အနှစ်သာရသူတော်စင် အစောပိုင်းအဆင့်ကို ချိုးဖျက်ပြီးကတည်းက ငါ့ရဲ့ နေသူတော်စင်စွမ်းအင်က အတော်လေး တိုးတက်လာခဲ့တယ်... ငါ့ရဲ့ နတ်ဘုရားစွမ်းရည်တွေနဲ့ တခြားနည်းစနစ်တွေနဲ့ဆိုရင် နဂါးသွဲ့ကျောက်ဓားကို မသုံးဘဲနဲ့တောင်မှ စိန့်ကောင်းကင် တတိယပုံစံ သာမန် ကျင့်ကြံသူတစ်ယောက်က ငါ့ရဲ့ ပြိုင်ဘက် မဟုတ်ဘူး.....
ဒြပ်စင်ဝါးမျိုခြင်းနည်းစနစ်က သူ၏ နေသူတော်စင်စွမ်းအင်ကို မြှင့်တင်ပေးလိုက်ပြီးနောက် သူ၏ ခန္ဓာကိုယ်ထဲတွင် စွမ်းအားများ လျှံကျလာသည်ကို သွမ့်လင်းထျန် ခံစားလိုက်ရသည်။ သူ၏ စွမ်းအားသစ်ကို စမ်းသပ်ရန် တစ်စုံတစ်ယောက်နှင့် တိုက်ခိုက်ဖို့ သူ မစောင့်နိုင်တော့ပေ။
တကယ်လို့ ငါသာ နဂါးသွဲ့ကျောက်ဓားကို သုံးမယ်ဆိုရင် စိန့်ကောင်းကင် စတုတ္ထပုံစံအောက်က ကျင့်ကြံသူတွေထဲမှာ ငါ ပြိုင်ဘက်ကင်း ဖြစ်လိမ့်မယ်... တကယ်တော့ နဂါးသွဲ့ကျောက်ဓားကို သုံးမယ်ဆိုရင် သာမန်စိန့်ကောင်းကင် စတုတ္ထပုံစံစွမ်းအားရှင်တစ်ယောက်ကို သတ်နိုင်တယ်လို့တောင် ငါ သေချာတယ်.....
ဤအကြောင်းကို တွေးမိသောအခါ သွမ့်လင်းထျန်၏ ယုံကြည်မှုများ မြင့်တက်လာသည်။
တိုက်တိုက်ဆိုင်ဆိုင်နဲ့ ငါလည်း ရှဲကျုံကို မြန်မြန် မသေစေချင်ဘူး... ငါ အချိန်ယူပြီး ငါ့ရဲ့ နတ်ဘုရားစွမ်းရည်တွေနဲ့ နည်းစနစ်တွေကို သူ့အပေါ် စမ်းသပ်လို့ ရတယ်... အနှစ်သာရသူတော်စင် အစောပိုင်းအဆင့်ကို ချိုးဖျက်ပြီးတဲ့နောက် ဘယ်လို အပြောင်းအလဲတွေ ဖြစ်လာလဲဆိုတာ ကြည့်လို့ ရတာပေါ့... နောင်တနဲ့ မျှော်လင့်ချက်မဲ့ခြင်းဆိုတဲ့ အဓိပ္ပာယ်ကို သူ့ကို ငါ သင်ပေးမယ်.....
ရှဲကျုံ အကြီးအကဲကူမီနှင့် ချပ်ဝတ်နက်တပ်ဖွဲ့တို့အား သတ်ဖြတ်ခဲ့ပုံကို ပြန်လည် အမှတ်ရလာသောအခါ သွမ့်လင်းထျန်က အံကြိတ်ကာ ရေရွတ်လိုက်သည်။ မျိုသိပ်ထားရသော သူ၏ ဒေါသများ အားလုံးမှာ မည်သည့်အချိန်တွင်မဆို ပေါက်ကွဲထွက်တော့မည်ဟု သူ ခံစားရသည်။
ဟမ်... သူ ဘာလို့ ရုတ်တရက် ရပ်သွားတာလဲ... သူ ဘာလုပ်နေတာလဲ... ဒီလောက် အချိန်တိုအတွင်းမှာ သူ့ရဲ့ စွမ်းအားက ဘယ်လိုလုပ်ပြီး ဒီလောက် သိသိသာသာ မြင့်တက်သွားရတာလဲ... သူက အကူအညီအမျိုးအစား နတ်ဘုရားစွမ်းရည် တစ်ခုခုကို သုံးလိုက်တာလား.....
