ကားရေဒီယိုမှ သတင်းကြေညာသံ:
“ဒီကနေ့ မနက် ၉ နာရီ ၁၆ မိနစ်မှာ ကျန်းဟွားခရိုင်က ရာဇဝတ်သားတစ်ယောက်ဟာ ရဲအရာရှိနှစ်ဦးကို ဒဏ်ရာရအောင်လုပ်ပြီး ရဲကားတစ်စီးကို ခိုးယူမောင်းနှင်သွားပါတယ်။ သူဟာ အရှေ့မြောက်ဘက် ထိုင်ကျုံးမြို့ဆီကို ဦးတည်မောင်းနှင်နေတာ ဖြစ်ပါတယ်။ လမ်းတစ်လျှောက်မှာရှိတဲ့ မိဘပြည်သူများ ဘေးကင်းလုံခြုံရေး ဂရုစိုက်ကြပါရန်နဲ့ သဲလွန်စတစ်ခုခုတွေ့ရှိပါက ရဲစခန်းကို ချက်ချင်း အကြောင်းကြားပေးပါရန် မေတ္တာရပ်ခံအပ်ပါတယ်။ မိမိကိုယ်တိုင် ဖမ်းဆီးဖို့ မကြိုးစားပါနဲ့။”
“ဖြန်းးး”
တန်ဝမ်ကျဲသည် ရဲကားပေါ်တွင် ထိုင်နေရင်း သူ၏ ပုခုံးကို သူကိုယ်တိုင် အားပြင်းပြင်းဖြင့် ပြန်ရိုက်လိုက်သည်။
သူ သေနတ်မှန်ထားသော်လည်း မသေသရွေ့ သူ့ကိုယ်သူ ပြန်လည်ထိုးနှက်ခြင်းဖြင့် ကုသနိုင်သည်။ သူသည် သူ့ကိုယ်သူ အချက်ပေါင်း ၂၀ ကျော် လက်သီးဖြင့် ထိုးနှက်ပြီးနောက်မှ ပုခုံးပေါ်ရှိ သေနတ်ဒဏ်ရာမှာ သွေးတိတ်သွားပြီး အသားနုတက်လာသည့် လက္ခဏာများ ပြလာတော့သည်။ အခက်ခဲဆုံးမှာ ကျည်ဆန်ကို ပြန်ထုတ်ရမည်ဖြစ်သည်။ကံကောင်းသည်မှာ သူ၏ ခန္ဓာကိုယ်မှာ သာမန်ထက် သန်မာနေသဖြင့် ကျည်ဆန်မှာ အရိုးထဲအထိ စိုက်မဝင်သွားခြင်း ဖြစ်သည်။
Out of the Dark ဇာတ်ကားထဲက လီမမကြီးတောင် တိုက်ပေါ်က ခုန်ချပြီး သူ့ကိုယ်သူ သေနတ်နဲ့ အချက်ပေါင်းများစွာ ပစ်ထားတာတောင် ပြန်ကယ်လို့ ရသေးတာပဲ။ ဒီဒဏ်ရာလေးကတော့ ဘာမှမဟုတ်လောက်ပါဘူး။
နှမြောစရာကောင်းသည်မှာ သူသည် တူ သို့မဟုတ် ခေါက်ကုလားထိုင်များကို အသုံးပြု၍ ကုသရန် လုံလောက်သော ကျွမ်းကျင်မှု မရှိသေးခြင်း ဖြစ်သည်။ လက်သီးဖြင့် ထိုးနှက်ခြင်းမှာ ထိရောက်မှု နည်းပါးလှသည်။ ဒဏ်ရာမှ ကုသမှုသို့ ပြောင်းလဲနှုန်းမှာလည်း အလွန်နည်းသည်။ သူ၏ ခွန်အားက ကြီးမားနေ၍သာ သွေးလွန်ပြီး မသေအောင် ထိန်းထားနိုင်ခြင်း ဖြစ်သည်။
“သူမကို ချောကလက်က သက်တမ်းကုန်တတ်တယ် အပူရှိရင် အရည်ပျော်တတ်တယ်လို့ ပြောဖို့ မေ့သွားတယ်။ ဒါပေမဲ့ ဒါက အခြေခံဗဟုသုတပဲလေ... သူမနားလည်မှာပါ။”
သက်တမ်းကုန်သွားသော ချောကလက်ကို စား၍မရသလို သရဲဖမ်းရာမှာလည်း သုံး၍မရတော့ပေ။ ဒါက ကျိုးကြောင်းဆီလျော်လှသည်။
