စိန့်ကောင်းကင် ပဉ္စမပုံစံ ကျင့်ကြံသူတစ်ဦးဖြစ်သော ချူးထန်ရှန်းသည် ရှဲကျုံ၏ ဘေးတွင် ရှိနေခဲ့သော အမှောင်နယ်မြေဂိုဏ်း၏ အကြီးအကဲ ဖြစ်သည်။ သူသည် ရှဲကျုံ၏ ဘေးတွင် တိုက်ရိုက် ရှိမနေသော်လည်းလုံခြုံရေးအတွက် ရှဲကျုံကို စောင့်ကြည့်ရန် သူ၏ နတ်ဘုရားအာရုံကို အဆက်မပြတ် အသုံးပြုထားခဲ့သည်။ အကယ်၍ ရှဲကျုံအပေါ် ခြိမ်းခြောက်မှု တစ်ခုခု ရှိလာပါက သူ ချက်ချင်း သတိထားမိသွားမည် ဖြစ်ကာ သူ့ကို ကယ်တင်နိုင်မည်ဖြစ်သည်။ သို့သော်လည်း သူ၏ နတ်ဘုရားအာရုံကို ရှဲကျုံအပေါ် အဆက်မပြတ် အာရုံစိုက်ထားသောကြောင့် ရှဲကျုံ၏ ပတ်ဝန်းကျင်ကိုမူ သူ အာရုံစိုက်မှု နည်းပါးသွားခဲ့သည်။ တစ်နည်းအားဖြင့်ဆိုရလျှင် ရှဲကျုံ အန္တရာယ် ကြုံရမှသာ ချူးထန်ရှန်း သတိပြုမိမည် ဖြစ်သည်။ သို့သော်လည်း ရှဲကျုံ မည်သည့်နေရာတွင် ရှိနေသည်၊ မည်သူနှင့် အတူရှိနေသည် ဆိုသည်ကိုတော့ သူ သိမည် မဟုတ်ပေ။
“အကြီးအကဲချူး... ကျုပ် သွားရှင်းရမဲ့ ကိစ္စလေး ရှိလို့... ခဏနေမှ ကျုပ် ပြန်လာခဲ့မယ်”
ရှဲကျုံ၏ အသံကို လက်ခံရရှိသောအခါ ချူးထန်ရှန်း အံ့အားသင့်သွားသည်။ ထို့နောက် သူ သတိပြန်ဝင်လာချိန်တွင် ရှဲကျုံမှာ သူ၏ နတ်ဘုရားအာရုံ နယ်ပယ်အတွင်းမှ ထွက်သွားပြီဖြစ်ကြောင်း သူ သတိထားမိလိုက်သည်။ ရှဲကျုံကို ရှာဖွေရန် သူ၏ နတ်ဘုရားအာရုံကို အသုံးပြုလိုက်သော်လည်း ရှဲကျုံ မည်သည့်နေရာတွင် ရှိနေသည်ကို သူ ရှာမတွေ့တော့ပေ။
ရွှေခြင်္သေ့ဘုရင်က ရှဲကျုံကို တကယ် အလိုလိုက်ပြီး အကျင့်ပျက်အောင် လုပ်ထားတာပဲ... ဒုစရိုက်မြို့တော်ရဲ့ နေရာတိုင်းမှာ အန္တရာယ်တွေ ခိုအောင်းနေတယ်ဆိုတာကို ရှဲကျုံ မသိဘူးလား.....
ရှဲကျုံကို သူ ရှာမတွေ့နိုင်တော့ကြောင်း သိလိုက်ရသောအခါ ချူးထန်ရှန်း၏ မျက်နှာထားမှာ မှုန်ကုပ်သွားသည်။
သူ ဘေးကင်းပါစေလို့ပဲ မျှော်လင့်ရတော့မှာပဲ... မဟုတ်ရင် ငါ အမှောင်နယ်မြေဂိုဏ်းကို ပြန်ရောက်ရင် ရွှေခြင်္သေ့ဘုရင်က ငါ့ကို သတ်လိမ့်မယ်.....
