ထိုနေ့တွင် အံ့အားသင့်ဖွယ် သတင်းတစ်ခုက ဒုစရိုက်မြို့တော်တွင် ပျံ့နှံ့သွားခဲ့သည်။
“ဟေး... အဲဒီအကြောင်း ကြားပြီးပြီလား... ရွှေခြင်္သေ့ဘုရင်ရဲ့သား ရှဲကျုံကို သတ်သွားတဲ့လူရဲ့ နာမည်က သွမ့်လင်းထျန်တဲ့... သူက အောက်ပိုင်းပြည်နယ်က လာတာ... အရင်က ရှဲကျုံက သူ့ဆီကနေ နတ်ဆိုးချိပ်ပိတ်ကျောက်ပြားကို လုသွားခဲ့တာတဲ့”
“ငါ သူ့အကြောင်း ကြားဖူးတယ်... သူက အောက်ပိုင်းပြည်နယ်က တစ်ပိုင်းတတိယအဆင့်အင်အားစု ဖြစ်တဲ့ အဇူရာတိမ်ရဲတိုက်ရဲ့ ရဲတိုက်သခင်လေးလေ... မင်းက သူ ရှဲကျုံကို သတ်လိုက်တယ်လို့ ပြောတာလား... ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ”
“ဟုတ်တယ်လေ... ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ... သူက အောက်ပိုင်းပြည်နယ်က လာတာဆိုတော့ ရှဲကျုံကို သတ်ဖို့ဆိုတာ မဖြစ်နိုင်ဘူးမလား”
“မင်း ယုံယုံမယုံယုံ အရေးမကြီးဘူး... ငါကိုယ်တိုင်လည်း ယုံတာမဟုတ်ဘူး”
................
အောက်ပိုင်းပြည်နယ်ရှိ အဇူရာတိမ်ရဲတိုက်၏ ရဲတိုက်သခင်လေး သွမ့်လင်းထျန်က ရှဲကျုံကို သတ်လိုက်သည်ဆိုသော သတင်းမှာ ဒုစရိုက်မြို့တော်တွင် တောမီးလောင်သကဲ့သို့ ပျံ့နှံ့သွားခဲ့သည်။ ၎င်းက ပွက်လောရိုက်သွားစေခဲ့သော်လည်း လူအများစုမှာ သွမ့်လင်းထျန်သည် ရှဲကျုံကို သတ်နိုင်စွမ်း ရှိသည်ဟု မယုံကြည်ကြပေ။
“ဘယ်လောက်တောင် ရယ်ရလဲ... သွမ့်လင်းထျန်ကို အောက်ပိုင်းပြည်နယ်မှာ ပါရမီရှင်တစ်ယောက်လို့ ယူဆနိုင်ပေမဲ့ အထက်ပိုင်းပြည်နယ်မှာတော့ သူက ဘာမှ မဟုတ်ဘူး... တစ်နှစ်၊ နှစ်နှစ်အတွင်းမှာ ရှဲကျုံကို သတ်နိုင်လောက်တဲ့အထိ သူ အစွမ်းထက်လာတယ်လို့ မင်းက ငါ့ကို ပြောနေတာလား... အဲဒါ မဖြစ်နိုင်ဘူး”
“ဘယ်လို ပေါက်ကရမျိုးလဲ... ဒီသတင်းက သေချာပေါက် အတုပဲ... အစကတည်းက ငါ ပြောနိုင်တယ်... အဓိပ္ပာယ်မရှိတာတွေ”
“တကယ်လို့ အောက်ပိုင်းပြည်နယ်က အဇူရာတိမ်ရဲတိုက်ရဲ့ ရဲတိုက်သခင်လေးက ရှဲကျုံကို သတ်နိုင်တယ်ဆိုရင် ငါက အဓိပတိသူတော်စင်အဆင့်စာရင်းမှာ အဆင့်တစ် နေရာမှာ ရှိနေလိမ့်မယ်”
