“တစ်ပိုင်းကောင်းကင်အဆင့် တာအိုအဆောင်သခင်တွေပဲ ခရမ်းရောင်မုရတု ကောင်းကင်မိုးကြိုးအဆောင်စာရွက်ကို ရေးဆွဲနိုင်တယ်... ဒါပေမဲ့ တစ်ပိုင်းကောင်းကင်အဆင့် တာအိုအဆောင်သခင်တွေက အထက်ပိုင်းပြည်နယ်မှာ ဖီးနစ်ငှက်တစ်ကောင်လို ရှားပါးတယ်”
ခရမ်းရောင် လျှပ်စီးတန်းလေးများ ဝန်းရံထားသည့် တာအိုအဆောင်စာရွက်ကို လေ့လာနေစဉ် သွမ့်လင်းထျန် တစ်ကိုယ်တည်း ရေရွတ်လိုက်သည်။
“အမှောင်နယ်မြေဂိုဏ်းရဲ့ ရွှေခြင်္သေ့ဘုရင်က သူ့သား ရှဲကျုံအတွက် ဒီတာအိုအဆောင်စာရွက် ရဖို့ အများကြီးကြိုးစားခဲ့ရလောက်တယ်”
ခဏအကြာတွင် သွမ့်လင်းထျန် စိတ်ထဲမှ တွေးလိုက်သည်။
ရှဲကျုံက ခရမ်းရောင်မုရတု ကောင်းကင်မိုးကြိုးအဆောင်စာရွက်ကို အသက်မသွင်းနိုင်ခင် ငါ့ရဲ့ဓားကြောင့် ချက်ချင်း သေသွားခဲ့ရတာ အရမ်း သနားစရာကောင်းတယ်... ကြေးမုံပုံရိပ်အဆောင်စာရွက်ကနေတစ်ဆင့် အဲဒီမြင်ကွင်းကို မြင်လိုက်ရတဲ့အချိန်မှာ ရွှေခြင်္သေ့ဘုရင် အရမ်း ဒေါသထွက်သွားလောက်တယ်.....
................
တစ်ချိန်တည်းမှာပင် ဒုစရိုက်မြို့တော် တစ်နေရာ၌.....
“ဟန့်”
အမှောင်နယ်မြေဂိုဏ်း၏ အကြီးအကဲ ချူးထန်ရှန်း ထွက်သွားပြီးနောက် အမှောင်နယ်မြေဂိုဏ်း၏ ဦးသျှောင်လေးပါးထဲမှ တစ်ပါးဖြစ်သော ရွှေခြင်္သေ့ဘုရင် ရှဲခန်ရွှန်းသည် မည်းမှောင်နေသော မျက်နှာထားဖြင့် နှာခေါင်းရှုံ့လိုက်သည်။
“သွမ့်လင်းထျန်က ခရမ်းရောင်မုရတု ကောင်းကင်မိုးကြိုးအဆောင်စာရွက်ကို အရမ်း အလွယ်တကူ ရသွားတာပဲ”
ခရမ်းရောင်မုရတု ကောင်းကင်မိုးကြိုးအဆောင်စာရွက်ကို ရရှိရန် သူ လုပ်ခဲ့ရသော ကြိုးစားအားထုတ်မှုများနှင့် ၎င်းမှာ သူ၏ ရန်သူတော်လက်ထဲသို့ အလွန် လွယ်လွယ်ကူကူ ရောက်ရှိသွားပုံကို တွေးမိသောအခါ ရှဲခန်ရွှန်းမှာ မကျေမနပ်ဖြစ်မှုနှင့် စိတ်ပျက်မှုတို့ကို မတားဆီးနိုင်ခဲ့ပေ။ သူ အသက်ရှူရ ကြပ်သလိုပင် ခံစားလိုက်ရသည်။
“သွမ့်လင်းထျန်... မင်း ဘယ်နေရာမှာပဲ ပုန်းနေပုန်းနေ အရေးမကြီးဘူး... ငါ့သားအတွက် လက်စားချေဖို့ မင်းကို ရှာပြီး အပိုင်းပိုင်းအစစ ဆွဲဖြဲပစ်မယ်”
သူ၏ ခန္ဓာကိုယ်ထဲမှ သတ်ဖြတ်ချင်စိတ်များ ပေါက်ကွဲထွက်လာစဉ် ရှဲခန်ရွှန်း တစ်ကိုယ်တည်း ရေရွတ်လိုက်သည်။ ၎င်းက လမ်းပေါ်မှ ဖြတ်သွားဖြတ်လာများကို သူ့အား အလိုလို ရှောင်ဖယ်သွားစေသည်။
ဤအချိန်အတောအတွင်း ဂိုဏ်းမဲ့ကျင့်ကြံသူများစွာမှာ လမ်းမများပေါ်တွင် အကြမ်းဖက် သတ်ဖြတ်ခံလိုက်ရသည်။ သူတို့ အားလုံးတွင် တူညီသော အချက်တစ်ချက် ရှိသည်။ သူတို့ အားလုံးမှာ ကိုယ်လုံးကိုယ်ပေါက် တူညီကြခြင်းဖြစ်သည်။ ဤသည်မှာ သွမ့်လင်းထျန်ကြောင့် ဖြစ်ကြောင်း သိသာသည်။
