“လူတစ်ယောက်ရဲ့ ခန္ဓာကိုယ် အရွယ်အစားကို ပြောင်းလဲပေးနိုင်တဲ့ လျှို့ဝှက်နည်းစနစ်သာ ရှိခဲ့ရင် အရာအားလုံး ပြောင်းလဲသွားလိမ့်မယ်... စင်္ကြရှင်တွေကလွဲပြီး တခြား ဘယ်သူကမှ အဲဒီလို လုပ်နိုင်စွမ်း မရှိဘူး”
အကြီးအကဲဟော်၏ စကားက သွမ့်လင်းထျန်၏ မျှော်လင့်ချက်များကို ရက်စက်စွာ ဖျက်ဆီးပစ်လိုက်သည်။ သူ၏ စကားများအရ ထိုသို့သော နည်းစနစ်မျိုး ရှိသော်လည်း လတ်တလောတွင် သွမ့်လင်းထျန် ကျွမ်းကျင်နိုင်မည့် အရာတစ်ခု မဟုတ်ပေ။ ကောင်းကင်ကပ်ဘေးကို အောင်မြင်စွာ ကျော်ဖြတ်ပြီး ဒေ၀တာဘုံများဆီသို့ တက်လှမ်းသွားနိုင်သော စင်္ကြရှင်များသာ ဤကဲ့သို့သော အရာမျိုးကို လုပ်ဆောင်နိုင်စွမ်း ရှိကြသည်။
ငါ တခြား နည်းလမ်းတစ်ခုခု စဉ်းစားရတော့မှာပဲ.....
သွမ့်လင်းထျန် စိတ်ထဲမှ တွေးလိုက်သည်။
မကြာမီမှာပင် သွမ့်လင်းထျန်သည် တည်းခိုခန်းမှ ထွက်သွားပြီး သူ၏ ခန္ဓာကိုယ်ကို အပြည့်အဝ ဖုံးကွယ်ထားနိုင်မည့် ခေါင်းစွပ်ပါသော အနက်ရောင်ဝတ်ရုံပွရှည်အချို့ကို သွားဝယ်လိုက်သည်။
တကယ်လို့ ငါသာ ဒီဝတ်ရုံတွေကို ဝတ်ပြီး အပြင်ထွက်မယ်ဆိုရင် ရွှေခြင်္သေ့ဘုရင်မပြောနဲ့ ငါ့ရဲ့ အဖေနဲ့အမေတောင် ငါ့ကို မှတ်မိမှာ မဟုတ်ဘူး.....
သူ ဝယ်လာသော အနက်ရောင်ဝတ်ရုံပွရှည်များကို ကြည့်ပြီး သွမ့်လင်းထျန် ပို၍ ယုံကြည်ချက် ရှိလာသည်။ သူ၏ ရင်ထဲတွင်လည်း အနည်းငယ် ပို၍ သက်သောင့်သက်သာ ဖြစ်လာသည်။
ရှဲကျုံကို မသတ်မီ သူ့ဆီက အသေးစားကြေးမုံပုံရိပ်အဆောင်စာရွက်ကို မယူနိုင်ခဲ့သောအခါ သွမ့်လင်းထျန် အပြင်ပန်းတွင် တည်ငြိမ်နေသော်လည်း သူ၏ အတွင်းစိတ်ထဲတွင် အလွန် ဖိအားများနေခဲ့သည်။ ဤသည်မှာ အမှောင်နယ်မြေဂိုဏ်း၏ ဦးသျှောင်လေးပါးထဲမှ တစ်ပါးဖြစ်သော ရှဲကျုံ၏ ဖခင် ရွှေခြင်္သေ့ဘုရင်ကြောင့် ဖြစ်သည်။ ရွှေခြင်္သေ့ဘုရင်၏ ကျင့်ကြံမှုအဆင့်မှာ စိန့်ကောင်းကင် သတ္တမပုံစံသို့ ရောက်ရှိနေပြီ ဖြစ်သည်။ အကယ်၍ သွမ့်လင်းထျန်သာ သူ့ကို ရင်ဆိုင်ရပါက သေချာပေါက် သေမည် ဖြစ်သည်။
သွမ့်လင်းထျန် သူ၏ ပြင်ဆင်မှုများ ပြီးစီးသွားသောအခါ အနည်းငယ် စိတ်အေးသွားသည်။
ငါ့ရဲ့ လက်ရှိ မျက်နှာနဲ့ ငါဝယ်လာတဲ့ ဝတ်ရုံပွရှည်တွေနဲ့ဆိုရင် ရွှေခြင်္သေ့ဘုရင် ငါ့ကို လုံး၀ မှတ်မိမှာ မဟုတ်ဘူး.....