နေ့တစ်ဝက်ခန့် ကြာသွားသော်လည်း အောက်ပိုင်းပြည်နယ်မှ သာမန် ကျင့်ကြံသူတစ်ဦးဖြစ်သော သွမ့်လင်းထျန်သည် ရှဲကျုံကို သတ်နိုင်စွမ်း ရှိသည်ဆိုသည်ကို မည်သူကမျှ မယုံကြည်ကြသေးပေ။
သို့သော်လည်း မကြာမီမှာပင် အခြား အံ့အားသင့်ဖွယ် သတင်းတစ်ခု ဒုစရိုက်မြို့တော်တွင် ပျံ့နှံ့သွားခဲ့သည်။
“အောက်ပိုင်းပြည်နယ်က အဇူရာတိမ်ရဲတိုက်ရဲ့ ရဲတိုက်သခင်လေး သွမ့်လင်းထျန်က မီးပူဇော်ခြင်းဂိုဏ်းကို အောင်မြင်စွာ ဝင်ရောက်နိုင်ခဲ့တယ်... အထက်ပိုင်းပြည်နယ်ကို ရောက်ပြီး နှစ်နှစ်တောင် မပြည့်ခင်မှာပဲ သူက ဂိုဏ်းရဲ့ ဒုတိယအသန်မာဆုံး ပါရမီရှင် ဖြစ်လာတယ်”
ဤသတင်းက ဒုစရိုက်မြို့တော်ရှိ လူများကို အံ့အားသင့်သွားစေသည်။
မီးပူဇော်ခြင်းဂိုဏ်း၏ ဒုတိယအသန်မာဆုံး ပါရမီရှင် သွမ့်လင်းထျန်မှာ မကြာသေးမီ အချိန်က လူများကြားတွင် ရေပန်းစားသော ခေါင်းစဉ်တစ်ခု ဖြစ်ခဲ့သည်။ သူ၏ အကြောင်းကို မသိသူ ရှားလှသည်။ သို့သော်လည်း သူ့ကို အောက်ပိုင်းပြည်နယ်ရှိ အဇူရာတိမ်ရဲတိုက်၏ ရဲတိုက်သခင်လေးနှင့် မည်သူကမျှ ဆက်စပ်မတွေးခဲ့ကြပေ။ လူတိုင်းက သူတို့ နာမည်တူနေခြင်းမှာ တိုက်ဆိုင်မှုတစ်ခုမျှသာ ဖြစ်သည်ဟု ထင်ခဲ့ကြသည်။
“မီးပူဇော်ခြင်းဂိုဏ်းရဲ့ ဒုတိယအသန်မာဆုံး ပါရမီရှင် သွမ့်လင်းထျန်က အဇူရာတိမ်ရဲတိုက်ရဲ့ ရဲတိုက်သခင်လေးလား... ဒါ... ဒါက တကယ်လား”
“အောက်ပိုင်းပြည်နယ်က အဇူရာတိမ်ရဲတိုက်ရဲ့ ရဲတိုက်သခင်လေးနဲ့ မီးပူဇော်ခြင်းဂိုဏ်းရဲ့ ဒုတိယအသန်မာဆုံး ပါရမီရှင် နှစ်ယောက်စလုံးရဲ့ ပုံတူပန်းချီတွေကို ငါ မြင်ဖူးတယ်... သူတို့က လူတစ်ယောက်တည်း မဟုတ်ဘူး”
“ရှဲကျုံကို သတ်တဲ့လူက ထူးခြားတဲ့ ရုပ်ပြောင်း နည်းစနစ်တစ်ခုကို ကျွမ်းကျင်ထားတယ်လို့ ပြောကြတာကို မမေ့နဲ့ဦးလေ... သူတို့ ပုံစံမတူတာက အံ့သြစရာ မဟုတ်ပါဘူး... သူက သူ့ကိုယ်သူ ရုပ်ပြောင်းထားတာ ဖြစ်နိုင်တယ်”
“တကယ်လို့ အဇူရာတိမ်ရဲတိုက်ရဲ့ ရဲတိုက်သခင်လေးနဲ့ မီးပူဇော်ခြင်းဂိုဏ်းရဲ့ ဒုတိယအသန်မာဆုံး ပါရမီရှင်က လူတစ်ယောက်တည်းသာ ဆိုရင်တော့ သူက ရှဲကျုံကို သတ်နိုင်စွမ်း လုံးဝ ရှိတာပေါ့”
