ပုဟုန်၏ ဆရာသခင်မှာ အဇူရာနဂါးပရဝဏ်ခေါင်းဆောင် လုထျယ်ဖြစ်သည်။ သူသည် မီးပူဇော်ခြင်းဂိုဏ်းရှိ အသန်မာဆုံး ရွှေမီးလျှံအကြီးအကဲများထဲမှ တစ်ဦးလည်း ဖြစ်သည်။ ထိုကဲ့သို့သော လူမျိုးသည် သဘာဝကျကျပင် ကမ္ပည်းတစ်ထောင် သူတော်စင်လက်နက်တစ်ခုကို ပိုင်ဆိုင်ထားသည်။
ဤအကြောင်းကြောင့် ပုဟုန်သည် ကမ္ပည်းတစ်ထောင် သူတော်စင်လက်နက်များနှင့် ပတ်သက်၍ အခြားသူများထက် ပိုမို နားလည်ထားသည်။
တကယ်လို့ သူသုံးခဲ့တဲ့ဓားက ကမ္ပည်းတစ်ထောင် သူတော်စင်ဓားသက်သက်သာ ဆိုရင် သူ့ရဲ့ အကူအညီအမျိုးအစား နတ်ဘုရားစွမ်းရည်နဲ့ သူ ကျွမ်းကျင်ထားတဲ့ သိုင်းပညာတွေ နတ်ဘုရားစွမ်းရည်တွေ အားလုံးကို အမြင့်ဆုံးအဆင့်အထိ သုံးလိုက်ရင်တောင်မှ သူ့ရဲ့ တိုက်ခိုက်မှုက ဒီလောက်အထိ မြန်ဆန်ဖို့ဆိုတာ မဖြစ်နိုင်ဘူး... ဝိညာဉ်မျက်လုံးပုံစံလို့လည်း ခေါ်တဲ့ စိန့်ကောင်းကင် တတိယပုံစံကို ချိုးဖောက်ဝင်ရောက်တုန်းက ငါ့ရဲ့ ဝိညာဉ်မျက်လုံးတွေကို ဖွင့်ထားခဲ့ပြီးပြီ... အဲဒါတောင်မှ သူ့ရဲ့ တိုက်ခိုက်မှုကို ဝိုးတဝါးလောက်ပဲ မြင်လိုက်ရတယ်... ဒါက ဘာကို ဆိုလိုတာလဲ... သူ့ရဲ့ဓားက ကမ္ပည်းတစ်ထောင် သူတော်စင်လက်နက်ထက် အဆင့်ပိုမြင့်နေတယ်လို့ ဆိုလိုတာ မလား.....
ပုဟုန်သည် သူ၏ အတွေးများကို ဆက်လက် တွေးတောနေမိသည်။
သိုင်းတာအိုသူတော်စင်နယ်မြေမှာ ကမ္ပည်းတစ်ထောင် သူတော်စင်ဓားတွေထက် အဆင့်ပိုမြင့်တဲ့ ဓားတွေက ကမ္ပည်းတစ်သောင်း သူတော်စင်ဓားတွေပဲ... သိုင်းတာအိုသူတော်စင်နယ်မြေမှာ ကမ္ပည်းတစ်သောင်း သူတော်စင်လက်နက် စုစုပေါင်း ဆယ်ခု ရှိတယ်... အဲဒါတွေက မဟာအဆင့်သူတော်စင်လက်နက်ဆယ်ခုထဲက အဓိပတိသူတော်စင်လက်နက်တွေပဲ... အဓိပတိသူတော်စင်လက်နက်တွေထဲမှာ ဓားဆိုလို့ နှစ်လက်ပဲ ရှိတယ်... အဲဒါတွေက ကိုးတိမ်ဓားနဲ့ ခြေရာမဲ့ဓားပဲ... သွမ့်လင်းထျန်ဆီမှာ ဘယ်ဟာ ရှိနေတာလဲ ငါ မသိဘူး.....
