အဇူရာနဂါးပရဝဏ်ခေါင်းဆောင် လုထျယ်က သူ့တိုက်ရိုက်တပည့်ဖြစ်သူ၏ ပင်ကိုဝိညာဉ်အမြစ်ကို ဖျက်ဆီးမှုဖြင့် သွမ့်လင်းထျန်အပေါ် တိုင်ကြားထားသော အမှုမှာ စည်းကမ်းထိန်းသိမ်းရေးခန်းမ၏ ဒုခန်းမသခင်များထဲမှ တစ်ဦးဖြစ်သော တုံယွမ်ကျင်၏ ကြားဝင်စွက်ဖက်မှုကြောင့် စည်းကမ်းထိန်းသိမ်းရေးခန်းမရှိ လူအနည်းငယ်ကသာ သိရှိကြသည်။ ထိုကိစ္စမှာ စည်းကမ်းထိန်းသိမ်းရေးခန်းမ ပြင်ပသို့ မပြန့်နှံ့သွားရုံသာမက မီးပူဇော်ခြင်းဂိုဏ်း၏ ပြင်ပမပြောနှင့် မီးပူဇော်ခြင်းဂိုဏ်းအတွင်း၌ပင် ပြန့်နှံ့သွားခြင်း မရှိပေ။
ထိုသို့ လုပ်ရသော တုံယွမ်ကျင်၏ ရည်ရွယ်ချက်ကို လုထျယ် နားလည်သည်။ အမှန်တကယ်တော့ သူ ထိုအရာကို သဘောပင် တူသေးသည်။ ဘာပဲဖြစ်ဖြစ် ထိုသတင်းသာ ထွက်သွားပါက သွမ့်လင်းထျန်ကို သတိပေးသလို ဖြစ်သွားမည်ဖြစ်ပြီး ရလဒ်အနေဖြင့် သူသည် ကြောက်ရွံ့မှုကြောင့် မီးပူဇော်ခြင်းဂိုဏ်းသို့ ပြန်လာမည် မဟုတ်ပေ။ ထိုသို့ ဖြစ်လာမည်ကို လုထျယ် အလိုမရှိပေ။
မည်သူကမျှ မသိရှိသောကြောင့် သွမ့်လင်းထျန်အပေါ် စွဲဆိုထားသော အမှုကို ရုပ်သိမ်းလိုက်သည့် လုထျယ်၏ လုပ်ရပ်သည် မီးပူဇော်ခြင်းဂိုဏ်းအပေါ် သက်ရောက်မှု မရှိသော်လည်း ၎င်းက စည်းကမ်းထိန်းသိမ်းရေးခန်းမအတွင်း၌တော့ အတော်လေး ဂယက်ရိုက်သွားစေခဲ့သည်။
လုထျယ်၏ လုပ်ရပ်များကို မဟုတ်မမှန် စွပ်စွဲခြင်းဟု ယူဆနိုင်သောကြောင့် မီးပူဇော်ခြင်းဂိုဏ်း၏ စည်းမျဉ်းများအရ သူ့ကို တစ်နည်းနည်းဖြင့် အပြစ်ပေးရမည် ဖြစ်သည်။ သို့သော်လည်း ဤကိစ္စကို တာဝန်ယူရသော စည်းကမ်းထိန်းသိမ်းရေးခန်းမ အကြီးအကဲမှာ ငွေမီးလျှံအကြီးအကဲ တစ်ဦးသာ ဖြစ်သောကြောင့် သူ့တွင် လုထျယ်ကို အပြစ်ပေးရန် အခွင့်အာဏာ မရှိပေ။ ဤအခြေအနေများအောက်တွင် စည်းကမ်းထိန်းသိမ်းရေးခန်းမ၏ ဒုခန်းမသခင် တစ်ဦးအနေဖြင့် တုံယွမ်ကျင်က ဤကိစ္စကို ကိုင်တွယ်ဖြေရှင်းရမည် ဖြစ်သည်။
“ပရ၀ဏ်ခေါင်းဆောင်လု... သွမ့်လင်းထျန်ကို တိုင်ကြားထားတဲ့ အမှုကို ရုပ်သိမ်းချင်တာ သေချာလို့လား”