ရှဲကျုံ၏ စိတ်ထဲတွင် မေးခွန်းပေါင်း မြောက်မြားစွာဖြင့် ပြည့်နှက်သွားသည်။ သွမ့်လင်းထျန် ရပ်တန့်သွားသည်ကို မြင်သောအခါ သူလည်း ရပ်တန့်လိုက်သည်။
သွမ့်လင်းထျန်ကို ထပ်မံ စမ်းသပ်ရန် သူ၏ နတ်ဘုရားအာရုံကို အသုံးပြုလိုက်သောအခါ သွမ့်လင်းထျန်၏ အပြောင်းအလဲများကို ရှဲကျုံ တွေ့ရှိသွားသည်။ အနှစ်သာရသူတော်စင် အစောပိုင်းအဆင့်တွင်သာ ရှိနေသင့်သော ခရမ်းရောင်ဝတ်စုံနှင့် လူငယ်မှာ စိန့်ကောင်းကင် ဒုတိယပုံစံ စွမ်းအားရှင်တစ်ဦး၏ သူတော်စင်မူရင်းစွမ်းအင်ထက် ပိုမို အစွမ်းထက်သော စွမ်းအင်တစ်ခုကို ပိုင်ဆိုင်ထားပုံရသည်ကို တွေ့လိုက်ရသောကြောင့် သူ အံ့အားသင့်သွားသည်။ ယင်းသည် စိန့်ကောင်းကင် တတိယပုံစံ စွမ်းအားရှင်တစ်ဦး၏ သူတော်စင်မူရင်းစွမ်းအင်လောက် အစွမ်းမထက်သော်လည်း ၎င်းနှင့် အတော်လေး နီးစပ်နေဆဲ ဖြစ်သည်။
ဒီလူငယ်က တကယ် လျှို့ဝှက်ဆန်းကြယ်တယ်.....
သွမ့်လင်းထျန်၏ အပြောင်းအလဲများကို တွေ့ရှိသွားပြီးနောက်တွင်ပင် ရှဲကျုံမှာ စိုးရိမ်ပူပန်ခြင်း မရှိသလို ခြိမ်းခြောက်ခံနေရသည်ဟုလည်း မခံစားရပေ။ အကြောင်းမှာ သူ၏ နည်းစနစ်များ အားလုံးကို အသုံးပြုထားသော သွမ့်လင်းထျန်နှင့် ယှဉ်လျှင် မည်သည့် နည်းစနစ်ကိုမျှ အသုံးမပြုထားသော သူက ပို၍ သန်မာနေဆဲ ဖြစ်သောကြောင့်ဖြစ်သည်။ သူ၏ နတ်ဘုရားစွမ်းရည်များကို အသုံးပြုလိုက်ပါက သူ၏ အရှေ့မှ လူကို လွယ်လွယ်ကူကူ အနိုင်ယူနိုင်မည်ဟု သူ ယုံကြည်ချက် ရှိသည်။
“ရှဲကျုံ”
ရှဲကျုံ အတွေးများထဲ နစ်မြောနေစဉ် ဟိန်းထွက်လာသော အသံတစ်ခု ထွက်ပေါ်လာသည်။ မည်သည့်နေရာတွင် ကြားခဲ့ဖူးသနည်းဆိုသည်ကို သူ မမှတ်မိသော်လည်း ထိုအသံမှာ သူ့အတွက် ရင်းနှီးနေပုံရသည်။
ရှဲကျုံ သတိပြန်ဝင်လာပြီးနောက် သူ နောက်က လိုက်နေသော ခရမ်းရောင်ဝတ်စုံနှင့် လူငယ်သည် နောက်သို့ လှည့်ကာ သူနှင့် မျက်နှာချင်းဆိုင်သို့ ပျံသန်းလာသည်ကို သူ မြင်လိုက်ရသည်။
“မင်း... မင်း ငါ့ကို သတိထားမိတယ်ပေါ့.....”
ခရမ်းရောင်ဝတ်စုံနှင့် လူငယ်သည် သူ၏ တည်ရှိမှုကို သတိထားမိကြောင်း နားလည်သွားသောအခါ ရှဲကျုံ၏ မျက်နှာထား ပြောင်းလဲသွားသည်။ ပို၍ အရေးကြီးသည်မှာ ခရမ်းရောင်ဝတ်စုံနှင့် လူငယ်သည် သူ့ကို သိနေပုံရသည်။ သို့မဟုတ်ပါက သူ၏ နာမည်ကို မည်ကဲ့သို့ သိနိုင်မည်နည်း....