ယခု သွမ့်လင်းထျန်တွင် အချိန်ရလာပြီဖြစ်ရာ ယနေ့ ဖြစ်ပျက်ခဲ့သည့် အရာများကို သူ စတင် ပြန်လည် စဉ်းစားလိုက်သည်။ ရှဲကျုံကို ဒုစရိုက်မြို့တော်အပြင်ဘက်သို့ မျှားခေါ်ပြီး ခရမ်းရောင်မုရတု ကောင်းကင်မိုးကြိုးအဆောင်စာရွက်ကို သူ အသက်မသွင်းနိုင်မီ တစ်ချက်တည်းဖြင့် သတ်ဖြတ်ခဲ့ပုံကို သူ ပြန်လည် တွေးတောလိုက်သည်။ ယင်းအပြင် အဓိပတိသူတော်စင်လက်နက်တစ်ခုဖြစ်သော နတ်ဆိုးချိပ်ပိတ်ကျောက်ပြားကို သူ ပြန်လည် ရရှိခဲ့သည်။
ဤအကြောင်းကို တွေးမိသောအခါ သွမ့်လင်းထျန် အိပ်မက်မက်နေသလို ခံစားလိုက်ရသည်။
ရှဲကျုံ အဇူရာတိမ်ရဲတိုက်ကို ရောက်လာပြီး သူရဲ့ စွမ်းအားနဲ့ ငါ့ကို ပုရွက်ဆိတ်တစ်ကောင်လို ဆက်ဆံခဲ့တုန်းက ငါ အရမ်း အားကိုးရာမဲ့ ဖြစ်ခဲ့ရတယ်... တကယ်လည်း အဲဒီအချိန်တုန်းက ငါက ပုရွက်ဆိတ်တစ်ကောင်လို ဖြစ်နေခဲ့တာ အမှန်ပဲ... သူ့ရဲ့ တိုက်ကွက် တစ်ကွက်ကိုတောင် ငါ ခံနိုင်မှာ မဟုတ်ဘူး.....
သွမ့်လင်းထျန်၏ အတွေးများက အောက်ပိုင်းပြည်နယ်၏ အဇူရာတိမ်ရဲတိုက်သို့ ရှဲကျုံ ရောက်လာခဲ့စဉ်က အချိန်ဆီသို့ ရောက်ရှိသွားသည်။ ထိုအချိန်က ရှဲကျုံသည် အလွန်အမင်း အထက်စီးဆန်ခဲ့သည်။ ထိုအကြောင်းကြောင့် သူသည် နတ်ဆိုးချိပ်ပိတ်ကျောက်ပြားကို ရှဲကျုံထံသို့ လွှဲပြောင်းပေးရန်မှလွဲ၍ ရွေးချယ်စရာ မရှိခဲ့ပေ။ ထိုအချိန်က သူ ခံစားခဲ့ရသော အားကိုးရာမဲ့မှုမှာ သူ၏ မှတ်ဉာဏ်ထဲတွင် လတ်ဆတ်နေဆဲ ဖြစ်သည်။
ဒါ့ပြင် သူက အကြီးအကဲကူမီကို သတ်ပြီးတော့ သူ့ရဲ့ ကတိကို ဖျက်ခဲ့သေးတယ်... ငါနဲ့ အရမ်း ရင်းနှီးတဲ့ လူတွေကလွဲလို့ အဇူရာတိမ်ရဲတိုက်က လူတိုင်းကို သူ သတ်ဖို့ကြံခဲ့တာ.....
