သွမ့်လင်းထျန်နှင့် ရှဲကျုံတို့၏တိုက်ပွဲမှာ အလွန် မြန်ဆန်စွာ ဖြစ်ပွားခဲ့ပြီး တိုက်ပွဲ၏ အနိုင်အရှုံးမှာလည်း ထိုကဲ့သို့ပင် သဲသဲကွဲကွဲ ပေါ်လွင်လာခဲ့သည်။ သွမ့်လင်းထျန်သည် ရှဲကျုံကို လုံးဝ အသာစီးယူထားနိုင်ခဲ့သည်။
”ငါ့ရဲ့ တိုက်ခိုက်ရေးနတ်ဘုရားစွမ်းရည်ကိုတောင် မသုံးရသေးဘူး”
သွမ့်လင်းထျန်က ရှဲကျုံထံသို့ အသံပို့ကာ ပြောလိုက်သည်။ ကမ္ပည်းတစ်ထောင်သူတော်စင်လက်နက်များ၏ စွမ်းအားများကြောင့် လွင့်ထွက်သွားသောအခါ ရှဲကျုံ ရှက်သွားသည်။ သူ အလွန် ဒေါသထွက်သွားပြီး သွေးတစ်လုတ် ထပ်အန်ထုတ်လိုက်သည်။
သွမ့်လင်းထျန်၏ စကားများက ရှဲကျုံကို ပိုမို ဒေါသထွက်စေခဲ့သည်။ သူသည် ဤမျှ စုတ်ပြတ်သတ်နေသော အခြေအနေသို့ ရောက်နေပြီ ဖြစ်သော်လည်း သွမ့်လင်းထျန်က သူ၏ တိုက်ခိုက်ရေးနတ်ဘုရားစွမ်းရည်ကိုတောင် အသုံးမပြုရသေးကြောင်း ပြောနေသည်။
အကယ်၍ သွမ့်လင်းထျန်သာ သူ၏ တိုက်ခိုက်ရေးနတ်ဘုရားစွမ်းရည်ကို အသုံးပြုလိုက်ပါက သူ့ကို လွယ်လွယ်ကူကူ သတ်နိုင်သည်ဟု ဆိုလိုခြင်းလော...
ခဏအကြာတွင် ရှဲကျုံသည် နောက်ဆုံး၌ သူ့ကိုယ်သူ တည်ငြိမ်အောင် ပြန်ထိန်းနိုင်လိုက်သည်။ သွမ့်လင်းထျန်ကို သတ်ဖြတ်ချင်စိတ်များဖြင့် ကြည့်လိုက်သောအခါ သူ၏ မျက်နှာထားမှာ မည်းမှောင်သွားသည်။
”သွမ့်လင်းထျန်... မင်းက ငါ့ထက် ပိုအစွမ်းထက်နေရုံနဲ့တင် နိုင်ပြီလို့ မင်း တကယ် ထင်နေတာလား”
”ဘာလဲ... မင်းက ဆက်သွယ်ရေးကျောက်စိမ်းပြားကနေတစ်ဆင့် အကူအညီ တောင်းတော့မလို့လား”
ရှဲကျုံ၏ စကားကို ကြားသောအခါ သွမ့်လင်းထျန်က လှောင်ပြုံးပြုံးကာ ပြောလိုက်သည်။ ရှဲကျုံ ဘာတွေးနေသည်ကို သူ သိသော်လည်း လုံးဝ စိုးရိမ်ခြင်း မရှိပေ။ သူ တကယ်ကို ဂရုမစိုက်ပေ။
သွမ့်လင်းထျန်သည် ရှဲကျုံထက် များစွာ ပိုမို အစွမ်းထက်သည်။ အကယ်၍ ရှဲကျုံက အကူအညီ တောင်းရန် ဆက်သွယ်ရေးကျောက်စိမ်းပြားကို အသုံးပြုလိုက်လျှင်တောင်မှ အကူအညီ မရောက်လာမီ ရှဲကျုံကို သူ သတ်နိုင်မည် ဖြစ်သည်။ ရှဲကျုံ အကူအညီ တောင်းသော လူ ရောက်လာချိန်တွင် သူ အဝေးသို့ ရောက်နေပြီ ဖြစ်လိမ့်မည်။
ရုတ်တရက် အကြီးအကဲဟော်က ပြောလိုက်သည်။
”အသေးစား ကြေးမုံပုံရိပ်အဆောင်စာရွက်ကို မမေ့နဲ့ဦး”
