တန်ဝမ်ကျဲ၏ နှလုံးခုန်သံမှာ တစ်ချက်မျှ ရပ်တန့်သွားသည်။ ဤကဲ့သို့ အတွေ့အကြုံများ ရရှိနေသည့် အရှိန်အဟုန်အရဆိုလျှင်သူ မမှားဘူးဆိုပါက ကြက်ဖကြီး သွားနိုင်သည့်နေရာ တစ်နေရာတည်းသာ ရှိသည်။
သူက ချက်ချင်းပင်
“အာ... တကယ်တော့ ခုနက မင်းတို့ နားကြားမှားတာပါ။ ကျွန်တော် ကြက်ဖကြီး ပျောက်သွားတာ မဟုတ်ပါဘူး။”
သုံးယောက်သားမှာ ဇဝေဇဝါ ဖြစ်သွားကြသည်။
ကျူးကောရှောင်ဟွာက ပွင့်ပွင့်လင်းလင်းပင်
“ကျွန်မတို့ အဲဒီတုန်းက အကုန်မြင်လိုက်တာပဲ တကယ်ပဲ ကြက်ဖကြီး တစ်ကောင် ရှိခဲ့တာပါ။”
တန်ဝမ်ကျဲက တည်တည်ငြိမ်ငြိမ်ဖြင့်
“ဖြစ်နိုင်တာက မင်းတို့လည်း အဲဒီတုန်းက မိုးကြိုးအရှိန်ကြောင့် မျက်စိဝေပြီး အမြင်မှားသွားတာဖြစ်လိမ့်မယ်။”
ကျူးကောရှောင်မင်က ခေါင်းခါပြသည်။
“ကျွန်တော်တို့က အဲဒီအချိန်မှာ တော်တော်ဝေးဝေးမှာ ရှိနေတာပါ။”
ထန်ဝင်ကျဲက ထပ်မံအတည်ပြုပြန်သည်။
“နောက်ထပ် ဖြစ်နိုင်ခြေ တစ်ခုရှိသေးတယ် ကျွန်တော် လွှတ်လိုက်တာက ကြက်ဖမဟုတ်ဘဲ ဖြစ်နေတာမျိုးပေါ့။ ကြက်နဲ့ အရမ်းတူတဲ့ ဘဲလေ။”
ထိုစဉ်မှာပင် ကျူးကောခုံဖိန်၏ အော်ဟစ်ငိုယိုသံမှာ အဝေးမှ ထွက်ပေါ်လာသည်။
“ငါ့ရဲ့ သရဲပိတ်လှောင်ကက်ကြီး... ဒီကြက်က ဘယ်ကနေ ရောက်လာတာလဲ။ငါ မင်းကို သတ်ပစ်မယ်ကွ။”
သုံးယောက်သားမှာ တန်ဝမ်ကျဲကို ပြန်ကြည့်လိုက်ကြသည်။
“အရင်ဆုံး အပြင်ထွက်ကြည့်ကြရအောင်။”
လေးယောက်သား ခြံဝင်းထဲသို့ ထွက်လာချိန်တွင်သရဲအစေခံမှာ စက္ကူထီးအနီကို ကိုင်ကာ အလုအယက် ထွက်ပြေးနေသည်ကို တွေ့ရသည်။ သူ၏ နောက်တွင်မူ ခန့်ညားထည်ဝါပြီး ဝိညာဉ်စွမ်းအား ပြည့်ဝနေသော ကြက်ဖကြီး တစ်ကောင်က လိုက်နေပြီး ထိုကြက်ဖကြီး၏ နောက်တွင်မူ ကျူးကောခုံဖိန်မှာ ရင်ဘတ်ကိုဖိကာ အမောတကောဖြင့် လိုက်ဖမ်းနေလေသည်။
