သွမ့်လင်းထျန်သည် စိုးရိမ်ပူပန်လွန်းသောကြောင့် ဘာမှကို မတွေးနိုင်တော့လောက်အောင် ဖြစ်နေသည်။
အခြားတစ်ဖက်တွင် သိုင်းတာအိုသူတော်စင်နယ်မြေ၏ အထက်ပိုင်းပြည်နယ်ရှိ လူအများအပြားသည်လည်း မိစ္ဆာမျိုးနွယ်များ အထက်ပိုင်းပြည်နယ်သို့ ကျူးကျော်ဝင်ရောက်လာမည်ဆိုသော အတွေးကြောင့် စိုးရိမ်ပူပန်မှုများဖြင့် ရူးသွပ်တော့မတတ် ဖြစ်နေကြသည်။ ကျူးကျော်မှုကို သူတို့ အသက်ရှင် ကျော်ဖြတ်နိုင်မည်လား ဆိုသည်ကို သူတို့ မသိကြပေ။ ထိုအချိန်ရောက်လျှင် ပုန်းအောင်းနေခြင်းက အသုံးဝင်မည် မဟုတ်ပေ။
“တကယ်လို့ လူသား မိစ္ဆာခေတ်သာ ထပ်ပြီး ပေါ်ထွန်းလာရင် မိစ္ဆာတွေက အထက်ပိုင်းပြည်နယ်မှာ သောင်းကျန်းကြလိမ့်မယ်... လူသားတွေ ဘယ်နေရာမှာပဲ ပုန်းနေပုန်းနေ သူတို့ ရှာတွေ့သွားမှာပဲ”
“ကျစ်... မိစ္ဆာတွေက ဘာလို့များ တည်ရှိနေရတာလဲ”
“ဒီကိစ္စသာ မပေါ်လာရင် နတ်ဆိုးကျင့်ကြံသူတွေက မိစ္ဆာမျိုးနွယ်တွေဆီကနေ ဆင်းသက်လာတယ်ဆိုတာ ငါ သိမှာ မဟုတ်ဘူး... လူသား မိစ္ဆာခေတ်တုန်းက မိစ္ဆာမျိုးနွယ်တွေက အရမ်းကို ကြောက်စရာ ကောင်းတာပဲ”
“ဒီအရာတွေ အားလုံးက ခန့်မှန်းချက်တွေသာ ဖြစ်ပြီး အောက်ပိုင်းပြည်နယ်က ပြည်နယ်အချင်းချင်းပို့ဆောင်ရေးအစီအရင်တွေ ဖျက်ဆီးမခံရပါစေနဲ့လို့ပဲ ငါ မျှော်လင့်ပါတယ်”
ဆင်တူသော စကားဝိုင်းများကို ဒုစရိုက်မြို့တော် နေရာအနှံ့တွင် ကြားနိုင်ပေသည်။
အချိန်များ ကုန်လွန်လာသည်နှင့်အမျှ လူများသည် မိစ္ဆာမျိုးနွယ်များ အထက်ပိုင်းပြည်နယ်သို့ ကျူးကျော်ဝင်ရောက်လာမည်ကို စိုးရိမ်နေကြဆဲ ဖြစ်သော်လည်း အနည်းငယ် စတင် စိတ်အေးလာကြသည်။ အဆုံး၌ မိစ္ဆာမျိုးနွယ်များသည် အထက်ပိုင်းပြည်နယ်သို့ ကျူးကျော်ဝင်ရောက်လာခြင်း မရှိသေးဘဲ ဤအချိန်တွင် အရာအားလုံးမှာ ခန့်မှန်းချက် သက်သက်သာ ဖြစ်နေသေးသည်။ အောက်ပိုင်းပြည်နယ်ရှိ ပြည်နယ်အချင်းချင်းပို့ဆောင်ရေးအစီအရင်များမှာ ဖျက်ဆီးမခံရဘဲ ပြဿနာတစ်ခုခုနှင့် ကြုံတွေ့နေရခြင်းသာ ဖြစ်နိုင်ခြေ ရှိသည်။ သဘာဝကျကျပင် ခန့်မှန်းချက်များ မှန်ကန်နေလျှင်တောင်မှ ယခုအချိန်တွင် သူတို့ လုပ်နိုင်သည်မှာ ဘာမျှ မရှိပေ။ သူတို့ စောင့်ဆိုင်းနေရုံသာ တတ်နိုင်မည်ဖြစ်သည်။
အခု စိုးရိမ်နေလည်း အလကားပဲ... အားလုံးက အခြေအမြစ်မရှိတဲ့ ခန့်မှန်းချက်တွေပဲ ဖြစ်ပါစေလို့ ငါ မျှော်လင့်ရုံပဲ တတ်နိုင်တယ်.....