ဤအကြောင်းကို တွေးမိသောအခါ ပုဟုန်၏ အသက်ရှူနှုန်းများ မြန်ဆန်လာသည်။
“တကယ်လို့ သွမ့်လင်းထျန်သာ ငါ့ရဲ့ ပင်ကိုဝိညာဉ်အမြစ်ကို မဖျက်ဆီးခဲ့ဘူးဆိုရင် သူ့ကို မရဏတိုက်ပွဲ စိန်ခေါ်ပြီး မရဏနန်းတော်ထဲမှာ သတ်ပစ်မှာမလို့ ငါ ဒီကိစ္စကို ဖွင့်ချမှာ မဟုတ်ဘူး... အဲဒီလိုနည်းနဲ့ သူ့ရဲ့ ကမ္ပည်းတစ်သောင်း သူတော်စင်ဓားကို ငါရနိုင်လိမ့်မယ်”
ပုဟုန်သည် သူ၏ မျက်လုံးများထဲတွင် ရက်စက်သော အရိပ်အယောင်များ တောက်ပလျက် သူ့ဘာသာ ရေရွတ်လိုက်သည်။
“ဒါပေမဲ့ ငါ့ရဲ့ ပင်ကိုဝိညာဉ်အမြစ် ဖျက်ဆီးခံလိုက်ရပြီဆိုတော့ သူ့ကို ကျော်တက်ဖို့ဆိုတာ ငါ့အတွက် မဖြစ်နိုင်တော့ဘူး... ဒီလိုမှတော့ ဒီကိစ္စကို လျှို့ဝှက်ထားဖို့ လိုသေးလို့လား... ငါ ဆရာသခင်ကိုပဲ ပြောပြရမလား ဒါမှမဟုတ် လူတိုင်း သိသွားအောင် ဒီသတင်းကို ဖြန့်လိုက်ရမလား”
ပုဟုန်သည် အကျပ်အတည်းတစ်ခုနှင့် ရင်ဆိုင်နေရသည့်အလား သူ၏ မျက်လုံးများထဲတွင် တုံ့ဆိုင်းမှု အရိပ်အယောင်တစ်ခုကို မြင်တွေ့နိုင်သည်။
“တကယ်လို့ ငါ ဆရာသခင်ကိုပဲ ပြောပြမယ်ဆိုရင် သူက တခြားဘယ်သူ့ကိုမှ ပြောပြမှာ မဟုတ်ဘူး... ဘာပဲဖြစ်ဖြစ် ဒါက မဟာအဆင့်သူတော်စင်လက်နက်ဆယ်ခုထဲက အဓိပတိသူတော်စင်လက်နက်တစ်ခုဖြစ်တဲ့ ကမ္ပည်းတစ်သောင်း သူတော်စင်ဓားပဲ... ဆရာသခင်တောင်မှ ဒီဓားကြောင့် သွေးဆောင်ဖြားယောင်းခံရမှာ သေချာတယ်”
လူသားများသည် တစ်ကိုယ်ကောင်းဆန်ကြောင်း ပုဟုန် သိသည်။ သူ၏ ဆရာသခင်ဖြစ်သော အဇူရာနဂါးပရဝဏ် ခေါင်းဆောင်အား ပြောပြပါက သူ၏ ဆရာသခင်သည် ထိုသတင်းကို လျှို့ဝှက်ထားရန် သေချာပေါက် ရွေးချယ်မည်ဖြစ်ပြီး မည်သူ့ကိုမျှ မပြောရန် သူ့ကို တားမြစ်မည်ဖြစ်ကြောင်း သူ သေချာသည်။ အဆုံး၌ လူတိုင်းက အဓိပတိသူတော်စင်လက်နက်တစ်ခုကို ပိုင်ဆိုင်ချင်ကြသည်သာ ဖြစ်သည်။
“ထားလိုက်တော့... အရင်ဆုံး ငါ ဆရာသခင်ကို သွားပြောပြမယ်... ဆရာသခင်ရဲ့ စွမ်းအားနဲ့ဆိုရင် သွမ့်လင်းထျန်ကို သတ်ပြီး အဲဒီကမ္ပည်းတစ်သောင်း သူတော်စင်ဓားကို လုယူဖို့က သူ့အတွက် ခက်ခဲမှာ မဟုတ်ဘူး... အဲဒါက သွမ့်လင်းထျန်ဆီကို လက်စားချေရာလည်း ရောက်တယ်”
နောက်ဆုံးတွင် ပုဟုန်သည် သွမ့်လင်းထျန်တွင် ကမ္ပည်းတစ်သောင်း သူတော်စင်ဓားတစ်လက် ရှိနေသည်ဟု သူ၏ သံသယကို ဆရာသခင်အား သီးသန့် ပြောပြရန် ဆုံးဖြတ်ချက်ချလိုက်သည်။
တကယ်လို့ ဆရာသခင်သာ ဒီဓားကို ရသွားရင် သူ ငါ့ကို ကျေးဇူးတင်နေမှာ သေချာတယ်... ဘာလို့လဲဆိုတော့ ငါသာ မရှိရင် သူ ဒီဓားကို ရနိုင်မှာ မဟုတ်ဘူး.....