“အစကတည်းက မင်းကို ဒီအထိ မျှားခေါ်လာတာက ငါ့ရဲ့ အစီအစဉ်ပဲ...ငါ ဘယ်လိုလုပ် မင်း ငါ့နောက်ကို လိုက်နေတာ မသိဘဲ နေမှာလဲ”
သွမ့်လင်းထျန်က ရှဲကျုံကို အေးစက်စွာ ကြည့်ရင်း မထီမဲ့မြင် လေသံဖြင့် ပြောလိုက်သည်။
“မင်း... မင်းက ငါ့ကို မျှား ခေါ်လာတာလား”
သွမ့်လင်းထျန်၏ စကားများကို နားထောင်ပြီးနောက် ဘာတွေဖြစ်နေလဲ ရှဲကျုံ မသိသေးပါက သူ တစ်ဘ၀လုံးနေထိုင်ခဲ့တာ အလဟဿဖြစ်သွားလိမ့်မည်ဖြစ်သည်။ သွမ့်လင်းထျန်သည် သူ့ကို မျှားထုတ်ရန် အဇူရာဆေဘာကို တမင်တကာ အသုံးပြုခဲ့ခြင်း ဖြစ်သည်။
ရှဲကျုံသည် သူ၏ ပတ်ဝန်းကျင်ကို ချက်ချင်း အကဲခတ်လိုက်သည်။ ခရမ်းရောင်ဝတ်စုံနှင့် လူငယ်ကို သူ၏ ပြိုင်ဘက်ဟု မထင်သောကြောင့် ခရမ်းရောင်ဝတ်စုံနှင့် လူငယ်သည် တစ်ယောက်တည်း မဟုတ်ဟု သူ တွေးလိုက်သည်။
“စိတ်ပူမနေနဲ့... ဒီမှာ ငါတို့ နှစ်ယောက်တည်းပဲ ရှိတယ်”
သွမ့်လင်းထျန်က လှောင်ပြုံးပြုံးကာ ပြောလိုက်သည်။ ရှဲကျုံ၏ လုပ်ရပ်များကို ကြည့်ပြီ ရှဲကျုံ ဘာတွေးနေသည်ကို သူ အလွယ်အကူ ခန့်မှန်းနိုင်သည်။
....................
“ဒီမှာ ငါတို့ နှစ်ယောက်တည်းပဲ ရှိတာလား”
သွမ့်လင်းထျန်၏ စကားကို ကြားသောအခါ ရှဲကျုံက မယုံကြည်နိုင်ဖြစ်သွားသည်။ သူ၏ ပတ်ဝန်းကျင်ကို ဆက်လက် အကဲခတ်လိုက်သည်။ သူ၏ နတ်ဘုရားအာရုံကို အသုံးပြုကာ ပတ်ဝန်းကျင်ရှိ နေရာအနှံ့အပြားကို စစ်ဆေးလိုက်ပြီး ပုန်းကွယ်နေဆဲဟု သူ ယုံကြည်ထားသော လူကို မတွေ့မချင်း အနားယူမည် မဟုတ်သည့်အလား ရှာဖွေနေသည်။
ရှဲကျုံ၏ လုပ်ရပ်ကြောင့် သွမ့်လင်းထျန် ဆွံ့အသွားသော်လည်း သူ ဘာမျှ ဆက်မပြောတော့ပေ။ ရှဲကျုံကို စိုက်ကြည့်နေသော သူ၏ အကြည့်များမှာ အေးစက်နေသည်။
သွမ့်လင်းထျန်၏ အကြည့်များကို ခံစားလိုက်ရသောအခါ ရှဲကျုံ တုန်လှုပ်သွားသည်။ သူ အမြန် သတိပြန်ဝင်လာပြီး သွမ့်လင်းထျန်ကို လှည့်ကြည့်လိုက်သည်။ ထိုအချိန်တွင် သွမ့်လင်းထျန်ထံမှ ထွက်ပေါ်နေသော ပြင်းထန်လှသည့် သတ်ဖြတ်ချင်စိတ်များကို သူ ခံစားလိုက်ရသည်။
“မင်းက ဘယ်သူလဲ... ငါ့ကို ဘာလို့ မျှားခေါ်လာတာလဲ”
ရှဲကျုံက အက်ကွဲသောအသံဖြင့် မေးလိုက်သည်။ တစ်ချိန်တည်းမှာပင် တစ်စုံတစ်ယောက်က သူ့ကို နောက်ကွယ်မှ ဝင်ရောက်တိုက်ခိုက်မည်ကို စိုးရိမ်သဖြင့် ပတ်ဝန်းကျင်ကို သတိထားကာ ဆက်လက် ကြည့်ရှုနေဆဲ ဖြစ်သည်။