တန်ဝမ်ကျဲသည်ကျူးကောခုံဖိန်၏ သရဲပိတ်လှောင်ကက်ရှိ သရဲများကို တစ်ခါတည်း အမြစ်ဖြတ်ပစ်ချင်သော်လည်း သူသည် အမြဲတမ်း ဖြောင့်မတ်စွာ ပြုမူတတ်သူဖြစ်ရာ ခိုးယူခြင်းကဲ့သို့သော အောက်တန်းကျသည့် အလုပ်ကို မလုပ်ချင်ပေ။ သို့သော် ယခုမူ ကြက်က သူ့ဘာသာသူ ခိုးယူခြင်းဖြစ်သဖြင့် သူ့ကို အပြစ်တင်၍ မရတော့ပေ။
သူသည် စိတ်ထဲမှ ကြက်ဖကြီးကို လက်မထောင်ပြလိုက်ပြီးနောက် လက်ကို ဝှေ့ယမ်းလိုက်ရာ သားရေသေတ္တာတစ်လုံး ပေါ်လာသည်။ ထို့နောက် ရှေ့သို့ ပြေးထွက်သွားကာ ကြက်ဖ၏ လည်ပင်းကို ဆွဲဖမ်းပြီး သေတ္တာထဲသို့ အတင်းထိုးထည့်လိုက်တော့သည်။
“ကျေးဇူးတင်ပါတယ် ခဲအိုကြီးကျေးဇူးတင်ပါတယ်။”
သရဲအစေခံကတန်ဝမ်ကျဲကို အထပ်ထပ် အခါခါ ကျေးဇူးတင်နေရှာသည်။
“သရဲအစေခံ... မင်းရဲ့ ကျင့်ကြံဆင့်က ဒီလောက် မြင့်တာကို ဘာလို့ ဘဲတစ်ကောင်ကို ကြောက်နေရတာလဲ။”
သရဲအစေခံမှာ နေ့ခင်းဘက်တွင် ထီးဆောင်းကာ လမ်းလျှောက်နိုင်သူဖြစ်ရာ သူ၏ ကျင့်ကြံဆင့်နှင့် မှော်စွမ်းအားမှာ ရှောင်ယွီထက်ပင် မြင့်မားပြီး တန်ဝမ်ကျဲ တွေ့ဖူးသမျှ သရဲများထဲတွင် ထိပ်တန်းစာရင်းဝင် ဖြစ်သည်။
“အဲဒါက မိုးကြိုးနတ်မင်းလေ ဘယ်သရဲမဆို မိုးကြိုးနတ်မင်းကို ကြောက်ရတာပဲ မဟုတ်ဘူးလား။”
သရဲအစေခံကလက်ဟန်ခြေဟန်ဖြင့် ရှင်းပြနေရင်း ခေတ္တရပ်သွားသည်။
“ဘဲ... ဟုတ်လား။”
ကျူးကောခုံဖိန်မှာလည်း ရပ်တန့်သွားပြီး အသက်ကို အလုအယက် ရှူနေရင်း တန်ဝမ်ကျဲကို စိုက်ကြည့်လိုက်သည်။
ထန်ဝင်ကျဲက တရားသော ဒေါသဖြင့်။
“အစ်ကိုကျူးကော့ ဒီဘဲက ကျွန်တော့်ရဲ့ အိမ်မွေးတိရစ္ဆာန်ပါ။ သူ ဘာလုပ်လိုက်သလဲ ကျွန်တော် မသိပေမဲ့ အစ်ကို့ကို ကျွန်တော် သေချာပေါက် လျော်ကြေးပေးပါ့မယ်။ ဒါ့အပြင် အစ်ကို့ဒေါသ ပြေအောင်လို့ ဒီဘဲကို ကျွန်တော် အခုပဲ သတ်ပစ်မယ် ကျွန်တော်က မကောင်းမှုလုပ်တဲ့ ရာဇဝတ်ကောင်ကို ဘယ်တော့မှ အကာအကွယ် မပေးဘူး။”