ပုဟုန် စိတ်ထဲမှ တွေးလိုက်သည်။ သူ၏ အမြင်အရ သွမ့်လင်းထျန် သေဆုံးသွားသရွေ့ သွမ့်လင်းထျန်ကို မည်သူသတ်သည်ဖြစ်စေ အရေးမကြီးပေ။ သူ၏ ဆရာသခင်က သွမ့်လင်းထျန်ကို သတ်ပြီး အဓိပတိသူတော်စင်လက်နက်ကို ရရှိသွားပါက ၎င်းဓားကို သူတို့ဆရာတပည့်လက်ထဲတွင်သာ ရှိနေသည်ဟု မှတ်ယူနိုင်သည်။ ၎င်းက သူ့အတွက် အကျိုးရှိမည်ဖြစ်ပြီး အန္တရာယ် မဖြစ်နိုင်ပေ။ သူ ဆုံးဖြတ်ချက်ချပြီးသည်နှင့် တစ်ပြိုင်နက် သူ၏ ဆရာသခင်ကို ရှာဖွေရန် ချက်ချင်း ထွက်သွားလိုက်သည်။
.................
“ဆရာသခင်”
ပုဟုန်သည် သူ၏ ဆရာသခင် နေအိမ်၏ နောက်ဖေးခြံဝင်းထဲသို့ ဝင်လာစဉ် အော်ခေါ်လိုက်သည်။
အပင်စိုက်နေသော အဇူရာနဂါးပရဝဏ်သခင် လုထျယ်သည် အလုပ်လုပ်နေရာမှ ရပ်တန့်ကာ ပုဟုန်ကို ကြည့်လိုက်သည်။ သူက ချက်ချင်း မေးလိုက်သည်။
“ဟုန်အာ... ဘာဖြစ်လို့လဲ”
သွမ့်လင်းထျန် မီးပူဇော်ခြင်းဂိုဏ်းမှ တိတ်တဆိတ် ထွက်ခွာသွားကြောင်း ပုဟုန် သိလိုက်ရကတည်းက သူသည် လုထျယ်၏ နေအိမ်တွင် အောင်းနေခဲ့သည်။ ပုဟုန်၏ ပျင်းရိမှုကို ပြေပျောက်စေရန် သူသည် အဓိပတိသူတော်စင်အဆင့်စာရင်း၏ နောက်ဆုံးထွက် စာရင်းသစ်ကို ပုဟုန်၏ အခန်းထဲတွင် ထားပေးခဲ့သည်။ ပုဟုန် ဤမျှ မြန်မြန် သူ့ကို လာရှာမည်ဟု သူ မထင်ထားခဲ့ပေ။
“ဆရာသခင်... ကျနော် အရေးကြီးတဲ့ ကိစ္စတစ်ခုကို သတိရသွားလို့ပါ”
ပုဟုန်က လေးနက်စွာ ပြောလိုက်သည်။
“အို... ဘာကိစ္စလဲ”
လုထျယ်သည် သူ၏ တိုက်ရိုက်တပည့်အကြောင်းကို ကောင်းစွာ သိသည်။ သူသည် အရေးကြီးတာနှင့် အရေးမကြီးတာကို မည်သို့ ခွဲခြားရမည်မှန်း သိသူ တစ်ဦးဖြစ်သည်။ သူက အရေးကြီးသော ကိစ္စတစ်ခု ရှိသည်ဟု ပြောပါက အရေးကြီးကြောင်း သံသယဝင်စရာ မလိုပေ။
“ဆရာသခင်... သွမ့်လင်းထျန်က အဓိပတိသူတော်စင်လက်နက် တစ်ခုကို သုံးပြီး ကျနော့်ကို အနိုင်ယူသွားတယ်လို့ ကျနော် သံသယရှိတယ်”
ပုဟုန်သည် စကားကို လှည့်ပတ်မနေဘဲ တိုက်ရိုက်ပင် ပြောလိုက်သည်။
အဓိပတိသူတော်စင်လက်နက်...
