ချန်ယွင်က များများစားစား မတွေးတော့ဘဲ ခေါင်းငြိမ့်ပြလိုက်လေသည်။
“ကောင်းပါပြီ ရှင်…။”
“ဟုတ်တယ်... ငါ့ရဲ့ စရိုက်က လူတွေကို အလွယ်တကူ ရန်စမိတတ်တယ်။ တခြားသူတွေက ငါ့ကို ဘာမှမလုပ်နိုင်တဲ့အခါ ကလဲ့စားချေဖို့ နည်းမျိုးစုံ သုံးကြမှာပဲ….။”
ထျန်ဖုန်းက ဘာကိုမှ ဂရုမစိုက်သော်လည်း သူမကို နားလည်အောင် ရှင်းပြလိုက်ခြင်းပင် ဖြစ်သည်။
*သူက လူတွေကို ရန်စတတ်တဲ့သူလား…။*
ချန်ယွင်သည် ထျန်ဖုန်း၏ လုပ်ရပ်များကို သေချာပြန်လည်စဉ်းစားကြည့်သော်လည်း ထိုသို့သော အရိပ် အယောင်မျိုး မတွေ့ရပေ။ ဆန့်ကျင်ဘက်အနေဖြင့် သူသည် ဖော်ရွေပြီး သဘောကောင်းသူဟုပင် သူမ ထင်မြင်မိခြင်းပင်ဖြစ်လေသည်။
*သူ့မှာ ရန်သူတွေ အများကြီး ရှိနေလို့များလား….။*
“မင်း ဈေးကွက်ထဲမှာ ဘာလုပ်နေတာလဲ….။”
ထျန်ဖုန်းက စပ်စုသလို မေးလိုက်လေသည်။
“ကျွန်မ ဆေးဆရာတစ်ယောက်ကို ရှာဖို့ လာတာပါ။ ဟိုတစ်ခါက ကျွန်မ ငွေရောင်သစ်ရွက်မြက် ရခဲ့ တယ်မဟုတ်လား…။ အဲ့ဒါက ချီစုဆောင်းခြင်းဆေးလုံး ဖော်စပ်ဖို့အတွက် အဓိက ပါဝင်ပစ္စည်းလေ…။”
ချန်ယွင်က ရှင်းပြပြီးနောက် မျက်လုံးများ တောက်ပလျက် ဆက်ပြောလိုက်လေသည်။
“အဲ့ဒီဆေးလုံးကို သောက်ပြီးရင် ကျွန်မ ချီစွမ်းအင်သန့်စင်ခြင်း အဆင့် (၉) ကို အမြန်ဆုံး ရောက်နိုင် လိမ့်မယ်လို့ မျှော်လင့်ထားတယ်…။”
“ဒါဆိုရင်တော့ မင်း အလိုရှိရာ အောင်မြင်ပါစေလို့ ငါ ဆုတောင်းပေးပါတယ်။ ငါကတော့ အခု သွားရတော့မယ်…။”
“ရှင် အခုပဲ ထွက်သွားတော့မလို့လား….။”
ချန်ယွင် အံ့သြသွားလေသည်။ ဈေးကွက်ကို ရောက်ပြီးပြီးချင်း ပြန်ထွက်သွားမည်ဟု သူမ မထင်ထား ခဲ့ပေ။
“ဟုတ်တယ်... ငါ မြစိမ်းတောင်တန်းဂိုဏ်း ဘက်ကို သွားပြီး လေ့လာကြည့်မလို့ပါ…။”
“ဒါဆို ကျွန်မ လိုက်ပို့ပေးပါရစေ….။”
“မလိုပါဘူး... ငါ အပြင်ထွက်သွားရင် တစ်ယောက်ယောက်က တိုက်ခိုက်လာနိုင်တယ်။ မင်း ငါနဲ့ လုံးဝ မလိုက်ခဲ့လို့မရဘူး…။”
