မကြာသေးမီက မိစ္ဆာမျိုးနွယ်များ အထက်ပိုင်းနှင့် အောက်ပိုင်းပြည်နယ်များသို့ ကျူးကျော်ဝင်ရောက်လာနိုင်ခြေ ရှိသည်ဆိုသော သတင်းက အမှောင်နယ်မြေဂိုဏ်းသို့ ပြန့်နှံ့သွားခဲ့သည်။ သဘာဝကျကျပင် ဤအကြောင်းကို ကြားလိုက်ရသောအခါ ဂိုဏ်းမှာ တုန်လှုပ်သွားခဲ့သည်။ သို့သော်လည်း လူအများစုနှင့် မတူဘဲ သူတို့သည် သူတို့၏ တည်ငြိမ်မှုကို ထိန်းသိမ်းထားနိုင်ခဲ့သည်။ ဘာပဲဖြစ်ဖြစ် အမှောင်နယ်မြေဂိုဏ်းသည် သိုင်းတာအိုသူတော်စင်နယ်မြေ၏ အထက်ပိုင်းပြည်နယ်ရှိ ဂိုဏ်းကြီးသုံးဂိုဏ်းထဲမှ တစ်ဂိုဏ်း ဖြစ်သည်။ ၎င်းက သိုင်းတာအိုသူတော်စင်နယ်မြေတွင် ထိပ်တန်းအဆင့် အင်အားစုတစ်ခု ဖြစ်သည်။
သာမန်လူများသည် မိစ္ဆာမျိုးနွယ်များနှင့် ကျူးကျော်မှုကို ကြောက်ရွံ့ကြပေမည်။ သို့သော်လည်း အမှောင်နယ်မြေဂိုဏ်းမှ လူများအတွက်မူ ကွာခြားသည်။ မိစ္ဆာမျိုးနွယ်များသည် ကြောက်မက်ဖွယ် ကောင်းသော်လည်း အမှောင်နယ်မြေဂိုဏ်းသည်လည်း အားနည်းသည် မဟုတ်ပေ။ မိစ္ဆာမျိုးနွယ်များကို ခုခံကာကွယ်ရန် သူတို့တွင် အခွင့်အရေး ရှိသည်။
အကယ်၍ မိစ္ဆာမျိုးနွယ်များသာ အထက်ပိုင်းပြည်နယ်ကို ကျူးကျော်ဝင်ရောက်လာပါက အမှောင်နယ်မြေဂိုဏ်းသည် အခြားသော ဂိုဏ်းကြီးနှစ်ဂိုဏ်းနှင့်အတူ လူသားမျိုးနွယ်၏ နောက်ဆုံး မျှော်လင့်ချက် ဖြစ်လာလိမ့်မည်။
ဤအကြောင်းကြောင့် ၎င်းမှာ ခန့်မှန်းချက် သက်သက်သာ ဟုတ်သည်ဖြစ်စေ မဟုတ်သည်ဖြစ်စေ အမှောင်နယ်မြေဂိုဏ်းက ပြင်ဆင်မှုများ ပြုလုပ်ထားရမည် ဖြစ်သည်။ ဤသည်မှာ အရင်းအမြစ်များ ဝယ်ယူရန် သူတို့ ဒုစရိုက်မြို့တော်သို့ ရောက်လာရခြင်း၏ အကြောင်းရင်း ဖြစ်သည်။ တိုက်ဆိုင်စွာပင် ရှဲကျုံသည်လည်း ဒုစရိုက်မြို့တော်သို့ ရောက်လာသူများထဲမှ တစ်ဦး အပါအဝင် ဖြစ်သည်။
“ဟန့်... ကျုပ်တို့ကို အရင်းအမြစ်တွေ ရောင်းချင်တဲ့လူတွေက ပိုပိုပြီး နည်းလာတယ်”
ဒုစရိုက်မြို့တော်၏ အနောက်ဘက် တစ်လျှောက် အမှောင်နယ်မြေဂိုဏ်း အကြီးအကဲ တစ်ဦး၏ ဘေးမှ ပျံသန်းလာရင်း ရှဲကျုံက ညည်းတွားလိုက်သည်။ သူ၏ မျက်နှာထားမှာ တည်တင်းနေသည်။
“တကယ်လို့ ကျုပ် သဘောအတိုင်းသာဆိုရင်တော့ ကျုပ်တို့ကို အရင်းအမြစ်တွေ ရောင်းဖို့ ငြင်းတဲ့သူမှန်သမျှ အကုန်သတ်ပစ်လိုက်ပြီ”
ရှဲကျုံက ဆက်လက်၍ ဒေါသတကြီး ပြောလိုက်သည်။
“တကယ်လို့ မိစ္ဆာမျိုးနွယ်တွေသာ နောင်တစ်ချိန်မှာ အထက်ပိုင်းပြည်နယ်ကို တကယ် ကျူးကျော်ဝင်ရောက်လာရင် အမှောင်နယ်မြေဂိုဏ်းက လူသားမျိုးနွယ် တစ်ခုလုံးကို ခုခံကာကွယ်ပေးမဲ့ အဓိက အင်အားစု ဖြစ်လာလိမ့်မယ်... ဒုစရိုက်မြို့တော်က ဒီဂိုဏ်းမဲ့ကျင့်ကြံသူတွေက အမြောက်စာတွေ သက်သက်ပဲ... သူတို့ဆီမှာ အရင်းအမြစ်တွေ ချန်ထားပေးတာက အလဟဿပဲ”
သူ စကားပြောနေစဉ် သူ၏ မျက်လုံးများထဲတွင် သတ်ဖြတ်ချင်စိတ် အရိပ်အယောင်တစ်ခုကို မြင်တွေ့နိုင်သည်။
သူ၏ဘေးမှ ပျံသန်းလာသော အမှောင်နယ်မြေဂိုဏ်း အကြီးအကဲက ခေါင်းခါယမ်း၍ ပြောလိုက်သည်။
“အကြီးအကဲရှဲကျုံ... မင်း ပြောတာက မှန်တယ်ဆိုရင်တောင်မှ ငါတို့သာ သူတို့ကို သတ်လိုက်ရင် အကျိုးဆက်တွေ ရှိလာလိမ့်မယ်... ဒုစရိုက်မြို့တော်က ဂိုဏ်းမဲ့ကျင့်ကြံသူတွေ အချင်းချင်း သတ်ဖြတ်ကြရင် စိန့်ကောင်းကင် သတ္တမပုံစံ ဒါမှမဟုတ် အဲဒီထက် မြင့်တဲ့ ဂိုဏ်းမဲ့ကျင့်ကြံသူတွေက ဂရုစိုက်မှာ မဟုတ်ဘူး... ဒါပေမဲ့ အမှောင်နယ်မြေဂိုဏ်းကသာ ဂိုဏ်းမဲ့ကျင့်ကြံသူတွေကို သတ်လိုက်ရင် အဲဒီစွမ်းအားရှင်တွေက ကျုပ်တို့ကို သေချာပေါက် လက်စားချေလိမ့်မယ်”
အမှောင်နယ်မြေဂိုဏ်း အကြီးအကဲ စကားပြောနေစဉ် သူ၏ မျက်နှာထားမှာ လေးနက်သွားသည်။
“အကြီးအကဲချူ... ဒုစရိုက်မြို့တော်မှာ စိန့်ကောင်းကင် သတ္တမပုံစံ ဒါမှမဟုတ် အဲဒီထက် မြင့်တဲ့ ဂိုဏ်းမဲ့ကျင့်ကြံသူတွေ အဲဒီလောက်တောင် အများကြီး ရှိတာ သေချာလို့လား”
ရှဲကျုံက သံသယဝင်စွာဖြင့် မေးလိုက်သည်။
“ဒုစရိုက်မြို့တော်မှာ စိန့်ကောင်းကင် သတ္တမပုံစံ ဒါမှမဟုတ် အဲဒီထက် မြင့်တဲ့ စွမ်းအားရှင် အရေအတွက်က ကျုပ်တို့ ဂိုဏ်းက စွမ်းအားရှင် အရေအတွက်ထက် မနည်းလောက်ဘူးလို့ ကျုပ်ထင်တယ်... မဟုတ်ရင် ကျုပ်တို့ရဲ့ အမှောင်နယ်မြေဂိုဏ်းက ကျုပ်တို့ရဲ့ ဂိုဏ်းဘေးက ဒီလိုရှုပ်ထွေးနေတဲ့ မြို့တစ်မြို့ကို ဘာလို့ သည်းခံနေမယ်လို့ မင်း ထင်လဲ”
အမှောင်နယ်မြေဂိုဏ်း အကြီးအကဲ၏ မျက်လုံးများထဲတွင် သတိထားမှု အရိပ်အယောင်တစ်ခုကို မြင်တွေ့နိုင်သည်။
