စက်နှိုးထားသည်မှာ သုံးစက္ကန့်မှ ငါးစက္ကန့်ခန့်သာ ရှိသေးသော်လည်း ကျူးကောခုံဖိန်မှာ အသက်ရှူမဝ ဖြစ်နေပြီဖြစ်သည်။ တန်ဝမ်ကျဲက ဝင်ရောက်ကူညီကာ လက်လှည့်ဘီးကို စတင်လှည့်လိုက်တော့သည်။
၎င်းသည် ထရက်တာစက်နှိုးသကဲ့သို့ပင် ဘာမှမထူးခြားချေ။
အကယ်၍ ပျက်စီးယိုယွင်းမှုကို ထည့်မတွက်ဘူးဆိုရင် နောင်ကျရင် သရဲနှစ်ကောင်လောက်ကို ဖမ်းပြီး ဒီမီးစက်လှည့်ခိုင်းထားရင် တန်အိမ်တော်ရဲ့ လျှပ်စစ်မီးပြဿနာက ပြေလည်သွားမှာပဲ။
မီးစက်လှည့်နေရင်းနှင့်ပင် သူသည် စကားပြောရန် အားအင်ပိုနေသေးသည်။
“အစ်ကိုကျူးကော ဒီမီးစက်ကို ရောင်းမလား။”
“ဒီ တျန့်ကျယ် တံဆိပ် မီးစက်က အနောက်တိုင်း သာသနာပြုတစ်ယောက်ကို မှာခိုင်းထားတာ။ အဲဒါကို ငါကိုယ်တိုင် ဒီလိုဖြစ်အောင် ပြုပြင်ထားတာလေ။ လောကမှာ ဒီတစ်လုံးပဲ ရှိတယ်။”
“တျန့်ကျယ် ...”
“အင်္ဂလိပ်လိုက Danger ပေါ့တရုတ်လိုကတော့ တျန့်ကျယ်လို့ ခေါ်တယ်။”
“ဪ... အစ်ကိုကျူးကောက အင်္ဂလိပ်စာတောင် ကျွမ်းကျင်တာပဲ။”
တန်ဝမ်ကျဲကမီးစက်ပေါ်ရှိ အာမေဍိတ်အမှတ်အသားကို လက်ညှိုးထိုးပြကာ
“အကယ်၍ ကျွန်တော် Dangerတံဆိပ် မီးစက် နောက်တစ်လုံးဝယ်ပြီး ပို့ပေးရင်အစ်ကို ကျွန်တော့်ကို ပြုပြင်ပေးလို့ ရမလား။စိတ်မပူပါနဲ့ ဈေးနှုန်းက ညှိနှိုင်းလို့ရပါတယ်။”
အခြားတံဆိပ်များ ဝယ်ရန် ခက်ခဲနိုင်သော်လည်း တြိဂံအတွင်း အာမေဍိတ်အမှတ်အသားပါသော “Danger” တံဆိပ် မီးစက်ကိုမူ မျက်စိမှိတ်၍ပင် ဝယ်ယူနိုင်သည်။
“ဟားဟားဟား ငါတို့က ဝါသနာတူတွေဆိုတော့ အဲဒါက ဆွေးနွေးရလွယ်ပါတယ်။”
ဖုတ်ကောင်ဖမ်းခြင်းမှာ ကျူးကောမိသားစု၏ တာဝန်ဖြစ်သော်လည်း အမျိုးမျိုးသော မှော်ပစ္စည်းများကို သိပ္ပံနည်းကျ ပြုပြင်မွမ်းမံခြင်းမှာ ကျူးကောခုံဖိန်၏ ကိုယ်ပိုင်ဝါသနာဖြစ်သည်။ အသက်ကြီးလာသည်နှင့်အမျှ သိပ္ပံပစ္စည်းများကို လေ့လာလိုစိတ်မှာလည်း ပိုမိုကြီးထွားလာသည်။ တစ်ခါတစ်ရံတွင် ဝက်အူလှည့်ဖြင့် တီထွင်ရသည်မှာ သူ့ဇနီးထက်ပင် ပို၍ စိတ်ဝင်စားစရာကောင်းနေတတ်သည်။
“စွမ်းအင်တွေ လာပြီ လာပြီ။”
