ဝတ်ရုံနက်လူ မည်သူမည်ဝါဖြစ်ကြောင်းကို အတည်ပြုရန် ကျောင်ကျန်း မေးလိုက်ခြင်း ဖြစ်သည်။ အဆုံး၌ ဒုစရိုက်မြို့တော်တွင် ဝတ်ရုံနက်လူကို စတင် အတုခိုးနေသူ အချို့ ရှိလာပြီ ဖြစ်သည်။ ဤဝတ်ရုံနက်လူမှာ ကျီးကန်းနက်မဟာမိတ်အဖွဲ့မှ အဖွဲ့ဝင်များကို သတ်ခဲ့သော လူနှင့် တစ်ယောက်တည်း ဟုတ်မဟုတ် ဆိုတာကို သူ မသေချာပေ။ သဘာဝကျကျပင် ဤလူမှာ မူလဝတ်ရုံနက်လူ မဟုတ်ခဲ့လျှင်တောင်မှ သူ့ကို လွှတ်ပေးရန် သူ အစီအစဉ် မရှိပေ။
ကျောင်ကျန်း၏ နာမည်မှာ ရင်းနှီးသည်ဟု သွမ့်လင်းထျန် ခံစားလိုက်ရသည်။ အနည်းငယ် စဉ်းစားကြည့်ပြီးနောက် ဤလူမှာ သူ သတ်ခဲ့သော လူ၏ အစ်ကိုဖြစ်ကြောင်း သဘောပေါက်သွားသည်။
သူက ကျောင်ထူရဲ့ အစ်ကိုလား.....
ကျောင်ထူကို မသတ်ခင် သူ၏ အသက်ကို ကာကွယ်ရန်အတွက် သူ၏ အစ်ကိုက ကျီးကန်းနက်မဟာမိတ်အဖွဲ့၏ ဒုခေါင်းဆောင် ကျောင်ကျန်း ဖြစ်သည်ဟု ကျောင်ထူ ပြောခဲ့တာကို သွမ့်လင်းထျန် မှတ်မိသွားသည်။ သို့သော်လည်း ကံမကောင်းစွာဖြင့် သွမ့်လင်းထျန်က ဂရုမစိုက်ခဲ့ပေ။
သဘာ၀ကျကျပင် သူ၏ အရှေ့တွင် ရပ်နေသော ဝတ်ရုံနက်လူမှာ သူ၏ ကျီးကန်းနက်မဟာမိတ်အဖွဲ့မှ လူအများအပြားကို သတ်ခဲ့ရုံသာမက သူ၏ ညီဖြစ်သူ ကျောင်ထူကိုပါ သတ်ခဲ့သော လူ ဖြစ်နေလိမ့်မည်ဟု ကျောင်ကျန်း မထင်ထားပေ။
ကျောင်ကျန်း မသိသောကြောင့် သွမ့်လင်းထျန်လည်း သူ့ကို ပြောပြရန် အစီအစဉ် မရှိပေ။
“ငါ သူတို့ အားလုံးကို သတ်ခဲ့တော့ရော ဘာဖြစ်လဲ... သူတို့က အားနည်းတဲ့သူတွေကို အခွင့်ကောင်းယူရတာ ကြိုက်တဲ့ အမှိုက်တွေ သက်သက်ပဲကို”
သွမ့်လင်းထျန်က ဂရုမစိုက်သည့် လေသံဖြင့် ဖြေလိုက်သည်။ သူ၏ ပုံစံမှာ တည်ငြိမ်အေးဆေးသည်။ ကျီးကန်းနက်မဟာမိတ်အဖွဲ့မှ ထိုလူများကို သတ်လိုက်ရသည်မှာ ဘာမှ မဟုတ်သည့်ကိစ္စအလား ထင်ရသည်။
တကယ်လည်း ၎င်းမှာ သွမ့်လင်းထျန် ခံစားရသည့်အတိုင်းပင် ဖြစ်သည်။ ဒုစရိုက်မြို့တော်တွင် ကျီးကန်းနက်မဟာမိတ်အဖွဲ့မှ အဖွဲ့ဝင် အများအပြားကို သူ မြင်တွေ့ခဲ့သော်လည်း သူတို့ အားလုံးကို သူ မသတ်ခဲ့ပေ။ သူ သတ်ခဲ့သူများမှာ မကောင်းသော ရည်ရွယ်ချက် ရှိသူများသာ ဖြစ်သည်။ ထိုလူများကို သတ်ရသည့်အတွက် သူ မည်သည့် နောင်တမျှ မရပေ။