“ဒါဆို... ဒါက တကယ်လား... အဇူရာတိမ်ရဲတိုက်ရဲ့ ရဲတိုက်သခင်လေးက မီးပူဇော်ခြင်းဂိုဏ်းရဲ့ ဒုတိယအသန်မာဆုံး ပါရမီရှင်လား... နာမည်တူနေတာက တိုက်ဆိုင်မှုတစ်ခု သက်သက် မဟုတ်ဘူးလား... သူက ရှဲကျုံကို သတ်ခဲ့တဲ့ လူလား”
“ဒါက ယုံရခက်တယ်ဆိုတာကို ငါ သိပေမဲ့ အဲဒါက အမှန်တရား ဖြစ်ပုံရတယ်”
သတင်းအားလုံးကို နားထောင်ပြီးနောက် ဒုစရိုက်မြို့တော်ရှိ ဂိုဏ်းမဲ့ကျင့်ကြံသူများသည် ပဟေဠိများကို ဆက်စပ်နိုင်ခဲ့သည်။
အကယ်၍ အောက်ပိုင်းပြည်နယ်ရှိ အဇူရာတိမ်ရဲတိုက်၏ ရဲတိုက်သခင်လေးနှင့် မီးပူဇော်ခြင်းဂိုဏ်း၏ ဒုတိယအသန်မာဆုံး ပါရမီရှင်တို့သာ လူတစ်ယောက်တည်း ဖြစ်ပါက အရာအားလုံး အဓိပ္ပာယ်ရှိသွားပြီဖြစ်သည်။ သွမ့်လင်းထျန်၏ စွမ်းအားနှင့်ဆိုလျှင် ရှဲကျုံကို သတ်ရန် သူ့အတွက် ခက်ခဲမည် မဟုတ်ပေ။
ဒုစရိုက်မြို့တော်မှ လူများသည် ဤသတင်းကြောင့် တုန်လှုပ်သွားခဲ့ကြသည်။
“မီးပူဇော်ခြင်းဂိုဏ်းရဲ့ ဒုတိယအသန်မာဆုံး ပါရမီရှင် သွမ့်လင်းထျန်က အောက်ပိုင်းပြည်နယ်က အဇူရာတိမ်ရဲတိုက်ရဲ့ ရဲတိုက်သခင်လေး ဖြစ်နေလိမ့်မယ်လို့ ငါ မထင်ထားခဲ့ဘူး... ရှဲကျုံလည်း အဲဒါကို မမျှော်လင့်ထားခဲ့လောက်ဘူးလို့ ငါ ထင်တယ်”
“အဲဒါ မှန်တယ်... လွန်ခဲ့တဲ့ နှစ်နှစ်ကျော်လောက်က ရှဲကျုံရှေ့မှာ ပုရွက်ဆိတ်တစ်ကောင်လို ဖြစ်နေခဲ့ပြီး အဓိပတိသူတော်စင်လက်နက်ဖြစ်တဲ့ နတ်ဆိုးချိပ်ပိတ်ကျောက်ပြား အလုခံခဲ့ရတဲ့ လူတစ်ယောက်က အထက်ပိုင်းပြည်နယ်ကို ရောက်လာနိုင်ရုံတင်မကဘူး မီးပူဇော်ခြင်းဂိုဏ်းထဲတောင် ဝင်နိုင်ခဲ့တယ်... ဒါ့ပြင် သူက မြန်မြန်ဆန်ဆန် အဆင့်တက်လာပြီး လောလောဆယ် ဂိုဏ်းရဲ့ ဒုတိယအသန်မာဆုံး ပါရမီရှင်တောင် ဖြစ်နေပြီ... ရှဲကျုံကို သတ်ပြီးတောင် လက်စားချေနိုင်ခဲ့သေးတယ်”
“အောက်ပိုင်းပြည်နယ်က လူတစ်ယောက်က အထက်ပိုင်းပြည်နယ်ကို ရောက်လာပြီး နှစ်နှစ်အတွင်းမှာ ဘယ်လိုလုပ် ဒီလောက် အများကြီး အောင်မြင်နိုင်တာလဲ... သွမ့်လင်းထျန်ရဲ့ ပင်ကိုပါရမီက ဘယ်လောက်တောင် ကြောက်စရာကောင်းလိုက်လဲ”
“ဒါက... သူ့မှာ ဒဏ္ဍာရီလာ ခရမ်းရောင် ပင်ကိုဝိညာဉ်အမြစ် ရှိတာများ ဖြစ်နိုင်မလား”