သူသည် သားရေသေတ္တာကို ပြန်ဖွင့်ကာ ကြက်ဖကြီး တစ်ကောင်ကို ဆွဲထုတ်လိုက်ပြီးဓားဖြင့် ၎င်း၏ လည်ပင်းကို လှီးကာ မြေပြင်ပေါ်သို့ ပစ်ချလိုက်သည်။
အကြောင်းအရင်းကို မမေးဘဲ ချက်ချင်း အရေးယူလိုက်ခြင်းပင်။ဤလောကတွင် သူ့ထက် ပို၍ စည်းကမ်းရှိသူ ရှိပါဦးမည်လော။မရှိပါ။
ကျူးကောခုံဖိန်မှာ ကြောင်အသွားသည်။
“ဘာဘဲလဲ..ပြီးတော့ အဲဒါက ခုနက တစ်ကောင် မဟုတ်ဘူးလေ။”
ထန်ဝင်ကျဲက အံ့ဩသွားသည့်ဟန်ဖြင့်။
“ကျွန်တော် သတ်တောင် သတ်ပြီးပြီ အခုမှ မဟုတ်ဘူးလို့ ပြောရသလား။ကောင်တာက ထွက်သွားရင် ပစ္စည်းပြန်လဲလို့ မရတော့ဘူးနော်။ အစ်ကို မယုံရင် ကျွန်တော့် သေတ္တာကို ရှာကြည့်လေ။”
ထိုသို့ ပြောပြီးနောက် သူသည် ကျူးကောခုံဖိန်၏ ပုခုံးကို လှမ်းဖက်လိုက်သော်လည်း ထိုလူဝကြီးကိုဖက်ရန်မှာ အနည်းငယ် ခက်ခဲလှသည်။
“အစ်ကိုကျူးကော ကျွန်တော်က အစ်ကို့ကို ရှာခွင့်ပေးရင်တောင် အစ်ကိုကတော့ ရှာမှာ မဟုတ်ပါဘူး၊ ဟုတ်တယ်မလား။”
သူ ပြောနေစဉ်မှာပင် ကျူးကောခုံဖိန်က သားရေသေတ္တာဆီသို့ လက်လှမ်းလိုက်သည်ကို မြင်လိုက်ရသည်။ တန်ဝမ်ကျဲက အမြန်ပင် သေတ္တာကို ပြန်သိမ်းလိုက်တော့သည်။
“အစ်ကိုက တကယ်ပဲ ရှာမလို့လား။”
ကျူးကော့ခုံဖိန်မှာ အမောမပြေသေးဘဲ။
“ရှာမှာပေါ့... ငါ့ရဲ့ သရဲပိတ်လှောင်ကက်ထဲက စုဆောင်းထားတာတွေအတွက် အဲဒီကြက်ကို သတ်ပြီး ကလဲ့စားချေရမယ်။”
“အလွန်ဆုံး ရှိလှရင်တော့ ကျွန်တော် သရဲပိတ်လှောင်ကက် အသစ်တစ်လုံး ပြန်ဝယ်ပေးပါ့မယ်။ ဘယ်လောက်ကုန်ကုန် ကျွန်တော် ပေးပါ့မယ်။”
သူတို့နှစ်ဦး အခြေအတင် ဖြစ်နေကြစဉ်မှာပင် ကျူးကောဝမ်ဟွေ ရောက်လာပြီး ကိစ္စကို အပြတ်ဖြတ်လိုက်တော့သည်။
ကျူးကောဝမ်ဟွေက ဒီအတိုင်း ထားလိုက်ရန် ပြောရာ တန်ဝမ်ကျဲက လက်နှစ်ဖက် မြှောက်၍ သဘောတူသကဲ့သို့ကျူးကောခုံဖိန်မှာလည်း လက်နှစ်ဖက် မြှောက်၍ အတင်းအဓမ္မ သဘောတူလိုက်ရတော့သည်။