တုံယွမ်ကျင်က လုထျယ်ကို မျက်မှောင်ကြုတ်ကြည့်ကာ နားမလည်နိုင်စွာဖြင့် မေးလိုက်သည်။
“ဘာကြောင့်လဲဆိုတဲ့ အကြောင်းရင်းကို ကျုပ်ကို ပြောပြနိုင်မလား”
သဘာဝကျကျပင် ပုဟုန်သည် ကျင့်ကြံနေစဉ် ချီသွေးကြောလွဲမှားမှုကြောင့် သူ၏ ပင်ကိုဝိညာဉ်အမြစ် ပျက်စီးသွားသည်ဆိုသော လုထျယ်၏ လိမ်လည်မှုကို တုံယွမ်ကျင် မယုံကြည်ပေ။ ထိုသို့ ပြုလုပ်ရခြင်းမှာ လုထျယ်တွင် နောက်ကွယ်၌ ရည်ရွယ်ချက်တစ်ခု ရှိရမည်ဟု သူ တွေးလိုက်သည်။ တကယ်ပင် သူ ခန့်မှန်းထားသည်မှာ မှန်ကန်သော်လည်း အကြောင်းရင်းကိုမူ သူ ဘယ်သောအခါမျှ ခန့်မှန်းနိုင်မည် မဟုတ်ပေ။
တုံယွမ်ကျင်၏ အမေးကို ရင်ဆိုင်ရချိန်တွင် လုထျယ်မှာ ကြောက်ရွံ့ပုံ မပေါ်ပေ။ သူက အေးတိအေးစက်ပင် ပြန်ဖြေလိုက်သည်။
“ဒုခန်းမသခင်တုံ... ကျုပ် ပြောစရာရှိတာတွေ အားလုံးကို ပြောပြီးသွားပါပြီ”
တုံယွမ်ကျင် မည်သည့်အတွက်ကြောင့် ဤမျှ မကျေမနပ်ဖြစ်ကာ အကြောင်းရင်းကို ဆက်တိုက် ဖိအားပေး မေးမြန်းနေရသနည်းဆိုသည်ကို လုထျယ် သေချာပေါက် သိသည်။ သူ၏ သားဖြစ်သူ တုံလင်အတွက် လက်စားချေရန် အခွင့်အရေးကောင်းတစ်ခုကို လက်လွတ်လိုက်ရသောကြောင့် တုံယွမ်ကျင် စိတ်ပျက်နေခြင်း ဖြစ်သည်။
“ပရ၀ဏ်ခေါင်းဆောင်လု... ခင်ဗျားကို သတိထားပြီး စဉ်းစားဖို့ ကျုပ် အကြံပေးချင်တယ်... ခင်ဗျား တခြားလူတစ်ယောက်ကို မဟုတ်မမှန် စွပ်စွဲမှုနဲ့ အရေးယူခံရလိမ့်မယ်... လတ်တလောမှာ သွမ့်လင်းထျန်က မီးပူဇော်ခြင်းဂိုဏ်းထဲမှာ မရှိပေမဲ့လည်း စည်းကမ်းထိန်းသိမ်းရေးခန်းမက ဂိုဏ်းရဲ့ စည်းမျဉ်းတွေနဲ့အညီ ခင်ဗျားကို အပြစ်ပေးပိုင်ခွင့် ရှိတယ်”
တုံယွမ်ကျင်က အက်ကွဲသော လေသံဖြင့် ပြောလိုက်သည်။ သူ၏ စကားများထဲတွင် ဖုံးကွယ်ထားသော ခြိမ်းခြောက်မှုတစ်ခု ရှိနေသည်မှာ သိသာထင်ရှားသည်။
သို့သော်လည်း လုထျယ်သည် လွယ်လွယ်နှင့် ခြိမ်းခြောက်၍ ရသော လူတစ်ယောက် ဖြစ်ပါသလော....
