‘တစ်ခါတလေ စည်းစိမ်ဥစ္စာက ကပ်ဘေးကို သယ်ဆောင်လာတတ်တယ်’
သွမ့်လင်းထျန် ထိုဆိုရိုးစကားကို ကြားဖူးသည်။
သွမ့်လင်းထျန် ဖိအားကို ခံစားလိုက်ရသည်။ ၎င်းက ဧရာမ ကျောက်တုံးကြီးတစ်ခုကဲ့သို့ဖြစ်ပြီး သူ၏ ရင်ထဲတွင် အတော်လေးလံနေသည်။
“ရွှေခြင်္သေ့ဘုရင်က ငါ့ဆီမှာရှိတယ်ထင်တဲ့ အဓိပတိသူတော်စင်လက်နက် နှစ်ခုကို စွန့်လွှတ်စေချင်နေတာ... နတ်ဆိုးချိပ်ပိတ်ကျောက်ပြားကို စွန့်လွှတ်ဖို့ ဆန္ဒမရှိသရွေ့တော့ နတ်ဆိုးချိပ်ပိတ်ကျောက်ပြားကို ဆက်သိမ်းထားနိုင်လောက်တဲ့အထိ ငါ အစွမ်းမထက်လာမချင်း လူရှေ့သူရှေ့မှာ ဒီအတိုင်း လူလုံးထွက်ပြလို့ မရဘူး”
သူ၏ မျက်နှာထား မှုန်ကုပ်သွားပြီး တစ်ကိုယ်တည်း ရေရွတ်လိုက်သည်။
တစ်နည်းအားဖြင့်ဆိုရလျှင် လာမည့် ရက်များအတွင်း သွမ့်လင်းထျန် အပြင်ထွက်သောအခါ သူ၏ နာမည်ကို အသုံးပြု၍ ရမည် မဟုတ်ပေ။ သို့မဟုတ်ပါက အထက်ပိုင်းပြည်နယ်ရှိ စွမ်းအားရှင် အားလုံး၏ အမဲလိုက်ခြင်း ခံရလိမ့်မည် ဖြစ်သည်။
အဓိပတိသူတော်စင်လက်နက်တစ်ခုအနေဖြင့် နတ်ဆိုးချိပ်ပိတ်ကျောက်ပြားမှာ ကြီးမားသော သွေးဆောင်မှုတစ်ခု ဖြစ်သည်။ ထို့ပြင် သွမ့်လင်းထျန်တွင် ခြေရာမဲ့ဓားလည်း ရှိနေသည်ဟု ရွှေခြင်္သေ့ဘုရင်က ကြေငြာထားသေးသည်။
နတ်ဆိုးချိပ်ပိတ်ကျောက်ပြားကဲ့သို့ပင် ခြေရာမဲ့ဓားသည်လည်း မဟာသူတော်စင်လက်နက်ဆယ်ခုစာရင်းတွင် ပါဝင်သော အဓိပတိသူတော်စင်လက်နက်တစ်ခု ဖြစ်သည်။
“သိုင်းတာအိုသူတော်စင်နယ်မြေ တစ်ခုလုံးမှာ အဓိပတိသူတော်စင်လက်နက် ဆယ်ခုပဲ ရှိတာ... ငါ့ဆီမှာ အဓိပတိသူတော်စင်လက်နက် နှစ်ခု ရှိတယ်ဆိုတဲ့ ကောလာဟလကို ရွှေခြင်္သေ့ဘုရင် ဖြန့်လိုက်ပြီဆိုတော့ လူတိုင်းက ငါ့ကို မနာလို ဖြစ်နေကြမှာပဲ”
သွမ့်လင်းထျန်၏ မျက်လုံးများမှာ သားကောင်ကို မျိုချတော့မည့် မြွေတစ်ကောင်ကဲ့သို့ အေးစက်နေသည်။
“ရွှေခြင်္သေ့ဘုရင်... ဒီနေ့ မင်း လုပ်ခဲ့တာတွေကို ငါ မှတ်ထားမယ်... ငါ စိန့်ကောင်းကင် သတ္တမပုံစံကို ရောက်သွားတဲ့ အချိန်ကျရင် မင်းရဲ့သားရှိတဲ့ ငရဲပြည်ကို မင်း လိုက်သွားလို့ ရပြီ”