သွမ့်လင်းထျန်သည် ဒုစရိုက်မြို့တော်သို့ ပြန်လာစဉ် စိတ်ထဲမှ တိတ်တဆိတ် ဆုတောင်းလိုက်သည်။ သူလည်း စတင် တည်ငြိမ်လာပြီ ဖြစ်သည်။
အချိန်များ ကုန်လွန်လာသည်နှင့်အမျှ ဒုစရိုက်မြို့တော်ရှိ လေထုမှာလည်း စတင် ပြောင်းလဲလာသည်။ လူများမှာ ယခင်ကလောက် စိုးရိမ်ပူပန် မနေကြတော့ပေ။
သို့သော်လည်း အသီးသီးသော အင်အားစုကြီးများမှ လူများ ဝင်ရောက်လာမှုကြောင့် ဒုစရိုက်မြို့တော်ရှိ လေထုမှာ ထပ်မံ၍ တင်းမာလာစေခဲ့သည်။ ဤအင်အားစုကြီးများမှ လူများသည် အရင်းအမြစ် အမျိုးမျိုးကို စုဆောင်းရန် ဒုစရိုက်မြို့တော်သို့ ရောက်လာကြခြင်း ဖြစ်သည်။ အကြောင်းရင်းမှာ သိသာထင်ရှားသည်။ မိစ္ဆာမျိုးနွယ်များ၏ ကျူးကျော်မှုကို ပြင်ဆင်ရန် သူတို့ ရောက်လာကြခြင်း ဖြစ်သည်။ လုံလောက်သော ပြင်ဆင်မှုဖြင့် မိစ္ဆာမျိုးနွယ်များ ကျူးကျော်ဝင်ရောက်လာသည့်အခါ သူတို့၏ ခြံဝင်းကို သူတို့ ကာကွယ်နိုင်မည်ဖြစ်သည်။ အကယ်၍ သူတို့သာ အရင်းအမြစ်များကို စုဆောင်းထားပါက မိစ္ဆာများကို တိုက်ခိုက်နေစဉ်အတွင်း စိုးရိမ်စရာ တစ်ခု လျော့နည်းသွားမည် ဖြစ်သည်။
၎င်းမှာ လတ်တလော အကောင်းဆုံးသော ဖြေရှင်းချက် ဖြစ်သည်။
“မကြာသေးခင်က အမှောင်နယ်မြေဂိုဏ်းက လူတော်တော်များများ ဒုစရိုက်မြို့တော်ထဲမှာ အရင်းအမြစ်တွေ လာစုဆောင်းကြတယ်... သာမန် အင်အားစုတွေ ပေးတဲ့ စျေးထက် နှစ်ဆ ပေးတယ်လို့ ငါ ကြားတယ်”
“တခြား အင်အားစုတွေကလည်း အတုခိုးပြီး သူတို့ရဲ့ စျေးနှုန်းတွေကို တင်လိုက်ကြတယ်... ဒါပေမဲ့ စျေးတင်ပေးရင်တောင်မှ ရောင်းချင်တဲ့လူ သိပ်မရှိဘူး”
“သိသာပါတယ်... မိစ္ဆာမျိုးနွယ်တွေ ကျူးကျော်ဝင်ရောက်လာမယ်ဆိုတာ မသေချာပေမဲ့ ပြင်ဆင်ထားတာက အများကြီး ပိုကောင်းတယ်လေ... ဒီလိုအချိန်မျိုးမှာ ငတုံးတွေပဲ သူတို့ရဲ့ အရင်းအမြစ်တွေကို ရောင်းကြမှာ”
ဒုစရိုက်မြို့တော်ရှိ စားသောက်ဆိုင်တစ်ခုတွင် ဖောက်သည် အများအပြား အတင်းပြောနေကြသည်။