ထျန်ဖုန်းက ပြတ်ပြတ်သားသားပင် ငြင်းဆိုလိုက်လေသည်။ သူ နောက်နေခြင်း မဟုတ်ပေ။ အကယ်၍ သူမသာ လိုက်လာပါက သူမကိုပါ ကာကွယ်ပေးနေရမည် ဖြစ်သဖြင့် သူ စိတ်ကြိုက် လှုပ်ရှားနိုင်တော့ မည် မဟုတ်ပေ။
“ရှင် အန္တရာယ်ရှိနိုင်မလား….။”
ချန်ယွင်က စိုးရိမ်တကြီး မေးလိုက်လေသည်။
“ဒီဈေးကွက်ထဲမှာပဲ ခဏလောက် နေပါလား။ ဒီမှာဆိုရင် ဘယ်သူမှ လက်ဖျားနဲ့တောင် မတို့ရဲဘူး လေ…။”
“ငါ့ဘာသာငါဆိုရင် သူတို့ ငါ့ကို ဘာမှမလုပ်နိုင်ပါဘူး။ ကဲ... လိုက်မပို့နဲ့တော့….။”
“ကောင်းပါပြီ... အစ်ကိုထျန်၊ ဂရုစိုက်သွားပါဦး…။”
အမြဲတမ်း အေးအေးဆေးဆေး နေတတ်ပြီး ပြဿနာဖြစ်မည်ကို ကြောက်တတ်သော ချန်ယွင်အတွက် မူ ထျန်ဖုန်း၏ လုပ်ရပ်မှာ နားမလည်နိုင်စရာပင်။ ဖျောင်းဖျ၍ မရမှန်း သိသဖြင့် သူမ သက်ပြင်းသာ ချနိုင်တော့သည်။
နောက်ကွယ်မှ ချန်ယွင်၏ အတွေးပေါင်းစုံကို လျစ်လျူရှုကာ ထျန်ဖုန်းသည် ဈေးကွက်၏ ဂိတ်တံခါး ဆီသို့ လျှောက်သွားခဲ့လေသည်။
ဂိတ်တံခါးသို့ မရောက်မီမှာပင် လူတစ်ယောက်က သူ့ဆီသို့ ဦးတည် လျှောက်လာလေသည်။
“မိတ်ဆွေ... ခဏလောက်ပါ…။”
ထျန်ဖုန်း လှည့်ကြည့်လိုက်သောအခါ ရုပ်ရည် သာမန်မျှသာရှိသော်လည်း ဖော်ရွေသော အပြုံးကို အတင်းလုပ်ယူထားသည့် အမျိုးသားတစ်ဦးကို တွေ့လိုက်ရလေသည်။
သူ့၏ ကျင့်ကြံခြင်းအဆင့်မှာ ချီစွမ်းအင်သန့်စင်ခြင်း အဆင့် (၈) မျှသာ ရှိလေသည်။
ထျန်ဖုန်းက အေးဆေးသောလေသံဖြင့် မေးလိုက်သည်။
“ဘာကိစ္စလဲ…။”
“ဟားဟား... ကျွန်တော်က မိတ်ဆွေသစ်တွေ ဖွဲ့ရတာ ဝါသနာပါလို့ပါ။ ကျွန်တော့်နာမည်က ရှဲ့လင်းခွန် ပါ။ မိတ်ဆွေနဲ့ ခင်မင်ခွင့်ရတာ ဝမ်းသာပါတယ်….။”
“ငါက ထျန်ဖုန်းပါ။ ရှဲ့လေးကို နှုတ်ဆက်ပါတယ်….။”
ထျန်ဖုန်းကလည်း ယဉ်ကျေးစွာ လက်နှစ်ဖက်ကိုစုပ်ကိုင်၍ နှုတ်ဆက်လိုက်လေသည်။
“ဒီလောက်ထိ ချီးမွမ်းစရာ မလိုပါဘူး ခင်ဗျာ။ ကျွန်တော် ကြည့်ရသလောက်တော့ မိတ်ဆွေက ထူးခြားတဲ့ အငွေ့အသက်တွေ ရှိနေတာပဲ။ ဂိုဏ်းကြီး တစ်ခုခုက တပည့် ဖြစ်ရမယ် ဟုတ်တယ် မဟုတ်လား…။”