တန်ဝမ်ကျဲသည် ကားထဲမှ စီးကရက်တစ်ထုပ်ကို နှိုက်ယူကာ တစ်လိပ်ကို ပါးစပ်တွင် ခဲလိုက်သည်။ ထို့နောက် လက်ချောင်းမှ မီးတောက်တစ်ခုကို ထုတ်ကာ မီးညှိလိုက်သည်။
မီးခိုးငွေ့များ လွင့်ပျံသွားသည်။
သူ ကားဆက်မမောင်းချင်၍ မဟုတ်ဘဲ ကားမှာ သစ်ပင်ကို ဝင်တိုက်ထားသဖြင့် မောင်း၍ မရတော့ခြင်း ဖြစ်သည်။ ပုခုံးမှာ သေနတ်ဒဏ်ရာ ရထားသဖြင့် ကားကို ငြိမ်အောင် မထိန်းနိုင်ခြင်း ဖြစ်နိုင်သည်... သူ၏ ကားမောင်းစွမ်းရည် ညံ့ဖျင်းခြင်းကြောင့်တော့ လုံးဝ မဟုတ်ပေ။
အခုတော့ သူ ခြေကျင်လျှောက်ရတော့မည်။
သူသည် လူမြင်ကွင်းမှ ရှောင်ရှားရန် လိုအပ်ပြီး အဝတ်လဲရန် အဝတ်အစားတစ်စုံကို အမြန်ရှာရမည်။ ယနေ့ခေတ်ကဲ့သို့ အင်တာနက် ထွန်းကားနေသည့် အချိန်တွင် သေနတ်ဒဏ်ရာနှင့် သွေးစွန်းနေသော အဝတ်အစားများဖြင့် ဆိုလျှင် မိနစ်ပိုင်းအတွင်း ရဲများ ရောက်လာနိုင်သည်။ ထို့ပြင် လမ်းတစ်လျှောက်ရှိ CCTV ကင်မရာများကြောင့်လည်း သူ အဖမ်းခံရဖို့မှာ အချိန်တစ်ခုသာ လိုတော့သည်။ ဒါပေမဲ့ ဒါက ပြဿနာကြီးတော့ မဟုတ်ပါသေး။
“အလိုရှိအဆင့် ၃တွင်ရှိနေသော တန်ဝမ်ကျဲသည် တောလမ်းများထဲသို့ လျင်မြန်စွာ ပျောက်ကွယ်သွားတော့သည်။
နာရီဝက်အကြာတွင် တန်ဝမ်ကျဲ ကားစွန့်ပစ်ခဲ့သည့် နေရာသို့ ရဲကားသုံးစီး ရောက်လာသည်။
“ဒီမှာ ကျည်ဆန်တစ်ခု ရှိတယ်။ သူ ကျည်ဆန်ကို ထုတ်သွားပုံရတယ် “
“ဒဏ်ရာရထားပြီး ခြေကျင် ထွက်ပြေးတာဆိုရင် သိပ်မဝေးနိုင်ဘူး။ ပတ်ဝန်းကျင်မှာလိုက် ရှာကြ။”
ထိုစဉ် ရဲအရာရှိတစ်ဦးက အစီရင်ခံစာတစ်ခု ရရှိလိုက်သည်။
“နေဦး ရှာဖွေရေးကို ရပ်လိုက်တော့။ အခုသတင်းတစ်ခု ရတယ်။ သူ ထိုင်ကျုံးမြို့က ရွှမ်ဟူ ဘုရားကျောင်းနားမှာ မိန်းကလေးတစ်ယောက်နဲ့ စကားပြောနေတာကို တွေ့လိုက်ရတယ်တဲ့။”
“မိန်းကလေးတစ်ယောက်နဲ့ ဟုတ်လား။သူက ရဲကို တိုက်ခိုက်ထားတဲ့ ရာဇဝတ်သား မဟုတ်လား။”
လုပ်ဖော်ကိုင်ဖက်တစ်ဦးက ပြန်ပြောလိုက်သည်။
“သူက အချောဆုံး အလိုရှိတရားခံလေကွာ... ဘာထူးဆန်းလို့လဲ။”
ရွှမ်ဟူ ဘုရားကျောင်း။
ဆရာကြီး အားလုံ သည် ဘုရားကျောင်းအဝင်တွင် ရပ်ကာ အဝေးသို့ ငေးကြည့်နေသည်။ သူ့အသက်အရွယ်တွင် ငြိမ်းချမ်းစွာ နေလိုသော်လည်း အတိတ်က နေ့ရက်များကို လွမ်းနေမိဆဲ ဖြစ်သည်။