ရွှေခြင်္သေ့ဘုရင်သည် အမှောင်နယ်မြေဂိုဏ်းရှိ ဦးသျှောင်လေးပါးထဲတွင် အကြမ်းတမ်းဆုံး ဖြစ်သည်။ ရွှေခြင်္သေ့ဘုရင်၏ သတ်ဖြတ်ခြင်းကို ခံရသူ အများစုမှာ သေဆုံးသွားချိန်တွင် အလောင်း အစအနပင် မကျန်ခဲ့ကြပေ။
ငါ ဆက်ရှာသင့်တယ်.....
ရှဲကျုံ တစ်ခုခု ဖြစ်သွားပါက သူ့အပေါ် ကျရောက်လာမည့် ရွှေခြင်္သေ့ဘုရင်၏ ဒေါသကို သူ တွေးကြည့်မိလိုက်ပြီးနောက် ချူးထန်ရှန်းသည် အရင်းအမြစ်များ ဝယ်ယူရန် စိတ်အားထက်သန်မှု အားလုံး ပျောက်ဆုံးသွားခဲ့သည်။ နောက်ဆုံးတွင် ဒုစရိုက်မြို့တော်အတွင်း ရှဲကျုံကို ရှာဖွေရန် သူ ဆုံးဖြတ်လိုက်သည်။ သို့သော်လည်း မြို့၏ မှားယွင်းသော ဘက်ခြမ်းတွင် သူ၏ ရှာဖွေမှုကို စတင်ခဲ့ခြင်းမှာ သူ့အတွက် ကံဆိုးမှု တစ်ခုပင်ဖြစ်သည်။
ဒုစရိုက်မြို့တော်၏ အရှေ့ဘက်ခြမ်းတွင် ရှဲကျုံ မရှိကြောင်း ချူးထန်ရှန်း သတိပြုမိချိန်တွင် ရှဲကျုံမှာ ဒုစရိုက်မြို့တော်၏ အနောက်ဘက်ဂိတ်မှတစ်ဆင့် ထွက်ခွာသွားပြီ ဖြစ်သည်။
ရှဲကျုံသည် ခရမ်းရောင်ဝတ်စုံနှင့် လူငယ်၏ ခြေရာနောက်သို့ လိုက်ကာ ဒုစရိုက်မြို့တော်မှ ထွက်ခွာသွားခဲ့ခြင်း ဖြစ်သည်။
အဇူရာဆေဘာ ဟု ခရမ်းရောင်ဝတ်စုံနှင့် လူငယ်က အာမေဍိတ်သံ ပြုလိုက်သည်ကို ကြားသောအခါ ရှဲကျုံသည် ခရမ်းရောင်ဝတ်စုံနှင့် လူငယ်၏ နောက်သို့ လိုက်ရန် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။ ခရမ်းရောင်ဝတ်စုံနှင့် လူငယ်သည် အဇူရာဆေဘာ၏ တည်နေရာနှင့် ပတ်သက်သည့် သတင်းအချက်အလက်များကို လက်ခံရရှိလိုက်သည်ဟု သူ ထင်မြင်ခဲ့သည်။ ခရမ်းရောင်ဝတ်စုံနှင့် လူငယ် အနောက်ဘက်သို့ ဦးတည်သွားနေသည်ကို မြင်သောအခါ သူ၏ အတွေးများ မှန်ကန်ကြောင်း သူ ပို၍ပင် သေချာသွားခဲ့သည်။
ရှဲကျုံ၏ ပစ်မှတ်မှာ အဓိပတိသူတော်စင်လက်နက်တစ်ခု ဖြစ်သော အဇူရာဆေဘာ ဖြစ်သည်။
ရှဲကျုံ နောက်ယောင်ခံ လိုက်နေသော ခရမ်းရောင်ဝတ်စုံနှင့် လူငယ်မှာ အခြားသူ မဟုတ်ဘဲ သွမ့်လင်းထျန် ဖြစ်သည်။
အောင်မြင်ပြီ.....
