ဝှစ်... ဝှစ်... ဝှစ်...
လေကို ခွင်းသွားသော လျင်မြန်ပြီး ပြင်းထန်သည့် အသံများ တစ်ခုပြီးတစ်ခု ထွက်ပေါ်လာသည်။ လျင်မြန်စွာ ရွေ့လျားနေသော လူငါးယောက်သည် ဒုစရိုက်မြို့တော်ရှိ နေရာအသီးသီးမှ ပျံသန်းထွက်လာကြသည်။ သူတို့၏ အမြန်နှုန်းမှာ အလွန် မြန်ဆန်လွန်းလှသဖြင့် ဒုစရိုက်မြို့တော်ရှိ ဂိုဏ်းမဲ့ကျင့်ကြံသူ အများစုမှာ သူတို့၏ လှုပ်ရှားမှုများကို မဖမ်းယူနိုင်သလောက်ပင် ဖြစ်သည်။ လူငါးယောက်စလုံးမှာ ဦးတည်ရာ တစ်ခုတည်းသို့ သွားနေကြခြင်း ဖြစ်သည်။ သူတို့ အားလုံးမှာ ရွှေခြင်္သေ့ဘုရင် ရှဲခန်ရွှန်း ယာယီ နေထိုင်ရာ နေရာဆီသို့ သွားနေကြခြင်း ဖြစ်သည်။
အမှောင်နယ်မြေဂိုဏ်းတွင် ဒုစရိုက်မြို့တော်၌ စံအိမ်တစ်ခု ရှိသည်။
“ရွှေခြင်္သေ့ဘုရင်”
“အဘိုးကြီးရှဲ”
“ဦးသျှောင်ရှဲ”
ထိုလူငါးယောက်မှာ စံအိမ်အထက်သို့ တစ်ချိန်တည်းလောက်မှာပင် ရောက်ရှိလာကြသည်။ သူတို့ ရောက်လာသောအခါ တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြပြီးနောက် အချင်းချင်း နှုတ်ဆက်ခြင်းပင် မပြုဘဲ ရှဲခန်ရွှန်းကို စတင် ခေါ်လိုက်ကြသည်။
သူတို့သည် အောက်ဘက်ရှိ စံအိမ်ကို ငုံ့ကြည့်ရင်း လေထုထဲတွင် ရပ်နေကြသည်။ သူတို့ ရှာဖွေနေသော လူမှာ စံအိမ်အတွင်း၌ ရှိနေကြောင်း ထင်ရှားသည်။
ထိုလူငါးယောက်မှာ အဘိုးအို တစ်ဦး၊ အဘွားအို တစ်ဦး၊ လူလတ်ပိုင်း တစ်ဦး၊ လူငယ် တစ်ဦးနှင့် လှပသော အမျိုးသမီး တစ်ဦးဖြစ်သည်။ သူတို့ အားလုံးသည် အမှောင်နယ်မြေဂိုဏ်း၏ ဦးသျှောင်လေးပါးထဲမှ တစ်ပါးဖြစ်သော ရွှေခြင်္သေ့ဘုရင်ကို ခေါ်နေကြခြင်း ဖြစ်သည်။
သူတို့ ခေါ်တာကို ရပ်တန့်လိုက်ပြီးနောက် မျက်စိတစ်မှိတ်အတွင်းမှာပင် ရွှေခြင်္သေ့ဘုရင် ရှဲခန်ရွှန်းသည် သူ၏ စံအိမ်ထဲမှ ထွက်လာပြီး ကောင်းကင်သို့ ပျံတက်လာသည်။ သူတို့ကို ကြည့်လိုက်ပြီးနောက် သူ သေချာမေးလိုက်သည်။
“ဘာကိစ္စ ရှိလို့လဲ”