ထိုအချိန်က ရှဲကျုံ သူ့ကို လှည့်စားခဲ့သောကြောင့် သွမ့်လင်းထျန် ဒေါသထွက်ကာ အားကိုးရာမဲ့ ဖြစ်ခဲ့ရသည်။
သွမ့်လင်းထျန်သည် အခြားအရာများထက် အားကိုးရာမဲ့မှုကို ပို၍ ခံစားခဲ့ရသည်။ ရှဲကျုံသည် သူ၏ ကတိကို ဖျက်ခဲ့သော်လည်း ရှဲကျုံကို သူ မတားဆီးနိုင်ခဲ့ပေ။ နောင်တစ်ချိန်တွင် ရှဲကျုံကို သတ်မည်ဟုသာ သူ တိတ်တဆိတ် ကျိန်ဆိုနိုင်ခဲ့သည်။
နှစ်နှစ် ကြာပြီးတဲ့နောက်မှာတော့ ငါ့ကိုယ်ငါ ပေးထားတဲ့ ကတိကို ငါ ဖြည့်ဆည်းနိုင်ခဲ့ပြီ.....
အသက်ပြင်းပြင်း တစ်ချက်ရှူလိုက်ပြီးနောက် သွမ့်လင်းထျန်၏ မျက်လုံးများမှာ တည်ငြိမ်သွားပြီး ရေရွတ်လိုက်သည်။
“အကြီးအကဲကူမီ... ခင်ဗျားအတွက် လက်စားချေဖို့ ကျုပ် ရှဲကျုံကို သတ်လိုက်ပြီ... အခု ခင်ဗျား ငြိမ်းချမ်းစွာ အနားယူလို့ ရပါပြီ... ချပ်ဝတ်နက်တပ်ဖွဲ့က ကျုပ်တို့ရဲ့ ညီအစ်ကို ဆယ်ယောက်အတွက်လည်း ဒီအသုံးမကျတဲ့ ရဲတိုက်သခင်လေးက မင်းတို့ အားလုံးအတွက် လက်စားချေပေးလိုက်ပါပြီ... အခု မင်းတို့ အားလုံး ငြိမ်းချမ်းစွာ အနားယူလို့ ရပါပြီ”
ထို့နောက် သွမ့်လင်းထျန် သက်ပြင်းချလိုက်သည်။
ရှဲကျုံ... မင်း သေတဲ့အထိ ငါက မင်းကို ဒီလောက် အလွယ်တကူ သတ်နိုင်လိမ့်မယ်လို့ မင်း ထင်မထားခဲ့ဘူးမလား.....
သွမ့်လင်းထျန်၏ အတွေးများက ယနေ့ သူ သတ်ခဲ့သော ရှဲကျုံဆီသို့ ရောက်ရှိသွားသည်။
ယနေ့တွင် ရှဲကျုံသည် ခရမ်းရောင်မုရတု ကောင်းကင်မိုးကြိုးအဆောင်စာရွက်ကို အသုံးပြုကာ အသာစီးရနိုင်မည်ဟု ထင်နေစဉ် သွမ့်လင်းထျန်သည် အခွင့်အရေးကို အရယူကာ နဂါးသွဲ့ကျောက်ဓားဖြင့် သူ့ကို တစ်ချက်တည်း သတ်ဖြတ်ခဲ့ခြင်း ဖြစ်သည်။ အစမှ အဆုံးတိုင်အောင် ရှဲကျုံတွင် တုံ့ပြန်ရန် အချိန်ပင် မရလိုက်ပေ။
“သူ မသေခင် သူ့ကို မျှော်လင့်ချက်မဲ့အောင် မလုပ်လိုက်ရတာ အရမ်း နှမြောစရာကောင်းတယ်... သူ့အတွက် ဒီလိုသေရတာ အရမ်း လွယ်ကူလွန်းနေတယ်”
ရှဲကျုံသည် သွမ့်လင်းထျန်၏ ဓားတစ်ချက်တည်းဖြင့် ချက်ချင်း သေဆုံးသွားခဲ့ခြင်းဖြစ်သည်။ သူ သေဆုံးသွားချိန်တွင် ဘာမှပင် ခံစားလိုက်ရမည် မဟုတ်ပေ။ အဆုံး၌ ရှဲကျုံသည် ခရမ်းရောင်မုရတု ကောင်းကင်မိုးကြိုးအဆောင်စာရွက်ကို ပစ်ပေါက်လိုက်ချိန်တွင် သူ အသာစီးရမည်ဟု သေချာနေခဲ့သည်။