“ဒုခန်းမသခင်တုံ... ခင်ဗျား ပြောနေတာကို ကျုပ် နားလည်ပါတယ်... စည်းကမ်းထိန်းသိမ်းရေးခန်းမက ပေးတဲ့ အပြစ်ဒဏ်ကို ကျုပ် လက်ခံပါ့မယ်... ဒါပေမဲ့ ကျုပ်သာ မမှားဘူးဆိုရင် ကျုပ်က အပြစ်ကို ဝန်ခံထားတဲ့အတွက် ကျုပ်ရဲ့ ပြစ်ဒဏ်က ပေါ့ပါးသင့်တယ်”
လုထျယ်သည် သူ ရရှိမည့် အပြစ်ဒဏ်နှင့် ပတ်သက်၍ များများစားစား ဂရုမစိုက်သည့်အလား အစမှ အဆုံးတိုင်အောင် သူ၏ တည်ငြိမ်မှုကို ထိန်းသိမ်းထားသည်။ အမှန်တကယ်ပင် အပြစ်ဒဏ်ကို သူ လုံးဝ ဂရုမစိုက်ပေ။ ၎င်းက အရေးမပါသော သွေးထွက်သံယို ဒဏ်ရာ အနည်းငယ်သာ ဖြစ်လိမ့်မည်။ သူ၏ စိန့်ကောင်းကင် ပဉ္စမပုံစံ ကျင့်ကြံမှုအဆင့်ဖြင့် ဆိုလျှင် ရုပ်ပိုင်းဆိုင်ရာ ပြစ်ဒဏ်မှာ သူ့အတွက် ခြစ်မိရှမိရုံမျှလောက်သာ ခံစားရမည် ဖြစ်သည်။
လုထျယ် မည်မျှ ပြတ်သားကြောင်း မြင်တွေ့လိုက်ရပြီးနောက် တုံယွမ်ကျင် ဆက်၍ ဘာမှ မပြောတော့ပေ။ သို့သော်လည်း သူ၏ စိတ်နှလုံးထဲတွင် သံသယတစ်ခု ပေါ်လာသည်။ လုထျယ် တစ်ခုခုကို ဖုံးကွယ်ထားသည်ဟု သူ ခံစားလိုက်ရသည်။
.................
တုံလင်သည် အဖြစ်အပျက်ကို သူ၏ ဖခင်ထံမှ သိလိုက်ရသောအခါ သူ၏ မျက်နှာထားမှာ အကြီးအကျယ် ပြောင်းလဲသွားသည်။ လက်ခံရန် ခက်ခဲနေသော်လည်း ထိုအရာကို ပြောင်းလဲရန် သူ လုပ်နိုင်သည်မှာ ဘာမျှ မရှိပေ။
“ဗျာ... ပရ၀ဏ်ခေါင်းဆောင်လုက သွမ့်လင်းထျန်အပေါ် တိုင်ကြားထားတာကို ရုပ်သိမ်းလိုက်တယ် ဟုတ်လား”
နောက်ဆုံးတွင် တုံလင်သည် လက်ခံခြင်းမှလွဲ၍ ဘာမျှ မလုပ်နိုင်တော့ပေ။ သို့သော်လည်း ၎င်းက သူ မကျေမချမ်း ဖြစ်နေမှုကိုတော့ မတားဆီးနိုင်ပေ။ သူသည် သွမ့်လင်းထျန်အညး လက်စားချေရန် အခွင့်အရေးတစ်ခုကို နောက်ဆုံးတွင် ရှာတွေ့ခဲ့သော်လည်း ထိုအခွင့်အရေးမှာ ရုတ်တရက် ပျောက်ကွယ်သွားခဲ့သည်။
သူ မည်ကဲ့သို့ မကျေမနပ် မဖြစ်ဘဲ နေနိုင်ပါမည်နည်း....