ဤစကားကို ကြားသောအခါ ရှဲကျုံ ချက်ချင်း တိတ်ဆိတ်သွားသည်။ သူ၏ဘေးမှ အမှောင်နယ်မြေဂိုဏ်း အကြီးအကဲမှာ သာမန် အမှောင်နယ်မြေဂိုဏ်း အကြီးအကဲ တစ်ဦး မဟုတ်ဘဲ သူ၏ ရာထူးမှာ ရှဲကျုံထက် တစ်ဆင့် ပိုမြင့်သည်။ ထို့ပြင် သူ၏ ကျင့်ကြံမှုအဆင့်မှာ စိန့်ကောင်းကင် ပဉ္စမပုံစံတွင် ရှိသည်။ ထို့ကြောင့် ဤအကြီးအကဲ၏ စကားကို သူ နားထောင်ခဲ့ခြင်း ဖြစ်သည်။
တစ်ချိန်တည်းမှာပင် ရှဲကျုံနှင့် အမှောင်နယ်မြေဂိုဏ်း အကြီးအကဲတို့ နှစ်ဦးစလုံးမှာ အဝေး တစ်နေရာမှ တစ်စုံတစ်ယောက်က သူတို့ကို စိုက်ကြည့်နေကြောင်း မသိခဲ့ကြပေ။ ထိုသူမှာ အခြားသူ မဟုတ်ဘဲ ရှဲကျုံကို သတ်ရန် ဆုံးဖြတ်ထားသော သွမ့်လင်းထျန်ပင် ဖြစ်သည်။
ယခင်က အမှောင်နယ်မြေဂိုဏ်းမှ အကြီးအကဲတစ်ဦးဖြစ်သူ ရှဲကျုံသည် သိုင်းတာအိုသူတော်စင်နယ်မြေ၏ အောက်ပိုင်းပြည်နယ်ရှိ အဇူရာတိမ်ရဲတိုက်သို့ သွားရောက်ကာ သွမ့်လင်းထျန်ထံမှ နတ်ဆိုးချိပ်ပိတ်ကျောက်ပြားကို အတင်းအဓမ္မ လုယူသွားခဲ့သည်။ အရေးအကြီးဆုံးမှာ သူသည် သွမ့်လင်းထျန် ဖခင်၏ ညာလက်ရုံးဖြစ်သူ အကြီးအကဲကူမီနှင့် ချပ်ဝတ်နက်တပ်ဖွဲ့ တစ်ဖွဲ့ကို သတ်ဖြတ်ခဲ့ခြင်း ဖြစ်သည်။ ထိုအချိန်ကတည်းက သွမ့်လင်းထျန်သည် ရှဲကျုံကို သူ၏ သေရာပါ ရန်သူအဖြစ် သတ်မှတ်ထားခဲ့သည်။
ဒုစရိုက်မြို့တော်တွင် ရှဲကျုံကို သွမ့်လင်းထျန် ရှာတွေ့ခဲ့သောကြောင့် ၎င်းမှာ ရှဲကျုံကို သတ်ရန် သူ့အတွက် အကောင်းဆုံး အခွင့်အရေးဖြစ်ကြောင်း သူ သိသည်။ အကယ်၍ ရှဲကျုံ အမှောင်နယ်မြေဂိုဏ်းသို့ ပြန်သွားသည်အထိ သူ စောင့်နေမည်ဆိုပါက ရှဲကျုံ မည်သည့်အချိန်မှ အပြင်သို့ ပြန်ထွက်လာမည်ဆိုသည်မှာ မသေချာပေ။
အမှောင်နယ်မြေဂိုဏ်းသည် မိစ္ဆာမျိုးနွယ်များ ကျူးကျော်ဝင်ရောက်လာနိုင်ခြေအတွက် ပြင်ဆင်မှုများ ပြုလုပ်ရမည်ဖြစ်သောကြောင့် အရင်းအမြစ်များ စုဆောင်းရန် ဒုစရိုက်မြို့တော်သို့ လူများ စေလွှတ်ခဲ့ခြင်း ဖြစ်သည်။ ရှဲကျုံသာ အမှောင်နယ်မြေဂိုဏ်းသို့ ပြန်ရောက်သွားသည်နှင့် သူ အပြင်သို့ ပြန်ထွက်လာရန် အချိန်အတော်ကြာ လိုအပ်မည်မှာ သေချာသလောက် ရှိနေသည်။
ဤအကြောင်းကြောင့် ဤအခွင့်အရေးကို လက်လွတ်ခံရန် သွမ့်လင်းထျန် ဆန္ဒမရှိပေ။
သူတို့ ထပ်ပြီး လူခွဲသွားတဲ့အထိ ငါ စောင့်မယ်... သူတို့ လူခွဲသွားတာနဲ့ ငါ့ရဲ့ အစီအစဉ်ကို ငါ အကောင်အထည်ဖော်လို့ ရပြီ.....