အမှောင်နယ်မြေဂိုဏ်း၏ ရွှေခြင်္သေ့ဘုရင်က သွမ့်လင်းထျန်ကို ချောင်ပိတ်သည့်အခြေအနေသို့ တွန်းပို့လိုက်သောကြောင့် သူ့ကိုယ်သူ ကာကွယ်နိုင်လောက်အောင် အစွမ်းမထက်လာမီ သူ ပုန်းအောင်းနေရုံမှလွဲ၍ ရွေးချယ်စရာ မရှိတော့ပေ။ ဤအကြောင်းကြောင့် ရွှေခြင်္သေ့ဘုရင်ကို တစ်ခါမှ မမြင်ဖူးသော်လည်း သူ့ကို သွမ့်လင်းထျန် အရိုးထဲကထိ မုန်းတီးသွားသည်။
“ပင်ကိုဝိညာဉ်အမြစ်တွေ... ငါ ပင်ကိုဝိညာဉ်အမြစ်တွေ ပိုလိုတယ်”
သွမ့်လင်းထျန်၏ ပင်ကိုဝိညာဉ်အမြစ်မှာ မဲနယ်ရောင်သို့ ပြောင်းလဲသွားကတည်းက သူ၏ ကျင့်ကြံမှု အမြန်နှုန်း သိသိသာသာ တိုးတက်လာသည်ကို သူ ခံစားနိုင်ခဲ့သည်။ ထို့ကြောင့် သူ၏ ပင်ကိုဝိညာဉ်အမြစ် ထပ်မံတိုးတက်ဖို့ သူ ပိုမို စိတ်အားထက်သန်လာသည်။
“ငါ့ရဲ့ ပင်ကိုဝိညာဉ်အမြစ်က ခရမ်းရင့်ရောင် ပင်ကိုဝိညာဉ်အမြစ်အဖြစ် ပြောင်းလဲသွားရင် ရတနာခုနစ်ပါးနန်းဆောင်ရဲ့ စတုတ္ထထပ်က အချိန်စီးဆင်းမှုရဲ့ အကူအညီနဲ့ဆိုရင် ငါ စိန့်ကောင်းကင် သတ္တမပုံစံကို ရောက်ဖို့ အများဆုံး နှစ်နည်းနည်းပဲ အချိန်ယူရလိမ့်မယ်... ငါ့ရဲ့ ကျင့်ကြံမှုအဆင့်က စိန့်ကောင်းကင် သတ္တမပုံစံကို ရောက်သွားတာနဲ့ ငါ ပုန်းနေဖို့ မလိုတော့ဘူး... အဲဒီအချိန်ကျရင် ငါ့ဆီမှာ နတ်ဆိုးချိပ်ပိတ်ကျောက်ပြားပဲ ရှိရှိ အဓိပတိသူတော်စင်လက်နက် နှစ်ခုပဲ ရှိရှိ အရေးမကြီးတော့ဘူး... ဘယ်သူက ငါ့ကို ရန်စရဲမှာလဲ”
သူ၏ အတွေးများထဲတွင် နစ်မြောနေစဉ် သွမ့်လင်းထျန် ပြန်လည် စိတ်ဓာတ်တက်ကြွလာသည်။ သူ စိန့်ကောင်းကင် သတ္တမပုံစံသို့ ရောက်ရှိသွားသည်ကိုပင် ကြိုတင် မြင်ယောင်နေနိုင်သည့်အလား ဖြစ်သည်။ သဘာဝကျကျပင် သူ သတိပြန်ဝင်လာသောအခါ ရေခဲရေအေး တစ်ပုံးဖြင့် အလောင်းခံလိုက်ရသလို ခံစားလိုက်ရသည်။
ငါ့ရဲ့ မျက်နှာကို ပြောင်းထားပြီး ခန္ဓာကိုယ်ကိုလည်း အနက်ရောင်ဝတ်ရုံပွ အရှည်ကြီးနဲ့ ဖုံးကွယ်ထားတာဆိုတော့ ငါ့ရဲ့ ပုံတူပန်းချီတွေ နေရာတိုင်းမှာ ပျံ့နှံ့နေရင်တောင်မှ ဘယ်သူကမှ ငါ့ကို မှတ်မိမှာ မဟုတ်ဘူး.....