သူတို့၏ စကားများအရ အမှောင်နယ်မြေဂိုဏ်းကဲ့သို့သော အင်အားစုကြီးဂိုဏ်းများ၏ လုပ်ရပ်များကို သူတို့ ရွံရှာကြကြောင်း သိမြင်နိုင်သည်။
သွမ့်လင်းထျန်သည် စားသောက်ဆိုင်၏ ပြတင်းပေါက်အနီးတွင် ထိုင်ကာ သူ၏ ပတ်ဝန်းကျင်ရှိ စကားဝိုင်းများကို နားထောင်နေသည်။ အမှောင်နယ်မြေဂိုဏ်းအကြောင်း လူများ ပြောဆိုနေကြသည်ကို ကြားလိုက်ရသောအခါ အေးစက်စွာ တောက်ပနေသော သူ၏ မျက်လုံးများကို ကျဉ်းမြောင်းလိုက်သည်။ အမှောင်နယ်မြေဂိုဏ်းမှ အကြီးအကဲတစ်ဦးဖြစ်သူ ရှဲကျုံက သူ၏ နတ်ဆိုးချိပ်ပိတ်ကျောက်ပြားကို လုယူသွားခဲ့သည့် အချိန်ကို သူ ချက်ချင်း သတိရသွားသည်။
လောကကြီးက တကယ်ကို ကျဉ်းတာပဲ.....
“အမှောင်နယ်မြေဂိုဏ်းအကြောင်း ပြောရရင် စောစောက မြို့ထဲမှာ အမှောင်နယ်မြေဂိုဏ်းရဲ့ အကြီးအကဲ ရှဲကျုံကို ငါ တွေ့လိုက်တယ်”
ဖောက်သည် တစ်ဦး၏ စကားကို သွမ့်လင်းထျန် ကြားလိုက်ရပြီး သူ၏ မျက်လုံးများ ထပ်မံ ကျဉ်းမြောင်းသွားသည်။ သူ၏ မျက်လုံးများမှာ အေးစက်နေသည်။
ရှဲကျုံက ဒုစရိုက်မြို့တော်မှာ ရှိနေတာလား.....
ဤအချိန်တွင် သွမ့်လင်းထျန်သည် လက်စားချေရန် သူ၏ အခွင့်အရေးကို မြင်တွေ့လိုက်ရသကဲ့သို့ ခံစားလိုက်ရသည်။
“ရှဲကျုံ... အမှောင်နယ်မြေဂိုဏ်းရဲ့ ဦးသျှောင်လေးပါးထဲက တစ်ပါးဖြစ်တဲ့ ရွှေခြင်္သေ့ဘုရင်ရဲ့ သားလား”
“ဟုတ်တယ်... သူပဲ”
“သူ့အကြောင်း ပြောရရင် သူက တကယ်ကို ကံကောင်းတယ်... မကြာသေးခင်က သိုင်းတာအိုသူတော်စင်နယ်မြေရဲ့ အောက်ပိုင်းပြည်နယ်က လူတစ်ယောက်ဆီကနေ နတ်ဆိုးချိပ်ပိတ်ကျောက်ပြားကို သူ ရလာတယ်လို့ ငါ ကြားတယ်”
“နတ်ဆိုးချိပ်ပိတ်ကျောက်ပြားက နတ်ဆိုးကျင့်ကြံသူတွေအပေါ်ပဲ ထိရောက်တာမလို့ အဲဒီအချိန်တုန်းက သိပ်မထူးခြားလှဘူး... ဒါပေမဲ့ အခု မိစ္ဆာမျိုးနွယ်တွေ အထက်ပိုင်းပြည်နယ်ကို ကျူးကျော်လာနိုင်တယ်ဆိုတော့ နတ်ဆိုးချိပ်ပိတ်ကျောက်ပြားက အရမ်း အသုံးဝင်လာတော့မှာ... နတ်ဆိုးချိပ်ပိတ်ကျောက်ပြားက သာမန် နတ်ဆိုးကျင့်ကြံသူတွေထက် မိစ္ဆာတွေကို သတ်တဲ့နေရာမှာ ပိုတောင် ကောင်းသေးတယ်”
