးနိမ့်နေခဲ့သည်။ လက်ရှိတွင် သူသည် ဇနီးဖြစ်သူကို အားကိုးနေရသော်လည်း သူ၏ တီထွင်မှုများအတွက်မူ ပိုက်ဆံအများကြီး... အများကြီး လိုအပ်သေးသည်။ နိုင်ငံခြားလုပ် မီးစက်များနှင့် အမျိုးမျိုးသော သွင်းကုန်ပစ္စည်းများကို ပင်လယ်ကို ဖြတ်ကျော်ကာ မှာယူရသဖြင့် ဈေးနှုန်းများမှာ အလွန်ကြီးမြင့်လှသည်။
“ကောင်းကင်အောက်ကပထမဆုံးမြက်တဲရှင်က ရှင့်ကိုပြဿနာလာရှာဦးမယ်လို့ ကြားတယ်။”
“မင်း ဘယ်လိုသိတာလဲ။”
“ရှင့်ညီမလေး ခုနက ပြောပြတာ။ အကယ်၍ ရှင် ဒီအလောင်းကောင်ကို မဖယ်ရှားနိုင်ရင်ကကောင်းကင်အောက်ကပထမဆုံးမြက်တဲရှင်ကို ရှင် ရင်ဆိုင်နိုင်ပါ့မလား။”
သူမသည်သူမ၏ ခင်ပွန်းက မျက်နှာကို ပြပြီး အထက်တန်းလွှာ မိသားစုဖြစ်ကြောင်း အမြဲ ကြွားဝါတတ်သည်ကို သိသည်။
လူတစ်ယောက်သည် မိမိတွင် မရှိသော အရာကိုသာ ပို၍ ကြွားဝါတတ်စမြဲပင်။
ကြေးနီချပ်ဝတ်အလောင်းကောင်သည် သူ၏ညီမလေးထက် ပိုအရေးကြီးသော်လည်းပထမဆုံးမြက်တဲရှင်ကို အနိုင်ရရှိခြင်းက ထိုအလောင်းကောင်ထက်ပင် ပို၍ အရေးကြီးနေသည်။သူသည် ပထမဆုံးမြက်တဲရှင်ကို နိုင်ရန်အတွက်ဆိုလျှင် သရဲပူးခံရပြီး အသက်တိုသွားမည်ကိုပင် ဝန်လေးမည့်သူ မဟုတ်ပေ။
တန်ဝမ်ကျဲက ကျူးကောမိသားစု၏ အလောင်းကောင်ပိတ်လှောင်ကက်ကို ဖောက်ထွင်းပြီးအခမဲ့ ယူဆောင်ရန် စဉ်းစားနေစဉ်မှာပင်ထိုလင်မယား၏ဆွေးနွေးမှု ပြီးဆုံးသွားကြသည်။
သူတို့က တိုးတိုးလေး ပြောနေကြခြင်းဖြစ်ပြီး သူကလည်း နားထောင်ရန် ရည်ရွယ်ချက်မရှိသော်လည်း သူ၏ နားမှာ အလွန်စူးရှလွန်းသဖြင့် သူတို့ သတ်မှတ်ထားသည့် အနိမ့်ဆုံးဈေးကိုပင် ကြားလိုက်ရသည်။
ဒေါ်လာ ၂,၀၀၀ တဲ့လား။အဲဒီလောက်ထိ ဈေးပေါနေတာက ဆရာတန်ကို အထင်သေးရာ မကျဘူးလား။
ဒါဆို ဒေါ်လာ ၂,၀၀၀ ရဲ့ ၂၀ ရာခိုင်နှုန်းက ဘယ်လောက်ဖြစ်မလဲ။
“ကောင်းပြီ၊ ငါ ရောင်းမယ်။ ဒါပေမဲ့ မင်း အဲဒါကို မဖျက်ဆီးဘဲ အမှတ်တရအနေနဲ့ပဲ သိမ်းထားလို့ မရဘူးလား။”
စကားစပိုင်းတွင် မာနကြီးနေသော်လည်းနောက်ပိုင်းတွင်မူ တောင်းပန်တိုးလျှိုးသည့် အသံ ဖြစ်သွားသည်။ အလောင်းကောင်များ စုဆောင်းရသည်ကို ဝါသနာပါသူတစ်ဦးအတွက် ဤအလောင်းကောင်သည် သူ၏ အဖိုးတန်ဆုံး အရုပ်နှင့် တူသည်။ ထိုအရုပ်က လူသတ်ခဲ့ဖူးလျှင်တောင် သူ၏အတွက်တော့ ရတနာတစ်ခုပင် ဖြစ်သည်။