ဤခရမ်းရောင်ဝတ်စုံနှင့် လူငယ်၏ ပုံပန်းသဏ္ဌာန်ဖြစ်စေ၊ အသံဖြစ်စေ ရှဲကျုံအတွက် ရင်းနှီးနေသည်ဟု ထင်ရသည်။ သို့သော်လည်း ဤခရမ်းရောင်ဝတ်စုံနှင့် လူငယ်ကို မည်သည့်အချိန်က ဆုံတွေ့ခဲ့ဖူးသည်ကို သူ မမှတ်မိပေ။ သို့သော်လည်း အချက်တစ်ချက်ကိုတော့ သူ သေချာသည်။ ဤလူ၏ မျက်နှာကို သူ တစ်ခါမှ မမြင်ဖူးပေ။ ထိုလူ၏ မျက်နှာမှာ လုံးဝ ရင်းနှီးမှု မရှိပေ။ ခရမ်းရောင်ဝတ်စုံနှင့် လူငယ်သည် သူ၏ ရုပ်သွင်ကို ဖုံးကွယ်ထားခြင်း မရှိကြောင်း သူ သေချာသည်။ ဤအကြောင်းကြောင့် သူ အလွန်အမင်း စိတ်ရှုပ်ထွေးနေသည်။
ဒီခရမ်းရောင်ဝတ်စုံနဲ့ကောင်က ဘယ်သူလဲ... ဘာလို့ သူ့ကို ဒီအထိ မျှားခေါ်လာတာလဲ... သူက ဘာလို့ ဒီလောက် ရင်းနှီးနေသလို ခံစားရတာလဲ.....
ရှဲကျုံ၏ မေးခွန်းကို ကြားသောအခါ သွမ့်လင်းထျန်က အသံကျယ်ကြီးဖြင့် ရယ်မောလိုက်သည်။ သူ၏ ရယ်သံမှာ ထိန်းချုပ်ထားခြင်း မရှိပေ။
“ငါက ဘယ်သူလဲ ဟုတ်လား”
သွမ့်လင်းထျန်၏ ရယ်မောသံက ရှဲကျုံကို စိတ်မသက်မသာ ဖြစ်စေသည်။ သူက အော်ဟစ်လိုက်သည်။
“မင်း ဘာလို့ ရယ်နေတာလဲ... ခွေးမသား... ငါ ဘယ်သူလဲဆိုတာ မင်း သိလား... ငါက အမှောင်.....”
ရှဲကျုံ စကားမဆုံးမီ သွမ့်လင်းထျန်က ဖြတ်ပြောလိုက်သည်။
“မင်းက အမှောင်နယ်မြေဂိုဏ်းရဲ့ အကြီးအကဲ တစ်ယောက်ဆိုတာ ငါ သိတယ်... ပြီးတော့ မင်းရဲ့ အဖေက အမှောင်နယ်မြေဂိုဏ်းရဲ့ ဦးသျှောင်လေးပါးထဲက တစ်ပါးဖြစ်တဲ့ ရွှေခြင်္သေ့ဘုရင်ဆိုတာကိုလည်း ငါ သိတယ်... မင်းရဲ့ နောက်ခံအကြောင်းကို ငါ့ကို လာရှင်းပြနေစရာ မလိုဘူး... မင်းအကြောင်း အကုန်လုံးကို ငါ သိတယ်... မဟုတ်ရင် မင်းကို ဒီအထိ ငါက ဘာကိစ္စ မျှားခေါ်လာရမှာလဲ”
သွမ့်လင်းထျန်က လှောင်ပြုံးပြုံးကာ ရှဲကျုံကို စူးစိုက်ကြည့်လိုက်သည်။
“မင်း... မင်းက ဘယ်သူလဲ”
ရှဲကျုံ၏ အသံမှာ တဖြည်းဖြည်း တိုးဝင်သွားပြီး သူ၏ မျက်နှာပေါ်တွင် အမူအရာ အမျိုးမျိုး ဖြတ်ပြေးသွားသည်။ ခရမ်းရောင်ဝတ်စုံနှင့် လူငယ်သည် သူ၏ ပြိုင်ဘက် မဟုတ်ကြောင်း သိထားသော်လည်း ရှင်းပြ၍မရသော အန္တရာယ်တစ်ခုကို သူ ခံစားလိုက်ရသည်။ သူ ခံစားရသော အန္တရာယ်မှာ သူ၏ ပတ်ဝန်းကျင်တွင် ပုန်းကွယ်နေသော လူထံမှ လာသည်ဟု သူ ထင်မြင်နေသည်။ ထို့ကြောင့် သူ၏ နတ်ဘုရားအာရုံကို အသုံးပြုကာ ပတ်ဝန်းကျင်ကို ဆက်လက် ရှာဖွေလိုက်သည်။
***