သွမ့်လင်းထျန် စကားပြောပြီးသည်နှင့် တစ်ပြိုင်နက် တစ်နေရာလုံး တိတ်ဆိတ်သွားသည်။ အချင်းချင်း တီးတိုး စကားပြောနေကြသော ဂိုဏ်းမဲ့ကျင့်ကြံသူများမှာ ချက်ချင်း ပါးစပ်ပိတ်သွားကြသည်။ သူတို့ အားလုံးက သွမ့်လင်းထျန်ကို အံ့အားသင့်စွာဖြင့် ကြည့်လိုက်ကြသည်။ သွမ့်လင်းထျန် ဤမျှ မောက်မာလိမ့်မည်ဟု သူတို့ မထင်ထားခဲ့ပေ။
အဓိပတိသူတော်စင်အဆင့်စာရင်းတွင် အဆင့် ၅၆၆ နေရာ၌ ရှိနေသော ကျီးကန်းနက်မဟာမိတ်အဖွဲ့၏ ဒုခေါင်းဆောင် ကျောင်ကျန်းကို ရင်ဆိုင်ရချိန်တွင်ပင် သူက ဤမျှ မောက်မာနေသည်လော...
သူ သေရမှာကို မကြောက်ဘူးလား.....
“ကျောင်ကျန်းရဲ့ ရှေ့မှာ ဒီလောက် သတ္တိရှိတယ်ဆိုတော့ သူက ကျောင်ကျန်းထက် ပိုအစွမ်းထက်နေလို့များလား”
ဂိုဏ်းမဲ့ကျင့်ကြံသူ တစ်ဦးက တိတ်ဆိတ်မှုကို ဖြိုခွင်းကာ ရုတ်တရက် ပြောလိုက်သည်။
သူ၏ စကားများက ပွဲကြည့်ပရိသတ်များကြားတွင် ချက်ချင်း ဆူပူအုံကြွမှုတစ်ခု ဖြစ်ပေါ်လာစေသည်။
“မင်း အခုလို ပြောလိုက်မှပဲ အဲဒါ ဖြစ်နိုင်တယ်လို့ ထင်လာပြီ”
“အဲဒါ မှန်တယ်... ကျောင်ကျန်းက ပိုအစွမ်းထက်ပါတယ်ဆိုတာ ငါတို့ ဘယ်လိုလုပ် သိမှာလဲ... ဝတ်ရုံနက်လူက ကျောင်ကျန်းထက် ပိုအစွမ်းထက်နေတာလည်း ဖြစ်နိုင်တာပဲ... အခုချိန်အထိ သူက လူတိုင်းကို တစ်ချက်တည်းနဲ့ပဲ သတ်ခဲ့တာလေ”
“ဟုတ်တယ်... ဝတ်ရုံနက်လူ သတ်ခဲ့တဲ့ အသန်မာဆုံး လူက အနှစ်သာရသူတော်စင်အထွတ်အထိပ်အဆင့် ဆိုပေမဲ့ သူ့ရဲ့ ကျင့်ကြံမှုအဆင့်က စိန့်ကောင်းကင် တတိယပုံစံ ဒါမှမဟုတ် အဲဒီထက် ပိုမြင့်နေတာမျိုးလည်း ဖြစ်နိုင်တာပဲ”
ဂိုဏ်းမဲ့ကျင့်ကြံသူများ စတင် စကားပြောလာကြသောအခါ သူတို့၏ အမြင်များ ပြောင်းလဲသွားပုံရသည်။