အဝေးမှနေ၍ ရှဲကျုံနှင့် အမှောင်နယ်မြေဂိုဏ်း အကြီးအကဲတို့ကို စူးစမ်းထောက်လှမ်းနေစဉ် သွမ့်လင်းထျန် စိတ်ထဲမှ တွေးလိုက်သည်။
ယခင်ဘဝက ကမ္ဘာမြေပေါ်တွင် ထိပ်တန်း လက်နက်အထူးကျွမ်းကျင်သူတစ်ဦးအနေဖြင့် သွမ့်လင်းထျန်တွင် အံ့မခန်း ခြေရာခံစွမ်းရည် ရှိသည်။ ရှဲကျုံ၏ ဘေးမှ အမှောင်နယ်မြေဂိုဏ်း အကြီးအကဲမှာ စိန့်ကောင်းကင် ပဉ္စမပုံစံ စွမ်းအားရှင် တစ်ဦး ဖြစ်သော်လည်း သွမ့်လင်းထျန် ရှိနေကြောင်းကို သူ လုံးဝ သတိမထားမိခဲ့ပေ။
ဆယ့်ငါးမိနစ်ခန့် အကြာတွင်...
သွမ့်လင်းထျန် တိတ်တဆိတ် ဆုတောင်းနေသည်ကို ဘုရားသခင် ကြားသွားပုံရကာ အမှောင်နယ်မြေဂိုဏ်း အကြီးအကဲသည် နောက်ဆုံးတွင် ရှဲကျုံနှင့် လူခွဲသွားသည်။ သူတို့ကြားရှိ အကွာအဝေးမှာ ပို၍ပို၍ ကျယ်လာသည်။ သို့သော်လည်း အကွာအဝေး တစ်ခုသို့ ရောက်သောအခါ အမှောင်နယ်မြေဂိုဏ်း အကြီးအကဲသည် ရှဲကျုံအနီးသို့ အလိုအလျောက် ပြန်လည် ချဉ်းကပ်လာသည်။ ရှဲကျုံ သူ၏ နတ်ဘုရားအာရုံ အာရုံခံနိုင်စွမ်းအတွင်းမှ အပြင်သို့ ထွက်မသွားစေရန်အတွက် ရှဲကျုံကို သတ်မှတ်ထားသော အကွာအဝေးတစ်ခုအတွင်း၌သာ ထားရှိပုံရသည်။
ရှဲကျုံသည် အမှောင်နယ်မြေဂိုဏ်း၏ ဦးသျှောင်လေးပါးထဲမှ တစ်ပါးဖြစ်သော ရွှေခြင်္သေ့ဘုရင်၏ သားဖြစ်သည်။ အမှောင်နယ်မြေဂိုဏ်း အကြီးအကဲမှာ ဤခရီးစဉ်တွင် ရှဲကျုံနှင့်အတူ လိုက်ပါလာသောကြောင့် ရှဲကျုံကို သူ စောင့်ရှောက်ပေးရမည်ဖြစ်သည်။ အကယ်၍ ရှဲကျုံ တစ်ခုခု ဖြစ်သွားပါက အမှောင်နယ်မြေဂိုဏ်းသို့ သူ ပြန်ရောက်သောအခါ သူ့အတွက် အဆုံးသတ် ကောင်းမည် မဟုတ်ပေ။ သူသည် စိန့်ကောင်းကင် ပဉ္စမပုံစံတွင် ရှိသော်လည်း ရွှေခြင်္သေ့ဘုရင်၏ အရှေ့တွင် ပုရွက်ဆိတ်တစ်ကောင်သာသာ ရှိပေသည်။
ရွှေခြင်္သေ့ဘုရင်သည် အမှောင်နယ်မြေဂိုဏ်း၏ ဦးသျှောင်တစ်ပါး ဖြစ်သည်။ အမှောင်နယ်မြေဂိုဏ်းရှိ ဦးသျှောင်များ အားလုံးမှာ စိန့်ကောင်းကင် သတ္တမပုံစံ သို့မဟုတ် ထိုထက် ပိုမြင့်ကြသည်။
................