သူ အလွယ်တကူ သေဆုံးသွားခဲ့ရခြင်းမှာ နှမြောစရာကောင်းသည်ဟု သွမ့်လင်းထျန် ခံစားရသည်။
“ဘာပဲဖြစ်ဖြစ် အခု သူ သေသွားပြီဆိုတော့ ငါတို့ကြားမှာ ရန်ငြိုးတွေ မရှိတော့ဘူး... ငါ နတ်ဆိုးချိပ်ပိတ်ကျောက်ပြားကို ပြန်ရခဲ့ရုံတင် မကဘူး... သူက ငါ့အတွက် ခရမ်းရောင်မုရတု ကောင်းကင်မိုးကြိုးအဆောင်စာရွက် တစ်ရွက်ကိုပါ ချန်ထားပေးခဲ့သေးတယ်”
ခရမ်းရောင်မုရတု ကောင်းကင်မိုးကြိုးအဆောင်စာရွက်ကို ထုတ်ယူလိုက်စဉ် သွမ့်လင်းထျန် တီးတိုး ရေရွတ်လိုက်သည်။
အနီးကပ် ကြည့်ရှုပါက ၎င်း၏ ပတ်လည်တွင် သေးငယ်သော ခရမ်းရောင် လျှပ်စီးတန်းလေးများ မရှိလျှင် ခရမ်းရောင်မုရတု ကောင်းကင်မိုးကြိုးအဆောင်စာရွက်မှာ သာမန် တာအိုအဆောင်စာရွက်တစ်ခုနှင့် တူသည်။
ခရမ်းရောင်မုရတု ကောင်းကင်မိုးကြိုးအဆောင်စာရွက်ကို သွမ့်လင်းထျန် လေ့လာနေစဉ်...
ဝှစ်...
အရပ်ရှည်ပြီး ကြောက်မက်ဖွယ် ကောင်းလောက်အောင် မြန်ဆန်လှသော လူတစ်ယောက်သည် ဒုစရိုက်မြို့တော်အတွင်းသို့ ပျံသန်းဝင်ရောက်လာပြီး အမှောင်နယ်မြေဂိုဏ်း အကြီးအကဲ ချူးထန်ရှန်းကို ချက်ချင်း ရှာဖွေတွေ့ရှိသွားသည်။ ချူးထန်ရှန်းသည် ယနေ့ ရှဲကျုံနှင့်အတူ လိုက်ပါလာသူ ဖြစ်သည်။ သူသည် အရင်းအမြစ်များ ဝယ်ယူရန် အမှောင်နယ်မြေဂိုဏ်းမှ စေလွှတ်လိုက်သော အဖွဲ့၏ ခေါင်းဆောင်လည်း ဖြစ်သည်။
ရှဲခန်ရွှန်း၏ မျက်နှာပေါ်ရှိ ဒေါသထွက်နေသော အမူအရာနှင့် သူ၏ ရုတ်တရက် ပေါ်လာမှုကို မြင်တွေ့လိုက်ရသောအခါ ချူးထန်ရှန်း၏ မျက်နှာထား ချက်ချင်း ပြောင်းလဲသွားသည်။ သူ့ရင်ထဲတွင် နိမိတ်မကောင်းသော ခံစားချက်တစ်ခု ပေါ်လာသည်။
“အရှင်ဦးသျှောင်”
ရွှေခြင်္သေ့ဘုရင်သည် အမှောင်နယ်မြေဂိုဏ်းမှ ထွက်ခွာပြီး ဒုစရိုက်မြို့တော်သို့ ရောက်လာခဲ့သည်။ အကယ်၍ ရွှေခြင်္သေ့ဘုရင်သည် ဒုစရိုက်မြို့တော်သို့ လမ်းလျှောက်ထွက်လာခြင်း ဖြစ်သည်ဟု သူ ထင်ပါက သူကိုယ်သူ ရိုက်နှက်မိလိမ့်မည် ဖြစ်သည်။
ဖြန်း...