သူ၏ ပတ်ဝန်းကျင်ရှိ ဆွေးနွေးမှုများကို ကြားသောအခါ ကျောင်ကျန်း၏ မျက်နှာထား သိသိသာသာ ပြောင်းလဲသွားသည်။ သူတို့၏ စကားများကို ကြားသောအခါ ပြဿနာ တစ်ခုရှိနေကြောင်း သူ ချက်ချင်း သတိပြုမိသွားသည်။ ပွဲကြည့်ပရိသတ်များ ပြောသည်မှာ မှန်သည်။ ဝတ်ရုံနက်လူ၏ အစစ်အမှန် စွမ်းအားကို သူ မသိပေ။ သူသည် ကျီးကန်းနက်မဟာမိတ်အဖွဲ့၏ ဒုခေါင်းဆောင် ဖြစ်ကြောင်း သိပြီးနောက်တွင်ပင် ဝတ်ရုံနက်လူက ရဲဝံ့စွာ ထွက်ပေါ်လာသောကြောင့် ဖြစ်နိုင်ခြေ နှစ်ခုသာ ရှိသည်။
ပထမအချက်မှာ ဝတ်ရုံနက်လူသည် သူ့ထက် အားနည်းသော်လည်း သူ့ကို ဟန်ရေးပြရန် ပေါ်လာခြင်း ဖြစ်နိုင်သည်။
ဒုတိယအချက်မှာ ဝတ်ရုံနက်လူသည် သူ့ထက် ပိုမို အစွမ်းထက်ပြီး သူ့ကို ကြောက်ရွံ့ခြင်း မရှိတာ ဖြစ်နိုင်သည်။
‘ငါ သူတို့ အားလုံးကို သတ်ခဲ့တော့ရော ဘာဖြစ်လဲ... သူတို့က အားနည်းတဲ့သူတွေကို အခွင့်ကောင်းယူရတာ ကြိုက်တဲ့ အမှိုက်တွေ သက်သက်ပဲကို....’
သွမ့်လင်းထျန်၏ မောက်မာသော စကားများက ကျောင်ကျန်း၏ စိတ်ထဲတွင် ဆက်လက် ပဲ့တင်ထပ်နေသည်။ ၎င်းက ဝတ်ရုံနက်လူမှာ သူ့ထက် ပိုမို အစွမ်းထက်သည်ဟု သူ့ကို ယုံကြည်သွားစေသည်။
“မင်းက ကျီးကန်းနက်မဟာမိတ်အဖွဲ့က လူတွေ အများကြီးကို သတ်ခဲ့တယ်... ငါတို့ ခေါင်းဆောင်က မင်းကို အလွတ်ပေးမှာ မဟုတ်ဘူး... စောင့်နေလိုက်”
အသက်ပြင်းပြင်း တစ်ချက်ရှိုက်လိုက်ပြီးနောက် ကျောင်ကျန်းက အရှက်မရှိစွာဖြင့် အသံတိုးတိုးပြောလိုက်သည်။ စကားပြောပြီးသည်နှင့် တစ်ပြိုင်နက် ထွက်သွားရန် ပြင်ဆင်သည့်အနေဖြင့် သူ နောက်သို့ လှည့်လိုက်သည်။ သူ ဆုံးဖြတ်ချက် ချလိုက်ပြီ ဖြစ်သည်။ အရှက်ရစရာ ဖြစ်လျှင်တောင်မှ ထွက်သွားတာက ပိုကောင်းသည်။ အကယ်၍ ဝတ်ရုံနက်လူသာ တကယ် သူ့ထက် ပိုမို အစွမ်းထက်ပါက သူ သေချာပေါက် သေရမည် ဖြစ်သည်။
ကျီးကန်းနက်မဟာမိတ်အဖွဲ့တွင် ခေါင်းဆောင်မှာ အသန်မာဆုံး ဖြစ်သည်။ ကျောင်ကျန်း၏ အမြင်တွင် ကျီးကန်းနက်မဟာမိတ်အဖွဲ့၏ ခေါင်းဆောင် ပြန်လာသောအခါ ဤကိစ္စကို ဖြေရှင်းရန် အချိန်မနှောင်းသေးပေ။ ဤနည်းလမ်းက ပို၍ ဘေးကင်းမည် ဖြစ်သည်။ သူ စွန့်စားမှု မပြုလုပ်ရန် ဆုံးဖြတ်လိုက်သည်။
သို့သော်လည်း ကျောင်ကျန်း ထွက်သွားရန် ဆုံးဖြတ်လိုက်ရုံဖြင့် ထွက်သွားနိုင်ပါမည်လော.....
