“ရှဲကျုံ... စောက်လုံးဖွင့်ပြီး ငါ့ကို သေချာ ကြည့်စမ်း”
သွမ့်လင်းထျန်၏ အသံ ပြောင်းလဲသွားသည်။ တစ်ချိန်တည်းမှာပင် သူ၏ မျက်နှာပေါ်ရှိ ကြွက်သားများ စတင် ရွေ့လျားသွားပြီးနောက် နောက်ဆုံးတွင် အခြား မျက်နှာတစ်ခုအဖြစ် ပြောင်းလဲသွားသည်။ သွမ့်လင်းထျန်သည် နောက်ဆုံးတွင် သူ၏ အစစ်အမှန် ရုပ်သွင်ကို ထုတ်ဖော်ပြသလိုက်သည်။
သွမ့်လင်းထျန်၏ အစစ်အမှန် ရုပ်သွင်ကို မြင်သောအခါ ရှဲကျုံ၏ မျက်လုံးများမှာ မယုံနိုင်လောက်အောင် ပြူးကျယ်သွားပြီး သူ၏ မျက်နှာပေါ်တွင် အံ့အားသင့်သော အမူအရာတစ်ခု ပေါ်လာသည်။ သူ၏ လည်ချောင်းထဲတွင် တစ်ခုခု တစ်ဆို့နေသည့်အလား ခံစားလိုက်ရပြီး စကားတစ်ခွန်းမျှ မပြောနိုင်တော့ပေ။
ခဏတာမျှ အချိန်များ ရပ်တန့်သွားသည့်အလား ခံစားလိုက်ရသည်။
သွမ့်လင်းထျန်၏ အစစ်အမှန် ရုပ်သွင်ကို ထုတ်ဖော်လိုက်သည်နှင့် တစ်ပြိုင်နက် သဘာဝကျကျပင် ရှဲကျုံ သူ့ကို မှတ်မိသွားသည်။ ယခင်က မဟာအဆင့်သူတော်စင်လက်နက်ဆယ်ခုထဲမှ တစ်ခုဖြစ်သော နတ်ဆိုးချိပ်ပိတ်ကျောက်ပြားကို သွမ့်လင်းထျန်ထံမှ သူ အတင်းအဓမ္မ လုယူခဲ့ဖူးသည်။ အကယ်၍ သွမ့်လင်းထျန်သာ လက်ကိုးချောင်းနဂါးစစ်သည်တော် မဟုတ်ခဲ့လျှင် နဂါးမျိုးနွယ်နှင့် ပြဿနာ မတက်ချင်သောကြောင့် မဟုတ်ပါက ထိုအချိန်ကတည်းက ရှဲကျုံ သူ့ကို သတ်ပစ်ခဲ့မည် ဖြစ်သည်။ ယင်းအပြင် သွမ့်လင်းထျန်သည် လက်ကိုးချောင်းနဂါးစစ်သည်တော် တစ်ဦး ဖြစ်နေလျှင်တောင်မှ ဘာကောင်မှ ဖြစ်လာမည် မဟုတ်ဟု ထင်သောကြောင့် သူ့ကို မသတ်ခဲ့ခြင်းလည်း ဖြစ်သည်။ သူ အဇူရာတိမ်ရဲတိုက်တွင် ရှိနေစဉ်က သွမ့်လင်းထျန်၏ ပင်ကိုဝိညာဉ်အမြစ်ကို သူ စစ်ဆေးခဲ့ပြီး သွမ့်လင်းထျန်တွင် အဝါရောင် ပင်ကိုဝိညာဉ်အမြစ်သာ ရှိကြောင်း အတည်ပြုနိုင်ခဲ့သည်။ သူ၏ အမြင်တွင် အဝါရောင် ပင်ကိုဝိညာဉ်အမြစ် ရှိသူတစ်ဦးမှာ သိုင်းတာအိုသူတော်စင်နယ်မြေ၏ အောက်ပိုင်းပြည်နယ်၌ ပါရမီရှင်ဟု သတ်မှတ်ခံရလျှင်ပင် ဘောင်မဝင်သူ တစ်ဦးသာ ဖြစ်သည်။ ထိုအချိန်က သွမ့်လင်းထျန်သည် သူ့အတွက် ဘယ်သောအခါမျှ ခြိမ်းခြောက်မှု တစ်ခု ဖြစ်လာမည် မဟုတ်ဟု သူ ထင်ခဲ့သည်။
“သွမ့်... သွမ့်လင်းထျန်... ဒါ... ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ...ဘယ်လိုလုပ် မင်း ဖြစ်နေတာလဲ”