ချူးထန်ရှန်းက ရှဲခန်ရွှန်းကို ရိုသေလေးစားစွာ နှုတ်ဆက်လိုက်သောအခါ ရှဲခန်ရွှန်းက သူ၏ မျက်နှာကို ပြင်းထန်စွာ ရိုက်ချလိုက်ခြင်းဖြင့် တုံ့ပြန်လိုက်သည်။ ထိုပါးရိုက်ချက် တစ်ချက်တည်းဖြင့် ချူးထန်ရှန်း၏ မျက်နှာမှာ ရောင်ရမ်းသွားသည်။ သူ လန့်သွားပြီး မကျေနပ်သည့် အရိပ်အယောင် တစ်ခုမျှ မပြရဲပေ။
ရှဲကျုံ တစ်ခုခု တကယ် ဖြစ်သွားတာလား.....
ချူးထန်ရှန်း တုန်လှုပ်သွားသည်။ ဤအချိန်တွင် ရွှေခြင်္သေ့ဘုရင်ထံမှ ထွက်ပေါ်နေသော ဒေါသတရားများမှာ ထိတွေ့ခံစားနိုင်လောက်အောင် ပြင်းထန်လှသည်။
“အဲ့ဒီကောင်က ငါ့သား ရှဲကျုံကို ဒုစရိုက်မြို့တော် အပြင်ဘက်ကို မျှားခေါ်ပြီး သတ်ပစ်ခဲ့တယ်”
ရှဲခန်ရွှန်းက စာလိပ်တစ်ခုကို ထုတ်ယူလိုက်ပြီး စုတ်တံတစ်ချောင်းဖြင့် လူငယ်တစ်ဦး၏ ပုံတူကို အမြန် ဆွဲလိုက်ရင်း ပြောလိုက်သည်။
“ဒါက...”
ထိုပုံကို ကြည့်လိုက်သောအခါ ချူးထန်ရှန်းမှာ ရင်းနှီးနေသလို ခံစားလိုက်ရသည်။ ဤလူကို သူ အရင်က မြင်ဖူးသကဲ့သို့ ဖြစ်နေသည်။
ထိုလူကို သူ မည်သည့်နေရာတွင် မြင်ဖူးလဲဆိုသည်ကို ချူးထန်ရှန်း စဉ်းစားမရမီ ရှဲခန်ရွှန်းက ပြောလိုက်သည်။
“ဒီကောင်က အောက်ပိုင်းပြည်နယ်က အဇူရာတိမ်ရဲတိုက်ရဲ့ ရဲတိုက်သခင်လေးပဲ... သူ့နာမည်က သွမ့်လင်းထျန်”
အောက်ပိုင်းပြည်နယ် အဇူရာတိမ်ရဲတိုက်ရဲ့ ရဲတိုက်သခင်လေး သွမ့်လင်းထျန်...