သူ သေချာ ချထားသော ငါးစာအား ရှဲကျုံ ဟပ်သွားသည်ကို မြင်သောအခါ သွမ့်လင်းထျန် သူ့ရင်ထဲမှ စိတ်လှုပ်ရှားမှုကို သူ မထိန်းနိုင်တော့သလောက် ဖြစ်သွားသည်။ စိန့်ကောင်းကင် ပဉ္စမပုံစံ အမှောင်နယ်မြေဂိုဏ်း အကြီးအကဲ၏ ဘေးမှ ရှဲကျုံ သူ၏ သဘောဆန္ဒအလျောက် ထွက်သွားစေရန် သူ စီစဉ်ထားခဲ့ခြင်း ဖြစ်သည်။ ၎င်းမှာ ရှဲကျုံကို သတ်ပြီးနောက် သူ၏ ကိုယ်ပိုင် ဘေးကင်းရေးကို အာမခံနိုင်မည့် တစ်ခုတည်းသော နည်းလမ်း ဖြစ်သည်။
ရှဲကျုံ၏ စိတ်ဝင်စားမှုကို ဆွဲဆောင်နိုင်မည့် တစ်ခုခုကို သွမ့်လင်းထျန် လိုအပ်ခဲ့သည်။ အခြားသူများကို ဝေမျှချင်မည် မဟုတ်သော အရာတစ်ခု ဖြစ်ဖို့လိုသည်။ ထိုအချိန်တွင် သူ၏ စိတ်ထဲ၌ အဇူရာဆေဘာ ပေါ်လာခဲ့သည်။ အဇူရာဆေဘာမှာ မဟာသူတော်စင်လက်နက်ကြီးဆယ်ခုထဲက ကျော်ကြားသော အဓိပတိသူတော်စင်လက်နက်တစ်ခု ဖြစ်သည်။ သွမ့်လင်းထျန်သည် ရှဲကျုံကို မျှားထုတ်ရန် အဇူရာဆေဘာကို အသုံးပြုဖို့ ဆုံးဖြတ်ခဲ့သည်။ အဇူရာဆေဘာ အနောက်ပိုင်းဒေသတွင် ပေါ်လာသည်ဆိုသော ကောလာဟလများ ရှိနေကြောင်း သူ သိသည်။ သဘာဝကျကျပင် အမှောင်နယ်မြေဂိုဏ်းကလည်း ဤအကြောင်းကို ကြားသိမည်သာ ဖြစ်သည်။ ထို့ကြောင့် သူ အနောက်ဘက်သို့ ပြေးရန် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။ သူ့ထံတွင် အဇူရာဆေဘာနှင့် ပတ်သက်သည့် သတင်းအချက်အလက် ရှိနေသည်ဆိုသော ကောက်ချက်ကို ရှဲကျုံ ချလိမ့်မည်ဖြစ်ကြောင်း သူ သိသည်။
ဒုစရိုက်မြို့တော်မှ မထွက်ခွာမီလေးတင် ရှဲကျုံသည် အမှောင်နယ်မြေဂိုဏ်း အကြီးအကဲ၏ နတ်ဘုရားအာရုံ အကာအကွယ် နယ်ပယ်အတွင်းမှ ထွက်သွားပြီဖြစ်ကြောင်း အကြီးအကဲဟော်က သွမ့်လင်းထျန်အား အသိပေးခဲ့သည်။
ဒုစရိုက်မြို့တော်မှ သူတို့ ထွက်လာပြီးသည်နှင့် ရှဲကျုံကို သူ သတ်နိုင်ကြောင်း သွမ့်လင်းထျန် သိသော်လည်း သူ လှုပ်ရှားရန် အလျင်မလိုခဲ့ပေ။ သူ ပိုဝေးဝေး သွားလေလေ သူ့အတွက် ပို၍ ဘေးကင်းလေလေ ဖြစ်သည်။
ဟန့်... ရှဲကျုံ... မင်း ဒီနေ့ သေရတော့မယ်... မင်းကိုယ်မင်းကလွဲပြီး တခြား ဘယ်သူ့ကိုမှ အပြစ်တင်လို့မရဘူး... မင်းမှာ အဓိပတိသူတော်စင်လက်နက် ဆယ်ခုထဲက တစ်ခု ရှိနေပြီးသားကို နောက်တစ်ခု ထပ်လိုချင်သေးတယ်ပေါ့လေ... မင်းကိုယ်မင်း ဘယ်သူလို့များ ထင်နေတာလဲ... နတ်ဘုရားက မင်းဘက်မှာ ရှိနေတယ်လို့ ထင်နေတာလား.....