တန်ဝမ်ကျဲက တရားသော လေသံဖြင့် ငြင်းဆိုလိုက်သည်။
“ကျွန်တော့်ရဲ့ စိတ်က မိစ္ဆာနှိမ်နင်းဖို့ပဲ ဆုံးဖြတ်ထားတာ။ စိတ်မကောင်းပါဘူး။မရပါဘူး။”
ကျူးကောခုံဖိန်က ထပ်ပြောချင်သေးသော်လည်း သူ့ဇနီး၏ လက်ချောင်းများက သူ၏နားရွက်ကို ဆွဲလိမ်ထားပြီးဖြစ်ရာ သူသည် ချက်ချင်းပင် နာကျင်စွာ အော်ဟစ်ရင်း အညံ့ခံလိုက်ရတော့သည်။
လူတစ်စုသည် ကျူးကော့မိသားစု၏ သရဲပိတ်လှောင်ကက်ဆီသို့ သွားကြသည်။ နေ့ခင်းကြောင်တောင်ဖြစ်ပြီး နေရောင်ခြည်ရသော နေရာဖြစ်သောကြောင့် ထိုနေရာမှာ အနည်းငယ် အေးစိမ့်နေရုံသာရှိပြီး ထူးခြားမှု မရှိပေ။
ကြေးနီချပ်ဝတ်အလောင်းကောင်သည် နေရောင်အောက်တွင် ရပ်နေပြီး ၎င်း၏ ခန္ဓာကိုယ်မှ မကောင်းသောအငွေ့အသက်များထွက်ပေါ်နေသည်။
“ရင်ဘတ်ထိုး နံသာဖြူတိုင်။
“မိုးမခခက်။”
“ရွှေမှန်။”
“အဆုတ်ထိုး နံသာဖြူတိုင်။”
“ကြိုးနီ။”
“ကြက်သွေးစိမ်ထားသော ခေါင်းတလားမှ သံတိုင်များ။”
တန်ဝမ်ကျဲသည် သရဲကောင်ကို ပတ်ကြည့်လိုက်ပြီးနောက် အဆက်မပြတ် လှုပ်ရှားနေသော နှာခေါင်းနှင့် ဖွင့်ရန် ကြိုးစားနေသည့်လက်များကို စိုက်ကြည့်လိုက်သည်။ ဤအလောင်းကောင်မှာ တကယ်ပင် ဝိညာဉ်ဝင်နေပြီ ဖြစ်သည်။
ဖုတ်ကောင်များသည် မျက်စိမမြင်ရပေ သူတို့သည် အသက်ရှူသံနောက်ကိုသာ အလိုအလျောက် လိုက်တတ်ကြသည်။ အကယ်၍ဖုတ်ကောင်နှင့် ရင်ဆိုင်ရပါက အသက်အောင့်ထားခြင်းဖြင့် လွတ်မြောက်နိုင်သည်။
သို့သော် ဒီဖုတ်ကောင်မှာမူ သိသိသာသာ ကွဲပြားသည်။ ၎င်း၏ ခန္ဓာကိုယ်မှ ထွက်သော သရဲအငွေ့အသက်များသည် နေရောင်ခြည်ကို ခုခံရန် အကာအကွယ်တစ်ခုအဖြစ် တည်ရှိနေသည်။ မိုးကြိုးပစ်မှသာ ၎င်းကို ဖျက်ဆီးနိုင်ပေလိမ့်မည်။
၎င်းသည် ရုပ်ဆိုးသော်လည်း ခန့်ညားသည့်ပုံစံရှိပြီး ကြောက်မက်ဖွယ်ကောင်းမှုကြားမှ ထူးခြားသော ဝိညာဉ်စွမ်းအားတစ်ခု ထွက်ပေါ်နေသည်။
“တကယ့်ကို ရှားပါးတဲ့ နမူနာပစ္စည်းပဲ။”
“ဒါပေါ့။”
ကျူးကောခုံဖိန်ကဂုဏ်ယူစွာ ခေါင်းညိမ့်လိုက်စဉ်မှာပင် ထန်ဝင်ကျဲက ရုတ်တရက် အစီအရင်တစ်ခု စတင်ပြင်ဆင်နေသည်ကို တွေ့လိုက်ရသည် ။