ပုဟုန် စကားပြောပြီးသည်နှင့် တစ်ပြိုင်နက် လုထျယ်၏ မျက်လုံးများမှာ အံ့အားသင့်မှုကြောင့် ပြူးကျယ်သွားပြီး သူ၏ မျက်နှာပေါ်တွင် မယုံကြည်နိုင်သော အမူအရာတစ်ခု ပေါ်လာသည်။ သူ၏ နှလုံးခုန်နှုန်းများလည်း စတင် မြန်ဆန်လာသည်။
သိုင်းတာအိုသူတော်စင်နယ်မြေတွင် အဓိပတိသူတော်စင်လက်နက် ဆယ်ခုသာ ရှိပြီး ၎င်းတို့ကို သိုင်းတာအိုသူတော်စင်နယ်မြေ၏ မဟာအဆင့်သူတော်စင်လက်နက်ဆယ်ခုဟု လူသိများသည်။
မီးပူဇော်ခြင်းဂိုဏ်းတွင်ပင် ဂိုဏ်းက အမွေဆက်ခံထားသော အဓိပတိသူတော်စင်လက်နက် တစ်ခုသာ ရှိသည်။ ၎င်းကို ရှေးယခင် ဂိုဏ်းချုပ်များထံမှ လက်ဆင့်ကမ်းလာခဲ့ပြီး နောက်ဆုံးတွင် လက်ရှိ မီးပူဇော်ခြင်းဂိုဏ်း၏ ဂိုဏ်းချုပ်ထံသို့ ရောက်ရှိလာခဲ့ခြင်း ဖြစ်သည်။
ဤအချက်ကို ကြည့်ခြင်းအားဖြင့် အဓိပတိသူတော်စင်လက်နက်တစ်ခု မည်မျှ ရှားပါးကြောင်းကို သိမြင်နိုင်သည်။
သို့သော်လည်း သူ၏ ပထမတိုက်ရိုက်တပည့်က သွမ့်လင်းထျန်တွင် အဓိပတိသူတော်စင်လက်နက်တစ်ခု ရှိနေကြောင်း ယခုလေးတင် ပြောလိုက်သည် မဟုတ်ပါလော....
သူ မည်ကဲ့သို့ အံ့အားမသင့်ဘဲ နေနိုင်ပါမည်နည်း....
“ဟုန်အာ... သွမ့်လင်းထျန်ဆီမှာ အဓိပတိသူတော်စင်လက်နက် ရှိနေတာ သေချာလို့လား”
ပုဟုန်ကို ကြည့်လိုက်သောအခါ လုထျယ်၏ မျက်နှာထားမှာ လေးနက်နေသည်။
“ဆရာသခင်... သွမ့်လင်းထျန်က...”