ဝှစ်...
အနက်ရောင်ဝတ်ရုံ ခြုံထားသော သွမ့်လင်းထျန်သည် ထိုအခိုက်အတန့်တွင် လှုပ်ရှားလိုက်သည်။ သူသည် တစ္ဆေတစ်ကောင်အလား လေဟာနယ်ထဲမှ ပေါ်လာပြီး ကျောင်ကျန်း ထွက်မသွားနိုင်မီ ကျောင်ကျန်း၏ လမ်းကြောင်းကို ပိတ်ဆို့လိုက်သည်။
ဝတ်ရုံနက်လူက သူ၏ လမ်းကြောင်းကို ပိတ်ဆို့လိုက်သည်ကို မြင်သောအခါ ကျောင်ကျန်း၏ မျက်နှာအမူအရာ သိသိသာသာ ပြောင်းလဲသွားသည်။
တစ်ချိန်တည်းမှာပင် ပွဲကြည့်ပရိသတ်များလည်း သတိပြန်ဝင်လာကြသည်။ သူတို့ အားလုံးက ကျောင်ကျန်း၏ စကားကို မှတ်မိသွားကြသည်။
“ကျီးကန်းနက်မဟာမိတ်အဖွဲ့က လူတွေကို မင်း အများကြီး သတ်ခဲ့တယ်... ငါတို့ ခေါင်းဆောင်က မင်းကို အလွတ်ပေးမှာ မဟုတ်ဘူး... စောင့်နေလိုက်.....”
ကျောင်ကျန်း၏ စကားများအပေါ် အခြေခံ၍ သူသည် ဝတ်ရုံနက်လူကို ကြောက်ရွံ့ပြီး ထွက်ပြေးရန် ကြိုးစားနေသည်မှာ ထင်ရှားသည် မဟုတ်ပါလော.....
ပွဲကြည့်ပရိသတ်များ အားလုံးက ကျောင်ကျန်းကို မထီမဲ့မြင် လှည့်ကြည့်လိုက်ကြသည်။
တစ်ချိန်တည်းမှာပင် သူတို့ထဲမှ အချို့က ကျောင်ကျန်းကို လှောင်ပြောင်လိုက်ကြသည်။
“ကျောင်ကျန်း ကြောက်သွားပြီ... သူ ကြောက်တယ်ဆိုရင် ဘာလို့ ဒီနေ့ လာနေသေးလဲ”
“ဝတ်ရုံနက်လူက သူ့ထက် ပိုအစွမ်းထက်လိမ့်မယ်လို့ သူ မထင်ထားလို့ နေမှာပေါ့... ကျောင်ကျန်းက ကျီးကန်းနက်မဟာမိတ်အဖွဲ့ရဲ့ ဒုခေါင်းဆောင်ဆိုတာကို သိသိရက်နဲ့ ဝတ်ရုံနက်လူ ပေါ်လာဆယ်ဆိုမှတော့ ဝတ်ရုံနက်လူက သူ့ထက် ပိုအစွမ်းထက်တယ်လို့ ကျောင်ကျန်း ထင်သွားလောက်တယ်”
“ငါလည်း အဲဒီလိုပဲ ထင်တယ်... ဒါ ရှက်စရာ မဟုတ်ဘူးလား... သူ့အတွက်တင် ရှက်စရာ မဟုတ်ဘူး ကျီးကန်းနက်မဟာမိတ်အဖွဲ့အတွက်ပါ ရှက်စရာပဲ”
“ရှက်စရာ ဟုတ်လား... အသက်ဆုံးရှုံးရတာထက်စာရင် အရှက်ကွဲရတာက ပိုကောင်းပါတယ်”
အစပိုင်းတွင် လူအနည်းငယ်ကသာ ကျောင်ကျန်းကို လှောင်ပြောင်ကြခြင်းဖြစ်သည်။ သို့သော်လည်း အချိန်ကြာလာသည်နှင့်အမျှ လူများ ပိုမို ပါဝင်လာကြပြီး သူ့ကို စတင် လှောင်ပြောင်လာကြသည်။
အကြောင်းမှာ ကျီးကန်းနက်မဟာမိတ်အဖွဲ့မှ လူများမှာ အားနည်းသူများကို အခွင့်ကောင်းယူသည့် နေရာတွင် နာမည်ကြီးသောကြောင့် ဒုစရိုက်မြို့တော်၌ သူတို့၏ ဂုဏ်သတင်းမှာ မကောင်းပေ။ သို့သော်လည်း ကျီးကန်းနက်မဟာမိတ်အဖွဲ့၏ စွမ်းအားကြောင့် လူအများစုမှာ ထုတ်မပြောရဲကြပေ။
ယခု ကျောင်ကျန်းကို လှောင်ပြောင်ရန် အခွင့်အရေး ရလာပြီဖြစ်ရာ သူတို့ ဤအခွင့်အရေးကို သေချာပေါက် လက်လွတ်ခံမည် မဟုတ်ပေ။
အခွင့်အရေးကို ဘယ်အချိန်မှာ ဆုပ်ကိုင်ရမလဲဆိုတာကို သိသင့်တယ်...