ဒုစရိုက်မြို့တော်တွင် ထိုနေရာ၌ နေထိုင်သော ဂိုဏ်းမဲ့ကျင့်ကြံသူများဖြစ်စေ လာရောက်လည်ပတ်သော အင်အားစုကြီးများမှ လူများဖြစ်စေ မည်သူမဆို သွမ့်လင်းထျန်၏ သိုင်းတာအို ပင်ကိုပါရမီကြောင့် အံ့အားသင့်သွားခဲ့ကြသည်။
“သွမ့်လင်းထျန်က ရှဲကျုံကို သတ်ပြီး အောင်အောင်မြင်မြင် လက်စားချေနိုင်ခဲ့တယ်... နတ်ဆိုးချိပ်ပိတ်ကျောက်ပြားက ရှဲကျုံဆီမှာ ရှိမလား မသိဘူး... တကယ်လို့ ရှိတယ်ဆိုရင်တော့ အဲဒါက နောက်ဆုံး သူ့ရဲ့ မူလပိုင်ရှင်ဆီကို ပြန်ရောက်သွားပြီပေါ့”
“ရှဲကျုံက နတ်ဆိုးချိပ်ပိတ်ကျောက်ပြား ယူထားဖို့မဖြစ်နိုင်ဘူးလို့ ငါ ထင်တယ်... အဲဒါက မဟာသူတော်စင်လက်နက်ဆယ်ခုထဲက အဓိပတိသူတော်စင်လက်နက်တစ်ခုလေ... နတ်ဆိုးချိပ်ပိတ်ကျောက်ပြားကို အမှောင်နယ်မြေဂိုဏ်းကို ပြန်သယ်သွားပြီးတော့ သူ့အဖေ ရွှေခြင်္သေ့ဘုရင်ကို ပေးလိုက်ဖို့ များတယ်”
“ငါလည်း အဲဒီလိုပဲ ထင်တယ်”
မကြာမီမှာပင် လူအများစု၏ အာရုံမှာ အဓိပတိသူတော်စင်လက်နက်ဖြစ်သော နတ်ဆိုးချိပ်ပိတ်ကျောက်ပြားဆီသို့ ရောက်ရှိသွားသည်။
အဆုံး၌ အမှောင်နယ်မြေဂိုဏ်းမှ အကြီးအကဲ တစ်ဦးဖြစ်သော ရှဲကျုံနှင့် အောက်ပိုင်းပြည်နယ်မှ သွမ့်လင်းထျန်တို့ကြားရှိ ရန်ငြိုးမှာ နတ်ဆိုးချိပ်ပိတ်ကျောက်ပြားမှ မြစ်ဖျားခံလာခြင်း ဖြစ်သည်။
....................
ဒုစရိုက်မြို့တော်တွင် တောမီးကဲ့သို့ ပျံ့နှံ့နေသော သတင်းသစ်များက သိုင်းတာအိုသူတော်စင်နယ်မြေ အောက်ပိုင်းပြည်နယ်သို့ မိစ္ဆာမျိုးနွယ်များ ကျူးကျော်ဝင်ရောက်လာနိုင်ခြေ ရှိသည်ဆိုသော အချက်မှ လူများ၏ အာရုံကို ယာယီ လွှဲပြောင်းပေးနိုင်ခဲ့သည်။ ဤအချိန်တွင် လူများသည် ယခင်က ရှဲကျုံ လုယူသွားခဲ့သော နတ်ဆိုးချိပ်ပိတ်ကျောက်ပြားကို သွမ့်လင်းထျန် ပြန်ရသွားပြီလား ဆိုတာ ပို၍ သိချင်နေကြသည်။ အကယ်၍ ရှဲကျုံက နတ်ဆိုးချိပ်ပိတ်ကျောက်ပြားကို သူ့ထံတွင် သယ်ဆောင်ထားပါက သွမ့်လင်းထျန်သည် နတ်ဆိုးချိပ်ပိတ်ကျောက်ပြားကို ပြန်လည် ပိုင်ဆိုင်သွားပြီ ဖြစ်လောက်သည်။ အကယ်၍ ရှဲကျုံထံတွင် မရှိပါက ၎င်းမှာ အမှောင်နယ်မြေဂိုဏ်းရှိ ဦးသျှောင်လေးပါးထဲမှ တစ်ပါးဖြစ်သော ရွှေခြင်္သေ့ဘုရင်ထံတွင် ရှိနေရမည် ဖြစ်သည်။ ရှဲခန်ရွှန်းသည် ရှဲကျုံ၏ ဖခင် ဖြစ်သောကြောင့် ရှဲကျုံက နတ်ဆိုးချိပ်ပိတ်ကျောက်ပြားကို သူ၏ ဖခင်ထံသို့ ပေးအပ်ထားနိုင်ခြေ ရှိသည်။