ခဏအကြာတွင် ရှဲကျုံ သတိပြန်ဝင်လာသည်။ သူ အံ့သြထိတ်လန့်စွာဖြင့် သွမ့်လင်းထျန်ကို သူ ကြည့်လိုက်သည်။ သူ၏ မျက်လုံးများထဲတွင် မယုံကြည်နိုင်မှုများကိုလည်း မြင်တွေ့နိုင်သည်။ နတ်ဘုရားစွမ်းရည်များကို အသုံးပြုလိုက်ပြီးနောက် သူ၏ စွမ်းအားနှင့် နီးပါး တူညီသွားသော ဤခရမ်းရောင်ဝတ်စုံနှင့် လူငယ်မှာ သိုင်းတာအိုသူတော်စင်နယ်မြေ၏ အောက်ပိုင်းပြည်နယ်ရှိ အဇူရာတိမ်ရဲတိုက်တွင် သူ ဆုံတွေ့ခဲ့ဖူးသော သွမ့်လင်းထျန် ဖြစ်နေလိမ့်မည်ဟု သူ အိပ်မက်ထဲတွင်ပင် မထင်မှတ်ထားခဲ့ပေ။
ယခင်က အဝါနုရောင် ပင်ကိုဝိညာဉ်အမြစ် ပိုင်ဆိုင်ထားသော သွမ့်လင်းထျန်သည် အထက်ပိုင်းပြည်နယ်သို့ ရောက်လာလျှင်ပင် အနှစ်သာရသူတော်စင်အဆင့်သို့ ချိုးဖျက်ဝင်ရောက်ရန် မဖြစ်နိုင်သလောက် ရှိသည်ဟု ရှဲကျုံ ထင်ခဲ့သည်။ သွမ့်လင်းထျန်၏ အကန့်အသတ်မှာ အများဆုံး စံပြသူတော်စင်အဆင့်၏ အထွတ်အထိပ်တွင်သာ ရှိလိမ့်မည်ဟု သူ ထင်ခဲ့သည်။ အကယ်၍ သွမ့်လင်းထျန်သည် ကံကောင်းထောက်မစွာဖြင့် အနှစ်သာရသူတော်စင်အဆင့်သို့ ချိုးဖျက်ဝင်ရောက်နိုင်ခဲ့လျှင်တောင်မှ နောက်ထပ် တိုးတက်ရန် အလွန် ခက်ခဲလိမ့်မည် ဖြစ်သည်။
စိန့်ကောင်းကင်အဆင့် စွမ်းအားရှင်တစ်ဦးအနေဖြင့် သွမ့်လင်းထျန်သည် ပိုမို သန်မာလာပြီးနောက်တွင်ပင် ပုရွက်ဆိတ်တစ်ကောင်ကဲ့သို့ ဖြစ်နေမည်ဟု ရှဲကျုံ ထင်ခဲ့သည်။ သူ၏ အမြင်တွင် သွမ့်လင်းထျန်မှာ တန်ဖိုးမရှိသလို သူ့အတွက် မည်သည့် ခြိမ်းခြောက်မှုကိုမျှ ပေးစွမ်းနိုင်မည် မဟုတ်ပေ။ ပုရွက်ဆိတ်တစ်ကောင်ဟု သူ သတ်မှတ်ထားသော သိုင်းတာအိုသူတော်စင်နယ်မြေ အောက်ပိုင်းပြည်နယ်ရှိ အဇူရာတိမ်ရဲတိုက်၏ ရဲတိုက်သခင်လေးသည် တစ်နှစ်၊ နှစ်နှစ်အတွင်း ဤမျှ အစွမ်းထက်လာလိမ့်မည်ဆိုသည်မှာ လုံး၀ သူ၏ မျှော်လင့်ချက် ပြင်ပတွင် ဖြစ်နေသည်။ သွမ့်လင်းထျန်မှာ သူနှင့် တန်းတူ နီးပါး အစွမ်းထက်နေပြီ ဖြစ်သည်။
သွမ့်လင်းထျန် ရှဲကျုံ၏ အံ့အားသင့်မှုကို လျစ်လျူရှုထားလိုက်သည်။ သူ၏ အကြည့်များမှာ ပိုမို အေးစက်သွားပြီး ဂရုမစိုက်သည့် လေသံဖြင့် ပြောလိုက်သည်။
“ရှဲကျုံ... အဲဒီတုန်းက မင်း ငါ့ရဲ့ အဇူရာတိမ်ရဲတိုက်မှာ အကြီးအကဲကူမီကို သတ်ခဲ့ပြီး ငါ့ဆီကနေ နတ်ဆိုးချိပ်ပိတ်ကျောက်ပြားကို လုသွားခဲ့တယ်... နောက်ဆုံးမှာ မအောင်မြင်ခဲ့ဘူးဆိုပေမဲ့ အဇူရာတိမ်ရဲတိုက်ကို ဖျက်ဆီးပစ်ဖို့တောင် မင်း စီစဉ်ခဲ့သေးတယ်... အဲဒီအချိန်က မင်းကို ငါ မသတ်နိုင်ရင် ငါဟာ အသုံးမကျတဲ့လူပဲလို့ ငါ့ကိုယ်ငါ ကျိန်ဆိုခဲ့တယ်... ဒီနေ့က ငါ့ကိုယ်ငါ ပေးထားတဲ့ ကတိကို ဖြည့်ဆည်းရမဲ့ နေ့ပဲ”