ပုဟုန်သည် သွမ့်လင်းထျန်နှင့် သူ၏ တိုက်ပွဲအကြောင်းကို လုထျယ်အား အသေးစိတ် စတင် ပြန်လည် ပြောပြလိုက်သည်။
ပုဟုန်၏ သံသယမှာ အခြေအမြစ်မရှိသည့်အရာ မဟုတ်သောကြောင့် လုထျယ်သည် သူ၏ စကားများကို သံသယဝင်စရာ အကြောင်းမရှိပေ။
“တကယ်လို့ အဲဒါက မှန်တယ်ဆိုရင် သူ့ဆီမှာ မဟာအဆင့်သူတော်စင်လက်နက်ဆယ်ခုထဲက ကိုးတိမ်ဓား ဒါမှမဟုတ် ခြေရာမဲ့ဓား ရှိနေလောက်တယ်”
လုထျယ်က ခဏတာ ရပ်တန့်လိုက်ပြီးနောက် ပြောလိုက်သည်။
“မင်းရဲ့ စကားတွေအရဆိုရင် သူ့ဆီမှာ ခြေရာမဲ့ဓား ရှိနေတယ်လို့ ငါ ထင်တယ်... ခြေရာမဲ့ဓားက သူ့နာမည်လိုပဲ ခြေရာလက်ရာမဲ့ပြီး ကာကွယ်ဖို့ မဖြစ်နိုင်ဘူး”
“မင်းရဲ့ ကျင့်ကြံမှုအဆင့်က စိန့်ကောင်းကင် တတိယအဆင့် ဝိညာဉ်မျက်လုံးပုံစံမှာ ရှိတယ်... မင်းရဲ့ ဝိညာဉ်မျက်လုံးတွေနဲ့ဆိုရင် သွမ့်လင်းထျန် ခြေရာမဲ့ဓား သုံးတာကို ဝိုးတဝါးလောက် မြင်နိုင်တာက သဘာဝကျပါတယ်... ဝိညာဉ်မျက်လုံးတွေကို မနိုးထရသေးတဲ့ စိန့်ကောင်းကင် တတိယပုံစံအောက်က လူတွေအတွက်ကတော့ ခြေရာမဲ့ဓားကို မြင်တွေ့နိုင်ဖို့ဆိုတာ မဖြစ်နိုင်ဘူး”
လုထျယ်က ပြောလိုက်သည်။
“သွမ့်လင်းထျန်က လျှို့ဝှက်ဆန်းကြယ်တဲ့ ဓားပညာတစ်ခုကို ကျွမ်းကျင်ထားတယ်ဆိုတဲ့ ကောလာဟလက သူ့ဆီမှာ ခြေရာမဲ့ဓား ရှိနေမယ်ဆိုရင် အဓိပ္ပာယ်ရှိသွားပြီ... မင်းရဲ့ ဂျူနီယာညီမလေးတောင် သူ့လက်ချက်နဲ့ အထိနာခဲ့သေးတယ်... ဓားသာမပါရင် သူက မင်းဂျူနီယာညီမလေးရဲ့ ပြိုင်ဘက်တောင် ဖြစ်လာမှာ မဟုတ်ဘူး”
လုထျယ်မှာ စကားပြောလေလေ ပို၍ သေချာလာလေလေ ဖြစ်သည်။ သူ ပြောသော ဂျူနီယာညီမလေးဆိုသည်မှာ သိသာထင်ရှားစွာပင် ဝမ်ယန်ဖြစ်သည်။
“ခြေရာမဲ့ဓား... အဓိပတိသူတော်စင်လက်နက် ခြေရာမဲ့ဓားကို ရထားတာ သူ ဘယ်လောက်တောင် ကံကောင်းလိုက်လဲ”
ပုဟုန်၏ မျက်နှာပေါ်တွင် မနာလိုသော အမူအရာတစ်ခု ပေါ်လာသည်။