နောင်ကျလျှင် ဆွေမျိုးတွေ ဖြစ်လာကြမှာပဲပြီးတော့ သူမသည်လည်း ထိုသရဲပိတ်လှောင်ကက်ကို မကြိုက်သည်မှာ ကြာပြီဖြစ်သည်။ ထိုထူးဆန်းပြီး ညစ်ပတ်သော အရာများထဲတွင် ဘာတွေ စုဆောင်းစရာ ရှိသနည်းဟု သူမ မတွေးတတ်ပေ။ ညစ်ပတ်သော အရာများနှင့် နေ့တိုင်း ထိတွေ့နေရခြင်းက ကံဆိုးမှုကိုသာ ဆွဲဆောင်သည်။ သူမ၏ ကံကောင်းသော ဇာတာကြောင့်သာ မဟုတ်ပါက ဤမိသားစုမှာ ပျက်စီးနေသည်မှာ ကြာလှပြီ ဖြစ်သည်။
ဝါသနာတူသဖြင့် ကျူးကောခုံဖိန်၏ တန်ဝမ်ကျဲအပေါ် ထားရှိခဲ့သော အနည်းငယ်သော ခင်မင်မှုမှာ အကုန် ပျောက်ကွယ်သွားတော့သည်။
သူ၏ ညီမလေးကို လုယူခံရသည်မှာ တစ်ကြောင်း ယခုအခါ ကြေးနီချပ်ဝတ် အလောင်းကောင်နှင့် သရဲပိတ်လှောင်ကက်ပါ မရှိတော့ဘဲ သူ၏ စုဆောင်းမှုများမှာ ပျက်စီးသွားရသည်က တစ်ကြောင်းကြောင့် ဖြစ်သည်။ ထို့အပြင် သူ၏ဇနီးနှင့် ညီမလေးမှာ ထိုလူကို ကာကွယ်ပေးနေသဖြင့် သူ ကလဲ့စားပင် မချေနိုင်တော့ပေ။
ကျူးကော့ဝမ်ဟွေက မြေပြင်ပေါ်ရှိ ကြက်ဖကြီးကို ကြည့်ကာ ။
“ဒီကြက်ကို ဒီအတိုင်း ထားလိုက်ရင်နှမြောစရာပဲ။ ဟင်းချိုချက်လိုက်ရင် မကောင်းဘူးလား။”
ကျူးကောရှောင်ဟွာနှင့် ကျူးကောရှောင်မင်တို့က တစ်ပြိုင်နက်တည်း အော်ပြောလိုက်သည် ။
“အဲဒါ ဘဲ လေ။”
ထိုသို့ ပြောပြီးနောက် သူတို့နှစ်ဦးမှာ တခိခိ ရယ်မောနေကြသည်။
ထန်ဝင်ကျဲက အမြန်ပင်။
“ကျေးဇူးတင်ပါတယ် ကတော်ကြီး။
ကတော်ကြီးဟူသော အခေါ်အဝေါ်ကြောင့် ကျူးကောဝမ်ဟွေမှာ ပျော်ရွှင်လွန်းသဖြင့် မျက်လုံးများမှာ လခြမ်းကွေးလေးများသဖွယ် ဖြစ်သွားတော့သည်။ ပိုင်ရုံ့ရုံ့မှာ ခေါင်းငုံ့ကာ တိတ်ဆိတ်နေပြီး ကျူးကောခုံဖိန်မှာ သွားကြိတ်နေရကာ ကျူးကောရှောင်မင်နှင့် ရှောင်ဟွာတို့မှာမူ ဤပြဇာတ်ကို ပျော်ရွှင်စွာ ကြည့်နေကြသည်။
ကျူးကောခုံဖိန် တစ်ယောက်တည်းသာ နာကျင်ရသည့် လောကကြီးတစ်ခုထဲရောက်သွားတော့သည်။