“အမှောင်နယ်မြေဂိုဏ်းရဲ့ ဂိုဏ်းချုပ်သာ နတ်ဆိုးချိပ်ပိတ်ကျောက်ပြားကို သုံးမယ်ဆိုရင် စိန့်ကောင်းကင် နဝမပုံစံ မိစ္ဆာတစ်ကောင်တောင်မှ သူ့ကို နိုင်မှာ မဟုတ်ဘူး”
“တကယ်လို့ လူသား မိစ္ဆာခေတ်သာ ထပ်ပြီး ပေါ်ထွန်းလာရင် နတ်ဆိုးချိပ်ပိတ်ကျောက်ပြားက မဟာသူတော်စင်လက်နက်ဆယ်ခုထဲမှာ အသုံးအဝင်ဆုံး အဓိပတိသူတော်စင်လက်နက် ဖြစ်လာလိမ့်မယ်... မဟာသူတော်စင်လက်နက်ကြီးဆယ်ခုအဆင့်စာရင်းရဲ့ ထိပ်ဆုံး သုံးနေရာမှာ အဆင့်မ၀င်ပေမဲ့ အဲဒါက လူသား မိစ္ဆာခေတ်မှာ တောက်ပဖို့ ကံကြမ္မာ ပါလာပြီးသားပဲ”
မကြာမီမှာပင် စားသောက်ဆိုင်ရှိ ဖောက်သည်များသည် မဟာသူတော်စင်လက်နက်ဆယ်ခု အဆင့်စာရင်းရှိ အဓိပတိသူတော်စင်လက်နက်တစ်ခုဖြစ်သော နတ်ဆိုးချိပ်ပိတ်ကျောက်ပြားအကြောင်းသို့ ပြောင်းသွားကြသည်။ သူတို့သည် ထိုအကြောင်းကို အချိန်အတော်ကြာ ပြောဆိုနေကြသည်။
ဖောက်သည်များ နတ်ဆိုးချိပ်ပိတ်ကျောက်ပြားအကြောင်း ဆွေးနွေးနေကြသည်ကို ကြားသောအခါ သွမ့်လင်းထျန်၏ မျက်နှာထားမှာ အလွန် မှောင်မိုက်လာသည်။ နတ်ဆိုးချိပ်ပိတ်ကျောက်ပြားမှာ မူလက သူ့အပိုင်ဖြစ်ပြီး ရှဲကျုံက သူ့ထံမှ အတင်းအဓမ္မ လုယူသွားခဲ့ခြင်း ဖြစ်သည်။
ရှဲကျုံ... မင်း အမှောင်နယ်မြေဂိုဏ်းကနေ ထွက်လာပြီး ဒုစရိုက်မြို့တော်ကို လာခဲ့မှတော့ ပြန်သွားဖို့ လုံး၀မတွေးနဲ့တော့.....
သွမ့်လင်းထျန်၏ အကြည့်များမှာ ပိုမို အေးစက်လာသည်။ လူများသာ သူ၏ မျက်လုံးများထဲရှိ အကြည့်ကို မြင်တွေ့လိုက်ရပါက လန့်သွားကြမည်မှာ သေချာသည်။
သွမ့်လင်းထျန် စိတ်ထဲမှ တွေးလိုက်သည်။
နတ်ဆိုးချိပ်ပိတ်ကျောက်ပြားက သူ့ဆီမှာ ရှိနေတုန်းပဲလို့ ငါ မျှော်လင့်တယ်... အဲဒီလိုဆိုရင် သူ့ကို သတ်ပြီးတာနဲ့ နတ်ဆိုးချိပ်ပိတ်ကျောက်ပြားကို ငါ ပြန်ယူမယ်.....