ရှဲ့လင်းခွန်က လက်ကာပြရင်း စူးစမ်းလိုက်လေသည်။
ထျန်ဖုန်း အတွေးထဲမှ လှောင်ပြုံး ပြုံးလိုက်လေသည်။
*အိုး... ငါ့အကြောင်းကို လာစုံစမ်းတာပေါ့လေ…။*
“အမှန်အတိုင်း ပြောရရင် ငါက ဘယ်ဂိုဏ်းမှ မရှိတဲ့ လေလွင့်ကျင့်ကြံသူ တစ်ယောက်ပါပဲ….။”
ထျန်ဖုန်းက မိမိကိုယ်ကို နှိမ့်ချသလိုဖြင့် ရယ်လိုက်ပြီး။
“အရင်ကတော့ ငါ့ဆရာနဲ့ အတူတူ နေခဲ့တာပေါ့၊ ဒါပေမဲ့ ဆရာ ဆုံးသွားပြီးကတည်းက တစ်ယောက် တည်း လျှောက်သွားနေရတာပါပဲလေ…။”
ရှဲ့လင်းခွန်၏ မျက်နှာတွင် ဝမ်းသာသွားသော အရိပ်အယောင်လေး ဖြတ်ပြေးသွားသော်လည်း ချက်ချင်းပင် ဟန်ဆောင် ထိန်းချုပ်လိုက်လေသည်။
ထို့နောက် စိုးရိမ်ပေးဟန်ဖြင့်
“ဒီလိုကိုး... အစ်ကိုထျန်လည်း ကျွန်တော့်လိုပဲ လောကကြီးထဲမှာ တစ်ယောက်တည်း မျောပါနေရ တာပဲလား။ ဒါဆို အစ်ကိုထျန် နောက်ထပ် ဘယ်ကို ခရီးဆက်ဖို့ စိတ်ကူးထားသေးလဲ….။”
“ငါလည်း မသိသေးပါဘူး၊ ဒါပေမဲ့ ရှေ့နားမှာ မြစိမ်းတောင်တန်းဂိုဏ်း ရှိတယ်လို့ ကြားလို့ အဲ့ဒီဘက်ကို သွားကြည့်မလားလို့လေ…။”
“တိုက်ဆိုင်လိုက်တာ….။ ကျွန်တော်လည်း အဲ့ဒီဘက်ကို သွားမလို့ပဲ….။”
ရှဲ့လင်းခွန်၏ မျက်နှာမှာ ဝမ်းသာအားရ ဖြစ်သွားလေသည်။ သူ၏ အင်္ကျီလက်ထဲမှ အဆောင်တစ်ခု သည်လည်း တိတ်တဆိတ် လှုပ်ခတ်သွားခဲ့လေသည်။
“ကျွန်တော်နဲ့ အတူတူ သွားကြမလား….။ ကျွန်တော်က အဲ့ဒီဘက်ကို ခဏခဏ ရောက်ဖူးတော့ လမ်းကြောင်းကိုလည်း ကောင်းကောင်း သိပါတယ်…။”
“ဒါကတော့...။”
ထျန်ဖုန်းက တွေဝေဟန် ဆောင်လိုက်ပြီးမှ…။
“ကောင်းပြီလေ... ငါတို့က ခင်မင်သွားကြပြီပဲ၊ အတူတူ သွားတာပေါ့…။”
“ဟားဟားဟား…။ အစ်ကိုထျန်က တကယ့်ကို ပေါင်းသင်းလို့ ကောင်းတဲ့သူပဲ….။”
ရှဲ့လင်းခွန်က အပြင်ပန်းတွင် ဝမ်းသာပြနေသော်လည်း အတွင်းစိတ်ထဲတွင်မူ လှောင်ပြုံး ပြုံးနေခဲ့သည်။
*သွားကြစို့... သေမင်းဆီကိုပေါ့….။*