ဤတစ်ကြိမ်တွင် ကြက်ဖကြီးသည် ၎င်း၏ မိုးကြိုးနှုတ်သီးကို အားကိုးကာ သရဲများကိုတိုက်ခိုက်သည် သရဲများမှာမလှုပ်ရှားရဲဘဲ အသတ်ခံရန်သာ စောင့်နေရသည်။ထိုအရာအခွင့်ကောင်းယူ၍ စုစုပေါင်း အတွေ့အကြုံမှတ် ၁၈၂၀ ဖိုးအထိတောင်စားခဲ့လေသည်။
နောက်ကျရင် ငါ လေ့ကျင့်တဲ့အခါ ကြက်တွေ အများကြီး ထပ်မွေးထားရမယ်။
သူ၏ အမှားအတွက် တောင်းပန်သည့်အနေဖြင့် တန်ဝမ်ကျဲသည် သရဲပိတ်လှောင်ကက်ဆီသို့ သွားကြည့်ရာ ကျူးကောမိသားစုက သရဲများကို ချိပ်ပိတ်ရန် သုံးသည့် အဆောင်လက်ဖွဲ့များမှာ အကုန် ဆွဲဖြဲခံထားရသည်ကို တွေ့ရသည်။ ကြက်ဖကြီး အားရပါးရ စားနိုင်ခဲ့သည်မှာ မဆန်းတော့ပေ။
ကြက်ဖကြီး တစ်ခုခု ကျန်ရစ်ခဲ့မလားဟု သူ လိုက်ရှာကြည့်သေးသည်။ ဆရာတန်သည် အစားအသောက် ဖြုန်းတီးသည်ကို အလွန်မုန်းတီးသူဖြစ်ရာ... ကံမကောင်းစွာဖြင့် ကျူးကောခုံဖိန်သည် သူ့ကို သူခိုးတစ်ယောက်လို စောင့်ကြည့်နေသဖြင့် သူ သရဲပိတ်လှောင်ကက်နားသို့ ထပ်မံ ချဉ်းကပ်ရန် အခွင့်အရေး မရှိတော့ပေ။
“ဦးလေး..အဖေ... ထမင်းစားရအောင်။”
“လာပြီ။”
နှစ်ယောက်စလုံး တစ်ပြိုင်တည်း အော်လိုက်ကြသည်။
နေ့လယ်စာမှာ အနည်းငယ် နောက်ကျသွားသည်။
တစ်နေ့လုံး အလုပ်ရှုပ်ခဲ့သော်လည်း ကောင်းကွက်တစ်ခုမှာမူ ကြေးနီချပ်ဝတ်အလောင်းကောင် မရှိတော့သဖြင့် ကျူးကောခုံဖိန်၏ မှော်စွမ်းအားမှာ ပြန်လည် နိုးထလာပြီးပထမဆုံးမြက်တဲရှင်၏ စိန်ခေါ်မှုကို ရင်ဆိုင်ရန် သူ ယုံကြည်ချက် ရှိသွားခြင်းပင်။
ညဦးပိုင်းတွင်ပင် ပထမဆုံးမြက်တဲရှင်က သူ့ကို လာရောက် စိန်ခေါ်လေသည်။
သူသည် အားဝေနှင့် ရုပ်ချင်းတူပြီးလောကီပညာကို မျက်လှည့်ပညာနှင့် ရောနှောအသုံးပြုသူဖြစ်ရာ ကျူးကောခုံဖိန်၏ အကြီးစားရန်ဘက်ပင် ဖြစ်သည်။
တန်ဝမ်ကျဲ ပိုင်ရုံ့ရုံ့ ကျူးကောဝမ်ဟွေနှင့် ကလေးနှစ်ယောက်တို့မှာ ဘေးမှနေ၍ ပျော်ရွှင်စွာ ကြည့်နေကြသည်။