သူတို့ငါးယောက်ကို ရင်ဆိုင်ရချိန်တွင် ရှဲခန်ရွှန်း မောက်မာစွာ မပြုမူရဲပေ။ သူ သူတို့ကို ယဉ်ကျေးစွာသာ ပြောဆိုလိုက်သည်။ ဘာပဲဖြစ်ဖြစ် ဤလူငါးယောက်မှာ စိန့်ကောင်းကင် သတ္တမပုံစံ သို့မဟုတ် ထိုထက် မြင့်သော စွမ်းအားရှင်များ ဖြစ်ကြသည်။ သဘာဝကျကျပင် ဒုစရိုက်မြို့တော်၌ စိန့်ကောင်းကင် သတ္တမပုံစံသို့ ရောက်ရှိနေသော စွမ်းအားရှင် ငါးယောက်ထက်မက ရှိသည်။ သို့သော်လည်း သွမ့်လင်းထျန်တွင် အဓိပတိသူတော်စင်လက်နက် နှစ်ခု ရှိနေကြောင်း ကောလာဟလများကို ကြားသိရသောအခါ သူတို့ငါးယောက်သာ ရောက်လာခဲ့ခြင်း ဖြစ်သည်။ ဤသတင်းများကို အမှောင်နယ်မြေဂိုဏ်းရှိ ဦးသျှောင်လေးပါးထဲမှ တစ်ပါးဖြစ်သော ရွှေခြင်္သေ့ဘုရင်က ဖြန့်လိုက်ခြင်း ဖြစ်ကြောင်း သူတို့ သိကြသည်။ ဤသည်မှာ သူတို့ ဤနေရာသို့ လာရခြင်း၏ ရည်ရွယ်ချက် ဖြစ်သည်။
လူလတ်ပိုင်းက နှာခေါင်းရှုံ့လိုက်ပြီးနောက် မျက်မှောင်ကြုတ်ကာ ပြောလိုက်သည်။
“ဟန့်... အဘိုးအိုရှဲ... မသိချင်ယောင်ဆောင်မနေနဲ့... ငါတို့ ဒီကို ဘာလို့ ရောက်နေလဲဆိုတာကို မင်း သိပါတယ်”
အခြားလေးယောက်က ရွှေခြင်္သေ့ဘုရင် ရှဲခန်ရွှန်းကို တစ်ပြိုင်နက် လှည့်ကြည့်လိုက်ကြသည်။ သူတို့၏ မျက်လုံးများမှာ တောက်ပစွာ လင်းလက်နေကြသည်။
“အားလုံးပဲ... နတ်ဆိုးချိပ်ပိတ်ကျောက်ပြားက ငါ့ရဲ့သား ရှဲကျုံဆီမှာ ရှိခဲ့တယ်လို့ ငါ ကတိပေးရဲပါတယ်... ခြေရာမဲ့ဓားနဲ့ ပတ်သက်လို့တော့ ငါ ရာခိုင်နှုန်းပြည့် မသေချာဘူး... ဘာပဲဖြစ်ဖြစ် အဲဒီအကြောင်းကို ငါ ကြားပဲ ကြားဖူးတာ... အရင်က တစ်ခါမှ မမြင်ဖူးဘူး”
ဖုံးကွယ်ထားလို့ အသုံးမ၀င်ကြောင်း ရှဲခန်ရွှန်း သိသောကြောင့် သွယ်ဝိုက်မနေဘဲ သူ ပြောလိုက်သည်။
“ဒါပေမဲ့ ကြေးမုံပုံရိပ်ကနေတစ်ဆင့် ငါ့ရဲ့သား ရှဲကျုံကို သွမ့်လင်းထျန် သတ်လိုက်တဲ့ မြင်ကွင်းကို ငါ မြင်ခဲ့ရတယ်... အဲဒီအချိန်တုန်းက ငါ့သားက သွမ့်လင်းထျန်ကို သတ်ဖို့ ခရမ်းရောင်မုရတု ကောင်းကင်မိုးကြိုးအဆောင်စာရွက်ကို ထုတ်လိုက်တယ်”
စကားအဆုံးသို့ ရောက်သောအခါ သူ၏ အသံမှာ တိုးဝင်သွားသည်။