သူတို့နှစ်ဦး ဈေးကွက်အပြင်ဘက်သို့ ရောက်သောအခါ ထျန်ဖုန်းက လက်ကို ဝှေ့ယမ်းလိုက်ပြီး လှေပျံ ကို ထုတ်လိုက်ကာ အပေါ်သို့ အရင်တက်လိုက်လေသည်။
“ရှဲ့လေး... တက်ခဲ့လေ…။”
“ဒါ... ဒါက... အစ်ကိုထျန်က တကယ်ကို သာမန်လူ မဟုတ်ဘူးပဲ….။”
ရှဲ့လင်းခွန်းက အံ့သြဟန် ဆောင်လိုက်လေသည်။
“အင်း... ဒီလှေပျံကိုရလာတဲ့ အကြောင်းကတော့ ပြောရရင် ဇာတ်လမ်းက ရှည်ပါတယ်ကွာ၊ အရှက်ရ စရာ သမိုင်းကြောင်းလေးလည်း ရှိတာပေါ့…။”
ထျန်ဖုန်းက သက်ပြင်းချလိုက်လေသည်။ အမှန်တော့ သူ အရှက်ရခဲ့သည် မဟုတ်ဘဲ ယွမ်လီ အရှက်ရခြင်းကို ပြောခြင်း ဖြစ်လေသည်။
*ဟက်... မင်းကို သတ်ပြီးရင်တော့ အဲ့ဒီ အရှက်ရစရာတွေကို မင်း မေ့သွားမှာပါ….။*
ရှဲ့လင်းခွန်းက စိတ်ထဲက တွေးလိုက်သည်။ သူသည် လှေပျံကို လုယူပြီး ထျန်ဖုန်းကို မည်သို့ သတ်မည် ကိုပင် ကြိုတင် စဉ်းစားနေခဲ့ပြီဖြစ်၏။
ရှဲ့လင်းခွန်း လှေပျံပေါ်သို့ တက်လာသည်နှင့် ထျန်ဖုန်းက မှော်စွမ်းအားကို အသက်သွင်းလိုက်ရာ လှေပျံ သည် အရှိန်အဟုန်ဖြင့် ပျံတက်သွားလေတော့သည်။
ဘေးမှ ကြည့်နေသော လူအုပ်ကြီးမှာတော့ အမျိုးမျိုးသော ခံစားချက်များဖြင့် ကျန်ရစ်ခဲ့လေတော့ သည်။ အချို့က သနားသလို ကြည့်ကြပြီး အချို့ကမူ နှမြောတသဟန် ရှိနေခဲ့ကြ၏။
“တောက်... ငါတို့ထက် အရင် လက်ဦးသွားတယ်ကွာ….။”
“ကျွတ်ကျွတ်…သနားစရာ ကောင်လေးပဲ….။”
“ရတနာ ရှိတာက အပြစ်တစ်ခုပဲကွ….။”
ဘေးပတ်ဝန်းကျင်မှ စကားသံများကို ဂရုမစိုက်ဘဲ ထျန်ဖုန်းသည် လှေပျံကို မောင်းနှင်ရင်း ရှဲ့လင်းခွန်ကို တိတ်တဆိတ် စောင့်ကြည့်နေခဲ့လေသည်။
သို့သော်လည်း ရှဲ့လင်းခွန်သည် လမ်းတစ်လျှောက် ဘာမှမလုပ်ဘဲ ထျန်ဖုန်းနှင့် အေးအေးဆေးဆေး စကားပြောရင်း လမ်းညွှန်ပေးနေခဲ့လေသည်။ သူတို့နှစ်ဦးသည် ဈေးကွက်နှင့် တဖြည်းဖြည်း ဝေးကွာ လာခဲ့ပြီဖြစ်သည်။
“ဟင်… ဟိုမှာ ဘာဖြစ်နေတာလဲ….။”
ရှဲ့လင်းခွန်က ရုတ်တရက် အော်ဟစ်လိုက်လေသည်။