၎င်းမှာ သတိပေးချက်တစ်ခုဖြစ်ကြောင်း သိသာသည်။ မြေပုဆိန်မဟာမိတ်အဖွဲ့၏ ခေါင်းဆောင်ဖြစ်သော ယောင်းပုကျိကို သတ်ကာ ဒုစရိုက်မြို့တော်သို့ ပြန်လာပြီးနောက် သိုင်းတာအိုသူတော်စင်နယ်မြေ၏ အထက်ပိုင်းပြည်နယ်တွင် ရရှိနိုင်သော အဆောင်စာရွက်အမျိုးမျိုးအကြောင်းကို သွမ့်လင်းထျန် လေ့လာခဲ့သည်။
အကြီးအကဲဟော်နှင့် စကားပြောပြီးနောက် ယောင်းပုကျိအား သူ မည်သူမည်ဝါဖြစ်ကြောင်းကို ဖော်ထုတ်ပေးခဲ့သည်မှာ အသေးစားကြေးမုံပုံရိပ်အဆောင်စာရွက် ဖြစ်ကြောင်း သွမ့်လင်းထျန် သဘောပေါက်သွားခဲ့သည်။
အကြီးအကဲဟော်၏ စကားကို ကြားသောအခါ သွမ့်လင်းထျန်က ခေါင်းညိတ်လိုက်ပြီး ပြောလိုက်သည်။
”စိတ်မပူပါနဲ့... သူ့ကို မသတ်ခင် သူ့ဆီကနေ အသေးစားကြေးမုံပုံရိပ်အဆောင်စာရွက်ကို အရင် ယူလိုက်မယ်... ဒါပေမဲ့ သူ့ကို သတ်ဖို့ ကျုပ် အလျင်မလိုပါဘူး... သူ့ကို နှိပ်စက်ပြီး မျှော်လင့်ချက်မဲ့တယ်ဆိုတာ ဘယ်လို ခံစားရလဲဆိုတာ သူ သိအောင် လုပ်မယ်”
သွမ့်လင်းထျန်၏ အသံမှာ အလွန် အေးစက်နေပြီး ပတ်ဝန်းကျင်ရှိ အပူချိန်ကိုပါ ကျဆင်းသွားစေသည့်အလား ဖြစ်သည်။
အကြီးအကဲကူမီ၏ သေဆုံးမှု၊ ချပ်ဝတ်နက်တပ်ဖွဲ့ဝင်များ သေဆုံးမှုနှင့် သူ၏ နတ်ဆိုးချိပ်ပိတ်ကျောက်ပြားကို အတင်းအဓမ္မ လုယူသွားမှုတို့အတွက် ရှဲကျုံအပေါ် သွမ့်လင်းထျန် ခံစားနေရသော အမုန်းတရားမှာ အလွယ်တကူ ကျေအေးနိုင်မည့် အရာတစ်ခု မဟုတ်ပေ။
အဓိကကြေးမုံပုံရိပ်အဆောင်စာရွက် ဆိုသည်မှာ အဆောင်စာရွက်နှစ်ခု ပါဝင်သော အစုံတစ်စုံ ဖြစ်သည်။ ၎င်းတို့မှာ အသေးစားကြေးမုံအဆောင်စာရွက်နှင့် အကြီးစားကြေးမုံအဆောင်စာရွက်တို့ ဖြစ်သည်။
အကယ်၍ အသေးစားကြေးမုံအဆောင်စာရွက်ကို သယ်ဆောင်ထားသူ သေဆုံးသွားပါက သို့မဟုတ် ၎င်းကို အသက်သွင်းလိုက်ပါက ဘာတွေဖြစ်ပျက်ခဲ့လဲ ဆိုတာကို အကြီးစားကြေးမုံအဆောင်စာရွက် သယ်ဆောင်ထားသူထံသို့ ကြေးမုံပုံရိပ်မှတစ်ဆင့် ဗီဒီယိုအဖြစ် ပေးပို့မည်ဖြစ်သည်။ ဘာတွေဖြစ်ပျက်ခဲ့သည်ကို ကြည့်ရှုရန်အတွက် ထိုသူ လုပ်ဆောင်ရမည့် အရာမှာ အကြီးစားကြေးမုံအဆောင်စာရွက်ကို ခြေလိုက်ရန်သာ ဖြစ်သည်။
အမှောင်နယ်မြေဂိုဏ်း၏ အကြီးအကဲတစ်ဦးဖြစ်ကာ အမှောင်နယ်မြေဂိုဏ်း၏ ဦးသျှောင်လေးပါးထဲမှ တစ်ပါးဖြစ်သော ရွှေခြင်္သေ့ဘုရင်၏ တစ်ဦးတည်းသော သားအနေဖြင့် ရှဲကျုံတွင် အသေးစားကြေးမုံအဆောင်စာရွက်တစ်ခု မပါလာရန် မဖြစ်နိုင်ပေ။