ထိုလူငယ်ကို မည်သည့်နေရာတွင် မြင်ဖူးလဲဆိုသည်ကို ချူးထန်ရှန်း နောက်ဆုံးတွင် မှတ်မိသွားသည်။
သွမ့်လင်းထျန်သည် အဓိပတိသူတော်စင်လက်နက်တစ်ခုဖြစ်သော နတ်ဆိုးချိပ်ပိတ်ကျောက်ပြားကို ရရှိခဲ့သည့် ကံကောင်းသော လူတစ်ယောက် ဖြစ်သည်။ သို့သော်လည်း သူ၏ နတ်ဆိုးချိပ်ပိတ်ကျောက်ပြားကို သူတို့ အမှောင်နယ်မြေဂိုဏ်း၏ အကြီးအကဲ ရှဲကျုံက လုယူသွားခဲ့သည်။
“သူပဲ”
စာလိပ်ပေါ်ရှိ လူငယ်ကို ဘာကြောင့် ရင်းနှီးနေလဲဆိုသည်ကို ချူးထန်ရှန်း နောက်ဆုံးတွင် သဘောပေါက်သွားသည်။ အထက်ပိုင်းပြည်နယ်တွင် ပျံ့နှံ့နေသော ဤလူ၏ ပုံတူပန်းချီများကို သူ မြင်ဖူးခဲ့ခြင်း ဖြစ်သည်။ ထိုပုံတူပန်းချီများမှာ အောက်ပိုင်းပြည်နယ်မှ လာခြင်း ဖြစ်သည်။
“သူက အဇူရာတိမ်ရဲတိုက်ရဲ့ ရဲတိုက်သခင်လေး ဖြစ်တဲ့အပြင် မီးပူဇော်ခြင်းဂိုဏ်းရဲ့ ပါရမီရှင်အသစ်... ဒုတိယအသန်မာဆုံး ပါရမီရှင်ဆိုလည်း ဟုတယ်”
ရှဲခန်ရွှန်းက အေးစက်စွာ ပြောလိုက်ရာ ချူးထန်ရှန်းကို တုန်လှုပ်သွားစေသည်။
ရှဲခန်ရွှန်း၏ စကားကို ကြားသောအခါ ချူးထန်ရှန်း အံ့အားသင့်သွားသည်။ ထို့နောက် မယုံကြည်နိုင်စွာဖြင့် သူ မေးလိုက်သည်။
“အရှင်ဦးသျှောင်... သေချာလို့လား... မီးပူဇော်ခြင်းဂိုဏ်းက သွမ့်လင်းထျန်ရဲ့ ပုံတူပန်းချီကို ကျုပ် မြင်ဖူးတယ်... သူတို့က မတူပါဘူး”
မီးပူဇော်ခြင်းဂိုဏ်း၏ ပါရမီရှင်အသစ် သွမ့်လင်းထျန်သည် အထက်ပိုင်းပြည်နယ်တွင် ပထမဆုံးအကြိမ် နာမည်ကြီးလာသောအခါ အမှောင်နယ်မြေဂိုဏ်း အပါအဝင် အထက်ပိုင်းပြည်နယ်ရှိ အင်အားစုကြီးများကြားတွင် သူ၏ ပုံတူပန်းချီများ ပျံ့နှံ့သွားခဲ့သည်။
တိုက်တိုက်ဆိုင်ဆိုင်ပင် ချူးထန်ရှန်းသည် မီးပူဇော်ခြင်းဂိုဏ်း၏ ဒုတိယအသန်မာဆုံး ပါရမီရှင် သွမ့်လင်းထျန်၏ ပုံတူပန်းချီကားကို မြင်ဖူးသည်။ ဤသည်မှာ သူ သံသယဝင်ရခြင်း၏ အကြောင်းရင်း ဖြစ်သည်။
“သွမ့်လင်းထျန်က သူ့မျက်နှာရဲ့ အရိုးတည်ဆောက်ပုံကို ပြောင်းလဲပေးနိုင်တဲ့ အာရုံခံလို့မရတဲ့ ရုပ်ပြောင်းတဲ့ နည်းစနစ်တစ်ခုကို ကျွမ်းကျင်ထားတယ်”
ချူးထန်ရှန်း၏ မေးခွန်းကို ရှဲခန်ရွှန်းက အေးစက်စွာ ဖြေကြားလိုက်သည်။