သွမ့်လင်းထျန် စကားပြောနေစဉ် သူ၏ အသံမှာ တဖြည်းဖြည်း တည်ငြိမ်သွားသည်။ သို့သော်လည်း သူ၏ မျက်လုံးများထဲရှိ သတ်ဖြတ်ချင်စိတ်များမှာ ပိုပို၍ ပြင်းထန်လာခဲ့သည်။
သွမ့်လင်းထျန်၏ စကားများကို ကြားပြီး သူ၏ ပတ်ဝန်းကျင်တွင် ပုန်းကွယ်နေသူ အမှန်တကယ် မရှိကြောင်း အတည်ပြုပြီးနောက် ရှဲကျုံသည် အသံကျယ်ကြီးဖြင့် ရယ်မောလိုက်သည်။
သွမ့်လင်းထျန်က သူ့ကို တည်ငြိမ်စွာဖြင့်သာ ဆက်လက် ကြည့်ရှုနေသည်။
ခဏအကြာတွင် ရှဲကျုံသည် နောက်ဆုံး၌ ရယ်မောခြင်းကို ရပ်တန့်လိုက်သည်။ သူက သွမ့်လင်းထျန်ကို မထီမဲ့မြင် ကြည့်ကာ ပြောလိုက်သည်။
“သွမ့်လင်းထျန်... မင်းရဲ့ စုတ်ပြတ်နေတဲ့ ပင်ကိုဝိညာဉ်အမြစ်နဲ့ ဒီလောက် အစွမ်းထက်လာအောင် မင်း ဘာကံကောင်းမှုတွေ ကြုံခဲ့လဲဆိုတာ ငါ မသိပေမဲ့ ငါ့ကို တကယ်ပဲ ထောင်ချောက်ဆင်နိုင်ပြီလို့ မင်း ထင်နေတာလား”
ဤနှစ်နှစ်အတွင်း သွမ့်လင်းထျန်၏ တိုးတက်မှုကြောင့် ရှဲကျုံ အံ့အားသင့်သွားသော်လည်း သူ အများကြီး တွေးမနေပေ။ သွမ့်လင်းထျန်၏ စွမ်းအား တိုးတက်လာမှုနှင့် ပတ်သက်၍ သူ ဘာမျှ မလုပ်နိုင်သောကြောင့် တည်ငြိမ်စွာသာ နေလိုက်သည်။ သွမ့်လင်းထျန်မှာ ပိုမို သန်မာလာပြီး လက်ကိုးချောင်းနဂါးစစ်သည်တော် တစ်ဦး ဖြစ်နေသောကြောင့် ဤအချိန်တွင် လှုပ်ရှားရန် ရဲရင့်နေခြင်း ဖြစ်မည်ဟု သူ ခန့်မှန်းလိုက်သည်။
ရှဲကျုံ၏ အမြင်တွင် သွမ့်လင်းထျန်၏ လက်ရှိ စွမ်းအားအရ အကယ်၍ သူသာ လက်ကိုးချောင်းနဂါးစစ်သည်တော်အဖြစ် အသွင်ပြောင်းလိုက်ပါက ရှဲကျုံ၏ ပြိုင်ဘက် ဖြစ်လာနိုင်ပေသည်။ သို့သော်လည်း ရှဲကျုံကို အနိုင်ယူရန် သူ့အတွက် ခက်ခဲလိမ့်မည် ဖြစ်သည်။ ထို့ကြောင့် ရှဲကျုံ ကြောက်ရွံ့ခြင်း မရှိပေ။
ရှဲကျုံသည် အမှောင်နယ်မြေဂိုဏ်း၏ ဦးသျှောင်လေးပါးထဲမှ တစ်ပါးဖြစ်သော ရွှေခြင်္သေ့ဘုရင်၏ သားဖြစ်သည်။ ထို့ပြင် သူသည် ရွှေခြင်္သေ့ဘုရင်၏ တစ်ဦးတည်းသော သားလည်း ဖြစ်သည်။ သူ အားကိုးနိုင်သည့် အရာမှာ သူ၏ စွမ်းအား တစ်ခုတည်း မဟုတ်ပေ။