ထျန်ဖုန်း လှမ်းကြည့်လိုက်သောအခါ ဘယ်ဘက် အဝေးတစ်နေရာတွင် ပုရွက်ဆိတ်လေးနှစ်ကောင် ကဲ့သို့ လှုပ်ရှားနေသည့် လူပုံရိပ်နှစ်ခုကို တွေ့လိုက်ရလေသည်။
*ဒီလောက်တောင် လောနေရသလား….။ ငါတောင် သေချာ မမြင်ရသေးဘူး၊ မင်းက လှမ်းပြောနေပြီ လား…။*
ဟု တွေးကာ ထျန်ဖုန်း စိတ်ထဲမှ ကျိတ်ရယ်လိုက်လေသည်။
“အင်း... ဘာမှ မဟုတ်တဲ့ ပုံပါပဲ။ ဆက်သွားကြစို့….။”
ထျန်ဖုန်းက ရှဲ့လင်းခွန်ကို စနောက်ချင်သဖြင့် လျစ်လျူရှုဟန်ဆောင်လိုက်လေသည်။
“ဗျာ….။”
ရှဲ့လင်းခွန် ကြောင်သွားလေသည်။
*ဇာတ်ညွှန်းက ဒီလို မဟုတ်ရဘူးလေ….။ ပုံမှန်ဆိုရင် စူးစမ်းချင်စိတ်နဲ့ သွားကြည့်ရမှာ မဟုတ်လား…။*
ရှဲ့လင်းခွန် ပျာယာခတ်သွားလေသည်။ အကယ်၍ မသွားဖြစ်ပါက သူတို့၏ အစီအစဉ် ပျက်စီးသွားပေ လိမ့်မည်ပင်။
“ရှားပါးတဲ့ ရတနာတစ်ခုခုများ ပေါ်လာတာလား မသိဘူးနော်၊ အစ်ကိုထျန်…။”
ရှဲ့လင်းခွန်က စိုးရိမ်တကြီးဖြင့် ထပ်ပြောပြန်လေသည်။
“အိုး... ဒါဆိုလည်း သွားကြည့်ကြတာပေါ့…။”
ထျန်ဖုန်းလည်း ဆက်၍ စမနေတော့ပေ။ အကယ်၍ တစ်ဖက်လူက စိတ်မရှည်ဘဲ အတင်းအဓမ္မ လုပ်လာပါက ကြည့်မကောင်း ဖြစ်သွားနိုင်သည်ပင်။
ထို့နောက် သူသည် လှေပျံကို ထိုဘက်သို့ ဦးတည် မောင်းနှင်လိုက်ရာ ရှဲ့လင်းခွန်လည်း ထိုအခါမှ သက်ပြင်းချနိုင်လေတော့သည်။
“ကယ်ကြပါဦး….။”
အနားသို့ မရောက်မီမှာပင် အမျိုးသမီးတစ်ဦး၏ အော်ဟစ်သံကို ကြားလိုက်ရလေ သည်။ သူမ၏ အသံ မှာ သာယာနာပျော်ဖွယ် ရှိသော်လည်း အလွန် ကျယ်လောင်နေခဲ့သည်။
လှေပျံသည် ထိုနေရာ၏ အပေါ်သို့ ရောက်ရှိလာခဲ့လေသည်။
ထျန်ဖုန်း ငုံ့ကြည့်လိုက်သောအခါ သန်သန်မာမာ အမျိုးသားတစ်ဦးက အမျိုးသမီးတစ်ဦးကို မဖွယ်မရာ ပြုလုပ်ရန် ကြိုးစားနေသည်ကို တွေ့လိုက်ရလေသည်။
ထူးဆန်းသည်မှာ ထိုသန်မာသောအမျိုးသားသည် အမျိုးသမီး၏ အင်္ကျီကို အတင်းဆွဲဖြဲနေသည်မှာ ကြာလှပြီ ဖြစ်သော်လည်း အင်္ကျီမှာ တစ်စက်ကလေးမှ ပြဲမထွက်သွားချင်းပင်။ ထျန်ဖုန်းအနေဖြင့် သူ၏ မျက်စိအစာကျွေးချင်သော ဆန္ဒပင် မပြည့်ဝနိုင်တော့ချေ။
***