သဘာဝကျကျပင် ရှဲကျုံထံတွင် နတ်ဆိုးချိပ်ပိတ်ကျောက်ပြား ရှိနေရန် အခွင့်အရေး နည်းပါးကြောင်း သွမ့်လင်းထျန် သိသည်။ ဘာပဲဖြစ်ဖြစ် နတ်ဆိုးချိပ်ပိတ်ကျောက်ပြားမှာ အဓိပတိသူတော်စင်လက်နက် တစ်ခု ဖြစ်သည်။ အမှောင်နယ်မြေဂိုဏ်းသို့ သူ ပြန်ရောက်သောအခါ အမှောင်နယ်မြေဂိုဏ်း၏ ဦးသျှောင်လေးပါးထဲမှ တစ်ပါးဖြစ်သော သူ၏ ဖခင်ထံသို့ သေချာပေါက် ပေးအပ်လိုက်လောက်ပြီ ဖြစ်သည်။
အမှောင်နယ်မြေဂိုဏ်း၏ ဦးသျှောင်လေးပါးသည် မီးပူဇော်ခြင်းဂိုဏ်း၏ နာယကသုံးပါးနှင့် တူညီသော ကျော်ကြားမှုကို ရရှိထားကြသည်။ သူတို့အားလုံး၏ ကျင့်ကြံမှုအဆင့်များမှာ စိန့်ကောင်းကင် သတ္တမပုံစံ သို့မဟုတ် ထိုထက် ပိုမြင့်ကြသည်။
နတ်ဆိုးချိပ်ပိတ်ကျောက်ပြားက သူ့ဆီမှာ ရှိရှိ မရှိရှိ သူက ငါ့ဆီကို တံခါးလာခေါက်မှတော့ သူ့ကို ငါ သတ်ကို သတ်ရမယ်... မဟုတ်ရင် အကြီးအကဲကူနဲ့ ငါတို့ အဇူရာတိမ်ရဲတိုက်ရဲ့ ချပ်ဝတ်နက်တပ်က လူဆယ်ယောက် အသတ်ခံရတဲ့အတွက် ငါ့ကိုယ်ငါ ခွင့်လွှတ်နိုင်မှာ မဟုတ်ဘူး.....
သူ၏ မျက်လုံးများထဲတွင် သတ်ဖြတ်ချင်စိတ် အရိပ်အယောင် ပေါ်လာစဉ် သွမ့်လင်းထျန် စိတ်ထဲမှ တွေးလိုက်သည်။
မကြာမီမှာပင် သွမ့်လင်းထျန်သည် ကျသင့်ငွေ ရှင်းလိုက်ပြီး စားသောက်ဆိုင်မှ ထွက်ခွာလာခဲ့သည်။ ထို့နောက် ရှဲကျုံ၏ နေရာကို သူ စတင် စုံစမ်းထောက်လှမ်းတော့သည်။
ဆယ့်ငါးမိနစ် ကြာသည့်တိုင်အောင် သူ ဘာမျှ မတွေ့ရပေ။
နာရီဝက် အကြာထိ သူ ဘာမျှ မတွေ့ရသေးပေ။
တစ်နာရီ ကုန်လွန်သွားပြီးမှသာ ရှဲကျုံ မည်သည့်နေရာတွင် ရှိနေသည်ကို သွမ့်လင်းထျန် ရှာတွေ့သွားခဲ့သည်။
“ရှဲကျုံက စိန့်ကောင်းကင် တတိယပုံစံဖြစ်နေပြီ... ဒါ့ပြင် စိန့်ကောင်းကင် ပဉ္စမပုံစံ အမှောင်နယ်မြေဂိုဏ်းက အကြီးအကဲ တစ်ယောက်က သူ့နောက်ကို လိုက်နေတယ်... အဲဒီအကြီးအကဲက ရံဖန်ရံခါ သူ့ကို အေးဆေးလွှတ်ထားပေမဲ့ အဝေးကြီးတော့ မသွားဘူး...”