တကယ်လို့ သူက လက်ကိုးချောင်းနဂါးစစ်သည်တော်အဖြစ် အသွင်ပြောင်းလိုက်မယ်ဆိုရင်တောင်မှ ငါက သူ့ရဲ့ ပြိုင်ဘက် ဖြစ်နေဦးမှာပဲ... သူ့ကို ငါ ခဏလောက် ကစားပေးလိုက်မယ်... သူ့ကို ကစားရတာ ငြီးငွေ့သွားရင် ငါ အကြီးအကဲချူးဆီ အသံ ပို့လိုက်မယ်... တကယ်လို့ သူက ငါ့ထက် ပိုအစွမ်းထက်နေပြီး အကြီးအကဲချူးက အချိန်မီ မရောက်လာနိုင်ရင်တောင်မှ ငါ့ဆီမှာ သူ့ကို မျက်စိတစ်မှိတ်အတွင်း ငရဲပြည် ပို့ပေးနိုင်တဲ့ တာအိုအဆောင် ရှိသေးတယ်.....
ရှဲကျုံ စိတ်ထဲမှ တွေးလိုက်သည်။ သူသည် သွမ့်လင်းထျန်ကို လုံးဝ ကြောက်ရွံ့ခြင်း မရှိပေ။
“မကြာခင် မင်း မြင်ရပါလိမ့်မယ်”
သွမ့်လင်းထျန်က ပြောလိုက်ပြီးနောက် ရုတ်တရက် လှုပ်ရှားလိုက်သည်။
မျက်စိတစ်မှိတ်အတွင်းမှာပင် ခမ်းနားသော နေသူတော်စင်စွမ်းအင်များက သွမ့်လင်းထျန်၏ ခန္ဓာကိုယ်ထဲမှ ပေါက်ကွဲထွက်လာပြီး သူ၏ ကျောပြင်မှ ထွက်ပေါ်လာသော မီးတောက်နေသည့် အတောင်ပံတစ်စုံအဖြစ်သို့ အသွင်ပြောင်းသွားသည်။
ထိုအတောင်ပံများမှာ အလွန် အသက်ဝင်လှသည်။ အတောင်ပံများပေါ်ရှိ မီးတောက်များကပင် ပတ်ဝန်းကျင်ကို ပိုမို ပူပြင်းလာစေသည်။
ရွှေကျီးကန်းတောင်ပံ...
သွမ့်လင်းထျန်သည် သူ၏ အဆင့်မြင့်လှုပ်ရှားမှုနတ်ဘုရားစွမ်းရည်ကို အသုံးပြုလိုက်ခြင်း ဖြစ်သည်။
သွမ့်လင်းထျန် သူ၏ လှုပ်ရှားမှုနတ်ဘုရားစွမ်းရည်ကို အသုံးပြုလိုက်ပြီး သူ၏ ကျောပြင်ပေါ်တွင် မီးတောက်နေသော အတောင်ပံတစ်စုံ ပေါ်လာသည်နှင့် တစ်ပြိုင်နက် လွန်ခဲ့သော စက္ကန့်အနည်းငယ်က သူ့ကို မထီမဲ့မြင် ကြည့်နေခဲ့သော ရှဲကျုံ ကျယ်လောင်စွာ အော်လိုက်သည်။
“မင်း... မင်းက မီးပူဇော်ခြင်းဂိုဏ်းရဲ့ ပါရမီရှင် သွမ့်လင်းထျန်လား”
အကယ်၍ သေချာ နားထောင်ကြည့်မည်ဆိုပါက ရှဲကျုံ စကားပြောနေစဉ် သူ၏ အသံမှာ အနည်းငယ် တုန်ယင်နေသည်ကို ကြားနိုင်သည်။
မီးတောက်နေသော အတောင်ပံများကို မြင်တွေ့လိုက်ရပြီး သွမ့်လင်းထျန် သူ၏ စွမ်းအားကို မြှင့်တင်ရန် စောစောက အသုံးပြုခဲ့သော အကူအညီအမျိုးအစား နတ်ဘုရားစွမ်းရည်ကို ပြန်လည် သတိရသွားသောအခါ ရှဲကျုံအတွက် ပဟေဠိများ အားလုံး ရှင်းလင်းသွားခဲ့သည်။ သိုင်းတာအိုသူတော်စင်နယ်မြေတွင် မကြာသေးမီက ကျော်ကြားလာခဲ့သော မီးပူဇော်ခြင်းဂိုဏ်းမှ ပါရမီရှင်အသစ် သွမ့်လင်းထျန်ကို သူ ချက်ချင်း သတိရသွားသည်။
သွမ့်လင်းထျန်... မီးပူဇော်ခြင်းဂိုဏ်းမှ ပါရမီရှင်အသစ်...