ဤအတွက် သွမ့်လင်းထျန် ကြိုတင် စီစဉ်ထားပြီးသား ဖြစ်သည်။ ရှဲကျုံကို မသတ်မီ သူ့ကို ပြင်းထန်စွာ ဒဏ်ရာရအောင် လုပ်မည်ဖြစ်သည်။ ထိုအချိန်ရောက်လျှင် ရှဲကျုံကို မသတ်ခင် သူ့ထံမှ အသေးစားကြေးမုံအဆောင်စာရွက်ကို သူ ရှာဖွေကာယူလိုက်မည် ဖြစ်သည်။
သို့သော်လည်း အရာအားလုံးက သွမ့်လင်းထျန် စီစဉ်ထားသည့်အတိုင်း ချောမွေ့သွားမည်လော.....
“ငါ တခြား ဘယ်သူ့အကူအညီမှ မလိုဘူး... မင်းကို သတ်ဖို့ ငါ တစ်ယောက်တည်းနဲ့ လုံလောက်တယ်”
သွမ့်လင်းထျန်၏ မထီမဲ့မြင်ပြုနေသော မျက်နှာထားကို မြင်သောအခါ ရှဲကျုံက လှောင်ပြုံးပြုံးကာ ပြောလိုက်သည်။
ဝုန်း...
ရှဲကျုံ စကားပြောပြီးသည်နှင့် တစ်ပြိုင်နက် သူ၏ လက်ကို မြှောက်လိုက်ရာ ခရမ်းရောင်အလင်းတန်းများ တောက်ပနေသော အဆောင်စာရွက်တစ်ခု သူ၏ လက်ထဲတွင် ပေါ်လာသည်။ အနီးကပ် ကြည့်ရှုပါက ၎င်းမှာ တာအိုအဆောင်စာရွက်တစ်ခု ဖြစ်ကြောင်း သိနိုင်သည်။
တာအိုအဆောင်စာရွက်၏ အရောင်မှာ ခရမ်းရောင် မဟုတ်ပေ။ ၎င်းကို သေးငယ်သော ခရမ်းရောင် လျှပ်စီးတန်းလေးများက ဝန်းရံထားခြင်းသာ ဖြစ်သည်။ ၎င်းကို အသက်သွင်းလိုက်သည်နှင့် တစ်ပြိုင်နက် လေထုနှင့် ကောင်းကင်နှင့်မြေပြင်၏ ဝိညာဉ်စွမ်းအင်များက ခန်းခြောက်အောင် စုပ်ယူခံရမည် ဖြစ်သည်။
“ခရမ်းရောင်မုရတု ကောင်းကင်မိုးကြိုးအဆောင်စာရွက်”
သွမ့်လင်းထျန် အာမေဍိတ်သံ ပြုလိုက်သည်။ ၎င်းမှာ မည်သည့် တာအိုအဆောင်စာရွက် အမျိုးအစား ဖြစ်ကြောင်းကို သဘောပေါက်သွားသောအခါ သူ၏ မျက်နှာထားမှာ သိသိသာသာ ပြောင်းလဲသွားသည်။ ဒုစရိုက်မြို့တော်တွင် တာအိုအဆောင်စာရွက်များအကြောင်း သူ လေ့လာစဉ်က ခရမ်းရောင်မုရတု ကောင်းကင်မိုးကြိုးအဆောင်စာရွက်အကြောင်းကိုလည်း သူ လေ့လာခဲ့သည်။ ခရမ်းရောင်မုရတု ကောင်းကင်မိုးကြိုးအဆောင်စာရွက်သည် တစ်ပိုင်းကောင်းကင်အဆင့် တာအိုအဆောင်သခင် တစ်ဦးကသာ ဖန်တီးနိုင်သော အစွမ်းထက်သည့် တိုက်ခိုက်ရေး တာအိုအဆောင်တစ်ခု ဖြစ်ကြောင်း သူ သိသည်။
ခရမ်းရောင်မုရတု ကောင်းကင်မိုးကြိုးအဆောင်စာရွက်များသည် စိန့်ကောင်းကင် စတုတ္ထပုံစံအောက်ရှိ ကျင့်ကြံသူ အားလုံးကို သတ်ဖြတ်နိုင်စွမ်း ရှိသည်ဟု ကောလာဟလများ ရှိသည်။ လူသားဖြစ်စေ၊ သားရဲဖြစ်စေ ကွာခြားမှု မရှိပေ။
စိန့်ကောင်းကင် စတုတ္ထပုံစံရှိ စွမ်းအားရှင်များပင်လျှင် ခရမ်းရောင်မုရတု ကောင်းကင်မိုးကြိုးအဆောင်စာရွက်ကြောင့် ပြင်းထန်စွာ ဒဏ်ရာရသွားနိုင်သည်။ အကယ်၍ မသေဆုံးလျှင်တောင်မှ သေလုမျောပါး အခြေအနေသို့ ရောက်သွားမည် ဖြစ်သည်။