အစပိုင်းတွင် ကျူးကောခုံဖိန်သည် ကြေးနီချပ်ဝတ် အလောင်းကောင်ကို မိုးကြိုးပစ်ရန် ဝန်လေးနေခဲ့သည်။ သို့သော် ယခုအခါ တန်ဝမ်ကျဲ၏ လက်များက မီးစက်ကို အရှိန်ပြင်းစွာ လှည့်နေသဖြင့် အရိပ်များပင် ထင်ကျန်နေပြီး ကောင်းကင်ယံမှ မိုးကြိုးတစ်ချက်ကို တကယ်ပင် ဆွဲချနိုင်သည်ကို မြင်လိုက်ရသောအခါ သူသည် ဝမ်းသာအားရ ကခုန်တော့သည်။
သူသည် ဤစက်ကို တီထွင်ခဲ့သော်လည်း တစ်ခါမှ အောင်မြင်စွာ အသုံးမပြုနိုင်ခဲ့ချေ။ ဤချောချောလှလှ ကောင်လေးတွင် ဤမျှ ခွန်အားရှိလိမ့်မည်ဟု သူ မမျှော်လင့်ထားခဲ့ပေ။
“ဂျုန်းးးးး”
ဖုန်မှုန့်များ နေရာအနှံ့ လွင့်ပျံသွားပြီး ကြေးနီချပ်ဝတ် အလောင်းကောင်၏ ပုံရိပ်မှာ လုံးဝ ပျောက်ကွယ်သွားတော့သည်။
【ရရှိသော အတွေ့အကြုံ: ၁၀၀၀】
တန်ဝမ်ကျဲသည် ဖုန်မှုန့်များကြားသို့ အမြန် လျှောက်လှမ်းသွားသည်။ အလယ်ဗဟိုတွင်မူ ခြောက်သွေ့နေသော သစ်ငုတ်တိုကဲ့သို့ မည်းတူးနေသည့် အလောင်းတစ်ခုသာ ကျန်ရှိတော့သည်။ ၎င်း၏ ခန္ဓာကိုယ်ပေါ်ရှိ မိုးကြိုးတံဆိပ်မှာ ယခင်ကထက် ပို၍ ထင်ရှားပြတ်သားနေသည်။
အဝေးမှ လူများမှာ ထိတ်လန့်သွားကြသည်။ အစောကတည်းက ဘေးသို့ ခုန်ရှောင်ကာ နားကို ပိတ်ထားသည့် ကျူးကောခုံဖိန်မှာမူ ပို၍ပင်။
သူသည် ချက်ချင်းပင် ပါးစပ်ကို ဖွင့်ကာ အသက်ကို ပြင်းပြင်းရှူလိုက်သည်။ မိုးကြိုးအငွေ့အသက်များသည် သူ၏ ဝမ်းဗိုက်အတွင်းသို့ ဝင်ရောက်သွားပြီး သူသည် မိုးကြိုးဓာတ်ပါသော လေချဉ်ပင် တက်တော့မလို ဖြစ်သွားရသည်။
“အချိန်မဆိုင်းနဲ့တော့။”
သူ့လက်ထဲတွင် သားရေသေတ္တာတစ်လုံး ပေါ်လာသည်။ ၎င်းကို ဖွင့်လိုက်သည်နှင့် ကြက်ဖကြီးတစ်ကောင် ပျံထွက်လာသည် ၎င်းမှာ အိမ်တွင် မွေးထားသော ကြက်ဖကြီးပင် ဖြစ်သည်။
သေတ္တာထဲတွင် စတိုးဆိုင်မှ ပစ္စည်းများနှင့် ကိရိယာများကို ထည့်ထားနိုင်ရာ ကြက်ဖမှာလည်း တစ်ခုအပါအဝင် ဖြစ်သဖြင့် သေတ္တာထဲ ထည့်ထား၍ ရသည်မှာ ထူးဆန်းလှသည် မဟုတ်ပေ။
သူသည် လက်ဝှေ့ကျင့်စဉ်ကို လေ့ကျင့်ရန် ပြင်လိုက်စဉ်မှာပင်ကြက်ဖကြီးသည် အတောင်ပံဖြန့်ကာ ပျံတက်လာပြီး သူ၏ ပုခုံးပေါ်တွင် နားလိုက်သည်။