ဤအကြောင်းကို တွေးမိသောအခါ သွမ့်လင်းထျန် သက်ပြင်းချလိုက်သည်။
“ငါ အနှစ်သာရသူတော်စင်အလယ်အဆင့်ကို အခုမှ ရောက်ထားတာဆိုတော့ ငါ့ရဲ့ ကျင့်ကြံမှုအခြေခံကို တည်ငြိမ်အောင် လုပ်ဖို့ လိုသေးတယ်... ဒီအချိန်ကို အခွင့်ကောင်းယူပြီး ကျီးကန်းနက်မဟာမိတ်အဖွဲ့က လူတွေနဲ့များ ထပ်တွေ့လိုတွေ့ငြား ဒုစရိုက်မြို့တော်ထဲ ပတ်သွားသင့်တယ်”
သူ ယာယီ တည်းခိုနေသော တည်းခိုခန်းမှ မထွက်ခွာမီ သွမ့်လင်းထျန် ခပ်တိုးတိုး ရေရွတ်လိုက်သည်။
ကံကောင်းထောက်မစွာဖြင့် ကျီးကန်းနက်မဟာမိတ်အဖွဲ့မှ လူများ သွမ့်လင်းထျန်၏ စကားကို မကြားခဲ့ကြပေ။ သို့မဟုတ်ပါက သူတို့ ကြောက်ရွံ့သွားကြမည်ဖြစ်ပြီး ဒုစရိုက်မြို့တော်၏ အခြေအနေကို အခွင့်ကောင်းယူရဲတော့မည် မဟုတ်ပေ။
သွမ့်လင်းထျန်၏ လက်ရှိ စွမ်းအားဖြင့် သာမန် အဖွဲ့ဝင်များ မပြောနှင့်... ကျီးကန်းနက်မဟာမိတ်အဖွဲ့၏ ခေါင်းဆောင်ကိုပင် သူ တစ်ချက်တည်းဖြင့် သတ်ဖြတ်နိုင်စွမ်း ရှိသည်။
ကျီးကန်းနက်မဟာမိတ်အဖွဲ့၏ စွမ်းအားမှာ မြေပုဆိန်မဟာမိတ်အဖွဲ့နှင့် ဆင်တူသည်။ သူတို့ နှစ်ဖွဲ့စလုံး၏ ခေါင်းဆောင်များမှာ စိန့်ကောင်းကင် တတိယပုံစံတွင် ရှိကြသည်။
မီးပူဇော်ခြင်းဂိုဏ်း၏ အစစ်အမှန်တပည့် တစ်ဦးဖြစ်သော ပုဟုန်အဖြစ် ဟန်ဆောင်ကာ သူ၏ ညီဖြစ်သူ ကျောင်ထူကို သတ်ခဲ့သော လူသည် ကျီးကန်းနက်မဟာမိတ်အဖွဲ့အပေါ် မကောင်းကြံနေကြောင်း ကျီးကန်းနက်မဟာမိတ်အဖွဲ့၏ ဒုခေါင်းဆောင်ဖြစ်သူ ကျောင်ကျန်း လုံး၀ထင်မှတ်ထားမည် မဟုတ်ပေ။
အချိန်အတန်ကြာအောင် သွမ့်လင်းထျန်သည် ဒုစရိုက်မြို့တော်၏ လမ်းမများပေါ်တွင် လျှောက်သွားနေခဲ့သည်။ ဒဏ်ရာရနေသော လူများကို ကျီးကန်းနက်မဟာမိတ်အဖွဲ့မှ အဖွဲ့ဝင်များက အခွင့်ကောင်းယူရန် ကြိုးစားနေသည်ကို သူ မြင်တွေ့ရတိုင်း ထိုအဖွဲ့ဝင်များကို သနားညှာတာမှု မရှိဘဲ သတ်ပစ်လေ့ရှိသည်။