ယေဘုယျအားဖြင့် စိန့်ကောင်းကင် ပဉ္စမပုံစံ သို့မဟုတ် ထိုထက် မြင့်သော ကျင့်ကြံမှုအဆင့်ရှိ စွမ်းအားရှင်များသာ ခရမ်းရောင်မုရတု ကောင်းကင်မိုးကြိုးအဆောင်စာရွက်ကို ခုခံနိုင်မည်ဖြစ်သည်။
၎င်းမှာ မည်သည့် တာအိုအဆောင်စာရွက် အမျိုးအစား ဖြစ်ကြောင်း သဘောပေါက်သွားပြီးနောက် သွမ့်လင်းထျန်၏ မျက်နှာထား သိသိသာသာ ပြောင်းလဲသွားသည်ကို မြင်သောအခါ ရှဲကျုံ ရယ်မောလိုက်သည်။ အချိန်အတန်ကြာပြီးမှသာ သူ၏ ရယ်မောခြင်းကို ရပ်တန့်လိုက်သည်။
“သွမ့်လင်းထျန်... ခရမ်းရောင်မုရတု ကောင်းကင်မိုးကြိုးအဆောင်စာရွက်ကို မင်း သိလိမ့်မယ်လို့ ငါ မထင်ထားခဲ့ဘူး.....”
ရှဲကျုံက လှောင်ပြုံးပြုံးကာ ပြောလိုက်သည်။ သိုင်းတာအိုသူတော်စင်နယ်မြေ၏ အောက်ပိုင်းပြည်နယ်မှ တောသားတစ်ယောက်က အထက်ပိုင်းပြည်နယ်ရှိ ထိပ်တန်းအဆင့် တာအိုအဆောင်စာရွက်တစ်ခုကို သိနေလိမ့်မည်ဟု သူ မထင်ထားခဲ့ပေ။
ရှဲကျုံ၏ ဖခင်ဖြစ်သူ အမှောင်နယ်မြေဂိုဏ်း၏ ဦးသျှောင်လေးပါးထဲမှ တစ်ပါးဖြစ်သော ရွှေခြင်္သေ့ဘုရင်က သူ့ကို ကာကွယ်ရန်အတွက် ခရမ်းရောင်မုရတု ကောင်းကင်မိုးကြိုးအဆောင်စာရွက်ကို သူ့ထံ ပေးထားခြင်း ဖြစ်သည်။ သူ၏ ဖခင်သည် ဤတာအိုအဆောင်စာရွက်ကို ရရှိရန် အများကြီး ကြိုးစားအားထုတ်ခဲ့ရခြင်းဖြစ်သည်။
“သွမ့်လင်းထျန်... ခရမ်းရောင်မုရတု ကောင်းကင်မိုးကြိုးအဆောင်စာရွက်ကြောင့် မင်း သေသွားရင် မင်းရဲ့ ဘဝကို ကြီးကျယ်ခမ်းနားတဲ့ ဘဝတစ်ခုအဖြစ် သတ်မှတ်သင့်တယ်”
သွမ့်လင်းထျန်၏ တုံ့ပြန်မှုကို မစောင့်ဘဲ ရှဲကျုံက ထပ်ပြောလိုက်သည်။ စကားပြောပြီးသည်နှင့် တစ်ပြိုင်နက် သူ အချိန်မဆွဲတော့ဘဲ သေးငယ်သော ခရမ်းရောင် လျှပ်စီးတန်းလေးများ ဝန်းရံထားသည့် တာအိုအဆောင်စာရွက်ကို သွမ့်လင်းထျန်ဆီသို့ ပစ်ပေါက်လိုက်သည်။
ထို့နောက်တွင် ‘အသက်ဝင်’ ဆိုသော စကားလုံးကို ပြောရန်အတွက် ရှဲကျုံ ပါးစပ် ဟလိုက်သည်။ ထိုစကားလုံးကို ပြောလိုက်သည်နှင့် တစ်ပြိုင်နက် ခရမ်းရောင်မုရတု ကောင်းကင်မိုးကြိုးအဆောင်စာရွက်မှ ကြီးမားသော အဖျက်စွမ်းအားတစ်ခု ထွက်ပေါ်လာမည် ဖြစ်သည်။
အချိန်များ ရပ်တန့်သွားသည့်အလား ခံစားလိုက်ရသည်။
ရှဲကျုံ ပါးစပ် ဟလိုက်သော အချိန်တွင်...