ဖုန်မှုန့်များ ငြိမ်သက်သွားသောအခါ ကျူးကောမိသားစုဝင်များသည် တန်ဝမ်ကျဲ၏ ခန္ဓာကိုယ်ပေါ်တွင် လျှပ်စီးတန်းလေးများ မှိတ်တုတ်မှိတ်တုတ် ဖြစ်နေသည်ကိုသာ တွေ့ရသည်။ ထို့ပြင် သူ၏ ပုခုံးပေါ်ရှိ ကြက်ဖကြီးမှာလည်း ၎င်း၏ အမွှေးအတောင်များကို ခါယမ်းနေပြီး တန်ဝမ်ကျဲ၏ ကိုယ်မှ မိုးကြိုးအငွေ့အသက်များကကူးစက်နေသဖြင့် ပို၍ပင် အံ့ဖွယ်ကောင်းသော ပုံစံ ပေါက်နေသည်။ အထူးသဖြင့် ၎င်း၏ နှုတ်သီးတွင် လျှပ်စီးတန်းလေးများ ဝေ့ဝဲနေသည်။
သို့သော် ရုတ်တရက် ဘုန်းခနဲ မြည်သံနှင့်အတူ တန်ဝမ်ကျဲသည် မြေပြင်ပေါ်သို့ လဲကျသွားသည်။ ကြက်ဖကြီး၏ အမွှေးများပင် ထောင်သွားပြီး ၎င်းသည် အတောင်ပံခတ်ကာ မျက်စိတစ်မှိတ်အတွင်း အဝေးသို့ ပျံပြေးသွားတော့သည်။
ထန်ဝင်ကျဲမှာမူ ကြက်ဖကြီးကို စိတ်ပူရန် အချိန်မရှိပေ။
【သင်သည် မိုးကြိုးအငွေ့အသက်ကို အသုံးပြု၍ မိုးကြိုးလက်ဝှေ့ကို သင်ယူပြီးဖြစ်သည်။ သင်၏ မိုးကြိုးလက်ဝှေ့တိုးတက်လာသည်။ လက်ရှိအဆင့်: lv2】
【သင်သည် မိုးကြိုးအငွေ့အသက်ကို သုံးစွဲခဲ့သော်လည်း ၎င်းကို မချေဖျက်နိုင်ခဲ့ပေ။ မိုးကြိုးဓာတ်သည် သင်၏ ခန္ဓာကိုယ်အတွင်း ပေါက်ကွဲသွားသည်။
သင်သည်ပြင်းထန်သော ဒဏ်ရာရရှိထားသည်။
သွေး -၅၀%။
သင်သည် အားနည်းသော အခြေအနေသို့ ရောက်ရှိသွားသည်။
ခွန်အား -၅၀%】
မိုးကြိုးလက်ဝှေ့ lv2 (၁၆၀/၈၁၀)
အမြင့်ဆုံး သွေး +၈။
အမြင့်ဆုံးမန်နာ+၈။
အမြင့်ဆုံးခွန်အား +၈။
တိုက်ခိုက်ရန်မိုးကြိုးဓာတ်ကို စုဆောင်းနိုင်သည်။
မန်နာသုံးစွဲမှု: ၂။
မိုးကြိုးပျက်စီးမှု +၁။
မိုးကြိုးခုခံမှု+၁။
“မိုးကြိုးခုခံမှုက အချိန်မီ မရောက်လာဘူးပဲ။”
တန်ဝမ်ကျဲသည် ရင်ဘတ်ကို ဖိကာ မတ်တပ်ရပ်လိုက်သည်။ မိုးကြိုးတံဆိပ်မှ ထွက်ပေါ်လာသော မိစ္ဆာအငွေ့အသက်မှာ ပြင်းထန်လွန်းသဖြင့် သူ့ကို ပြန်လည် ထိခိုက်စေခဲ့ခြင်း ဖြစ်သည်။
“အို... ဒုက္ခပါပဲ ဝေးဝေးမှာ နေဖို့ ငါပြောဖို့ မေ့သွားတယ်။ မိုးကြိုးအပစ်ခံရရင် သေနိုင်တယ်ကွ။”
ကျူးကော့ခုံဖိန်သည်စိုးရိမ်တကြီး အနားသို့ လာကာ မေးသည်။
“မင်း မသေသေးဘူး မဟုတ်လား။”
“လူဝကြီး မြန်မြန်လုပ်ပြီး အာကျဲကိုနားဖို့ ကူညီပေးလိုက်ဦး။”
“ကျွန်မ လုပ်ပါ့မယ်။”
ပိုင်ရုံ့ရုံ့သည်ရှေ့သို့တက်ကာ ထန်ဝင်ကျဲကို တွဲလိုက်သည်။