ရုတ်တရက် ဆိုင်ကယ်တစ်စီး ဘုရားကျောင်းရှေ့တွင် ရပ်လိုက်သည်ကို တွေ့ရသည်။ ဆိုင်ကယ်မောင်းသူမှာ လှပသော မိန်းကလေးငယ်တစ်ဦး ဖြစ်သည်။ ဆိုင်ကယ်နောက်တွင် လိုက်လာသော လူငယ်မှာ ဟူဒီ အင်္ကျီကို ဝတ်ထားသည်။ သူ ဆိုင်ကယ်ပေါ်မှ ဆင်းလိုက်သောအခါ မိန်းကလေးက ပြုံးပြုံးရွှင်ရွှင်ဖြင့် လက်ပြကာ မောင်းထွက်သွားသည်။
ထိုလူငယ်သည် ဘုရားကျောင်းဆီသို့ အမြန်လျှောက်လာသည်။
“ဒီဘုရားကျောင်းမှာ ဘယ်နတ်မင်းကို ကိုးကွယ်ထားတာလဲ။”
ထိုလူငယ်ကအဝင်ဝတွင် ရပ်ကာ မေးလိုက်သည်။
“ဒီမှာ စံပယ်တာက ကျားနတ်မင်းပါ။”
“ကျားနတ်မင်းလား။ဒါဆို မြေခွေးကို ဖမ်းဖို့ လုံလောက်တာပေါ့။”
“ခင်ဗျားကို ဘယ်လို ခေါ်ရမလဲ။”
“ကျွန်တော့်ကို ဆရာကြီး အားလုံလို့ပဲ ခေါ်ပါ။”
လူငယ်က ဘုရားကျောင်းအတွင်းသို့ လှမ်းကြည့်လိုက်သည်။ စားပွဲပေါ်တွင် အဝါရောင်ကျားရုပ်တစ်ခု ရှိသော်လည်း အမွှေးတိုင်မီးခိုးများကြောင့် အနည်းငယ် မည်းမှောင်နေသည်။
“ဆရာကြီး... ကျွန်တော် နတ်မင်းဆီက တစ်ခုခု မေးချင်လို့ပါ။”
“မင်း နတ်မေးခွန်းတောင်းတဲ့ နတ်ကျောက်တုံးကိုပစ်ချင်တာလား။”
“ဟုတ်ကဲ့။”
လူငယ်က ဒူးထောက်လိုက်သောအခါ သူပြောလိုက်သော စကားကြောင့် ဆရာကြီး အားလုံ၏ မျက်နှာမှာ အံ့ဩသွားရသည်။ဒီလူငယ်က ခေါင်းများ မကောင်းတာလား။ဟု သူ တွေးမိသွားသည်။
“အထက်က ကျားနတ်မင်းခင်ဗျာ... မော်ရှန်းတပည့် တန်ဝမ်ကျဲဟာ အခုအချိန်မှာ နှစ်ပေါင်းတစ်ထောင် မြေခွေးဝိညာဉ်ရဲ့ ခြောက်လှန့်မှုကို ခံနေရပါတယ်။ နောက်ပြီး ထိုင်းနတ်ဆိုးသခင်ကလည်း လိုက်လံနှောင့်ယှက်နေပါတယ်။ ကျားနတ်မင်းအနေနဲ့ ကျွန်တော့်ကို နတ်ဆိုးတွေကို နှိမ်နင်းနိုင်တဲ့ အစွမ်းသတ္တိ ပေးသနားတော်မူပါ။”
ဤလူမှာ အလောတကြီး လာခဲ့သော တန်ဝမ်ကျဲပင် ဖြစ်သည်။ သူသည် CCTV များရှိသည့် လမ်းများကို ရှောင်ကွင်းကာ သူ၏ ချောမောသော မျက်နှာကို အသုံးပြု၍ လှပသော မိန်းကလေးတစ်ဦးကို ဆိုင်ကယ်ကြုံစီးကာ ဘုရားကျောင်းသို့ ရောက်အောင် လာခဲ့ခြင်းဖြစ်သည်။
သူသည် နတ်ကျောက်တုံးကောက်ကိုင်ကာ အမြန်ပစ်လိုက်သည်။
ပထမအကြိမ်... နတ်ဘုရားက သဘောတူသည့်အချက်ပြမှုထွက်ပေါ်လာသည်။