ဝှစ်...
တာအိုအဆောင်စာရွက်ကို အသက်သွင်းရန် ရှဲကျုံ စကားလုံး မပြောနိုင်မီ အရေးကြီးသော အချိန်လေးတွင် တိုတောင်းသော ဓားအော်သံတစ်ခု လေထုထဲတွင် ထပ်မံ ထွက်ပေါ်လာသည်။
ဤအချိန်တွင် ဓားအလင်းကို ရှဲကျုံ ထပ်မံ မြင်တွေ့လိုက်ရသည်။
နေဦး... ဒီဓားက ကမ္ပည်းတစ်ထောင်သူတော်စင်လက်နက် မဟုတ်ဘူး... အဲဒါက ကမ္ပည်းတစ်ထောင်သူတော်စင်လက်နက်ထက် အများကြီး ပိုအစွမ်းထက်တယ်.....
ဤသည်မှာ ရှဲကျုံ မသေဆုံးမီ သူ၏ နောက်ဆုံး အတွေးဖြစ်သည်။ သူ၏ မျက်ခုံးနှစ်ခုကြားရှိ ဒဏ်ရာမှ သွေးများ မထွက်လာမီ တုံ့ပြန်ရန် သူ အချိန်တောင် မရလိုက်ပေ။
ရွှပ်...
သွေးထွက်နေသော ဒဏ်ရာ ပေါ်လာပြီးနောက် အသားနှင့် အရိုးများကို ဓားဖြင့် ထိုးဖောက်သွားသော ထက်ရှသည့် အသံတစ်ခု လေထုထဲတွင် ထွက်ပေါ်လာသည်။
ရှဲကျုံ၏ ခန္ဓာကိုယ် မြေပြင်ပေါ်သို့ ပြုတ်ကျသွားစဉ် သူ၏ မျက်ခုံးနှစ်ခုကြားရှိ ဒဏ်ရာမှ သွေးများ ဆက်တိုက် ပန်းထွက်နေခဲ့သည်။ သူ စကားမပြောနိုင်တော့သော်လည်း သူ၏ ပါးစပ်မှာ ဟဟကြီး ဖြစ်နေဆဲ ဖြစ်သည်။
“အိုး...ဒုက္ခပဲ”
နဂါးသွဲ့ကျောက်ဓားဖြင့် ရှဲကျုံကို အောင်မြင်စွာ သတ်ဖြတ်ပြီးနောက် သွမ့်လင်းထျန်၏ မျက်နှာထား အနည်းငယ် ပြောင်းလဲသွားသည်။ အကြောင်းမှာ အသေးစားကြေးမုံအဆောင်စာရွက်ဟု ထင်ရသည့် တာအိုအဆောင်စာရွက်တစ်ခုထံမှ စွမ်းအင်လှိုင်းတစ်ခုကို သူ ခံစားလိုက်ရသောကြောင့် ဖြစ်သည်။ ဤအချက်ကို သူ လုံး၀ သေချာသည်။ ဤနေရာတွင် ဖြစ်ပျက်ခဲ့သည့် အဖြစ်အပျက်များကို အကြီးစားကြေးမုံအဆောင်စာရွက် သယ်ဆောင်ထားသူထံသို့ ပေးပို့လိုက်ပြီ ဖြစ်မည်။ အကြီးစားကြေးမုံအဆောင်စာရွက် သယ်ဆောင်ထားသူမှာ အမှောင်နယ်မြေဂိုဏ်း၏ ဦးသျှောင်လေးပါးထဲမှ တစ်ပါးဖြစ်သော ရွှေခြင်္သေ့ဘုရင် ဖြစ်သည်မှာ သံသယဖြစ်စရာမလိုချေ။
ငါ အချိန်မီ မလုပ်နိုင်လိုက်ဘူး.....