ပုဟုန်၏ ဆရာသခင်ဖြစ်သော လုထျယ်ပင်လျှင် ပုဟုန်က သူ၏ အဖြစ်အပျက်ကို ပြောပြပြီးနောက် ယုံကြည်သွားပုံရသည်။ သွမ့်လင်းထျန်သည် မဟာအဆင့်သူတော်စင်လက်နက်ဆယ်ခုထဲကအဓိပတိသူတော်စင်လက်နက်တစ်ခုဖြစ်သော ခြေရာမဲ့ဓားကို အသုံးပြုခဲ့ကြောင်း ယခုအခါ သူ လုံး၀သေချာသွားပြီ ဖြစ်သည်။
“သူ တကယ်ပဲ ကံကောင်းလွန်းတယ်..... ဒါပေမဲ့ မကြာခင် အဲဒီဓားက ငါ့အပိုင် ဖြစ်လာတော့မှာဆိုတာ နှမြောစရာပဲ”
လုထျယ်သည် သူ၏ မျက်လုံးများ တောက်ပလာစဉ် လှောင်ပြုံးပြုံးကာ ပြောလိုက်သည်။ သူ၏ စကားများအရ သွမ့်လင်းထျန်ထံမှ ဓားကို သူ ရယူနိုင်မည်ဟု အလွန် ယုံကြည်မှုရှိနေကြောင်း သိသာထင်ရှားသည်။ သွမ့်လင်းထျန်သည် သန်မာသော်လည်း လုထျယ်နှင့် ယှဉ်လျှင် အားနည်းနေဆဲ ဖြစ်သည်။
“ဟုန်အာ... ငါသာ ခြေရာမဲ့ဓားကို ရခဲ့ရင် အဲဒီအကျိုးကျေးဇူးတွေ အားလုံးက မင်းအတွက်ပဲ”
လုထျယ်သည် ပုဟုန်ကို အပြုံးဖြင့် ကြည့်လိုက်သည်။ သူ၏ တိုက်ရိုက်တပည့်ကို မည်သို့ပင် ကြည့်စေကာမူ သူ၏ မျက်လုံးထဲတွင် အလွန် ကြည့်ကောင်းနေသည်ဟု ခံစားရသည်။
“ဆရာသခင်... တကယ်လို့ ဆရာသခင်သာ ခြေရာမဲ့ဓားကို လိုချင်ရင် သွမ့်လင်းထျန်ကို ဆရာသခင်ကိုယ်တိုင် သွားရှင်းမှ ရမယ်... အခု သွမ့်လင်းထျန် ပြန်လာရင် ကျနော့်ရဲ့ ပင်ကိုဝိညာဉ်အမြစ်ကို ဖျက်ဆီးခဲ့တဲ့ ကိစ္စနဲ့ ပတ်သက်ပြီး စစ်မေးဖို့ စည်းကမ်းထိန်းသိမ်းရေးခန်းမကို ခေါ်သွားခံရလိမ့်မယ်”
ပုဟုန်က စိုးရိမ်တကြီးဖြင့် ပြောလိုက်သည်။
“သူ့မှာ အပြစ်ရှိတယ်လို့ သက်သေပြနိုင်တာနဲ့ စည်းကမ်းထိန်းသိမ်းရေးခန်းမက သူ့ကို သေဒဏ်မပေးရင်တောင် သေချာပေါက် အပြစ်ပေးလိမ့်မယ်... ဒါပေမဲ့ သူက စည်းကမ်းထိန်းသိမ်းရေးခန်းမရဲ့ ဒုခန်းမသခင် တုံယွမ်ကျင်ကို စော်ကားခဲ့ဖူးတော့ တုံယွမ်ကျင်က လီအန်းရဲ့ အစစ်အမှန်တပည့် ကွေချွန်ရဲ့ ပင်ကိုဝိညာဉ်အမြစ်ကို ဖျက်ဆီးခဲ့တဲ့ ကိစ္စကို သေချာပေါက် ပြန်ဖော်ထုတ်လိမ့်မယ်... အဲဒီအချိန်ကျရင် တုံယွမ်ကျင်အတွက် သူ့ကို ကိုင်တွယ်ဖို့ ခက်ခဲမှာ မဟုတ်ဘူး... တကယ်လို့ သူသာ စည်းကမ်းထိန်းသိမ်းရေးခန်းမမှာ သေသွားရင် ဆရာသခင်အတွက် ခြေရာမဲ့ဓားကို ရနိုင်မဲ့ အခွင့်အရေး ရှိတော့မှာ မဟုတ်ဘူးလို့ ကျနော် စိတ်ပူမိတယ်”