ဒုတိယအကြိမ်... နတ်ဘုရားက ထပ်မံသဘောတူသည်။
ဆရာကြီး အားလုံမှာ ယခင်က တွေးထင်ထားသည်များကို ဘေးဖယ်ထားလိုက်ရတော့သည်။ ကျားနတ်မင်းက သုံးကြိမ်တိုင်တိုင် သဘောတူညီချက် ပေးသည်ဆိုလျှင် ဤလူငယ်ပြောသည်မှာ အမှန်ဖြစ်နေ၍လား။ နှစ်ပေါင်းတစ်ထောင် မြေခွေးဝိညာဉ်။ ဒါက ရုပ်ရှင်ထဲကလိုပဲ...။
ဆရာကြီး အားလုံ တွေးတောနေစဉ် တတိယအကြိမ် ပစ်လိုက်သော နတ်မေးတုံးများမှာ ကြမ်းပြင်ပေါ်တွင် တုံ့ကာ အဝေးက စားပွဲတစ်လုံးအောက်သို့ လျှောဝင်သွားသည်။
ဆရာကြီး အားလုံသည် စိတ်လှုပ်ရှားစွာဖြင့် သွားပြေးကြည့်လိုက်သည်။ ထိုစားပွဲအောက်တွင် နောက်ထပ် ကျားနတ်မင်း ရုပ်တုတစ်ခု ရှိနေသည်။ ၎င်းမှာ တစ်ကိုယ်လုံး မည်းနက်နေသော အနက်ရောင်ကျားနတ်မင်းပင် ဖြစ်သည်။
ဆရာကြီး အားလုံ၏ နှုတ်ခမ်းများ တုန်ရီသွားသည်။
“အားချန်...”
“ဆရာကြီး... ဘာဖြစ်လို့လဲ။”
တန်းဝမ်ကျဲကလိုက်လာပြီး မေးသည်။
ဆရာကြီး အားလုံက
“မင်းအကူညီတောင်းတဲ့ကိစ္စကို ကျားနတ်မင်းက သဘောတူလိုက်ပြီ။ ဒါပေမဲ့ မင်းကို အဖြေပေးလိုက်တာက အနက်ရောင်ကျားနတ်မင်း ဖြစ်နေတယ်။”
“အနက်ရောင်ကျားနတ်မင်း။”
ဆရာကြီး အားလုံက ရှင်းပြသည်။
“ဒီအနက်ရောင်ကျား ဗိုလ်ချုပ်ကြီးဟာ ဒဏ္ဍာရီအရ နတ်ဆိုးလေးတွေ သောင်းကျန်းနေချိန်မှာ သူတို့ကို နှိမ်နင်းဖို့ ပင့်ဖိတ်ခြင်း ခံခဲ့ရတဲ့သူ ဖြစ်တယ်။ သူဟာ စည်းစိမ်နတ်မင်းရဲ့ စီးတော်ယာဉ်လည်း ဖြစ်တယ်။ အနက်ရောင်ကျားက သူ့ရဲ့ တကယ့်အစွမ်းကို ထုတ်လိုက်ပြီဆိုရင် ဘယ်လို နတ်ဆိုးနဲ့ ဝိညာဉ်ဆိုးတွေကိုမဆို အကုန်ရှင်းပစ်နိုင်စွမ်း ရှိတယ်။”
တန်ဝမ်ကျဲသည် စည်းစိမ်နတ်မင်းတကယ်ကို ရေစက်ပါလာခြင်း ဖြစ်သည်။
【အနက်ရောင်ကျားဗိုလ်ချုပ်ကြီး၏ နှစ်သက်မှု +၁】
တန်ဝမ်ကျဲသည် စားပွဲအောက်ရှိ အနက်ရောင်ကျားနတ်မင်းကို ဦးညွှတ်လိုက်သည်။
“ကျေးဇူးတင်ပါတယ် ဗိုလ်ချုပ်ကြီး။”
သူ လှည့်ကြည့်လိုက်ချိန်တွင် တန်ဝမ်ကျဲ၏ ပုံရိပ်မှာ အစအနမကျန်အောင်ပျောက်ကွယ်သွားပြီ ဖြစ်သည်။
“သူ ဘယ်ရောက်သွားတာလဲ။”
ဆရာကြီးအားလုံမှာ မှင်သက်ကျန်ရစ်ခဲ့တော့သည်။ မျက်စိတစ်မှိတ်အတွင်းမှာပင် လူတစ်ယောက်က ဘယ်လိုလုပ် ပျောက်ကွယ်သွားနိုင်ရတာလဲ။
***