“မင်း ဘာလုပ်နေတာလဲ။”
တန်ဝမ်ကျဲက ပုံမှန်အတိုင်းပင်
“အစီအရင် ပြင်နေတာပါ။ မိုးကြိုးခေါ်ယူခြင်း အစီအရင်လေ နောက်ထပ် ရှုပ်ထွေးမှုတွေ မဖြစ်အောင်လို့ပါ။”
ကျူးကော့ခုံဖိန်မှာ လန့်သွားသည်။
“နေဦး။ငါ့ရဲ့ သရဲပိတ်လှောင်ကက်ထဲမှာ မိုးကြိုးခေါ်မလို့လား။”
တန်ဝမ်ကျဲက စိတ်ထဲတွင် နှမြောတသ ဖြစ်သွားမိသည်။အရာအားလုံးကို တစ်ခါတည်း အမြစ်ဖြတ်ပစ်မည့် သူ၏ အစီအစဉ်ကို ရိပ်မိသွားကြပြီ။ သူသည် ကျူးကောခုံဖိန် မရိပ်မိခင်မှာပင် မိုးကြိုးတစ်ချက်ဖြင့် ဤသရဲပိတ်လှောင်ကက်တစ်ခုလုံးကို ဖျက်ဆီးပစ်ရန် တကယ် စဉ်းစားခဲ့ခြင်း ဖြစ်သည်။
အဆိုးဆုံးဖြစ်လှလျှင်တော့ ပျက်စီးဆုံးရှုံးမှုများအတွက် သူ လျော်ကြေးပေးလိုက်ရုံပင်။ကံမကောင်းစွာဖြင့် သူ ရိပ်မိသွားသဖြင့် အမူအရာမပျက် ဆက်လုပ်၍ မရတော့ပေကျူးကောခုံဖိန်၏ ကူညီမှု ဖြင့် သူတို့နှစ်ဦးသည် ကြေးနီချပ်ဝတ် အလောင်းကောင်ကို ပိတ်လှောင်ကက်ထဲမှ ဖြည်းဖြည်းချင်း ဆွဲထုတ်လာခဲ့ကြသည်။
လူတစ်စုသည် ကွင်းပြင်တစ်ခုတွင် မိုးကြိုးခေါ်ယူခြင်း အစီအရင်ကို ပြင်ဆင်လိုက်ပြီးသရဲကောင်ကိုအစီအရင်၏ အလယ်ဗဟိုတွင် ထားလိုက်ကြသည်။
“ရာသီဥတုက ဒီလောက်တောင် ကောင်းနေတာလား။”
ထန်ဝင်ကျဲကကောင်းကင်ကို မော့ကြည့်လိုက်သည်။
ဒါက အခက်အခဲ ဖြစ်စေသည်။ သူ၏ စွမ်းရည်မှာ မပြည့်စုံသေးသဖြင့် မိုးကြိုးခေါ်ယူခြင်း အစီအရင်သည် ရာသီဥတုအပေါ်တွင်သာ မူတည်နေသည်။
ကျူးကောခုံဖိန်ကလည်း ထိုပြဿနာကို မြင်သည်။
“ဒီတိုင်းစောင့်နေတော့မှာလာ။ မင်းမှာ ထူးခြားတဲ့ နည်းလမ်းရှိမယ်လို့ ငါထင်ခဲ့တာ။ နောက်ရက်တွေမှာလည်း မိုးရွာမှာ မဟုတ်ဘူး။”
တန်ဝမ်ကျဲသည် ဂုဏ်ယူနေသော အမူအရာကို မြင်သဖြင့် မေးလိုက်သည် ။
“အစ်ကိုကြီးကျူးကောမှာ မိုးကြိုးခေါ်ဖို့ နည်းလမ်းရှိလို့လား။”
“နည်းလမ်းရှိတယ်လို့တော့ မဟုတ်ပါဘူး။ဒါပေမဲ့ ငါ့မှာ ပြုပြင်မွမ်းမံထားတဲ့ ဝိညာဉ်အာရုံ စိတ်ကူးယဉ် မီးစက် နဲ့ မိုးကြိုးအချက်ပြ ဖမ်းစက်ရှိတယ်။ အဲဒါတွေက ကူညီပေးနိုင်လိမ့်မယ်။”
“ဒါဆိုရင် ကျေးဇူးပြုပြီး အစ်ကိုကျူးကောကျွန်တော့်ကို ကူညီပေးပါဦး။”
“ဒါက ပြောရတာ လွယ်ပေမဲ့...”