ဆိုသည့် ဆိုရိုးစကား တစ်ခု ရှိသည်။ ထို့ကြောင့် သူတို့ အားလုံးက ဤအခွင့်အရေးကို ဆုပ်ကိုင်ကာ ကျောင်ကျန်းကို ညှာတာမှု မရှိဘဲ လှောင်ပြောင်လိုက်ကြသည်။
လူများ၏ စကားများကို ကြားသောအခါ ကျောင်ကျန်း၏ မျက်နှာမှာ ဖြူရော်သွားသည်။
ယခုအချိန်၌ ကျောင်ကျန်းချောင်ပိတ်မိနေပြီ ဖြစ်သည်။ သူသည် သူ၏ လမ်းကြောင်းကို ပိတ်ဆို့ထားသော သွမ့်လင်းထျန်ကို ကြည့်ကာ အက်ကွဲသောအသံဖြင့် မေးလိုက်သည်။
“မင်း တကယ်ပဲ တိုက်ချင်တာလား”
သူ စကားပြောနေစဉ် သတ်ဖြတ်ချင်စိတ်များ သူ၏ ခန္ဓာကိုယ်ထဲမှ ပေါက်ကွဲထွက်လာပြီး သွမ့်လင်းထျန်ဆီသို့ ရိုက်ခတ်သွားသည်။ သူ သွမ့်လင်းထျန်ကို စမ်းသပ်ရန် ကြိုးစားနေခြင်း ဖြစ်သည်။
အဆုံး၌သွမ့်လင်းထျန်သည် ဟန်ဆောင်နေခြင်း သက်သက် ဖြစ်ပြီး သူ့ကို ဟန်ရေးပြနေနိုင်ခြေလည်း ရှိနေသေးသည်။ သတ်ဖြတ်ချင်စိတ်များကို ရင်ဆိုင်ရချိန်တွင် သွမ့်လင်းထျန် တုံ့ပြန်ပုံမှတစ်ဆင့် တစ်ခုခုကို ကျောင်ကျန်း သိရှိနိုင်ပေမည်။ အကယ်၍ သွမ့်လင်းထျန်သာ သူ့ကို ဟန်ရေးပြနေခြင်း ဖြစ်ပါက သွမ့်လင်းထျန်ကို သတ်ပြီး သူနှင့် ကျီးကန်းနက်မဟာမိတ်အဖွဲ့၏ ဂုဏ်သိက္ခာကို ပြန်လည် ဆယ်ယူနိုင်မည် ဖြစ်သည်။
သို့သော်လည်း ကျောင်ကျန်း၏ မျက်နှာထား ချက်ချင်း ထပ်မံ ပြောင်းလဲသွားသည်။ အကြောင်းမှာ ဝတ်ရုံနက်လူမှာ သတ်ဖြတ်ချင်စိတ်များကြောင့် ထိခိုက်မှု မရှိကြောင်း သူ တွေ့ရှိလိုက်ရသောကြောင့် ဖြစ်သည်။ ဝတ်ရုံနက်လူမှာ လုံးဝ မလှုပ်ရှားပေ။ သူ၏ မျက်နှာအမူအရာကို ခေါင်းစွပ်က ဖုံးကွယ်ထားသောကြောင့် မြင်တွေ့နိုင်ခြင်း မရှိပေ။
“ကျီးကန်းနက်မဟာမိတ်အဖွဲ့ရဲ့ ဒုခေါင်းဆောင် တစ်ယောက်ဖြစ်ပြီး မင်းက ဘာလို့ ဒီလောက် တုံးတဲ့ မေးခွန်းကို မေးရတာလဲ”
ခဏအကြာတွင် သွမ့်လင်းထျန်က ပြောလိုက်သည်။
ပွဲကြည့်ပရိသတ်များမှာ အစပိုင်းတွင် ထိုစကားများကြောင့် အံ့အားသင့်သွားကြသည်။ သူတို့ သတိပြန်ဝင်လာသောအခါ စတင် ရယ်မောကြတော့သည်။
ပြေး.....