“အိမ်ထောင်ကျသွားတဲ့ ညီမလေးဆိုတာ သွန်ထုတ်လိုက်တဲ့ ရေလိုပါပဲလား~”
ကျူးကောဝမ်ဟွေကပြုံးလျက် ဆိုသည်။ အမျိုးသမီးဘက်က သဘောတူလျှင်ပင် လုံလောက်လှပြီ အမျိုးသားဘက်က စိတ်ဝင်စားသည်ဖြစ်စေ မဝင်စားသည်ဖြစ်စေ အမျိုးသမီးတစ်ယောက်က အမျိုးသားတစ်ယောက်ကို လိုက်လျှင် ပိတ်ပါးစောင် တစ်ထပ်သာ ခြားသည် မဟုတ်ပါလား။ သူမသာ သူမ၏ လင်သားကို ထိန်းကျောင်းရာတွင် မကျွမ်းကျင်ခဲ့လျှင် ဤလူဝကြီးမှာ သူများနောက်ပါတာကြာလှပြီဖြစ်သည်။ ရန်သူဖြစ်ခဲ့ဖူးသဖြင့် ပိုင်ရုံ့ရုံ့ကို သူမ ပို၍ နားလည်ပြီး ယုံကြည်ချက်လည်း ရှိနေသည်။
“သူတို့က လက်မထပ်ရသေးဘူးလေ။”
ကျူးကောခုံဖိန်ကတိုးတိုးလေး ရေရွတ်လိုက်သော်လည်း သူ့ဇနီးက ကြည့်လိုက်သဖြင့် ချက်ချင်း လေသံပြောင်းလိုက်သည်။
“ဟားဟားဟား...ငါ့ရဲ့ စမ်းသက်ချက်က တကယ်ပဲ အောင်မြင်သွားတာပဲ။”
“အဖေ အလောင်းကောင်က မီးသွေးခဲ ဖြစ်သွားပြီ။”
“ထုခြေပြီး မြေမြှုပ်လိုက်ပေါ့ ဟားဟား။”
“ထုခြေပြီးသားပါ လေတိုက်တော့ အကုန် လွင့်ကုန်ပြီ။”
“ထွီ...ထွီ...ထွီ”
“အဖေ အဖေက သရဲလက်ကို အမှတ်မထင် စားမိသွားပြီ။ ဪ... ခြေထောက်ကိုလည်း စားမိသွားသေးတယ်”
“ဖီး...။”
တန်ဝမ်ကျဲသည် ကုတင်ပေါ်တွင် လဲလျောင်းနေရင်း ပိုင်ရုံ့ရုံ့က သူ၏ သွေးခုန်နှုန်း စမ်းသပ်နေသည်ကို ကြည့်နေမိသည်။ သူမ၏ စိတ်နေစိတ်ထား မည်မျှ မြန်မြန်ဆန်ဆန် ပြောင်းလဲသွားသည်ကို သူ အံ့ဩနေမိသည်။
လင်သားနောက်ကို အေးအတူပူအမျှ လိုက်တာကတော့ ကောင်းပါတယ်။ နေပါဦး... လင်သားလားမဟုတ်ဘူး။ ကြက်ဖရော။
ငါ့ကြက်ဖ ဘယ်ရောက်သွားလဲ။
တန်ဝမ်ကျဲသည် ထိုင်ရန် ကြိုးစားလိုက်သော်လည်း အတွင်းဒဏ်ရာက ပြန်ထလာသဖြင့် နာကျင်စွာဖြင့်မျက်နှာပျက်သွားရသည်။
ပိုင်ရုံ့ရုံ့က စိုးရိမ်တကြီးဖြင့်ဆိုသည်။
“ရှင်က အတော်လေး ပြင်းထန်တဲ့ ဒဏ်ရာရထားတာ အနည်းဆုံး ဆယ်ရက်ကနေ လဝက်လောက်အထိ အနားယူရမယ်။”
ဤသည်မှာ ဒဏ်ရာကို အသုံးချကာ သူမ၏ သနားမှုကို ရယူပြီး မိခင်စိတ်ဓာတ်ကို နှိုးဆော်ရန် အခွင့်အရေးကောင်းပင်။
သို့သော် တန်ဝမ်ကျဲသည် နာကျင်မှုကို အောင့်အည်းကာ ပြောလိုက်သည်။
“ခဏလောက် အပြင်ထွက်ပေးလို့ ရမလား။”
“ရှင်...”