ထိုဂိုဏ်းမဲ့ကျင့်ကြံသူများ အားလုံးကို သတ်ဖြတ်ခဲ့သူမှာ အမှောင်နယ်မြေဂိုဏ်း၏ ဦးသျှောင်လေးပါးထဲမှ တစ်ပါးဖြစ်သော ရွှေခြင်္သေ့ဘုရင် ရှဲခန်ရွှန်းပင် ဖြစ်သည်။
ရှဲခန်ရွှန်းသည် မကြာသေးမီက ဒုစရိုက်မြို့တော်အတွင်း လူအများအပြားကို သတ်ဖြတ်ခဲ့သော်လည်း ဒုစရိုက်မြို့တော်ရှိ စိန့်ကောင်းကင် သတ္တမပုံစံသို့ ရောက်ရှိနေသော ဂိုဏ်းမဲ့စွမ်းအားရှင်များထဲမှ မည်သူကမျှ သူ့ကို တားဆီးရန် လှုပ်ရှားခြင်း မရှိခဲ့ပေ။ ဤသည်က ဒုစရိုက်မြို့တော်ရှိ ဂိုဏ်းမဲ့ကျင့်ကြံသူ များစွာကို စိတ်ရှုပ်ထွေးသွားစေသည်။
“လွန်ခဲ့တဲ့ ရက်က နောက်ထပ် လူတစ်ယောက် ထပ်သေသွားပြန်ပြီ... အမှောင်နယ်မြေဂိုဏ်းရဲ့ ရွှေခြင်္သေ့ဘုရင်က အရမ်း လွန်နေပြီ”
လူအများအပြားမှာ တူညီသော ခံစားချက်မျိုး ရှိကြသည်။ ဤကဲ့သို့သော စကားဝိုင်းများကို ဒုစရိုက်မြို့တော်ရှိ စားသောက်ဆိုင် အမျိုးမျိုးတွင် ကြားနိုင်သည်။
ဤမတိုင်ခင်က ဒုစရိုက်မြို့တော်ရှိ ဂိုဏ်းမဲ့ကျင့်ကြံသူ အချို့သည် အမှောင်နယ်မြေဂိုဏ်း၏ ဦးသျှောင်လေးပါးထဲမှ တစ်ပါးဖြစ်သော ရွှေခြင်္သေ့ဘုရင် ဒုစရိုက်မြို့တော်သို့ ရောက်ရှိလာကြောင်း ကြားသိခဲ့သည်။
“ရွှေခြင်္သေ့ဘုရင်က သူ့သား ရှဲကျုံကို သတ်သွားတဲ့ လူသတ်သမားကို ရှာနေတယ်လို့ ငါ ကြားတယ်... သူက လူသတ်သမားနဲ့ ကိုယ်လုံးကိုယ်ပေါက် တူတဲ့လူတွေ အကုန်လုံးကို သတ်နေတာ”
“သူက လူတွေကို သူတို့ရဲ့ ကိုယ်လုံးကိုယ်ပေါက်အပေါ် အခြေခံပြီး သတ်နေတာလား... ရွှေခြင်္သေ့ဘုရင်ရဲ့ မျက်လုံးတွေ တစ်ခုခု ဖြစ်နေလို့လား... သူက ဘယ်လိုလုပ် လူသတ်သမားရဲ့ ကိုယ်လုံးကိုယ်ပေါက်ကိုပဲ မှတ်မိပြီး မျက်နှာကို မမှတ်မိရတာလဲ”
“လူသတ်သမားက သူ့ရဲ့ မျက်နှာအရိုးတည်ဆောက်ပုံကို ပြောင်းလဲနိုင်တဲ့ ရုပ်ပြောင်း နည်းစနစ်တစ်ခုကို ကျွမ်းကျင်ထားလို့ ဖြစ်မယ်လို့ ငါ ထင်တယ်... ဒါ့ပြင် အဲဒီရုပ်ပြောင်းတာကို နတ်ဘုရားအာရုံနဲ့လည်း အာရုံခံလို့ မရဘူး”
“တကယ်လို့ အဲဒါက အမှန်ဆိုရင်တော့ ရွှေခြင်္သေ့ဘုရင် ဘာလို့ ဒီလို လုပ်နေလဲဆိုတာကို ငါ နားလည်နိုင်ပါတယ်... ရွှေခြင်္သေ့ဘုရင်က အသက်ကြီးမှ ရလာတဲ့ သားတစ်ယောက်တည်း ရှိလို့ သူ့သားကို အရမ်း အလိုလိုက်ထားတယ်လို့ ငါ ကြားဖူးတာ ကြာပြီ”
လတ်တလောတွင် အမှောင်နယ်မြေဂိုဏ်း၏ ဦးသျှောင်လေးပါးထဲမှ တစ်ပါးဖြစ်သော ရွှေခြင်္သေ့ဘုရင်၏သား သတ်ဖြတ်ခံလိုက်ရပြီး ရွှေခြင်္သေ့ဘုရင်သည် လူသတ်သမားကို လက်စားချေရန် ဒုစရိုက်မြို့တော်သို့ ရောက်ရှိနေကြောင်း လူတိုင်း သိနေကြပြီ ဖြစ်သည်။
ဒုစရိုက်မြို့တော်၏ အထက် တိမ်တိုက်များထဲတွင်.....