ရက်အနည်းငယ် အကြာတွင် လူတစ်ယောက် ရောက်လာမှုက မီးပူဇော်ခြင်းဂိုဏ်းရှိ ငြိမ်းချမ်းမှုကို နှောင့်ယှက်လိုက်သည်။
ထိုသူမှာ အခြားသူ မဟုတ်ဘဲ လိပ်နက်ပရဝဏ်၏ ပထမ ငွေမီးလျှံအကြီးအကဲ လီအန်း၏ ရင်းနှီးသော မိတ်ဆွေဖြစ်သည့် မြောက်ပိုင်းပလသိုရာဂိုဏ်း၏ ပဉ္စမ အကြီးအကဲ ရန်ချုံ ဖြစ်သည်။ သူက လီအန်းကို တွေ့ရန် လာခဲ့ခြင်း ဖြစ်သည်။ သို့သော်လည်း လိပ်နက်ပရဝဏ်သို့ သူ သွားရောက်သောအခါ လီအန်းမှာ မီးပူဇော်ခြင်းဂိုဏ်းတွင် မရှိကြောင်း သူ သိလိုက်ရသည်။
ရန်ချုံ၏ တောင်းဆိုမှုအရ လိပ်နက်ပရဝဏ်၏ ငွေမီးလျှံအကြီးအကဲ အနည်းငယ်သည် လီအန်း၏ ဝိညာဉ်ပုလဲကို သွားရောက် စစ်ဆေးကြည့်ကြရာ လီအန်း၏ ဝိညာဉ်ပုလဲမှာ ကွဲကြေနေကြောင်း သူတို့ တွေ့ရှိလိုက်ကြသည်။ ထို့ပြင် လွန်ခဲ့သော အတန်ကြာကတည်းက ကွဲကြေနေခဲ့ပုံ ပေါ်သည်။
“တစ်ခုခု မှားနေပြီ”
လီအန်း၏ ကွဲကြေနေသော ဝိညာဉ်ပုလဲကို မြင်သောအခါ ရန်ချုံ၏ မျက်နှာထားမှာ ပျက်ယွင်းသွားသည်။
လိပ်နက်ပရဝဏ်၏ ငွေမီးလျှံအကြီးအကဲ ထန်ရှန်က ရန်ချုံကို ကြည့်ကာ အက်ကွဲသော လေသံဖြင့် မေးလိုက်သည်။
“ဘာဖြစ်လို့လဲ... အကြီးအကဲရန်ချုံ”
လိပ်နက်ပရဝဏ်၏ ငွေမီးလျှံအကြီးအကဲများ ဖြစ်ကြသော ကောရှုံးနှင့် မန်ကျင်တို့ကလည်း နားမလည်နိုင်စွာဖြင့် ရန်ချုံကို လှည့်ကြည့်လိုက်ကြသည်။ တစ်ခုခု မှားနေပြီဟု ရန်ချုံ ပြောလိုက်ခြင်း၏ ဆိုလိုရင်းကို သူတို့ လုံးဝ နားမလည်ကြပေ။
သဘာဝကျကျပင် သူတို့အားလုံးမှာ ပထမ ငွေမီးလျှံအကြီးအကဲ လီအန်း သေဆုံးသွားခြင်းအပေါ် စိတ်ထဲတွင် အံ့အားသင့်နေကြသည်။
လိပ်နက်ပရဝဏ်မှ အကြီးအကဲ သုံးဦး၏ စောင့်ကြည့်နေသော မျက်လုံးများအောက်တွင် ရန်ချုံက ဖြစ်ပျက်ခဲ့သည်များကို စတင် ပြန်ပြောင်း ပြောပြလိုက်သည်။
“အရင်က...”
သဘာဝကျကျပင် လီအန်းသည် သွမ့်လင်းထျန်၏ နောက်ခံကို စုံစမ်းရန် မြောက်ပိုင်းပလသိုရာဂိုဏ်းမှ စိန့်ကောင်းကင်အဆင့် စွမ်းအားရှင် အမြောက်အမြားကို ခေါ်ဆောင်သွားခဲ့ကြောင်း ရန်ချုံက ဖွင့်မပြောခဲ့ပေ။ သူက လီအန်းသည် မြောက်ပိုင်းပလသိုရာဂိုဏ်း၏ စိန့်ကောင်းကင်အဆင့် စွမ်းအားရှင် အမြောက်အမြားကို သိုင်းတာအိုသူတော်စင်နယ်မြေ၏ အောက်ပိုင်းပြည်နယ်သို့ ခေါ်ဆောင်သွားခဲ့ကြောင်းသာ ပြောပြခဲ့သည်။ အချိန်များစွာ ကုန်လွန်သွားပြီးသည့်တိုင် လီအန်း ပြန်မလာသောအခါ တစ်ခုခု မှားနေကြောင်း သူ သတိထားမိခဲ့သည်။ စိန့်ကောင်းကင်အဆင့် စွမ်းအားရှင် အားလုံး၏ ဝိညာဉ်ပုလဲများလည်း ကွဲကြေသွားကြောင်း သူ သိလိုက်ရသောအခါ တစ်ခုခု မှားယွင်းနေပြီဖြစ်ကြောင်း သူ သေချာသွားသည်။ ဘာဖြစ်ခဲ့သလဲ ဆိုသည်ကို စုံစမ်းရန် သိုင်းတာအိုသူတော်စင်နယ်မြေ၏ အောက်ပိုင်းပြည်နယ်သို့ ချက်ချင်း သွားရန် သူ ရည်ရွယ်ခဲ့သော်လည်း အနီးဆုံး ပြည်နယ်အချင်းချင်းပို့ဆောင်ရေးအစီအရင်သို့ သူ ရောက်ရှိသွားသောအခါ အစီအရင်ကို အသက်သွင်း၍ မရတော့ကြောင်း သူ သိလိုက်ရသည်။
ထိုအချိန်က ရန်ချုံသည် ထို သီးခြား ပြည်နယ်အချင်းချင်းပို့ဆောင်ရေးအစီအရင် တစ်ခုတည်းတွင်သာ တစ်ခုခု မှားယွင်းနေသည်ဟု ထင်ခဲ့သည်။ သို့သော်လည်း ပြည်နယ်အချင်းချင်းပို့ဆောင်ရေးအစီအရင်များ ရှိသော အခြားနေရာများသို့ သူ သွားရောက်သောအခါ ၎င်းတို့သည်လည်း အလုပ်မလုပ်တော့ကြောင်း သူ သိလိုက်ရသည်။ ထို့နောက် ပြည်နယ်အချင်းချင်းပို့ဆောင်ရေးအစီအရင်များ အားလုံး အလုပ်မလုပ်တော့သည်မှာ အတန်ကြာပြီဖြစ်ကြောင်း ပြည်နယ်အချင်းချင်းပို့ဆောင်ရေးအစီအရင်များ၏ အနီးတွင် နေထိုင်သူများထံမှ သူ စတင် ကြားသိခဲ့ရသည်။
“ဒါကြောင့်မလို့ ကျုပ် မီးပူဇော်ခြင်းဂိုဏ်းကို လာခဲ့တာ... တကယ်ကို ကျုပ် မျှော်လင့်ထားတဲ့အတိုင်း လီအန်း အန္တရာယ်နဲ့ ကြုံခဲ့ရတာပဲ”
ရန်ချုံက စိတ်ဆင်းရဲနေဟန်ဖြင့် ပြောလိုက်သည်။
“ပြည်နယ်အချင်းချင်းပို့ဆောင်ရေးအစီအရင်တွေအကြောင်း နားလည်တဲ့လူတွေပြောတာအရ တကယ်လို့ အောက်ပိုင်းပြည်နယ်က ပြည်နယ်အချင်းချင်းပို့ဆောင်ရေးအစီအရင်တွေမှာ တစ်ခုခု ချို့ယွင်းသွားရင် အထက်ပိုင်းပြည်နယ်က ပြည်နယ်အချင်းချင်းပို့ဆောင်ရေးအစီအရင်တွေကိုပါ သက်ရောက်မှု ရှိတယ်တဲ့”
ရန်ချုံသည် ဆက်လက် မပြောမီ အသက်ပြင်းပြင်း တစ်ချက် ရှိုက်လိုက်သည်။
“ဒါပေမဲ့ အထက်ပိုင်းပြည်နယ်ရဲ့ ပြည်နယ်အချင်းချင်းပို့ဆောင်ရေးအစီအရင်တွေမှာသာ ပြဿနာရှိမယ်ဆိုရင် အောက်ပိုင်းပြည်နယ်ရဲ့ ပြည်နယ်အချင်းချင်းပို့ဆောင်ရေးအစီအရင်တွေကို သက်ရောက်မှု ရှိမှာ မဟုတ်ဘူး... ဘာလို့လဲဆိုတော့ အထက်ပိုင်းပြည်နယ်ကဟာက အောက်ပိုင်းပြည်နယ်အပေါ် မှီခိုမနေလို့ပဲ... အောက်ပိုင်းပြည်နယ်ကနေ အထက်ပိုင်းပြည်နယ်ရဲ့ ကျပန်း နေရာတွေကို လူတွေ ပို့ဆောင်ပေးတဲ့အတွက် အသက်သွင်းဖို့ မှီခိုမနေရလို့ အောက်ပိုင်းပြည်နယ်ရဲ့ ပြည်နယ်အချင်းချင်းပို့ဆောင်ရေးအစီအရင်တွေကို သက်ရောက်မှု ရှိမှာ မဟုတ်ဘူး”