သွမ့်လင်းထျန်၏ စကားကို ကြားသောအခါ ကျောင်ကျန်း၏ စိတ်ထဲတွင် ဤအတွေး တစ်ခုတည်းသာ ကျန်တော့သည်။ ထိုလူသည် သူ့ကို အနိုင်ယူနိုင်မည်ဟု ယုံကြည်ချက် ရှိနေကြောင်း သိသာသည်။ သူ၏ မျက်နှာထား ပြောင်းလဲသွားပြီး နောက်သို့ လှည့်ကာ အလင်း၏ အမြန်နှုန်းဖြင့် ထွက်ပြေးရန် ပြင်ဆင်လိုက်သည်။
သို့သော်လည်း သွမ့်လင်းထျန်သည် ကျောင်ကျန်း၏ စိတ်ကို ဖတ်နိုင်သည့်အလား ကျောင်ကျန်း၏ လမ်းကြောင်းကို ထပ်မံ ပိတ်ဆို့လိုက်သည်။ ကျောင်ကျန်း နောက်တစ်ဖန် ထွက်ပြေးဖို့လမ်းကြောင်း ပိတ်သွားပြန်သည်။
မျက်စိတစ်မှိတ်အတွင်းမှာပင် သွမ့်လင်းထျန် သူ၏ လက်ကို မြှောက်လိုက်ရာ သူ၏ လက်ထဲတွင် ပေတံတစ်ချောင်း ပေါ်လာသည်။ ထိုပေတံမှာ ရိုးရှင်းပြီး ကြမ်းတမ်းစွာ ပြုလုပ်ထားပုံရသည်။
“စင်္ကြဝဠာ နေရာရွှေ့ပြောင်းခြင်း”
ဤပေတံမှာ ရတနာခုနစ်ပါးနန်းဆောင်၏ စတုတ္ထထပ်တွင် ရှိသော ကောင်းကင်အဓိပတိရတနာတစ်ခု ဖြစ်သည့် စင်္ကြဝဠာပေတံ ဖြစ်သည်။
စင်္ကြဝဠာ နေရာရွှေ့ပြောင်းခြင်း ဆိုသည်မှာ စင်္ကြဝဠာပေတံ၏ ထူးခြားသော နတ်ဘုရားစွမ်းရည်တစ်ခု ဖြစ်သည်။
သွမ့်လင်းထျန် စင်္ကြဝဠာပေတံကို ထုတ်ယူလိုက်သည်နှင့် တစ်ပြိုင်နက် စိန့်ကောင်းကင်အဆင့် စွမ်းအားရှင် တစ်ဦး၏ သူတော်စင်မူရင်းစွမ်းအင်နှင့် ညီမျှသော သူ၏ နေသူတော်စင်စွမ်းအင်များကို စင်္ကြဝဠာပေတံထဲသို့ ချက်ချင်း ပေါင်းစပ်လိုက်ပြီး စင်္ကြဝဠာ နေရာရွှေ့ပြောင်းခြင်းကို အသုံးပြုလိုက်သည်။
ထိုအချိန်တွင် ကျောင်ကျန်းနှင့် အခြားသူများ မတုံ့ပြန်နိုင်မီ သူတို့၏ မျက်စိရှေ့တွင် အလင်းတစ်ချက်လက်သွားပြီးနောက်လျှို့ဝှက်ဆန်းကြယ်သော စွမ်းအားတစ်ခုက သူတို့ကို လွှမ်းမိုးသွားသည်။
ကျောင်ကျန်းနှင့် အခြားသူများက ဤသို့ ဖြစ်လာမည်ဟု မထင်ထားခဲ့ကြပေ။
ထိုအချိန်တွင်...