ပုဟုန်၏ စကားကို ကြားသောအခါ လုထျယ် မျက်မှောင်ကြုတ်သွားသည်။
“အဲဒါ မှန်တယ်”
စည်းကမ်းထိန်းသိမ်းရေးခန်းမ၏ ဒုခန်းမသခင် တုံယွမ်ကျင်သည် အသေးအဖွဲ ကိစ္စလေးများကိုပင် လက်စားချေတတ်သော ရက်စက်သည့် လူတစ်ဦး ဖြစ်သည်။ ထို့ပြင် သူ၏ ရာထူးမှာ လုထျယ်ထက် ပိုမြင့်ပြီး လုထျယ်ထက်လည်း ပို၍ သန်မာသည်။ အကယ်၍ တုံယွမ်ကျင်သာ ခြေရာမဲ့ဓားကို ရရှိသွားပါက လုထျယ်အတွက် သူ့ထံမှ ပြန်လုယူရန်မှာ မဖြစ်နိုင်ပေ။ ထို့ပြင် ခြေရာမဲ့ဓားကို စည်းကမ်းထိန်းသိမ်းရေးခန်းမက တွေ့ရှိသွားပါက ၎င်းဓားကို သူ ရယူရန် ပို၍ပင် မဖြစ်နိုင်တော့ပေ။
စက္ကန့်ပိုင်းအတွင်းမှာပင် လုထျယ် ဆုံးဖြတ်ချက်ချလိုက်သည်။ သူသည် ပုဟုန်ကို ကြည့်ကာ ပြောလိုက်သည်။
“ဟုန်အာ... ငါ စည်းကမ်းထိန်းသိမ်းရေးခန်းမကို သွားပြီး သွမ့်လင်းထျန်အပေါ် စွဲဆိုထားတဲ့ အမှုတွေကို ရုပ်သိမ်းဖို့ စီစဉ်လိုက်မယ်... မင်းရဲ့ ပင်ကိုဝိညာဉ်အမြစ်က ကျင့်ကြံနေတုန်း မင်းကိုယ်တိုင် အမှားလုပ်မိလို့ ပျက်စီးသွားတာလို့ ငါ ပြောလိုက်မယ်... ဒါပေမဲ့ မင်း စိတ်ပူစရာ မလိုပါဘူး... စည်းကမ်းထိန်းသိမ်းရေးခန်းမ မပါရင်တောင် ငါ သွမ့်လင်းထျန်ကို သတ်ပြီး မင်းအတွက် ငါ လက်စားချေပေးမယ်”
လုထျယ်က ယုံကြည်မှုအပြည့်ဖြင့် ပြောလိုက်သည်။
“ဆရာသခင်ကို ကျနော် ယုံကြည်ပါတယ်”
ပုဟုန် ခေါင်းညိတ်လိုက်သည်။ ၎င်းက အကောင်းဆုံး လုပ်ရပ်ဖြစ်ကြောင်း သူ သိသည်။ ၎င်းမှာ သူ၏ ဆရာသခင်အတွက် သွမ့်လင်းထျန် ပိုင်ဆိုင်ထားသော ဓားကို ရယူရန် တစ်ခုတည်းသော နည်းလမ်း ဖြစ်သည်။
သွမ့်လင်းထျန် အဖြစ်အပျက်များကို မသိသည်မှာ တော်သေး၏။ သို့မဟုတ်ပါက သူ ဆွံ့အသွားမည်မှာ သေချာသည်။
မဟာအဆင့်သူတော်စင်လက်နက်ဆယ်ခုမှ အဓိပတိသူတော်စင်လက်နက်တစ်ခုဖြစ်သော ခြေရာမဲ့ဓားကို သူ မည်သည့်အချိန်က ရရှိခဲ့ပါသနည်း....
ဤအကြောင်းကို သူ ကိုယ်တိုင်တောင် အဘယ့်ကြောင့် မသိခဲ့ပါသနည်း....
***