နတ်ဆိုးချိပ်ပိတ်ကျောက်ပြား မည်သည့်နေရာတွင် ရှိနေသနည်း ဆိုတာကို လူတိုင်း ဆွေးနွေးနေကြဆဲ အချိန်တွင် အခြား အံ့အားသင့်ဖွယ် သတင်းတစ်ခု ဒုစရိုက်မြို့တော်တွင် ထပ်မံ ပျံ့နှံ့လာခဲ့သည်။
“ရှဲကျုံက နတ်ဆိုးချိပ်ပိတ်ကျောက်ပြားကို သူနဲ့အတူ ယူသွားခဲ့တာလား”
“ဒါ့အပြင် ရှဲကျုံကို သတ်ဖို့ သွမ့်လင်းထျန် သုံးခဲ့တဲ့ ဓားကလည်း မဟာသူတော်စင်လက်နက်ဆယ်ခုထဲက အဓိပတိသူတော်စင်လက်နက်တစ်ခုဖြစ်တဲ့ ခြေရာမဲ့ဓားလား”
“ဒါဆို သွမ့်လင်းထျန်ဆီမှာ အဓိပတိသူတော်စင်လက်နက် နှစ်ခု ရှိနေတယ်ပေါ့”
သွမ့်လင်းထျန်တွင် အဓိပတိသူတော်စင်လက်နက် နှစ်ခု ရှိနေကြောင်း သတင်းမှာ ချက်ချင်း ပျံ့နှံ့သွားခဲ့ပြီး ဒုစရိုက်မြို့တော်တွင် ဆူပူအုံကြွမှုတစ်ခု ဖြစ်ပေါ်လာစေခဲ့သည်။
သိုင်းတာအိုသူတော်စင်နယ်မြေ တစ်ခုလုံးတွင် အဓိပတိသူတော်စင်လက်နက် ဆယ်ခုသာ ရှိသည်။ လတ်တလောတွင် လူတစ်ယောက်တည်းက အဓိပတိသူတော်စင်လက်နက် ဆယ်ခုထဲမှ နှစ်ခုကို ပိုင်ဆိုင်ထားခြင်း ဖြစ်သည်။ ၎င်းကို သာမန် လူတိုင်း မနာလို ဖြစ်ကြမည်သာ ဖြစ်သည်။
“ဘာလို့လဲ... ဘာလို့လဲ”
“သွမ့်လင်းထျန်က အဓိပတိသူတော်စင်လက်နက် နှစ်ခုကို ပိုင်ဆိုင်ရလောက်တဲ့အထိ ပါရမီရှင်တစ်ယောက် ဖြစ်နေလို့လား...ငါ ဒါကို လက်မခံဘူး”
“သွမ့်လင်းထျန်ကို သတ်ပြီး သူ့ဆီကနေ အဓိပတိသူတော်စင်လက်နက် နှစ်ခုကို ငါ လုယူချင်တယ်... တကယ်လို့ အခုချိန် သူ ငါ့ရှေ့မှာ ရှိနေရင် သေချာပေါက် ငါ အဲဒီလို လုပ်မိမှာပဲ”
“ငါလည်း အတူတူပဲ”
အလားတူ မှတ်ချက်များစွာကို ဒုစရိုက်မြို့တော်တွင် ကြားနိုင်သည်။
အဓိပတိသူတော်စင်လက်နက် နှစ်ခု ပိုင်ဆိုင်ထားသော လူတစ်ယောက် ရှိနေသည်။ ဒုစရိုက်မြို့တော်ရှိ သာမန် လူများကို ဘေးဖယ်ထားလိုက်ဦး... စိန့်ကောင်းကင် သတ္တမပုံစံ သို့မဟုတ် ထိုထက် မြင့်သော ဂိုဏ်းမဲ့ကျင့်ကြံသူများပင်လျှင် သွေးဆောင်ခံလိုက်ရပြီး မနာလို ဖြစ်သွားကြသည်။
***