“ဒြပ်စင်ဝါးမျိုခြင်းနည်းစနစ်”
သွမ့်လင်းထျန်၏ ခန္ဓာကိုယ် ပတ်လည်တွင် ဝဲကတော့များ စတင် ပေါ်လာပြီး ပတ်ဝန်းကျင်ရှိ ကောင်းကင်နှင့်မြေပြင်၏ ဝိညာဉ်စွမ်းအင်များကို ဆာလောင်နေသော သားရဲတစ်ကောင်ကဲ့သို့ ဝါးမျိုလိုက်သည်။
ကျောင်ကျန်းနှင့် ပွဲကြည့်ပရိသတ်များမှာ စင်္ကြဝဠာ နေရာရွှေ့ပြောင်းခြင်းကြောင့် အာရုံလွင့်သွားသောကြောင့် သွမ့်လင်းထျန်က ဒြပ်စင်ဝါးမျိုခြင်းနည်းစနစ်ကို အသုံးပြုထားကြောင်းနှင့် သူတို့၏ ပတ်ဝန်းကျင်တွင် ကောင်းကင်နှင့်မြေပြင်၏ ဝိညာဉ်စွမ်းအင်များ ခန်းခြောက်သွားကြောင်းကို သတိမထားမိလိုက်ကြပေ။
သွမ့်လင်းထျန်၏ နေသူတော်စင်စွမ်းအင်များမှာ အချိန်တိုအတွင်း ၎င်း၏ အကန့်အသတ်အထိ မြင့်တက်သွားသည်။ ၎င်းမှာ စိန့်ကောင်းကင် တတိယပုံစံသို့ ယခုလေးတင် ချိုးဖျက်ဝင်ရောက်ထားသော စွမ်းအားရှင် တစ်ဦး၏ သူတော်စင်မူရင်းစွမ်းအင်နှင့် ညီမျှသည်။
ဤအချိန်တွင် ကျောင်ကျန်း သတိပြန်ဝင်လာသည်။ သူ စတင် လှုပ်ရှားလိုက်သည်နှင့် တစ်ပြိုင်နက်...
သွမ့်လင်းထျန်သည် မျက်စိတစ်မှိတ်အတွင်း ကျောင်ကျန်း၏ ဘေးသို့ ရောက်ရှိသွားရာ ကျောင်ကျန်း၏ မျက်နှာအမူအရာ ချက်ချင်း ထပ်မံ ပြောင်းလဲသွားသည်။
ဝုန်း...
ဓားအော်မြည်သံတစ်ခု လေထုထဲတွင် ထွက်ပေါ်လာသည်။
၎င်းမှာ သွမ့်လင်းထျန်က သူ၏ တိုးပွားလာသော နေသူတော်စင်စွမ်းအင်များကို ကောင်းကင်အဓိပတိရတနာဖြစ်သည့် စင်္ကြဝဠာပေတံထဲသို့ ထည့်သွင်းလိုက်ပြီး ဆေဘာတစ်ချောင်းကဲ့သို့ အသုံးပြုကာ ကျောင်ကျန်းကို ခုတ်ပိုင်းလိုက်သည့် အသံ ဖြစ်သည်။ သူသည် မည်သည့် သိုင်းနည်းစနစ် သို့မဟုတ် အခြား မည်သည့်နတ်ဘုရားစွမ်းရည်ကိုမျှ အသုံးမပြုခဲ့ပေ။ ကျောင်ကျန်းကို တိုက်ခိုက်ရန် အကြွင်းမဲ့ဓားနှလုံးသားနှင့် နေသူတော်စင်စွမ်းအင်များ ပေါင်းစပ်ထားသော စင်္ကြဝဠာပေတံကိုသာ အသုံးပြုလိုက်ခြင်း ဖြစ်သည်။
စာစဉ် ၁၄၉ပြီး၏။
***