ရှဲခန်ရွှန်းသည် သွမ့်လင်းထျန်၏ ရုပ်ပြောင်း နည်းစနစ်ကို အသေးစားကြေးမုံပုံရိပ်အဆောင်စာရွက်မှတစ်ဆင့်သာ မြင်တွေ့ခဲ့ရသော်လည်း အထက်ပိုင်းပြည်နယ်ရှိ ထိပ်တန်း စွမ်းအားရှင်တစ်ဦးဖြစ်ကာ စိန့်ကောင်းကင် သတ္တမပုံစံသို့ ရောက်ရှိနေသော စွမ်းအားရှင်တစ်ဦးအနေဖြင့် သွမ့်လင်းထျန် ကျွမ်းကျင်ထားသော နည်းစနစ်မှာ သာမန်မဟုတ်ကြောင်း သူ သိမြင်နိုင်စွမ်း ရှိသည်။
“ဒီလို ရုပ်ပြောင်းတဲ့ နည်းစနစ်မျိုး ရှိတာလား”
ချူးထန်ရှန်း အံ့အားသင့်သွားသည်။ သတိပြန်ဝင်လာသောအခါ သူ အသံထွက်၍ စဉ်းစားလိုက်သည်။
“မီးပူဇော်ခြင်းဂိုဏ်းက လူတွေတောင် သူတို့ရဲ့ အသန်မာဆုံး ပါရမီရှင် သွမ့်လင်းထျန်က နတ်ဆိုးချိပ်ပိတ်ကျောက်ပြားကို ရခဲ့တဲ့ အောက်ပိုင်းပြည်နယ်က ကံကောင်းတဲ့လူဆိုတာ ထင်ထားမှာ မဟုတ်ဘူး”
“ဒီပုံတူပန်းချီကို မိတ္တူကူးပြီး လောလောဆယ် ဒုစရိုက်မြို့တော်မှာ ရှိနေတဲ့ အမှောင်နယ်မြေဂိုဏ်းက အဖွဲ့ဝင် အားလုံးဆီ ဝေပေးလိုက်... သတင်းတစ်ခုခု ရတဲ့သူတိုင်း ငါ့ကို ချက်ချင်း သတင်းပို့ရမယ်... ဒီကောင်က ရုပ်ပြောင်းတဲ့ နေရာမှာ ဆရာတစ်ဆူပဲ... တကယ်လို့ တစ်ယောက်ယောက်က သူနဲ့ ခန္ဓာကိုယ် အရွယ်အစား တူနေရင်တောင်မှ ငါ့ကို သတင်းပို့ခိုင်းလိုက်”
ချူးထန်ရှန်းကို ကြည့်ရင်း ရှဲခန်ရွှန်းက တည်ငြိမ်စွာ အမိန့်ပေးလိုက်သည်။
“ဟုတ်ကဲ့ပါ”
ချူးထန်ရှန်းက ရိုသေလေးစားစွာ ခေါင်းညိတ်ပြလိုက်ပြီးနောက် အခြားလူများကို ရှာဖွေကာ ပုံတူပန်းချီများ ပေးဝေရန် ထွက်သွားသည်။ သူ၏ စိတ်ထဲတွင် မေးခွန်းများစွာ ရှိနေသော်လည်း ရှဲခန်ရွှန်းကို သူ မမေးရဲပေ။
ဒုစရိုက်မြို့တော်က အချိန်အတန်ကြာ ဆူပူအုံကြွတော့မယ်လို့ ငါ ထင်တယ်.....
ထွက်သွားစဉ် ချူးထန်ရှန်း စိတ်ထဲမှ တွေးလိုက်သည်။
အမှောင်နယ်မြေဂိုဏ်းရှိ ဦးသျှောင်လေးပါးထဲမှ တစ်ပါးဖြစ်သော ရွှေခြင်္သေ့ဘုရင်နှင့် သူ ပြောဆိုခဲ့သော စကားများအပေါ် အခြေခံ၍ ပုံတူပန်းချီထဲရှိ လူနှင့် ခန္ဓာကိုယ် အရွယ်အစား တူညီသူတိုင်းမှာ ရှာတွေ့သွားသည်နှင့် တစ်ပြိုင်နက် သေဘေးမှ လွတ်မြောက်နိုင်မည် မဟုတ်ကြောင်း သူ သိသည်။
***