“ခရမ်းရောင်မုရတု ကောင်းကင်မိုးကြိုးအဆောင်စာရွက် ဟုတ်လား... အဘိုးအိုရှဲ... ခရမ်းရောင်မုရတု ကောင်းကင်မိုးကြိုးအဆောင်စာရွက်ကိုတောင် ပေးထားတယ်ဆိုတော့ မင်း မင်းရဲ့သားကို တကယ် ချစ်တာပဲ”
လူလတ်ပိုင်းက မျက်ခုံးတစ်ဖက် ပင့်ကာ အံ့သြစွာဖြင့် ပြောလိုက်သည်။
“သူက ငါ့ရဲ့ တစ်ဦးတည်းသော သားလေ... ဒါကြောင့်မလို့ သူ့အတွက် ငါ မလုပ်ပေးနိုင်တာ ဘာမှ မရှိပါဘူး”
ရှဲခန်ရွှန်းက ယုံကြည်ချက်ရှိစွာဖြင့် ပြောလိုက်သည်။ သူ စကားပြောနေစဉ် သူ၏ အသံမှာ တိုးကျနေပြီး သူ၏ မျက်နှာထားမှာ ဒေါသပေါက်ကွဲတော့မည့်အလား အလွန် မှုန်ကုပ်နေသည်။
သူ၏ တစ်ဦးတည်းသော သား သေဆုံးသွားခဲ့ပြီ ဖြစ်သည်။ ထိုအကြောင်းကို တွေးမိသောအခါ ရှဲခန်ရွှန်း၏ ရင်ထဲတွင် ဒေါသများ ဆူပွက်လာသဖြင့် သူ၏ ခန္ဓာကိုယ်မှာ အနည်းငယ် တုန်ယင်သွားသည်။ သူသည် ဒေါသထွက်နေသော ခြင်္သေ့တစ်ကောင်နှင့် တူနေသည်။ သူ၏ ဖြူဖွေးနေသော ဆံပင်များတွင် ရွှေရောင် အနည်းငယ် စွန်းထင်းနေသဖြင့် သူ့ကို သူ၏ ဂုဏ်ပုဒ်ဖြစ်သော ‘ရွှေခြင်္သေ့ဘုရင်’ နှင့် တူနေစေသည်။ ဤနည်းဖြင့် သူ၏ ဂုဏ်ပုဒ်ကို သူ ရရှိခဲ့ခြင်း ဖြစ်သည်။
“ငါ့သားက ခရမ်းရောင်မုရတု ကောင်းကင်မိုးကြိုးအဆောင်စာရွက်နဲ့ သွမ့်လင်းထျန်ကို သတ်ဖို့ ပြင်ဆင်နေတဲ့ အချိန်လေးမှာတင် သွမ့်လင်းထျန် လှုပ်ရှားလိုက်တယ်... သွမ့်လင်းထျန်က လျှို့ဝှက်ဆန်းကြယ်တဲ့ ဓားပညာတစ်ခုကို သုံးပြီး ငါ့သားကို သတ်လိုက်တာ... ငါ့သားက အစကနေ အဆုံးအထိ ခရမ်းရောင်မုရတု ကောင်းကင်မိုးကြိုးအဆောင်စာရွက်ကို အသက်သွင်းဖို့ အချိန်မရလိုက်တာတင် မကဘူး တုံ့ပြန်ဖို့တောင် အချိန် မရလိုက်ဘူး... ဓားက အရမ်း မြန်လွန်းလို့ ခြေရာလက်ရာတောင် မကျန်ခဲ့ဘူး... ကမ္ပည်းတစ်ထောင်သူတော်စင်ဓားက အဲဒီဓားနဲ့ ယှဉ်လိုက်ရင် သံတိုသံစုတ်တစ်ခုလိုပဲ”
ရှဲခန်ရွှန်းက ယုံကြည်ချက်ရှိစွာဖြင့် ပြောလိုက်သည်။
ရှဲခန်ရွှန်း၏ စကားဆုံးသောအခါ လူငယ်က အံ့ဩစွာ ရေရွတ်လိုက်သည်။
“ခြေရာမဲ့ တိုက်ခိုက်မှုတွေ...”