သဘာဝကျကျပင် အားနည်းသူများကို အခွင့်ကောင်းယူသဖြင့် အသတ်ခံရသူများမှာ ကျီးကန်းနက်မဟာမိတ်အဖွဲ့မှ လူများသာ မဟုတ်ပေ။ အလားတူ ပြုမူသော အခြားလူများကိုလည်း သူတို့၏ ပင်ကိုဝိညာဉ်အမြစ်များကို မဝါးမျိုမီ သွမ့်လင်းထျန်က သတ်ပစ်ခဲ့သည်။ သို့သော်လည်း သွမ့်လင်းထျန်၏ လက်ချက်ဖြင့် သေဆုံးသွားသူ အများစုမှာ ကျီးကန်းနက်မဟာမိတ်အဖွဲ့မှ ဖြစ်သည်ဆိုသည့် အချက်မှာ အမှန်တရားပင် ဖြစ်သည်။
ဤအကြောင်းကို ကျီးကန်းနက်မဟာမိတ်အဖွဲ့က သိရှိသွားသောအခါ ခြံ၀င်းတွင် ဆူပူအုံကြွမှုတစ်ခု ဖြစ်ပေါ်လာခဲ့သည်။
“ဒီဝတ်ရုံနက်နဲ့ လူက အားနည်းသူတွေကို အခွင့်ကောင်းယူဖို့ ကြိုးစားနေတဲ့ ငါတို့လူတွေကို မြင်တာနဲ့ သတ်ပစ်တယ် ဟုတ်လား... ဒါ့ပြင် သူက တစ်ချက်တည်းနဲ့ သတ်ပစ်တာလား”
၎င်းမှာ ကျီးကန်းနက်မဟာမိတ်အဖွဲ့မှ လူများအတွက် အံ့အားသင့်စရာ သတင်းတစ်ခု ဖြစ်သည်။
ရုတ်တရက် ကျီးကန်းနက်မဟာမိတ်အဖွဲ့ရှိ လူတိုင်းမှာ သူတို့ အန္တရာယ်ကျရောက်နေပြီဟု ခံစားလိုက်ရသည်။ တကယ်တော့ သူတို့ အားနည်းသူများအား အခွင့်ကောင်းယူခြင်းကို ရပ်တန့်သင့်ပြီဟု လူအများစုက ထင်မြင်လာကြသည်။ သို့မဟုတ်ပါက ဝတ်ရုံနက်လူနှင့် တွေ့လျှင် သူတို့ သေချာပေါက် သေမည် ဖြစ်သည်။
“သူက ဘယ်သူလဲ... သူက ကျီးကန်းနက်မဟာမိတ်အဖွဲ့ကို ပစ်မှတ်ထားနေတာလား... သူက ကျီးကန်းနက်မဟာမိတ်အဖွဲ့နဲ့ ရန်သူ ဖြစ်ချင်နေတာလား”
ကျီးကန်းနက်မဟာမိတ်အဖွဲ့ဝင် တစ်ဦးက ဟိန်းဟောက်လိုက်သည်။
“သူ့လက်ချက်နဲ့ သေတာ ကျီးကန်းနက်မဟာမိတ်အဖွဲ့က လူတွေချည်းပဲ မဟုတ်ဘူး... တခြား အားနည်းတဲ့သူတွေကို အနိုင်ကျင့်တဲ့သူ၊ အခွင့်ကောင်းယူတဲ့ သူတွေကိုလည်း သူက သတ်ပစ်တာပဲ”
အခြား ကျီးကန်းနက်မဟာမိတ်အဖွဲ့ဝင် တစ်ဦးက ပြောလိုက်သည်။ သူ၏ စကားများအရ သူသည် ဝတ်ရုံနက်လူ၏ လုပ်ရပ်များကို အတော်လေး သိရှိထားပုံရသည်။
“သူ ဘာလုပ်ဖို့ ကြိုးစားနေတာလဲ... သူ့ကိုယ်သူ ကယ်တင်ရှင်လို့ ထင်နေတာလား... ရယ်စရာပဲ”
“ဘာပဲဖြစ်ဖြစ် သူက ငါတို့ရဲ့ ကျီးကန်းနက်မဟာမိတ်အဖွဲ့က လူတွေ အများကြီးကို သတ်ထားတယ်... သူ ငါတို့ကို ရှင်းပြဖို့ တာဝန်ရှိတယ်”
“ရှင်းပြဖို့ တာဝန်ရှိတယ် ဟုတ်လား... မင်း နောက်နေတာလား... ငါတို့ ကျီးကန်းနက်မဟာမိတ်အဖွဲ့က လူတွေက ကျီးကန်းနက်မဟာမိတ်အဖွဲ့ကပါဆိုတာ သိသာတဲ့ ဝတ်စုံတွေ ဝတ်ထားကြတယ်... အဲဒီလူက ငါတို့လူတွေကို သတ်တဲ့အချိန်မှာ အဲဒါကို နည်းနည်းလေးတောင် ဂရုစိုက်ပုံရလို့လား”
“ငါ့အမြင်ကို ပြောရရင် ၀တ်ရုံနက် လူက ကျီးကန်းနက်မဟာမိတ်အဖွဲ့ကို တမင်ရန်စဖို့ ကြိုးစားနေတာ... တကယ်လို့ သူသာ မသေဘူးဆိုရင် ငါတို့ မဟာမိတ်အဖွဲ့ နောင်တစ်ချိန် ဒုစရိုက်မြို့တော်မှာ ဆက်ရပ်တည်ဖို့ ခက်ခဲလိမ့်မယ်”
ကျီးကန်းနက်မဟာမိတ်အဖွဲ့၏ ခြံ၀င်းတွင် အလားတူ မှတ်ချက်များကို ကြားနိုင်သည်။
ဘုန်း...
ကျီးကန်းနက်မဟာမိတ်အဖွဲ့ ခြံ၀င်းအတွင်းရှိ နေအိမ်တစ်လုံး၏ အရှေ့ဘက်ခြံဝင်းထဲမှ ရုတ်တရက် ကျယ်လောင်သော အသံကြီးတစ်ခု ထွက်ပေါ်လာသည်။ ကျီးကန်းနက်မဟာမိတ်အဖွဲ့၏ ဒုခေါင်းဆောင် ကျောင်ကျန်း သူ၏ အရှေ့ဘက်ခြံဝင်းထဲရှိ ကျောက်စားပွဲကို ဖျက်ဆီးလိုက်ရာမှ ထိုအသံ ထွက်ပေါ်လာခြင်း ဖြစ်သည်။ သူသည် ကျောက်စားပွဲကို ဖျက်ဆီးလိုက်ရုံသာမက ကျောက်စားပွဲ မူလရှိနေခဲ့သော နေရာတွင် အပေါက်ကြီး တစ်ပေါက်ပင် ဖြစ်သွားသည်။ နေရာအနှံ့အပြားတွင် ဖုန်မှုန့်များနှင့် အပျက်အစီးများ ရှိနေသည်။
“သူ့ကို ဒီလိုလုပ်ဖို့ သတ္တိတွေ ဘယ်သူ ပေးထားတာလဲ... သူက ဒီလောက် ငါ့လူတွေကို အများကြီးကို သတ်ရဲတယ်ပေါ့လေ”
ကျောင်ကျန်း၏ မျက်လုံးများ အေးစက်စွာ လင်းလက်သွားပြီး ဒေါသတကြီး ပြောလိုက်သည်။ ဤအချိန်တွင် သူသည် အဆိပ်ပြင်းသော မြွေတစ်ကောင်နှင့် တူနေသည်။
“ခေါင်းဆောင်နဲ့ တခြား ဒုခေါင်းဆောင် နှစ်ယောက် မရှိမှတော့....မင်းကို ငါကိုယ်တိုင် ရှင်းရတော့မှာပေါ့ ၀တ်ရုံနက်သူရဲကောင်း...”