“တကယ်လို့ မင်း အခုလှုပ်ရှားပြီး သူ့ကို သတ်လိုက်ရင် စိန့်ကောင်းကင် ပဉ္စမပုံစံအမှောင်နယ်မြေဂိုဏ်းက အကြီးအကဲက မင်းကို သတ်ပစ်လိမ့်မယ်”
အကြီးအကဲဟော်က မဆင်မခြင် မလှုပ်ရှားရန် သတိပေးရင်း သွမ့်လင်းထျန်ကို ပြောလိုက်သည်။
စောစောက သွမ့်လင်းထျန်သည် ရှဲကျုံနှင့် သူ၏ အနီးရှိ လူ၏ ကျင့်ကြံမှုအဆင့်များကို စမ်းသပ်ပေးရန် အကြီးအကဲဟော်ကို တောင်းဆိုခဲ့သည်။ ရှဲကျုံကို သတဖို့အကြောင်းပြောသောအခါ သွမ့်လင်းထျန်၏ အသံထဲမှ စိတ်အားထက်သန်မှုကို သူ ကြားနိုင်သည်။ သွမ့်လင်းထျန်မှာ ရှဲကျုံကို သတ်ရန် တစ်စက္ကန့်လေးပင် ဆက်၍ မစောင့်နိုင်တော့သည့်အလား ဖြစ်နေသည်။
“မင်းအတွက် မှန်ကန်တဲ့ အခွင့်အရေးကို စောင့်တာ ပိုကောင်းတယ်... မင်း မတိုက်ခိုက်ခင် သူတို့ ပိုဝေးသွားတဲ့အထိ စောင့်ပါ”
သွမ့်လင်းထျန်မှာ ဒေါသအလျောက် ရှေ့သို့ ပြေးထွက်ကာ ရှဲကျုံအား သတ်ပစ်မည်ကို သူ စိုးရိမ်နေသည့်အလား အကြီးအကဲဟော်က ဆက်ပြောလိုက်သည်။
“စိတ်မပူပါနဲ့ အကြီးအကဲဟော်... ရှဲကျုံက ကျုပ်အသက်ကို စတေးရလောက်တဲ့အထိ မတန်ပါဘူး”
သွမ့်လင်းထျန်က ချက်ချင်း ပြန်ဖြေလိုက်သည်။ အကြီးအကဲဟော်၏ အသံထဲမှ စိုးရိမ်ပူပန်မှုကို ကြားလိုက်ရသောအခါ သူ၏ နှလုံးသား နွေးထွေးသွားသည်။
စိန့်ကောင်းကင် တတိယပုံစံ..... အဲဒါအပြင် အကြီးအကဲဟော် ပြောတာအရ သူက စိန့်ကောင်းကင် တတိယပုံစံကို မကြာခင်ကမှ ချိုးဖျက်ထားတာလား.....
သွမ့်လင်းထျန် လှောင်ပြုံးပြုံးလိုက်သည်။
ရှဲကျုံ... မင်းက လုံးဝကို တိုးတက်မလာခဲ့ပုံပဲ... အရင်က မင်း ပုရွက်ဆိတ်တစ်ကောင်လို ဆက်ဆံခဲ့ဖူးတဲ့ လူတစ်ယောက်က မင်းကို တစ်ကွက်တည်းနဲ့ သတ်နိုင်လောက်အောင် သန်မာနေပြီဆိုတာ မင်း စိတ်ကူးတောင် ယဉ်ဖူးမှာ မဟုတ်ဘူး.....
သွမ့်လင်းထျန်သည် အကြီးအကဲဟော်ကို ပြောသည့်အတိုင်း ဆိုလိုခြင်း ဖြစ်သည်။ ရှဲကျုံမှာ သူ အသက်စတေးရလောက်သည်အထိ မတန်ပေ။
သို့သော်လည်း နှစ်နာရီ ကုန်လွန်သွားခဲ့ပြီး ရှဲကျုံနှင့် အမှောင်နယ်မြေဂိုဏ်း အကြီးအကဲတို့ အရင်းအမြစ်များ သွားရောက် ဝယ်ယူနေကြသည်ကို စောင့်ကြည့်နေစဉ် သွမ့်လင်းထျန်မှာ ပို၍ စိတ်ပျက်လာသည်။ ဤအချိန်တစ်လျှောက်လုံး သူတို့သည် တစ်ယောက်နှင့် တစ်ယောက် အလွန်အမင်း ဝေးကွာသွားခြင်း မရှိခဲ့ကြပေ။
ရှဲကျုံ နည်းနည်း ပိုဝေးသွားတိုင်း အမှောင်နယ်မြေဂိုဏ်း အကြီးအကဲက ရည်ရွယ်သည်ဖြစ်စေ မရည်ရွယ်သည်ဖြစ်စေ သူ့အနားကို ပြန်လည် ချဉ်းကပ်လာတယ်... သူက မသိစိတ်ကနေ ရှဲကျုံကို ကာကွယ်ပေးနေတာ သေချာတယ်.....