သူ၏ မျက်လုံးများမှာ ကြယ်များကဲ့သို့ တောက်ပနေပြီး ပြောလိုက်သည်။
“ဦးသျှောင်ရှဲရဲ့ စကားတွေအရ သွမ့်လင်းထျန် သုံးသွားတဲ့ ဓားက ခြေရာမဲ့ဓား ဖြစ်ရမယ်”
အခြားလေးယောက်ကလည်း သဘောတူသည့်အနေဖြင့် ခေါင်းညိတ်လိုက်ကြသည်။
“ကျေးဇူးတင်ပါတယ် ဦးသျှောင်ရှဲ”
လူငယ်က ရှဲခန်ရွှန်းကို ကျေးဇူးတင်စကား ပြောလိုက်ပြီး လေပြင်းတစ်ခုကဲ့သို့ ထွက်သွားသည်။
မကြာမီမှာပင် အခြားလေးယောက်ကလည်း သူ့နောက်သို့ လိုက်ကာ ထွက်သွားကြသည်။ သူတို့သည် လေပြင်းတစ်ခုကဲ့သို့ အမြန် လာရောက်ခဲ့ကြပြီး အမြန် ပြန်လည် ထွက်သွားခဲ့ကြသည်။
ဤအချိန်တွင် ကောင်းကင်တွင် ဧရာမ စံအိမ်ကြီးကို ငုံ့ကြည့်နေသော ရှဲခန်ရွှန်း တစ်ယောက်တည်းသာ ကျန်ရစ်ခဲ့သည်။
“သွမ့်လင်းထျန်... မင်းမှာ အဓိပတိသူတော်စင်လက်နက် နှစ်ခု ရှိနေပြီဆိုတော့ ငါ မင်းကို လူထုရဲ့ ရန်သူ ဖြစ်လာအောင် လုပ်ပေးမယ်”
ရှဲခန်ရွှန်းက လှောင်ပြုံးပြုံးကာ ပြောလိုက်သည်။
“အဓိပတိသူတော်စင်လက်နက် နှစ်ခုကို မင်း စွန့်လွှတ်မှာလားဆိုတာ ငါ ကြည့်ချင်သေးတယ်... တကယ်လို့ မင်း မစွန့်လွှတ်ရင် အထက်ပိုင်းပြည်နယ် တစ်ခုလုံးက မင်းနောက်ကို လိုက်လာလိမ့်မယ်”
လူသားများသည် သဘာဝအရ လောဘကြီးတတ်ကြသည်။ သွမ့်လင်းထျန်တွင် အဓိပတိသူတော်စင်လက်နက် နှစ်ခု ရှိနေကြောင်း သတင်းများ ပျံ့နှံ့သွားသည်နှင့် တစ်ပြိုင်နက် လူတိုင်းက ၎င်းတို့ကို သူ့ထံမှ လုယူရန် သေချာပေါက် ကြိုးစားကြမည် ဖြစ်သည်။ သွမ့်လင်းထျန်သည် အထက်ပိုင်းပြည်နယ်က လူတိုင်း၏ ပစ်မှတ် ဖြစ်လာလိမ့်မည်ဖြစ်သည်။
‘တစ်ခါတလေ စည်းစိမ်ဥစ္စာက ကပ်ဘေးကို သယ်ဆောင်လာတတ်တယ်’ ဆိုသည့် ဆိုရိုးစကား တစ်ခု ရှိသည်။
ဤသတင်းများ ပျံ့နှံ့သွားသည်နှင့်အမျှ လူတိုင်း၏ နောက်ဆုံးပေါ် ဝါသနာမှာ သွမ့်လင်းထျန်ကို ရှာဖွေခြင်း ဖြစ်လာပုံရသည်။ သဘာဝကျကျပင် သူတို့ အားလုံးသည် သူ ပိုင်ဆိုင်ထားသော အဓိပတိသူတော်စင်လက်နက် နှစ်ခုကို လိုချင်ကြခြင်း ဖြစ်သည်။
................
“ရွှေခြင်္သေ့ဘုရင်က တကယ်ကို ရက်စက်တာပဲ... ငါ အထက်ပိုင်းပြည်နယ်မှာ ဆက်ရှင်သန်ဖို့ ခက်ခဲတော့မယ်”
ဘာတွေဖြစ်နေသလဲ ဆိုသည်ကို သွမ့်လင်းထျန် သိလိုက်ရချိန်တွင် တစ်လခန့် ကုန်လွန်သွားခဲ့ပြီ ဖြစ်သည်။
လတ်တလောတွင် သူ၏ ကျင့်ကြံမှုအဆင့်မှာ အနှစ်သာရသူတော်စင်အလယ်အဆင့်သို့ အောင်မြင်စွာ ရောက်ရှိသွားပြီ ဖြစ်သည်။ သို့သော်လည်း ပျံ့နှံ့နေသော သတင်းအမျိုးမျိုးကို သူ ကြားသိလိုက်ရသောအခါ သူ၏ ပျော်ရွှင်မှုမှာ အချိန်တိုလေးသာ ခံလိုက်သည်။
ငါ နတ်ဆိုးချိပ်ပိတ်ကျောက်ပြားကို စွန့်လွှတ်ဖို့ ဆန္ဒမရှိသရွေ့ နတ်ဆိုးချိပ်ပိတ်ကျောက်ပြားကို ဆက်ထိန်းထားနိုင်လောက်တဲ့အထိ အစွမ်းမထက်လာခင် လူတိုင်းရဲ့ ပစ်မှတ် ဖြစ်နေလိမ့်မယ်.....