၎င်းမှာ သွမ့်လင်းထျန်၊ ကုလီနှင့် ကျူးလုချီတို့ အထက်ပိုင်းပြည်နယ်ရှိ နေရာတစ်ခုသို့ ကျပန်း ပို့ဆောင်ခံခဲ့ရစဉ်ကနှင့် ဆင်တူသည်။ သူတို့သည် အထက်ပိုင်းပြည်နယ်ရှိ ပြည်နယ်အချင်းချင်းပို့ဆောင်ရေးအစီအရင် တစ်ခုဆီသို့ တိုက်ရိုက် ပို့ဆောင်ခံခဲ့ရခြင်း မဟုတ်ပေ။
“အဲဒါကြောင့်မလို့ အောက်ပိုင်းပြည်နယ်က ပြည်နယ်အချင်းချင်းပို့ဆောင်ရေးအစီအရင်တွေမှာ တစ်ခုခု မှားနေပြီဆိုတာကို ကျုပ် သေချာတယ်”
ရန်ချုံက ကောက်ချက်ချလိုက်သည်။
“အောက်ပိုင်းပြည်နယ်ရဲ့ ပြည်နယ်အချင်းချင်းပို့ဆောင်ရေးအစီအရင်တွေမှာ တစ်ခုခု မှားနေတယ် ဟုတ်လား”
ကောရှုံက လေးနက်စွာ ပြောလိုက်သည်။
“ကျုပ် သိထားသလောက်တော့ အောက်ပိုင်းပြည်နယ်ရဲ့ ပြည်နယ်အချင်းချင်းပို့ဆောင်ရေးအစီအရင်တွေက အထက်ပိုင်းပြည်နယ်က ပြည်နယ်အချင်းချင်းပို့ဆောင်ရေးအစီအရင်တွေထက် ပိုပြီး တည်ငြိမ်တယ်... ကျုပ်တို့ရဲ့ ဘိုးဘေးတွေက ပြည်နယ်အချင်းချင်းပို့ဆောင်ရေးအစီအရင်တွေကို တည်ဆောက်ခဲ့တုန်းက အပယ်နှင်နယ်မြေကို ချိပ်ပိတ်ဖို့ မဟာချိပ်ပိတ်ခြင်းအစီအရင်နဲ့ပါ ပေါင်းစပ်ခဲ့တယ်လို့ ဆိုတယ်... အဲဒါက မဟာချိပ်ပိတ်ခြင်းအစီအရင်ကနေ အကာအကွယ်အစီအရင်ကို မျှဝေသုံးစွဲထားတာ... မဟာချိပ်ပိတ်ခြင်းအစီအရင်ရဲ့ အကာအကွယ်အစီအရင်နဲ့ ပတ်သက်ရင်တော့ စိန့်ကောင်းကင် နဝမပုံစံစွမ်းအားရှင် အများအပြား ပူးပေါင်းတိုက်ခိုက်ရင်တောင်မှ အဲဒီအစီအရင်ကို ချိုးဖောက်နိုင်မှာ မဟုတ်ဘူး... စိန့်ကောင်းကင်အဆင့် စွမ်းအားရှင် တစ်ယောက်တည်းဆိုရင်တော့ ပြောနေစရာတောင် မလိုတော့ဘူး”
လိပ်နက်ပရဝဏ်၏ ငွေမီးလျှံအကြီးအကဲ တစ်ဦး ဖြစ်သည့်အပြင် ကောရှုံသည် လိပ်နက်ပရဝဏ်၏ စည်းကမ်းထိန်းသိမ်းရေးအကြီးအကဲလည်း ဖြစ်သည်။ သူသည် ဗဟုသုတကြွယ်ဝသော လူတစ်ဦးလည်း ဖြစ်သည်။ အချိန်ရတိုင်း သိုင်းတာအိုသူတော်စင်နယ်မြေ၏ သမိုင်းကြောင်းကို သူ လေ့လာခဲ့သည်။ အောက်ပိုင်းပြည်နယ်ရှိ ပြည်နယ်အချင်းချင်းပို့ဆောင်ရေးအစီအရင်များအကြောင်းနှင့် လူသား မိစ္ဆာခေတ်အတွင်း အပယ်နှင်နယ်မြေကို ချိပ်ပိတ်ရန် လူသားစွမ်းအားရှင်များ တည်ဆောက်ခဲ့သော မဟာချိပ်ပိတ်ခြင်းအစီအရင်နှင့် ၎င်းတို့ ပေါင်းစပ်ထားမှုအကြောင်းကို သူ ဖတ်ရှုဖူးသည်။ အပယ်နှင်နယ်မြေနှင့် သိုင်းတာအိုသူတော်စင်နယ်မြေကို ဆက်သွယ်ထားသော လမ်းကြောင်းကို ချိပ်ပိတ်ရန် မဟာချိပ်ပိတ်ခြင်းအစီအရင်ကို အသုံးပြုခဲ့သည်။ သဘာ၀ကျကျပင် ၎င်းလမ်းကြောင်းမှာ သဘာဝကျကျပင် ဟင်းလင်းပြင်အတားအဆီးအတွင်းမှ အက်ကွဲကြောင်းတစ်ခု ဖြစ်သည်။
ဟင်းလင်းပြင်အတားအဆီးအတွင်းမှ အက်ကွဲကြောင်းကို ချိပ်ပိတ်ထားသောကြောင့် အပယ်နှင်နယ်မြေမှ မိစ္ဆာမျိုးနွယ်များသည် သိုင်းတာအိုသူတော်စင်နယ်မြေသို့ ဖြတ်ကျော်မလာနိုင်သည်မှာ နှစ်ပေါင်း ရာထောင်နှင့်ချီ၍ ကြာမြင့်ခဲ့ပြီ ဖြစ်သည်။ ဤအချက်ကို ကြည့်ခြင်းအားဖြင့် မဟာချိပ်ပိတ်ခြင်းအစီအရင်၏ အကာအကွယ်အစီအရင်သည် အလွန်အမင်း အစွမ်းထက်ကြောင်း သိမြင်နိုင်သည်။
စိန့်ကောင်းကင် နဝမပုံစံတွင် ရှိသော မိစ္ဆာများ များများစားစား မရှိသော်လည်း အရေအတွက် အတိုင်းအတာ တစ်ခုအထိတော့ ရှိနေသေးသည်။ ထိုသို့ဆိုလျှင်တောင်မှ သူတို့သည် မဟာချိပ်ပိတ်ခြင်းအစီအရင်ကို မဖျက်ဆီးနိုင်ခဲ့ကြပေ။
ဤအကြောင်းကြောင့် မဟာချိပ်ပိတ်ခြင်းအစီအရင်နှင့် အကာအကွယ်အစီအရင်ကို မျှဝေသုံးစွဲထားသော အောက်ပိုင်းပြည်နယ်၏ ပြည်နယ်အချင်းချင်းပို့ဆောင်ရေးအစီအရင်များသည် စိန့်ကောင်းကင် နဝမပုံစံ စွမ်းအားရှင် အများအပြား ပူးပေါင်းတိုက်ခိုက်လျှင်ပင် ဖျက်ဆီးခံရနိုင်ခြေ မရှိဟု ကောရှုံ ထင်မြင်သည်။ စိန့်ကောင်းကင်အဆင့် စွမ်းအားရှင် တစ်ဦးတည်းဆိုလျှင်တော့ ပြောနေစရာပင် မလိုတော့ပေ။
ဒါပေမဲ့ အောက်ပိုင်းပြည်နယ်က ပြည်နယ်အချင်းချင်းပို့ဆောင်ရေးအစီအရင်တွေမှာ ပြဿနာ ရှိနေတယ်ဆိုတာက တကယ်သာဆိုရင်... မဟာချိပ်ပိတ်ခြင်းအစီအရင်မှာလည်း ပြဿနာ ရှိနေတယ်လို့ ဆိုလိုတာလား.....
ထိုအတွေးသည် စိတ်ထဲ ဖြတ်ပြေးသွားသောအခါ ကောရှုံ၏ မျက်နှာမှာ ချက်ချင်း ဖြူရော်သွားသည်။ ရှုပ်ထွေးသော အမူအရာ အမျိုးမျိုးသည် သူ၏ မျက်နှာပေါ်တွင် ဖြတ်သန်းသွားသည်။
အလယ်ပိုင်းဒေသ၊ ဒုစရိုက်မြို့တော်....