သူသည် အစစ်အမှန်အဆင့်၏ ဒုတိယဖြစ်သော ပုဟုန်ကို အနိုင်ယူနိုင်ခဲ့ပြီး မီးပူဇော်ခြင်းဂိုဏ်းရှိ ဒုတိယအသန်မာဆုံး ပါရမီရှင်အဖြစ် ပုဟုန်၏ နေရာကို ယူခဲ့သည်။ ထို့ပြင် သွမ့်လင်းထျန်သည် အဓိပတိသူတော်စင်အဆင့်စာရင်းတွင်လည်း အဆင့် ၄၂၁ နေရာ၌ ရှိသည်။
မီးပူဇော်ခြင်းဂိုဏ်းတွင် သွမ့်လင်းထျန် ကျော်ကြားလာသည်နှင့်အမျှ သူ အဆင့်မြင့်နတ်ဘုရားစွမ်းရည် လေးခုကို ကျွမ်းကျင်တတ်မြောက်ထားသည်ဆိုသော သတင်းမှာ သိုင်းတာအိုသူတော်စင်နယ်မြေ၏ အထက်ပိုင်းပြည်နယ်တွင် တောမီးလောင်သကဲ့သို့ ပြန့်နှံ့သွားခဲ့ပြီး လူတိုင်းကို အံ့သြတုန်လှုပ်သင့်စေခဲ့သည်။
မျိုးဆက်ဟောင်းများမှ စွမ်းအားရှင်များ အဆင့်မြင့်နတ်ဘုရားစွမ်းရည် လေးခုကို ကျွမ်းကျင်ပိုင်နိုင်ခြင်းမှာ အဆန်းမဟုတ်ပေ။ သို့သော်လည်း ဤမျှ ငယ်ရွယ်သူ တစ်ဦး အဆင့်မြင့်နတ်ဘုရားစွမ်းရည် လေးခုကို ကျွမ်းကျင်ခြင်းမှာ မကြားဖူးသလောက်ဖြစ်သည်။ ၎င်းမှာ သိုင်းတာအိုသူတော်စင်နယ်မြေ၏ သမိုင်းတစ်လျှောက်တွင်ပင် အလွန် ရှားပါးလှသည်။
ဤအကြောင်းကြောင့် သွမ့်လင်းထျန်က အဆင့်မြင့်နတ်ဘုရားစွမ်းရည် လေးခုကို အောင်မြင်စွာ ကျွမ်းကျင်သည်ဆိုသော သတင်းမှာ သိုင်းတာအိုသူတော်စင်နယ်မြေ၏ အထက်ပိုင်းပြည်နယ်တွင် လူသိများသော အချက်တစ်ခု ဖြစ်လာခဲ့သည်။ အမှောင်နယ်မြေဂိုဏ်းတွင် ရှိနေသော ရှဲကျုံပင်လျှင် ဤအကြောင်းကို ကြားဖူးသည်။
၎င်း၏ ထူးခြားသော လက္ခဏာများကြောင့် သွမ့်လင်းထျန် အသုံးပြုလိုက်သော အဆင့်မြင့်လှုပ်ရှားမှုနတ်ဘုရားစွမ်းရည်ကို ရှဲကျုံ ချက်ချင်း သိသွားသည်။
“ရွှေကျီးကန်းတောင်ပံ”
***