“ကျွန်တော် ပိုပေးပါ့မယ် ဒါက လာဘ်ထိုးတာ မဟုတ်ပါဘူး။ တကယ်တော့ ကျွန်တော်က သိပ္ပံပညာနဲ့ မှော်ပစ္စည်းတွေကို ပေါင်းစပ်ထားတဲ့ သုတေသနလုပ်ငန်းတွေကို အရမ်းစိတ်ဝင်စားလို့ပါ။ ဒါကို သုတေသန ရန်ပုံငွေအနေနဲ့ပဲ သတ်မှတ်လိုက်ရအောင်။”
ပိုက်ဆံ ပိုပေးခြင်းသည်လည်း အနုပညာတစ်ရပ်ပင်။
“မင်း တကယ် စိတ်ဝင်စားတာလား။”
သူတို့နှစ်ဦး အတူတူ ဝိညာဉ်အာရုံ စိတ်ကူးယဉ် မီးစက်နှင့် မိုးကြိုးအချက်ပြ ဖမ်းစက်တို့ကို သယ်ထုတ်လာခဲ့ကြသည်။ ထန်ဝင်ကျဲ၏ ခွန်အားမှာ ကြီးမားလှသဖြင့် သူ တစ်ယောက်တည်းလည်း အလွယ်တကူ သယ်နိုင်သော်လည်း ကျူးကောခုံဖိန်ကို ပူးပေါင်းဆောင်ရွက်ခွင့် ပေးသည့်အနေဖြင့် သူ အတော်လေး အားလျှော့ထားပေးခဲ့သည်။
နေရာတွင် တပ်ဆင်နေစဉ်အတွင်း သူတို့နှစ်ဦးသည် သိပ္ပံပညာအကြောင်းကို ဆွေးနွေးနေကြသည်။
တန်ဝမ်ကျဲသည် မှော်ပစ္စည်းများနှင့် သိပ္ပံပညာအကြောင်း အများကြီး မသိသော်လည်း ကျူးကောခုံဖိန်နှင့် စကားပြော၍ အဆင်ပြေနေသည်။
မှော်ပစ္စည်းများကိုခေတ်မီနည်းပညာသုံး ပစ္စည်းများအဖြစ် ပြုပြင်မွမ်းမံခြင်းမှာ တကယ့်ကို ထူးခြားသော စိတ်ကူးတစ်ခုပင်။
အဝေးမှ ကြည့်နေကြသော ကျူးကောဝမ်ဟွေနှင့် အခြားလူများမှာမူ တစ်ဦးကိုတစ်ဦး ကြည့်လိုက်မိကြသည်။
“သူတို့နှစ်ယောက် ဆက်ဆံရေးက ဘယ်လိုလုပ် ရုတ်တရက်ကြီး ဒီလောက် ကောင်းသွားရတာလဲ။”
ကျူးကော့ရှောင်မင်ကသာ
“ကျွန်တော် နားလည်ပြီ ထင်တယ်။”
သူ၏ အမေ ဒေါ်လေးနှင့် ညီမဖြစ်သူတို့က သူ့ကို တစ်ပြိုင်နက်တည်း ကြည့်လိုက်ကြသဖြင့် ကျူးကောရှောင်မင်က လေသံပျော့ပျော့ဖြင့်
“ကျွန်တော် အများကြီးတော့ နားမလည်သေးဘူး ထင်တယ်”
ကျူးကောခုံဖိန်၏ လက်လှည့်မီးစက်မှာ တန်ဝမ်ကျဲအတွက်မူ အတော်လေး ယုတ္တိမရှိသလို ဖြစ်နေသည်။
လက်လှည့်မီးစက်တစ်ခုက တကယ်ပင် တည်ငြိမ်သော လျှပ်စီးကြောင်းကို ထုတ်ပေးနိုင်ပြီး လူ သုံးငါးယောက်စာ အရွယ်အစားရှိသော စက်ကြီးတစ်လုံးကို နှိုးနိုင်သည်မှာ မည်သည်ကြောင့်နည်း။
စွမ်းအင်တည်မြဲမှု နိယာမကိုရော ခွေးကျွေးလိုက်ပြီလား။
ဒါဟာ သိပ္ပံနည်းကျလည်းမကျ၊ ဆန်းကြယ်တာလည်း မဟုတ်ပါ။
***