မကြာမီမှာပင် ရှဲကျုံနှင့် အမှောင်နယ်မြေဂိုဏ်း အကြီးအကဲတို့မှာ တစ်ယောက်နှင့်တစ်ယောက် အတော်လေး ဝေးကွာသွားကြောင်း သွမ့်လင်းထျန် တွေ့ရှိလိုက်ရပြီး သူ၏ လှုပ်ရှားမှုကို ချက်ချင်း စတင်လိုက်သည်။
အချိန်ကျပြီ.....
သွမ့်လင်းထျန်၏ အမြန်နှုန်းမှာ အလွန် မြန်လွန်းခြင်း မရှိသလို အလွန် နှေးလွန်းခြင်းလည်း မရှိပေ။ ၎င်းမှာ အနှစ်သာရသူတော်စင် အစောပိုင်းအဆင့်ရှိ သာမန် သိုင်းကျင့်ကြံသူတစ်ဦးနှင့် ကွက်တိကျသော အမြန်နှုန်း ဖြစ်သည်။
ဝှစ်...
ခဏအကြာတွင် သွမ့်လင်းထျန်သည် ရှဲကျုံအနီးသို့ ရောက်ရှိလာပြီး ရှဲကျုံနှင့် ဆယ်မီတာခန့် အကွာမှနေ၍ သူ ပျံသန်းလိုက်လာလိုက်သည်။
သဘာဝကျကျပင် ရှဲကျုံသည် သွမ့်လင်းထျန်ကို ချက်ချင်း သတိပြုမိသွားသည်။ သို့သော်လည်း သွမ့်လင်းထျန်၏ အမြန်နှုန်းကို သူ မြင်တွေ့ပြီးနောက် သွမ့်လင်းထျန်မှာ အနှစ်သာရသူတော်စင် အစောပိုင်းအဆင့်ရှိ သိုင်းကျင့်ကြံသူ တစ်ဦးမျှသာ ဖြစ်မည်ဟု သူ ယူဆလိုက်သောကြောင့် သွမ့်လင်းထျန်ကို ဆက်လက်၍ အာရုံမစိုက်တော့ပေ။ သွမ့်လင်းထျန်သည် သူ့အတွက် ခြိမ်းခြောက်မှု တစ်ခု ဖြစ်နိုင်သည်ဟု သူ မထင်ပေ။
သွမ့်လင်းထျန်နှင့် ရှဲကျုံတို့ မျက်နှာချင်းဆိုင် ဆုံတွေ့တော့မည့် ဆဲဆဲတွင် သွမ့်လင်းထျန်က တစ်ခုခုကို ဖမ်းဆုပ်လိုက်သည့်အလား သူ၏ လက်များကို ရုတ်တရက် မြှောက်လိုက်ပြီးနောက် ချက်ချင်း လှုပ်ရှားမှု ရပ်သွားသည်။
သွမ့်လင်းထျန်၏ ရုတ်တရက် လှုပ်ရှားမှုများက ရှဲကျုံကို သတိဝင်သွားစေသည်။ ရှဲကျုံ လှုပ်ရှားမှုကို ရပ်တန့်လိုက်ပြီး သွမ့်လင်းထျန်ကို ဒေါသတကြီး စိုက်ကြည့်လိုက်သည်။ ထို့ပြင် သွမ့်လင်းထျန်၏ ကျင့်ကြံမှုအဆင့်ကို စစ်ဆေးရန် ရှဲကျုံက သူ၏ နတ်ဘုရားအာရုံကို ဆန့်ထုတ်လိုက်သည်။
အနှစ်သာရသူတော်စင် အစောပိုင်းအဆင့်.....
သွမ့်လင်းထျန်၏ ကျင့်ကြံမှုအဆင့်ကို သိရှိသွားပြီးနောက် ရှဲကျုံ စိတ်အေးသွားသည်။ အလွန်အမင်း သတိထားနေမိသော သူ့ကိုယ်သူ အပြစ်တင်လိုက်သည်။ အနှစ်သာရသူတော်စင် အစောပိုင်းအဆင့်ရှိ ကျင့်ကြံသူ တစ်ဦးမျှသာ ဖြစ်သူက သူ့အတွက် မည်သည့် ခြိမ်းခြောက်မှုကိုမျှ မပေးနိုင်ပေ။
သူ ငါ့ကြောင့် ရပ်လိုက်တာ မဟုတ်ဘူးပဲ.....