ဝုန်း...
တည်းခိုခန်းတစ်ခုရှိ တိတ်ဆိတ်သော အခန်းတစ်ခုအတွင်း၊ ထောင့်တစ်နေရာတွင် ဖုန်မှုန့်တစ်မှုန်အဖြစ် ပြောင်းလဲထားသော ရတနာခုနှစ်ပါးနန်းဆောင်၏ စတုတ္ထထပ်မှ ပေါက်ကွဲသံတစ်ခု ထွက်ပေါ်လာသည်။ ပြင်းထန်သော လေပြင်းတစ်ခုသည် အခန်းထဲတွင် အင်ပြည့်အားပြည့် တိုက်ခတ်သွားသည်။
ပေါက်ကွဲသံနှင့်အတူ ကျယ်လောင်သော ရယ်မောသံကို ကြားလိုက်ရသည်။
လေထဲတွင် တင်ပျဉ်ခွေထိုင်ရင်း ရွှင်မြူးစွာ ရယ်မောနေသူမှာ အခြားသူ မဟုတ် သွမ့်လင်းထျန် ဖြစ်သည်။ သူ၏ ပတ်ပတ်လည်တွင် စိတ်လှုပ်ရှားမှု လေထုအလွှာ ရှိနေသည်။
သူသည် အောင်မြင်စွာ အဆင့်တက်သွားပြီ ဖြစ်သည်။ နှစ်လအကြာတွင် သူသည် နောက်ဆုံး၌ အဆင့်တက်နိုင်ခဲ့သည်။
“အနှစ်သာရသူတော်စင် အစောပိုင်းအဆင့်”
သွမ့်လင်းထျန် ရယ်မောခြင်းကို ရပ်တန့်လိုက်ပြီးနောက် သူ၏ ခန္ဓာကိုယ်ထဲရှိ နေသူတော်စင်စွမ်းအင်များကို လှုံ့ဆော်ရန် ကြိုးစားလိုက်ရာ သူ၏ နေသူတော်စင်စွမ်းအင်များထဲမှ အပြောင်းအလဲများကို တွေ့ရှိလိုက်ရသည်။
“လောလောဆယ် ငါ့ရဲ့ နေသူတော်စင်စွမ်းအင်က ဒြပ်စင်ဝါးမျိုခြင်းနည်းစနစ်ကို မသုံးဘဲ စိန့်ကောင်းကင် ပထမပုံစံစွမ်းအားရှင် တစ်ယောက်ရဲ့ သူတော်စင်မူရင်းစွမ်းအင်နဲ့ ညီမျှနေပြီ”
မဲနယ်ဖျော့ရောင် ပင်ကိုဝိညာဉ်အမြစ် ရှိတာက အားသာချက်တွေ အများကြီး ရှိတာပဲ... အဲဒါကို ခရမ်းရောင် ပင်ကိုဝိညာဉ်အမြစ်အဖြစ် မြှင့်တင်လိုက်ရင် ဘာဖြစ်သွားမလဲ... အဲဒီအချိန်ကျရင် ငါ့ရဲ့ ကျင့်ကြံမှုအမြန်နှုန်းက ဘယ်လောက်တောင် ကြောက်စရာ ကောင်းနေမလဲ.....
သွမ့်လင်းထျန်က ဝမ်းသာအားရဖြင့် စိတ်ထဲမှ တွေးလိုက်သည်။
သို့သော်လည်း သွမ့်လင်းထျန်၏ စိတ်ကြည်နူးမှုမှာ အချိန်ကြာကြာ မခံခဲ့ပေ။ သူ တည်းခိုခန်းမှ ထွက်လာသောအခါ ဂိုဏ်းမဲ့ကျင့်ကြံသူတချို့ စကားပြောနေသည်ကို သူ ကြားလိုက်ရသည်။ ၎င်းမှာ အထက်ပိုင်းပြည်နယ်ရှိ ပြည်နယ်အချင်းချင်းပို့ဆောင်ရေးအစီအရင် အနည်းငယ်တွင် တစ်ခုခု မှားယွင်းနေခြင်းဖြစ်သည်။ ၎င်းက လူများကို အောက်ပိုင်းပြည်နယ်သို့ မပို့ဆောင်နိုင်တော့ပေ။
***