ခန့်ညားသည့် တန်ဝမ်ကျဲနှင့် ပထမဆုံးမြက်တဲရှင်၏ ရှေ့တွင် အရှက်မကွဲချင်သဖြင့် ကျူးကောခုံဖိန်မှာ အစွမ်းကုန် ကြိုးစားပြတော့သည်။ သူတို့နှစ်ဦး၏ လောကီပညာ အပြိုင်အဆိုင်မှာ တန်ဝမ်ကျဲအတွက်အထွေအထူး မရှိလှပေ။ နှစ်ယောက်စလုံးမှာ အလယ်အလတ်အဆင့်သာ ရှိကြသည်။ တစ်ယောက်က မိမိကိုယ်ကိုယ်ကမ္ဘာ့နံပါတ်တစ်ဟု ခေါ်ပြီး နောက်တစ်ယောက်က မျိုးရိုးကြီးဟု ခေါ်နေကြသော်လည်း နှစ်ယောက်စလုံးမှာ ကြွားဝါနေကြခြင်းသာ ဖြစ်သည်။
ထိုအစား သူတို့၏ မှော်ပစ္စည်းများနှင့် ကိရိယာများ အပြိုင်အဆိုင်မှာမူ အတော်လေး စိတ်ဝင်စားစရာ ကောင်းလှပြီး ဘုရားပွဲမှ ဖျော်ဖြေရေးများကဲ့သို့ သက်ဝင်လှုပ်ရှားနေသည်။ တန်ဝမ်ကျဲ အချို့ကို ဝယ်ချင်စိတ် ပေါက်လာရသည်။ ထိုပစ္စည်းများသည် သိပ်တော့ အသုံးမဝင်လှသော်လည်း ကြည့်ရသည်မှာ ဆန်းသစ်ပြီး ပျော်စရာကောင်းလှသည်။
အနည်းငယ်တော့ စိတ်ပျက်မိသည်။ အရှေ့တိုင်းနှင့် အနောက်တိုင်း ပညာရပ်များကို ပေါင်းစပ်ထားသော ထိုမှော်ပစ္စည်းများသည် လက်တွေ့တွင် သိပ်မသုံးနိုင်သော်လည်း တီထွင်ဖန်တီးမှုမှာမူ အစစ်အမှန်ပင် ဖြစ်သည်။
အကယ်၍ တစ်ယောက်ယောက်က ဤအခြေခံပစ္စည်းများပေါ်တွင် ဆက်လက် တီထွင်သွားမည်ဆိုပါက အနာဂတ်တွင် နမော ဂတ်တလင်းဘုရားလောင်းနှင့်အာရုံခြောက်ပါး ကင်းစင်စေသည့် ယူရေနီယမ်ကျည်များ တကယ် ပေါ်လာနိုင်ပေလိမ့်မည်။
အရှေ့နှင့် အနောက် ပေါင်းစပ်ခြင်းက ရိုးရာကို ဖောက်ဖျက်ရာ ရောက်သလားဆိုသည်ကိုလျှပ်စစ် တက္ကနို မင်းသားလေး ကို ကြည့်ရုံနှင့် သိနိုင်ပါသည်။
နောက်ဆုံးတွင် ကျူးကောဝမ်ဟွေ ဝင်ခွဲမှသာ ဒဏ်ရာဒဏ်ချက်များဖြင့် အမျိုးသားနှစ်ဦးမှာ လူချင်းခွဲနိုင်ကြတော့သည်။ သို့သော် ဇနီးဖြစ်သူက ဘက်လိုက်သဖြင့် ကျူးကောခုံဖိန်ကသာ အသာစီး ရသွားခဲ့သည်။
“ကျူးကောခုံဖိန် ငါ သေချာပေါက် ပြန်လာခဲ့မယ် “
အခြေအနေကိုကြည့်ပြီး ပထမဆုံးမြက်တဲရှင်မှာ မဆိုင်းမတွဘဲ လှည့်ပြေးသွားတော့သည်။