သွမ့်လင်းထျန် အနည်းငယ် စိတ်ညစ်သွားသော်လည်း ဤအချိန်တွင် သူ တတ်နိုင်စရာ ဘာမှ မရှိတော့သဖြင့် ထိုအကြောင်းကို သူ အများကြီး ဆက်မတွေးတော့ပေ။
စောစောက သွမ့်လင်းထျန် အမြန် လှုပ်ရှားခဲ့ရသည်။ သူသည် ရှဲကျုံ၏ အသေးစားကြေးမုံအဆောင်စာရွက်ကို ရှာဖွေရန် အချိန်မရခဲ့ပေ။
ရှဲကျုံက အသက်ဝင် ဆိုသော စကားလုံးကို ပြောလိုက်သည်နှင့် တစ်ပြိုင်နက် ခရမ်းရောင်မုရတု ကောင်းကင်မိုးကြိုးအဆောင်စာရွက်မှ ကြီးမားသော အဖျက်စွမ်းအားတစ်ခု ထွက်ပေါ်လာမည်ဖြစ်ပြီး စိန့်ကောင်းကင် စတုတ္ထပုံစံအောက်ရှိ မည်သူ့ကိုမဆို သတ်ဖြတ်ပစ်မည် ဖြစ်သည်။ ထိုအခြေအနေအောက်တွင် သွမ့်လင်းထျန်သည် သူ၏ အကာအကွယ်နည်းစနစ်များ အားလုံးနှင့် အကာအကွယ်နတ်ဘုရားစွမ်းရည်ဖြစ်သော လိပ်နက်အတားအဆီးတို့ကို အသုံးပြုလိုက်လျှင်တောင်မှ ထိုတိုက်ခိုက်မှုကို သူ ခုခံနိုင်မည် မဟုတ်ပေ။ အကယ်၍ သူသာ နဂါးသွဲ့ကျောက်ဓားကို အစွမ်းကုန် အသုံးပြုလိုက်ပါက ခရမ်းရောင်မုရတု ကောင်းကင်မိုးကြိုးအဆောင်စာရွက်မှ စွမ်းအားအချို့ကို သူ ကာကွယ်နိုင်မည်ဖြစ်သည်။ သို့သော်လည်း ထိုသို့ပြုလုပ်ပြီးနောက်တွင် သူ၏ စွမ်းအားများ ကုန်ခမ်းသွားမည်ဖြစ်ပြီး အားနည်းသွားမည် ဖြစ်သည်။
ထိုအချိန်ရောက်လျှင် သွမ့်လင်းထျန်သည် ခရမ်းရောင်မုရတု ကောင်းကင်မိုးကြိုးအဆောင်စာရွက်၏ စွမ်းအားမှ အသက်ရှင်ကျန်ရစ်ခဲ့လျှင်တောင်မှ ရှဲကျုံနှင့် ဆက်လက် တိုက်ခိုက်ရန် စွမ်းအား ကျန်တော့မည် မဟုတ်ပေ။ ရှဲကျုံက သူ့ကို သေချာပေါက် သတ်ပစ်လိမ့်မည် ဖြစ်သည်။ အရေးကြီးသော အချိန်လေးတွင် ရှဲကျုံ ခရမ်းရောင်မုရတု ကောင်းကင်မိုးကြိုးအဆောင်စာရွက်ကို အသက်မသွင်းနိုင်မီ ရှဲကျုံကို သတ်ရန် နဂါးသွဲ့ကျောက်ဓားကို သူ အမြန် ထုတ်ယူလိုက်ခြင်း ဖြစ်သည်။
အရာအားလုံး အဆင်ပြေသွားပုံရသော်လည်း သွမ့်လင်းထျန် စိတ်မသက်မသာ ဖြစ်နေသည်။ အကြောင်းမှာ သူသည် ကြီးမားသော စွန့်စားမှုတစ်ခုကို ပြုလုပ်ခဲ့သောကြောင့် ဖြစ်သည်။
အကယ်၍ ရှဲကျုံသည် ခရမ်းရောင်မုရတု ကောင်းကင်မိုးကြိုးအဆောင်စာရွက်ကို သူ နဂါးသွဲ့ကျောက်ဓားကို အသုံးပြုကာ တိုက်ခိုက်လိုက်သော အချိန်နှင့် တစ်ပြိုင်တည်း အသက်သွင်းနိုင်ခဲ့ပါက ရှဲကျုံနှင့်အတူ သူပါ သေဆုံးသွားလိမ့်မည် ဖြစ်သည်။
ထိုအချိန်တွင် သွမ့်လင်းထျန် သက်ပြင်းချလိုက်သည်။
ကံကောင်းပြီး ရှဲကျုံက ငါ့ထက် ခြေတစ်လှမ်း နောက်ကျသွားတယ်.....