သူ ရောက်ရှိနေသော အခြေအနေကို သွမ့်လင်းထျန် သတိပြုမိသည်။ ဤသည်မှာ ရွှေခြင်္သေ့ဘုရင်ကို ရက်စက်သည်ဟု သူ ပြောရခြင်း၏ အကြောင်းရင်း ဖြစ်သည်။
ဒါ့ပြင် ငါက မီးပူဇော်ခြင်းဂိုဏ်းရဲ့ ဒုတိယအသန်မာဆုံး ပါရမီရှင်နဲ့ အောက်ပိုင်းပြည်နယ်က အဇူရာတိမ်ရဲတိုက်ရဲ့ ရဲတိုက်သခင်လေးဆိုတာကို အခု လူတိုင်း သိသွားကြပြီ... ငါက အဇူရာတိမ် ရဲတိုက်သခင်လေးဖြစ်တယ်ဆိုတဲ့ သတင်း မီးပူဇော်ခြင်းဂိုဏ်းကို ရောက်သွားဖို့ အချိန်သိပ်ကြာမှာ မဟုတ်ဘူးလို့ ထင်တယ်... ခူအယ်နဲ့ ငါတို့ရဲ့ သမီးလေးကို ကယ်တင်နိုင်လောက်တဲ့အထိ အစွမ်းမထက်လာမချင်း ငါ မီးပူဇော်ခြင်းဂိုဏ်းကို ပြန်ဖို့ နည်းလမ်း မရှိတော့ဘူး... တကယ်လို့ ငါ အခု ပြန်သွားရင် လူတိုင်းရဲ့ ပစ်မှတ် ဖြစ်သွားလိမ့်မယ်.....
အဓိပတိသူတော်စင်လက်နက်များမှာ ကြီးမားသော သွေးဆောင်မှုများ ဖြစ်သည်။ မီးပူဇော်ခြင်းဂိုဏ်း၏ ဂိုဏ်းချုပ်ပင်လျှင် ၎င်းကို တပ်မက်လိမ့်မည် ဖြစ်သည်။ သွမ့်လင်းထျန်တွင် နတ်ဆိုးချိပ်ပိတ်ကျောက်ပြားနှင့် ခြေရာမဲ့ဓား ရှိနေသည်ဆိုသော ကောလာဟလများ ပျံ့နှံ့သွားခဲ့ရာ ၎င်းက သူ့အတွက် သေချာပေါက် ပြဿနာများ ဖြစ်လာစေလိမ့်မည်။
အဲဒီရွှေခြင်္သေ့ဘုရင်က ငါ့ရဲ့ နဂါးသွဲ့ကျောက်ဓားကို ခြေရာမဲ့ဓားလို့ ထင်သွားတာဖြစ်မယ်... ခြေရာမဲ့ဓားနဲ့ ပတ်သက်တဲ့ကိစ္စက မိုးကြိုးပြစ်ဒဏ်ကျိန်လို့ ရတဲ့အတွက် ဖြေရှင်းရတာ လွယ်တယ်... အဲဒီအချိန်ကျရင် လူတွေ ယုံရုံကလွဲပြီး ရွေးချယ်စရာ ရှိမှာ မဟုတ်ဘူး... ဒါပေမဲ့ ငါ့ဆီမှာ နတ်ဆိုးချိပ်ပိတ်ကျောက်ပြားကတော့ တကယ် ရှိနေတယ်... ငါ့အတွက် မိုးကြိုးပြစ်ဒဏ်ကျိန်ဖို့ဆိုတာ မဖြစ်နိုင်ဘူး.....
အကယ်၍ သွမ့်လင်းထျန် မီးပူဇော်ခြင်းဂိုဏ်းသို့ လက်ရှိအတိုင်း ပြန်သွားပါက သူ ပိုင်ဆိုင်ထားသည်ဟု ယူဆရသော အဓိပတိသူတော်စင်လက်နက် နှစ်ခုအတွက် သူ့ကို အကောက်ကြံကြမည့် ဂိုဏ်း၏ အဆင့်မြင့် ပုဂ္ဂိုလ် အများအပြား ရှိနေလိမ့်မည် ဖြစ်သည်။
***