ညဉ့်နက်ပိုင်းတွင် တန်ဝမ်ကျဲသည်လည်း နှုတ်ဆက်ကာ ထွက်ခွာရန် ပြင်ဆင်တော့သည်။
ကျူးကောခုံဖိန်သည် သူ့ကို မနှစ်မြို့ကြောင်း သူ သိပြီးသားဖြစ်သောကြောင့် ဆက်နေပြီး ပြဿနာရှာရန်ရည်ရွယ်ချက်မရှိပေ။ အကယ်၍ သူသာ ထပ်ပြီး စနောက်နေပါက ထိုလူဝကြီးမှာ ပေါက်ကွဲသွားပေလိမ့်မည်။
ကြေးနီချပ်ဝတ် အလောင်းကောင်ကို ရယူနိုင်ခဲ့ပြီး မထင်မှတ်ဘဲ သရဲပိတ်လှောင်ကက်ကိုပါ သိမ်းကျုံးနိုင်ခဲ့ခြင်းကပင် သူ၏အတွက် ကြီးမားသော အမြတ်ပင် ဖြစ်သည်။
ထို့အပြင် သူသည် မယားငယ်လောင်းကိုလည်း ရရှိခဲ့ပြီး ဖြစ်ရာ ကျူးကောဝမ်ဟွေက ရက်ကောင်းရက်မြတ် ရွေးပေးသည်နှင့် ပိုင်ရုံ့ရုံ့ကို အိမ်သို့ ခေါ်သွားရုံပင် ရှိတော့သည်။
ထို့အပြင် သဘက်ခါသည် ရက် ၃၀ ဖြစ်ရာ၊ လျှို့ဝှက်နယ်မြေ အသစ်သို့ သူ သွားရမည့်နေ့ ဖြစ်သည်။ သူ အိမ်သို့ပြန်ကာ စောင့်ဆိုင်းချင်နေပြီ ဖြစ်သည်။
“အစ်ကိုကျူးကော ကျွန်တော့်ကို အတင်း ဆွဲမထားပါနဲ့တော့။ တကယ်ပါ ကျွန်တော် သွားသင့်ပါပြီ။”
“သရဲတွေပဲ မင်းကို ဆွဲထားချင်မှာကွ။”
“အာကျဲ လမ်းမှာ ဂရုစိုက်သွားနော်။”
ပိုင်ရုံ့ရုံ့သည် တန်ဝမ်ကျဲ၏ ဘေးသို့ လျှောက်လာချိန်တွင်ကျူးကောဝမ်ဟွေသည် လူငယ်နှစ်ဦး စကားပြောနိုင်ရန် သူမ၏ မိသားစုကို အသာလေး ဆွဲထုတ်သွားသည်။
ထို့နောက် သူမ၏ အကြည့်သည်တောက်ပသော ကြယ်ပွင့်များကဲ့သို့ဟူသော သီချင်းသံနှင့်အတူ စက္ကူစလွယ်သည် မြေပြင်ပေါ်သို့ ဆင်းသက်လာသည်။
တန်ဝမ်ကျဲသည် လက်ယမ်းနှုတ်ဆက်ကာ လှည်းပေါ်သို့ တက်လိုက်ပြီး ထွက်ခွာသွားတော့သည်။ ဤအရာကို ပထမဆုံး မြင်ဖူးသည့် ကျူးကောမိသားစုမှာမူ ကြောင်အ၍ ကျန်ရစ်ခဲ့ကြသည်။
လူရှင်တစ်ယောက်က သရဲလှည်းကို စီးသွားခြင်း။သူ၏ ခြေထောက်တွေက အဲဒီ စက္ကူပစ္စည်းတွေကို နင်းချေမပစ်ဘူးလား။
၎င်းသည် အလွန်ပင် ထူးဆန်းပြီး လူအများ အာရုံစိုက်စရာ ကောင်းလှသည်။ညဉ့်နက်ပိုင်း ခရီးနှင်ရာတွင် ယခင်က အတွေ့အကြုံရှိသည့် ရှောင်ယွီသည် အလွန်မြန်သော အရှိန်ဖြင့် ပျံသန်းနေသည်။