ထန်ဝင်ကျဲက ရှင်းပြသည်။
“ကျွန်တော် ဒဏ်ရာတွေကို ကုသဖို့ လိုအပ်လို့ပါ။ မင်း ဒီမှာရှိနေရင် အဆင်မပြေမှာ စိုးလို့။”
ဒဏ်ရာကို ခံစားနေရသည်ထက် စာလျှင် သံယောဇဉ် တည်ဆောက်ရန်မှာ သူ့အတွက် အရေးကြီးပေ။ ဆရာတန်သည် မိမိကိုယ်ကိုယ် ဒဏ်ရာရအောင်လုပ်ကာ လှည့်စားသည့် နည်းလမ်းကို အသုံးမပြုတတ်ဆုံး ဖြစ်သည်။
ပိုင်ရုံ့ရုံ့ကမူ သူ အဝတ်အစားလဲရန် လိုအပ်သည်ဟု ထင်လိုက်သဖြင့် ခေါင်းညိမ့်လိုက်သည် ။
“ရှင် သောက်ဖို့ ဆေးသွားကျိုပေးမယ်။”
“ဒါနဲ့... ကျွန်တော့်ကြက်ဖကြီး ပျောက်နေတယ်။ လိုက်ရှာပေးပါဦး။”
ထိုကြက်ဖကြီးသည် သူနှင့်အတူ မိုးကြိုးလက်ဝှေ့ လေ့ကျင့်စဉ်အတွင်း အနည်းငယ် ပြောင်းလဲသွားဖွယ်ရှိသည်။ မိုးကြိုးအငွေ့အသက်များ ကူးစက်ခံထားရသဖြင့် ၎င်းသည်ငွေ ၂၀ တန် ရိုးရိုးကြက်ဖကြီးများနှင့် မတူတော့ချေ။
“ကောင်းပါပြီ။”
ကျူးကော့မောင်နှမနှစ်ဦးမှာမူ တံခါးအပြင်ဘက်တွင် နားကပ်၍ ချောင်းနားထောင်နေကြသည်။ မမျှော်လင့်ဘဲ တံခါးက ရုတ်တရက် ပွင့်လာသဖြင့် သူတို့နှစ်ဦး ခေါင်းမော့ကြည့်လိုက်ရာ သူတို့၏ ဒေါ်လေးနှင့် မျက်လုံးချင်း တိုးတော့သည်။
“ဒေါ်လေး...ဟီးး”
သူတို့နှစ်ဦးကအူကြောင်ကြောင်ဖြင့် ရယ်မောကာ နောက်သို့ ဆုတ်သွားကြသည်။
“ဦးလေး ဘယ်လိုနေသေးလဲ။”
ကျူးကော့ရှောင်ဟွာကမေးသည်။
“သူ ကိုယ်တိုင် ကုသချင်လို့တဲ့ သူ့ကို အနှောင့်အယှက် မပေးတာ ပိုကောင်းမယ်။ ဪ... သူ့ရဲ့ ကြက်ဖကြီး ပျောက်နေလို့တဲ့ဝိုင်းရှာပေးကြဦး။”
“ဟုတ်ကဲ့။”
သူတို့မျှော်လင့်ထားသည့် ကြည်နူးစရာ စကားသံများကို မကြားရသဖြင့် သူတို့နှစ်ဦးမှာ စိတ်ပျက်စွာ ခေါင်းငုံ့သွားကြသည်။
သို့သော် ရုတ်တရက် တန်ဝမ်ကျဲ၏ အခန်းထဲမှ ကျယ်လောင်သောဖြန်းခနဲ ပါးရိုက်သံကြီး ထွက်ပေါ်လာသည်။
သုံးယောက်သား ကြောင်အသွားပြီး တံခါးဆီသို့ တစ်ပြိုင်နက်တည်း လှည့်ကြည့်လိုက်ကြသည်။ မျက်လုံး ခြောက်လုံးမှာ တံခါးကို ဖောက်ထွင်း၍ အတွင်းတွင် ဘာဖြစ်နေသနည်းဟု ကြည့်ရန် ကြိုးစားနေကြသည်။
“ဒုန်းးး”
“ဖြန်းးး”
“ဘုန်း ဘုန်း ဘုန်း”
ပါးရိုက်သံများမှ စတင်ကာ နောက်ပိုင်းတွင် ပြင်းထန်သော လက်သီးချက်များထို့နောက် လူတစ်ယောက်က နံရံနှင့် ခေါင်းကို ဆောင့်နေသကဲ့သို့ အသံများ ထို့နောက် ကြမ်းပြင်ပေါ်သို့လဲကျသံများ ဆက်တိုက် ထွက်ပေါ်လာသည်။ အိမ်တစ်အိမ်လုံးကို ဖျက်ဆီးနေသကဲ့သို့ပင်။
မိနစ်အနည်းငယ်ကြာပြီးနောက် တံခါးပွင့်လာသည်။
ထန်ဝင်ကျဲသည် သူ၏ အဝတ်အစားများကို သပ်သပ်ရပ်ရပ် ပြန်ပြင်လိုက်ပြီး ကြောင်ကြည့်နေသော သုံးယောက်ကို ကြည့်ကာ ဇဝေဇဝါဖြင့် မေးလိုက်သည်။
“ဟင်... မင်းတို့ ဘာဖြစ်နေကြတာလဲ။”
“ရှင်... ရှင့်ဒဏ်ရာက...”