သွမ့်လင်းထျန် တည်ငြိမ်သွားပြီးနောက် ခရမ်းရောင်မုရတု ကောင်းကင်မိုးကြိုးအဆောင်စာရွက်ကို သူ၏ ကွက်လပ်လက်စွပ်ထဲသို့ ထည့်လိုက်သည်။ ယခုမှစ၍ ခရမ်းရောင်မုရတု ကောင်းကင်မိုးကြိုးအဆောင်စာရွက်မှာ သူ၏ ဝှက်ဖဲများထဲမှ တစ်ခု ဖြစ်လာမည် ဖြစ်သည်။ ၎င်း၏ စွမ်းအားမှာ နဂါးသွဲ့ကျောက်ဓား၏ စွမ်းအားနှင့် ညီမျှသည်။
တစ်ချိန်တည်းမှာပင် သွမ့်လင်းထျန်သည် ရှဲကျုံ၏ ပင်ကိုဝိညာဉ်အမြစ်ကို ဝါးမျိုရန် အကြီးအကဲဟော်ကို အကူအညီ တောင်းဖို့ မမေ့ခဲ့ပေ။
“အကြီးအကဲဟော်... သူ့ရဲ့ ပင်ကိုဝိညာဉ်အမြစ်ကို ဝါးမျိုဖို့ ကူညီပေးပါဦး”
၎င်းမှာ တကယ်တော့ အတော်လေး အံ့သြစရာ ကောင်းသည်။ အမှောင်နယ်မြေဂိုဏ်း၏ ဦးသျှောင်လေးပါးထဲမှ တစ်ပါးဖြစ်သော ရွှေခြင်္သေ့ဘုရင်၏ တစ်ဦးတည်းသော သားဖြစ်သော်လည်း ရှဲကျုံတွင် အပြာနုရောင် ပင်ကိုဝိညာဉ်အမြစ်သာ ရှိသည်။
သွမ့်လင်းထျန်တွင် မဲနယ်ရောင် ပင်ကိုဝိညာဉ်အမြစ် တစ်ခု ရှိသောကြောင့် ရှဲကျုံ၏ အပြာနုရောင် ပင်ကိုဝိညာဉ်အမြစ်မှာ သူ၏ ပင်ကိုဝိညာဉ်အမြစ်ကို အများကြီး တိုးတက်စေမည် မဟုတ်သော်လည်း ဘာမှ မရသည်ထက် စာလျှင် ပိုကောင်းသောကြောင့် သူ ဝမ်းသာနေဆဲ ဖြစ်သည်။
“နတ်ဆိုးချိပ်ပိတ်ကျောက်ပြားက သူ့ဆီမှာ ရှိမလား မသိဘူး”
သွမ့်လင်းထျန်သည် ရှဲကျုံ၏ ကွက်လပ်လက်စွပ်ကို ယူကာ ၎င်းအပေါ် ပိုင်ဆိုင်မှု တည်ဆောက်ပြီးနောက် အထဲက အရာများကို ကြည့်လိုက်သည်။ တစ်ချက် ကြည့်လိုက်ရုံဖြင့် ရှဲကျုံ၏ ကွက်လပ်လက်စွပ်ထဲတွင် ပစ္စည်း အများအပြား သိမ်းထားကြောင်း သူ မြင်လိုက်ရသည်။
***