ရုတ်တရက် တန်ဝမ်ကျဲ၏ နားများ လှုပ်ခတ်သွားပြီး သူ၏ ညာဘက်လက်မောင်းတွင် ကြက်သီးများ ထသွားသည်။ အန္တရာယ်ရှိသော အရာတစ်ခုမှာ သူ့ဆီသို့ ဦးတည် ပြေးဝင်လာနေသည်။
စက္ကူစလွယ်မှာ အစိတ်စိတ်အမွှာမွှာ ဆွဲဖြဲခံလိုက်ရချိန်တွင် သူသည် ရှေ့သို့ ခုန်ရှောင်လိုက်သည်။ လှည်းထမ်းသမားများနှင့် သရဲလေးနှစ်ကောင်တို့မှာလည်း ဆွဲဖြဲခြင်း ခံလိုက်ရသည်။ သူ၏ ဦးခေါင်းပေါ်ရှိ သတင်းစာဖြင့် လုပ်ထားသော ဦးထုပ်ကလေးပင် ဤဘေးမှ မလွတ်ကင်းခဲ့ပေ။
ကံကောင်းစွာဖြင့် သူသည် မြေပြင်နှင့် သိပ်မဝေးဘဲ အောက်တွင် တောအုပ်တစ်ခု ရှိနေသည်။ သူသည် သစ်ပင်ပင်စည်တစ်ခုကို လှမ်းကိုင်လိုက်ပြီး အောက်သို့ လျှောဆင်းကာ ရပ်တန့်လိုက်သည်။
“လူရှင်တစ်ယောက်က သရဲစလွယ်ကို စီးတာက တကယ်ပဲ လူအာရုံစိုက်ခံရလွန်းတယ် ထင်တယ်။”
တန်ဝမ်ကျဲသည် သစ်ပင်ကို လွှတ်လိုက်ပြီး မြေပြင်ပေါ်သို့ ဆင်းလိုက်ချိန်တွင် ခုနက ထွက်သွားသည့် ပထမဆုံးမြက်တဲရှင်မှာ အနားတွင် လဲလျောင်းနေသည်ကို တွေ့လိုက်ရသည်။ သူ၏ မျက်လုံးများမှာ ပြူးကျယ်နေပြီး ပါးများသည်ချိုင့်ဝင်နေကာ မျက်နှာတွင်မူ ပျော်ရွှင်ကြည်နူးနေသည့် အပြုံးတစ်ခု ရှိနေသည်။ သူသည် သေချာပေါက် သရဲ သို့မဟုတ် မိစ္ဆာတစ်ကောင်၏ ပြုစားခြင်းကို ခံလိုက်ရပြီး သူ၏ ယန်စွမ်းအားများ အစုပ်ခံလိုက်ရကာ သေဆုံးသွားခြင်း ဖြစ်သည်။
သူသည် မကောင်းသော စွမ်းအင်များ အပြင်းထန်ဆုံး ထွက်ပေါ်နေသည့် ဘက်သို့ မော့ကြည့်လိုက်သည်။
အဝတ်အစား မလံတလုံဝတ်ဆင်ထားသော လှပသည့် အမျိုးသမီးတစ်ဦးမှာ လဲလျောင်းနေပြီး ခြေထောက်ကို ချိတ်ကာ သူ့ကို ချစ်မြတ်နိုးသည့် အကြည့်ဖြင့် စိုက်ကြည့်နေသည်ကို တွေ့လိုက်ရသည်။
“နောက်ဆုံးတော့ ငါလည်း အလှထောင်ချောက်နဲ့ တိုးပြီပေါ့။”
***