ဤအချက်ကို သွမ့်လင်းထျန် သေချာ သိသည်။
စောင့်နေတာက အလကားပဲ... ငါ လှုပ်ရှားရမဲ့ အချိန် ရောက်ပြီ.....
သဘာဝကျကျပင် သွမ့်လင်းထျန်သည် ရှဲကျုံထံသို့ တိုက်ရိုက် ပြေးဝင်ကာ သူ့ကို တိုက်ခိုက်လောက်အောင် မဆင်မခြင် မလုပ်ပေ။ အကယ်၍ သူသာ ထိုသို့ ပြုလုပ်ခဲ့ပါက ရှဲကျုံကို တစ်ကွက်တည်းဖြင့် သတ်နိုင်ကောင်း သတ်နိုင်မည်ဖြစ်သော်လည်း ထို့နောက်တွင် စိန့်ကောင်းကင် ပဉ္စမပုံစံ အမှောင်နယ်မြေဂိုဏ်း အကြီးအကဲထံမှ လွတ်မြောက်ရန်မှာ သူ၏အတွက် မဖြစ်နိုင်သလောက် ဖြစ်သည်။
သွမ့်လင်းထျန်သည် ရှဲကျုံကို တစ်ကွက်တည်းဖြင့် သတ်ရန် နဂါးသွဲ့ကျောက်ဓားကို အသုံးပြုလိုက်ပါက သူ၏ နေသူတော်စင်စွမ်းအင်များ အားလုံး ကုန်ခမ်းသွားမည်ဆိုသော အချက်ကို ဘေးဖယ်ထားလိုက်ဦး အကယ်၍ သူ့ထံတွင် နေသူတော်စင်စွမ်းအင် အများအပြား ကျန်ရှိနေသေးလျှင်တောင်မှ စိန့်ကောင်းကင် ပဉ္စမပုံစံ အမှောင်နယ်မြေဂိုဏ်း အကြီးအကဲ၏ ပြိုင်ဘက် မဟုတ်ပေ။
သွမ့်လင်းထျန်သည် ရှဲကျုံကို တစ်ကွက်တည်းဖြင့် သတ်နိုင်သည်။ အလားတူပင် အမှောင်နယ်မြေဂိုဏ်း အကြီးအကဲကလည်း သူ့ကို တစ်ကွက်တည်းဖြင့် သတ်နိုင်သည်။
အမှောင်နယ်မြေဂိုဏ်းရဲ့ အကြီးအကဲကို အဝေးရောက်သွားအောင် မျှားထုတ်ဖို့ ငါ အစီအစဉ်တစ်ခု လိုတယ်... အဲ့လိညမဟုတ်ရင်လည်း အကြီးအကဲအနားကနေ ရှဲကျုံ သူ့သဘောနဲ့သူ ထွက်သွားအောင် နည်းလမ်းတစ်ခု စဉ်းစားရမယ်... အဲဒါက ငါ့အတွက် သူ့ကို သတ်ဖို့အတွက် အကောင်းဆုံးအခွင့်အရေး ဖန်တီးပေးလိမ့်မယ်.....
သွမ့်လင်းထျန်သည် အစီအစဉ်တစ်ခုကို စဉ်းစားရန် ကြိုးစားရင်း စိတ်ထဲမှ တွေးလိုက်သည်။
“ဒါပဲကွ”
စောင့်ဆိုင်းနိုင်သူများအတွက် အရာကောင်းများ ရောက်လာတတ်သည်ဆိုသော စကားအတိုင်းပင်ဖြစ်သည်။
ဆယ့်ငါးမိနစ်ခန့် အကြာတွင် သွမ့်လင်းထျန်သည် နောက်ဆုံး၌ ကောင်းမွန်သော အစီအစဉ်တစ်ခုကို စဉ်းစားမိသွားသည်။
***