ကျောင်ကျန်း စကားပြောပြီးသည်နှင့် တစ်ပြိုင်နက် လေပြင်းတစ်ချက်ကဲ့သို့ သူ၏ နေအိမ်မှ ထွက်သွားသည်။
ထို၀တ်ရုံနက်လူ ဆိုသော နာမည်မှာ သူ ဘယ်သူမှန်း မည်သူကမျှ မသိသောကြောင့် ကျီးကန်းနက်မဟာမိတ်အဖွဲ့မှ လူများက သွမ့်လင်းထျန်ကို ခေါ်ဝေါ်သော နာမည် ဖြစ်သည်။ သို့သော်လည်း ၎င်းသည် ရုပ်ဖျက်ထားသော သွမ့်လင်းထျန်မှန်း သူတို့ နည်းနည်းလေးမှ မသိကြချေ။
................
အရမ်း နှေးလွန်းတယ်... ငါ လူတွေ အများကြီး သတ်ခဲ့ပေမဲ့ သူတို့ အားလုံးမှာ အဆင့်နိမ့် ပင်ကိုဝိညာဉ်အမြစ်တွေပဲ ရှိကြတယ်... ငါ့ရဲ့ မဲနယ်ရောင် ပင်ကိုဝိညာဉ်အမြစ်ကို တိုးတက်စေဖို့ အဲဒါတွေက ပုံးတစ်ပုံးထဲ ရေတစ်ပေါက် ချလိုက်သလိုပဲ.....
ဒုစရိုက်မြို့တော်ထဲ လျှောက်သွားနေစဉ် သွမ့်လင်းထျန် မျက်မှောင်ကြုတ်နေသည်။
“ဟေး... မင်း အဲဒီအကြောင်း ကြားပြီးပြီလား... မကြာသေးခင်က အရမ်း ဖြောင့်မတ်ပြီး တရားမျှတပုံရတဲ့ ၀တ်ရုံနက် လူတစ်ယောက် ဒုစရိုက်မြို့တော်မှာ ပေါ်လာတယ်တဲ့”
သွမ့်လင်းထျန်၏ အရှေ့တွင် လူများ စကားပြောနေသည်ကို သူ ရုတ်တရက် ကြားလိုက်ရသည်။
“မင်းက အားနည်းတဲ့သူတွေကို အခွင့်ကောင်းယူလို့ ကျီးကန်းနက်မဟာမိတ်အဖွဲ့ဝင် အများကြီးကို သတ်ပစ်ခဲ့တဲ့ ၀တ်ရုံနက် လူအကြောင်းကို ပြောနေတာလား”
“ဟုတ်တယ်လေ”
“သူက ဖြောင့်မတ်တယ်လို့ မင်း ပြောတယ်... ဒါပေမဲ့ ငါက ဘာလို့ ခွေးအချင်းချင်း ကိုက်နေတယ်လို့ ခံစားနေရတာလဲ”
“အင်း... အဲဒါလည်း အဓိပ္ပာယ်ရှိတာပဲ... ဒါပေမဲ့ အဲဒီလိုဆိုရင်တောင် သူ့ကို ငါ မမုန်းဘူး... သူ့ကြောင့် ကျီးကန်းနက်မဟာမိတ်အဖွဲ့က လူတွေ နည်းနည်း ငြိမ်သွားတယ်လေ”
အလားတူ စကားဝိုင်းများကို ယခင်က ကြားဖူးသောကြောင့် ဤစကားကို ကြားသောအခါ သွမ့်လင်းထျန် အံ့အားမသင့်သွားပေ။
ဒုစရိုက်မြို့တော်တွင် သူ၏ လုပ်ရပ်များကို ချီးကျူးသူများ ရှိသလို ဝေဖန်သူများလည်း ရှိသည်။ အချို့လူများက သူ့ကို ကယ်တင်ရှင်တစ်ယောက်ကဲ့သို့ ထင်ကြပြီး အချို့က ခွေးအချင်းချင်း ကိုက်နေခြင်းသာ ဖြစ်ကာ သူက ယုတ်မာသော လူတစ်ယောက် ဖြစ်သည်ဟု ထင်ကြသည်။
လူများ မည်သို့ပင် ပြောဆိုကြစေကာမူ သွမ့်လင်းထျန်သည် သူတို့ကို လျစ်လျူရှုထားပြီး အားနည်းသူများကို အခွင့်ကောင်းယူသော ယုတ်မာသည့် လူများကို ရှာဖွေရန် ဒုစရိုက်မြို့တော်၌ ဆက်လက် လျှောက်သွားခဲ့သည်။
တစ်ယောက် ပေါ်လာရင် တစ်ယောက် သတ်မယ်...