ရွှေခြင်္သေ့ဘုရင် ရှဲခန်ရွှန်းသည် သူ၏ ကျောကို မတ်မတ်ထားကာ လက်နှစ်ဖက်ကို နောက်ပစ်လျက် ရပ်နေသည်။ သူ ထိုနေရာတွင် ရပ်နေစဉ် ရဲတိုက်ကြီးတစ်ခုကဲ့သို့ တောင့်တင်းခိုင်မာပုံရသည်။ သဘာဝကျကျပင် အစွမ်းထက်ပြီး အသက်ရှူရ ကြပ်စေသော ဖိအားတစ်ခု သူ့ထံမှ ထွက်ပေါ်နေသည်။
“သူ ဒုစရိုက်မြို့တော်မှာ မရှိတော့တာများလား”
ရှဲခန်ရွှန်းက တိုးတိုးလေး ရေရွတ်လိုက်သည်။
ရှဲခန်ရွှန်းသည် အချိန်တိုအတွင်း လူပေါင်း တစ်ရာနီးပါးကို သတ်ဖြတ်ခဲ့ပြီးပြီ ဖြစ်သည်။ ဤလူများ အားလုံးမှာ သူ၏သားကို သတ်ခဲ့သူ သွမ့်လင်းထျန်နှင့် တူညီသော ကိုယ်လုံးကိုယ်ပေါက် ရှိကြသည်။
သူတို့ ငါ့ကို ပေးထားတဲ့ အချိန်က ပြည့်တော့မယ်.....
ဤအကြောင်းကို တွေးမိသောအခါ ရှဲခန်ရွှန်း၏ မျက်နှာအမူအရာ ချက်ချင်း မည်းမှောင်သွားသည်။
သူ ရည်ညွှန်းသော ‘သူတို့’ ဆိုသည်မှာ စိန့်ကောင်းကင် သတ္တမပုံစံ သို့မဟုတ် ထိုထက် မြင့်သော ဒုစရိုက်မြို့တော်ရှိ ဂိုဏ်းမဲ့ကျင့်ကြံသူများကို ဆိုလိုခြင်း ဖြစ်သည်။
ယခင်က ရှဲခန်ရွှန်း ဒုစရိုက်မြို့တော်သို့ စရောက်ရှိလာစဉ်တွင် စိန့်ကောင်းကင် သတ္တမပုံစံ သို့မဟုတ် ထိုထက် မြင့်သော ဂိုဏ်းမဲ့ကျင့်ကြံသူ အနည်းငယ်ထံ သွားရောက် တွေ့ဆုံခဲ့သည်။ ဒုစရိုက်မြို့တော်ရှိ ဂိုဏ်းမဲ့ကျင့်ကြံသူများကို သတ်ဖြတ်ရန် ဤစွမ်းအားရှင်များထံမှ ခွင့်ပြုချက် ရရှိရန်အတွက် သူသည် တန်ဖိုးတစ်ခု ပေးဆပ်ခဲ့ရသည်။
သဘာဝကျကျပင် သူ မည်မျှ ကြာကြာ သတ်ဖြတ်နေနိုင်မည် ဆိုသည့် အချိန်ကန့်သတ်ချက် တစ်ခု ရှိသည်။ ယင်းအပြင် ရှဲခန်ရွှန်းသည် အကြောင်းမဲ့ သတ်ဖြတ်၍ မရပေ။ သူ၏သားကို သတ်ခဲ့သူနှင့် တူညီသော ကိုယ်လုံးကိုယ်ပေါက် ရှိသူများကိုသာ သတ်ဖြတ်နိုင်မည် ဖြစ်သည်။
လောလောဆယ်တွင် ရှဲခန်ရွှန်းအား ပေးထားသော အချိန်ကန့်သတ်ချက်မှာ ကုန်ဆုံးလုနီးပါး ဖြစ်နေပြီ ဖြစ်သည်။ အချိန်ပြည့်သွားသည်နှင့် တစ်ပြိုင်နက် ဒုစရိုက်မြို့တော်တွင် သူ စိတ်တိုင်းကျ ဆက်လက် သတ်ဖြတ်နိုင်တော့မည် မဟုတ်ပေ။
“သွမ့်လင်းထျန်... မင်း ဆက်ပုန်းနေတာနဲ့ပဲ လွတ်မြောက်နိုင်မယ်လို့ မင်း ထင်နေတာလား”
တစ်ခုခုကို စဉ်းစားမိသွားသည့်အလား ရှဲခန်ရွှန်းက သူ၏ မျက်လုံးများကို ကျဉ်းမြောင်းလိုက်ပြီး လှောင်ပြုံးပြုံးကာ ပြောလိုက်သည်။
***