ထို့နောက်တွင် သွမ့်လင်းထျန်သည် ရပ်တန့်ပြီးနောက် သူ့ကို လှည့်ပင် မကြည့်ကြောင်း ရှဲကျုံ သတိထားမိလိုက်သည်။ ရှဲကျုံ ခေါင်းခါယမ်း၍ ထွက်သွားရန် ပြင်လိုက်သည်။
ရုတ်တရက်...
“အဇူရာဆေဘာ”
သွမ့်လင်းထျန်က အာမေဍိတ်သံ ပြုလိုက်သည်။
ရှဲကျုံ၏ မျက်လုံးများ ချက်ချင်း လင်းလက်သွားသည်။
အဇူရာဆေဘာလား... အဲဒါက မဟာသူတော်စင်လက်နက်ဆယ်ခုထဲက အဓိပတိသူတော်စင်လက်နက်တစ်ခု မလား... ဘာလို့ ဒီအနှစ်သာရသူတော်စင် အစောပိုင်းအဆင့်က လူငယ်ကျင့်ကြံသူက ရုတ်တရက်ကြီး အဇူရာဆေဘာလို့ အော်လိုက်ရတာလဲ... တစ်ခုခု ဖြစ်နေလို့လား.....
ထို့နောက်တွင် စောစောက သူ့ကို တစ်ချက်ပင် လှည့်မကြည့်ခဲ့သော အနှစ်သာရသူတော်စင် အစောပိုင်းအဆင့် ကျင့်ကြံသူသည် ပတ်ဝန်းကျင်ကို ခိုးကြောင်ခိုးဝှက် စတင် ကြည့်ရှုနေကြောင်း ရှဲကျုံ တွေ့ရှိလိုက်ရသည်။ ရှဲကျုံ သူ့ကို ကြည့်နေသည်ကို မြင်သောအခါ သူ၏ မျက်နှာထား အနည်းငယ် ပြောင်းလဲသွားသည်။ ထို့နောက် အနှစ်သာရသူတော်စင် အစောပိုင်းအဆင့် ကျင့်ကြံသူသည် အသက်ပြင်းပြင်း တစ်ချက်ရှိုက်ပြီး အနောက်ဘက်သို့ ပြေးသွားကြောင်း ရှဲကျုံ မြင်လိုက်ရသည်။
အရင်ဆုံး သူက အဇူရာဆေဘာလို့ အော်လိုက်တယ်... ပြီးတော့ အခု အနောက်ဘက်ကို ပြေးသွားတယ် ဟုတ်လား... စောစောက သူ သူ့ရဲ့ လက်တွေကို မြှောက်လိုက်တာ ထင်တယ်... သူက ဆက်သွယ်ရေးကျောက်စိမ်းပြား တစ်ခုကို လက်ခံလိုက်တာ ဖြစ်မယ်... အဲဒါက အဇူရာဆေဘာနဲ့ ပတ်သက်နေလို့များလား... ဟိုတလောက အဇူရာဆေဘာ အနောက်ပိုင်းဒေသမှာ ပေါ်လာတယ်လို့ ငါ ကြားခဲ့တယ်... အခု သူက တိုက်တိုက်ဆိုင်ဆိုင် အနောက်ဘက်ကို ပြေးနေတာလား.....
အတွေးအမျိုးမျိုးသည် ရှဲကျုံ၏ စိတ်ထဲတွင် ပေါ်လာသည်။
ငါ သူ့နောက်ကို လိုက်ရမယ်... သူ့ဆီမှာ အဇူရာဆေဘာနဲ့ ပတ်သက်တဲ့ သတင်းအချက်အလက်တွေ ရှိနေနိုင်တယ်... တကယ်လို့ ငါသာ အဖေ့အတွက် အဇူရာဆေဘာကို ရအောင် ယူပေးနိုင်ရင် အဖေ သေချာပေါက် အရမ်း ပျော်သွားလိမ့်မယ်.....