နှစ်ယောက် ပေါ်လာရင် နှစ်ယောက် သတ်မယ်...
တစ်နည်းအားဖြင့်ဆိုရလျှင် သူ၏ ပင်ကိုဝိညာဉ်အမြစ်ကို တိုးတက်စေရန် ဤလူများကို သူက တမင်တကာ ပြဿနာရှာနေခြင်း ဖြစ်သည်။
ဘုန်း... ဘုန်း... ဘုန်း... ဘုန်း... ဘုန်း.....
လေထုထဲတွင် ပေါက်ကွဲသံများ ရုတ်တရက် ထွက်ပေါ်လာပြီး သွမ့်လင်းထျန်၏ အာရုံကို ဖမ်းစားသွားသည်။ ဆူညံသံများ ထွက်ပေါ်လာရာ နေရာသို့ သူ ကြည့်လိုက်ရာ လူနှစ်ယောက် တိုက်ခိုက်နေသည်ကို မြင်လိုက်ရသည်။ သူ မြင်တွေ့ရသည့် အခြေအနေအရ တစ်ယောက်မသေမချင်း တစ်ယောက်ကမှ အရှုံးပေးမည် မဟုတ်ဟု ထင်ရသည်။
ဤတိုက်ပွဲက စွမ်းအားရှင် များစွာ၏ အာရုံကို ဆွဲဆောင်သွားခဲ့သည်။
သွမ့်လင်းထျန်သည် ဘေးတွင် ဖုံးကွယ်နေသောကြောင့် သူ့ကို သတိထားမိသူ သိပ်မရှိပေ။ သို့မဟုတ်ပါက သူသည် ယခုအခါ ဒုစရိုက်မြို့တော်တွင် နာမည်ကြီးနေပြီဖြစ်ရာ သေချာပေါက် ဆူညံမှုများ ဖြစ်ပေါ်လာမည် ဖြစ်သည်။ သူ၏ အနက်ရောင်ဝတ်ရုံပွရှည်မှာ သူ၏ အမှတ်တံဆိပ် ဖြစ်လာခဲ့သည်။
ဒုစရိုက်မြို့တော်တွင် မည်သည့်နေရာ၌မဆို အနက်ရောင်ဝတ်ရုံပွရှည်နှင့် လူတစ်ယောက် ပေါ်လာပါက ထိုလူမှာ သွမ့်လင်းထျန် မဟုတ်လျှင်တောင်မှ ဆူပူအုံကြွမှုတစ်ခု ဖြစ်ပေါ်လာလေ့ရှိသည်။
“မကြာသေးခင်က သူသေကိုယ်သေတိုက်တဲ့ လူတွေ ပိုပိုပြီး များလာတယ်.....”
အဝေးတွင် တိုက်ခိုက်နေသော ထိုလူနှစ်ယောက်ကို မြင်သောအခါ သွမ့်လင်းထျန် ခါးသက်စွာ ပြုံးလိုက်သည်။
မကြာသေးမီက သွမ့်လင်းထျန်၏ ဝင်ရောက်စွက်ဖက်မှုကြောင့် သူသေကိုယ်သေတိုက်ပွဲများတွင် ရှုံးနိမ့်သွားပြီးနောက်တွင်ပင် အသက်ရှင်ကျန်ရစ်သူ အများအပြား ရှိလာခဲ့သည်။
ဤအကြောင်းကြောင့် လူအများအပြားသည် သွမ့်လင်းထျန် သူတို့ကို ကာကွယ်ပေးလိမ့်မည်ဟု ယူဆကာ သူသေကိုယ်သေတိုက်ပွဲများ စတင် ဆင်နွှဲလာခဲ့ကြသည်။
***