သုံးယောက်စလုံး တစ်ပြိုင်တည်း မေးလိုက်ကြသည်။
ထန်ဝင်ကျဲက ငုံ့ကြည့်ကာ သူ၏ ရင်ဘတ်ကို ပုတ်ပြသည်။
“ဪ... ပျောက်သွားပြီလေ။”
“ကျွန်မတို့ ခုနက ရှင့်အခန်းထဲမှာ ပါးရိုက်သံတွေ ကြားလိုက်ရတယ်။”
“ဦးလေးအခန်းထဲမှာ တစ်ခုခုနဲ့ ထုရိုက်နေတဲ့ အသံတွေလည်း ကြားရတယ်။”
“ရှင် အဆင်ပြေရဲ့လား။”
သုံးယောက်စလုံးကတစ်ပြိုင်တည်း မေးကြသည်။
ထန်ဝင်ကျဲက ခေါင်းညိမ့်လိုက်သည် ။
“ဒါပေါ့ ပြေတာပေါ့။”
“ဒါဆို ခုနက အသံတွေက ဘာတွေလဲ။”
တန်ဝမ်ကျဲက ခေါင်းကို ဖြည်းဖြည်းချင်း ခါယမ်းလိုက်သည်။
“မင်းတို့ နားကြားမှားတာပါ။ ဒီလောကမှာ ဘယ်သူက ကိုယ့်ကိုယ်ကိုယ် ပြန်ရိုက်မလဲ။ ကြည့်ပါဦး ကျွန်တော့်ရဲ့ ခန့်ညားတဲ့ မျက်နှာလေး ရောင်မနေဘူး မဟုတ်လား။”
ကျူးကောရှောင်ဟွာက အနားသို့ တိုးကြည့်ကာ သူ၏ မျက်နှာကို စိုက်ကြည့်ပြီးမှ ခေါင်းညိမ့်လိုက်သည်။
“ဟုတ်သားပဲ။ ရောင်မနေရုံတင်မကဘူး။ခုနက ရှင့်ကို စတွေ့တုန်းက မျက်လုံးအောက်မှာညိုတွေနဲ့ ဖောင်းနေတာ တွေ့လိုက်မိသေးတယ်။ အခုတော့ အကုန် ပျောက်သွားပြီ၊ ဝက်ခြံတောင် မရှိတော့ဘူး။ အံ့ဩစရာပဲ။”
“ဒါပေါ့...။”
စိတ်ကူးယဉ် ပြန်လည်ကုသခြင်း လက်သီးဒါက လီယွန်ရဲ့ ပစ္စည်းပဲ။
၎င်းသည် ယုတ္တိဗေဒကို မလိုက်နာဘဲ စိတ်ကူးယဉ်မှု အပေါ်မှာသာ မူတည်သည်။
ပုံသေနည်းကိုသာ အသုံးချလိုက်ရုံပင်။
သူတို့ တန်ဝမ်ကျဲကို ကြက်ဖကြီး လိုက်ရှာပေးရန် ထွက်သွားကြမည့်ဆဲဆဲတွင် တန်ဝမ်ကျဲ ရုတ်တရက် တောင့်ခဲသွားသည်ကို တွေ့လိုက်ရသည်။
【ရရှိသော အတွေ့အကြုံ: ၁၅】
【ရရှိသော အတွေ့အကြုံ: ၃၀】
【ရရှိသော အတွေ့အကြုံ: ၅】
【ရရှိသော အတွေ့အကြုံ: ၂၅】
【ရရှိသော အတွေ့အကြုံ...】
“ဒုက္ခပဲကွာ။”
***