အနှစ်သာရသူတော်စင် အစောပိုင်းအဆင့် ကျင့်ကြံသူ၏ နောက်သို့ အနီးကပ် လိုက်သွားစဉ် ရှဲကျုံ၏ မျက်လုံးများထဲတွင် လောဘဇော အရိပ်အယောင်တစ်ခု ပေါ်လာသည်။ ထိုကျင့်ကြံသူမှာ တောက်ပသော မျက်လုံးများနှင့် ဓားပုံသဏ္ဌာန် မျက်ခုံးများ ရှိသော ရုပ်ရည်ချောမောသည့် အမျိုးသား တစ်ဦး ဖြစ်သည်။ သူသည် ခရမ်းရောင်ဝတ်စုံကို ဝတ်ဆင်ထားသည်။
ငါဘာလို့ ဒီကျောပြင်ကို မြင်ဖူးသလို ခံစားနေရတာလဲ.....
ခရမ်းရောင်ဝတ်စုံနှင့် လူငယ်၏ နောက်သို့ ဆက်လက် လိုက်သွားရင်း ရှဲကျုံ စိတ်ထဲမှ တွေးလိုက်သည်။ သို့သော်လည်း ဤလူကို သူ မည်သည့်နေရာတွင် မြင်ဖူးသလဲဆိုသည်ကို သူ စဉ်းစား၍ မရပေ။ ဤလူနှင့် သူ ဘယ်သောအခါမျှ မဆုံတွေ့ဖူးကြောင်း ရှဲကျုံ သေချာသည်။ သို့မဟုတ်ပါက သူ့ကို သူ မှတ်မိလိမ့်မည်ဖြစ်သည်။
“အကြီးအကဲချူး... ကျုပ် သွားရှင်းရမဲ့ ကိစ္စလေး တစ်ခု ရှိလို့... ခဏနေမှ ကျုပ် ပြန်လာခဲ့မယ်”
ရှဲကျုံသည် ခရမ်းရောင်ဝတ်စုံနှင့် လူငယ်၏နောက်သို့ သူ လိုက်မသွားမီ အမှောင်နယ်မြေဂိုဏ်း အကြီးအကဲ၏ နတ်ဘုရားအာရုံ ဧရိယာထဲမှ ထွက်သွားစဉ် အမှောင်နယ်မြေဂိုဏ်း အကြီးအကဲထံသို့ အသံ ပေးပို့လိုက်သည်။ စိန့်ကောင်းကင် ပဉ္စမပုံစံ အမှောင်နယ်မြေဂိုဏ်း အကြီးအကဲကို အဇူရာဆေဘာနှင့် ပတ်သက်သည့် ဖြစ်နိုင်ခြေရှိသော သတင်းအချက်အလက်အကြောင်း သူ မသိစေချင်ပေ။ သို့မဟုတ်ပါက ဆေဘာကို သူ ရနိုင်မည် မဟုတ်ပေ။
စွမ်းအားနှင့် အဆင့်အတန်း အရဆိုလျှင် အမှောင်နယ်မြေဂိုဏ်း၏ အကြီးအကဲသည် ရှဲကျုံ၏ ဖခင်နှင့် ယှဉ်နိုင်မည် မဟုတ်သော်လည်း ထိုအကြီးအကဲကို ကျောထောက်နောက်ခံ ပေးထားသော အခြား ဦးသျှောင်တစ်ပါး ရှိနေသည်။ အကယ်၍ ထိုအကြီးအကဲသာ ရှဲကျုံထံမှ အဇူရာဆေဘာကို လုယူပြီး အခြား ဦးသျှောင်ထံသို့ ပေးအပ်ရန် ဆုံးဖြတ်လိုက်ပါက သူနှင့် သူ၏ ဖခင်အတွက် ဘာမျှ ကျန်တော့မည် မဟုတ်ပေ။ ဤသို့ ဖြစ်လာမည်ကို သူ သဘာဝကျကျပင် အလိုမရှိပေ။
ဤအကြောင်းကြောင့် သူသည် အမှောင်နယ်မြေဂိုဏ်း အကြီးအကဲကို ယာယီ ဖယ်ရှားလိုက်ပြီး ခရမ်းရောင်ဝတ်စုံနှင့် လူငယ်ထံတွင် အဇူရာဆေဘာနှင့် ပတ်သက်သည့် သတင်းအချက်အလက် တကယ် ရှိမရှိကို ကြည့်ရန် သူ၏ နောက်သို့ လိုက်သွားခြင်း ဖြစ်သည်။
***