အနောက်ဘက်သို့ ဆက်လက် သွားနေစဉ် သွမ့်လင်းထျန် စိတ်ထဲမှ တွေးလိုက်သည်။
ရှဲကျုံသည် အဇူရာဆေဘာကို သူ တစ်ယောက်တည်း ပိုင်ဆိုင်ချင်သောကြောင့် သူ၏ နောက်သို့ တစ်ယောက်တည်း လိုက်လာခြင်းဖြစ်ကြောင်း သွမ့်လင်းထျန် အလွန် ကောင်းစွာ သိသည်။ ရှဲကျုံ၏ လောဘကို သူက အခွင့်ကောင်းယူကာ ထောင်ချောက်ထဲသို့ မျှားခေါ်ခဲ့ခြင်း ဖြစ်သည်။ ဘာပဲဖြစ်ဖြစ် သူ သိသလောက်တော့ ရှဲကျုံမှာ အလွန် လောဘကြီးသော လူတစ်ယောက် ဖြစ်သည်။
ဒုစရိုက်မြို့တော်မှ မိုင်တစ်သောင်းခန့် ကွာဝေးသော နေရာသို့ ရောက်ပြီးနောက် သွမ့်လင်းထျန် ရပ်တန့်လိုက်သည်။ သူ အချိန်မဆွဲတော့ဘဲ သူ၏ နေသူတော်စင်စွမ်းအင်များကို အကန့်အသတ်မရှိ စတင် လှုံ့ဆော်လိုက်သည်။
“ဒြပ်စင်ဝါးမျိုခြင်းနည်းစနစ်”
သွမ့်လင်းထျန်သည် နတ်ဘုရားစွမ်းရည်ဖြစ်သော ဒြပ်စင်ဝါးမျိုခြင်းနည်းစနစ်ကို ချက်ချင်း အသုံးပြုလိုက်ပြီး ဝဲကတော့များသည် သူ၏ ခန္ဓာကိုယ် ပတ်ပတ်လည်တွင် စတင် ပေါ်လာသည်။ ထို့နောက် ၎င်းသည် သူ၏ ပတ်ဝန်းကျင်ရှိ ကောင်းကင်နှင့်မြေပြင်၏ ဝိညာဉ်စွမ်းအင်များကို စတင် စုပ်ယူလိုက်သည်။ သူ၏ နေသူတော်စင်စွမ်းအင်များမှာ မယုံနိုင်လောက်အောင် အမြန်နှုန်းဖြင့် မြင့်တက်လာသည်။
ယခင်က သွမ့်လင်းထျန်၏ နေသူတော်စင်စွမ်းအင်များမှာ စိန့်ကောင်းကင် ပထမပုံစံ ကျင့်ကြံသူတစ်ဦး၏ သူတော်စင်မူရင်းစွမ်းအင်နှင့် ညီမျှသည်။
လက်ရှိ သွမ့်လင်းထျန်၏ နေသူတော်စင်စွမ်းအင်သည် စိန့်ကောင်းကင် တတိယပုံစံ ကျင့်ကြံသူတစ်ဦး၏ သူတော်စင်မူရင်းစွမ်းအင်နှင့် မယှဉ်နိုင်သော်လည်း ၎င်းနှင့် အတော်လေး နီးစပ်နေပြီ ဖြစ်သည်။ လတ်တလောတွင် သူ၏ နေသူတော်စင်စွမ်းအင်မှာ စိန့်ကောင်းကင် ဒုတိယပုံစံရှိ ကျင့်ကြံသူ အများစု၏ သူတော်စင်မူရင်းစွမ်းအင်များထက် ပိုမို အစွမ်းထက်သည်။
***