“စနစ်... ဒီတစ်ခါရော ဆုလာဘ် ရှိလား….။”
တိုက်ပွဲပြီးဆုံးသွားသည်နှင့် ထျန်ဖုန်းက ဆုလာဘ်အကြောင်းကို ချက်ချင်း မေးမြန်းလိုက်လေသည်။
[ဟဲဟဲ... မဆိုးပါဘူး၊ မဆိုးပါဘူး ပိုင်ရှင်။]
[ဒီတစ်ခါတော့ ပိုင်ရှင်က တကယ့်ကို အရှက်မရှိ၊ ကောက်ကျစ်စဉ်းလဲခဲ့တာပဲ။ ပိုင်ရှင်ရဲ့ တိုက်ပွဲဝင် အမှတ်က (၁၀၀) ရပါမယ်။]
“ဘာလို့ (၁၀၀) ထဲလဲ….။”
ထျန်ဖုန်းက မကျေမနပ် ဖြစ်သွားလေသည်။
[ဒါတောင် များလှပါပြီ ပိုင်ရှင်။ ပိုင်ရှင် ပြဿနာရှာတုန်းက သူတို့နှစ်ယောက်ပဲ ရှိတာလေ။ ပြီးတော့ ပိုင်ရှင်က အကုန်လုံးကို သတ်ပစ်လိုက်တာဆိုတော့ ဘယ်သူက ပိုင်ရှင်ရဲ့ ရက်စက်တဲ့ နာမည်ဆိုးကို သတင်းဖြန့်ပေးတော့မှာလဲ…။]
[အကယ်၍ ပိုင်ရှင်က သူတို့ကို အသက်ချမ်းသာပေးပြီး လွှတ်ပေးလိုက်မယ်ဆိုရင် အမှတ်တွေက နောက်ထပ် ဒါဇင်နဲ့ချီပြီး ဒါမှမဟုတ် ရာနဲ့ချီပြီး ပိုရဦးမှာပါ…။]
[အကယ်၍ ဒီနေရာမှာ လူအများကြီး၊ ဥပမာ လူရာဂဏန်းလောက် ရှိနေမယ်ဆိုရင်တော့ ပိုင်ရှင်က ဒီတစ်ခါတင် အမှတ် သန်းပေါင်းများစွာ ရနိုင်တာပေါ့…။]
ထျန်ဖုန်း၏ မျက်နှာ မှောင်ကျသွားလေသည်။
“ဆိုလိုတာက ငါ မကောင်းမှုတွေ လုပ်တဲ့အခါ ငါ့ရဲ့ နာမည်ဆိုးကို သတင်းဖြန့်ပေးမယ့်သူတွေကို ချန်ထားခဲ့ရမယ်ပေါ့၊ အဲ့ဒါမှ ဆုလာဘ်က ပိုများမှာပေါ့ ဟုတ်လား….။”
[မှန်ပါတယ်... လူကလေး၊ မင်းက တော်တော် သင်ယူတာ မြန်တာပဲ…။]
‘တောက်...။’
*ငါ အရင်က လုပ်ခဲ့တဲ့ အရှက်မရှိတဲ့ အလုပ်တွေကတင် တော်တော်လေး လုံလောက်နေပါပြီ။ လူသတ် ပြီး သက်သေဖျောက်ဖို့ ကြိုးစားတာတောင် ငါ့ကိုယ်ငါ ရှက်နေမိတာ။ အခုတော့ ဒီလိုသတင်းတွေ ပြန့်နှံ့အောင် လုပ်မှ ဆုလာဘ် ပိုရမယ်တဲ့လား….။*
*ငါက အဲ့ဒီလောက်တောင် အရှက်မရှိတဲ့ လူစားမျိုးလား…။*
သူ သူ၏ လက်ကျန်အမှတ်များကို စစ်ဆေးလိုက်လေသည်။
[တိုက်ပွဲဝင်အမှတ်: (၁၃၅၀) ။]
[အပြေးဒင်္ဂါးများ : (၇၀၀) ။]
ချီစွမ်းအင်သန့်စင်ခြင်း အဆင့်အတွက်တော့ လုံလောက်နေပြီ ဖြစ်သော်လည်း အခြေခံအုတ်မြစ်တည် ဆောက်ခြင်း အဆင့်အတွက်ဆိုလျှင်မူ အနည်းငယ် လိုအပ်နိုင်သေးသည်။ အခြေခံတည်ဆောက်ခြင်း ဆေးလုံးများ၊ ကျင့်စဉ်များ သို့မဟုတ် မှော်ဝင်ရတနာများ အတွက်ပေါ့။
ထို့အပြင် အခြေခံအုတ်မြစ်တည်ဆောက်ခြင်း အဆင့်သို့ ရောက်လျှင် ခန္ဓာကိုယ် ဖွဲ့စည်းပုံကိုပါ ပြောင်းလဲရမည် ဖြစ်ရာ ၎င်းမှာလည်း အကုန်အကျ များပေလိမ့်မည်။
ခဏမျှ စဉ်းစားပြီးနောက် ထျန်ဖုန်းသည် တိုက်ပွဲမှရသော ပစ္စည်းများကို စတင် သိမ်းဆည်းတော့ သည်။ သူသည် လူတိုင်းကို သေချာစွာ အသေးစိတ် ရှာဖွေခဲ့လေသည်။ ဟယ်ဖန်ဟုန်ကိုပင် ချန်မထား ပေ။ သူမမှာ အဝတ်အစား မရှိပေမဲ့ ဘယ်သူသိနိုင်မှာတဲ့လဲ၊ ရတနာတွေကို တစ်နေရာရာမှာ ဝှက်ထား နိုင်သည်ပင် မဟုတ်ပါလား။
နောက်ဆုံးတွင် သူသည် စိတ်ဝိညာဉ်ကျောက်တုံး တစ်ရာကျော် ပါဝင်သည့် သိုလှောင်အိတ် သုံးအိတ် ကို ရရှိခဲ့လေသည်။ ဆေးလုံးများနှင့် ကျင့်စဉ်များကဲ့သို့သော အခြား အသေးအဖွဲ ပစ္စည်းများမှာမူ တန်ဖိုး သိပ်မရှိလှပေ။ ထျန်ဖုန်းက ၎င်းတို့ကို တစ်ချက်ကြည့်ကာ သူ၏ သိုလှောင်နယ်မြေထဲသို့ ပစ်ထည့်လိုက်လေသည်။
ပြန်စဉ်းစားကြည့်လျှင် ရရှိသည်က သိပ်မများလှသော်လည်း ဘာမျှမရသည်ထက်စာလျှင် တော်သေး သည်ဟု ဆိုရပေမည်။
ထို့နောက် သူသည် ကျင်းနှစ်ကျင်း ထပ်တူးလိုက်လေသည်။ ဝမ်ဟွာပင်းနှင့် ဟယ်ဖန်ဟုန်ကို ကျင်းတစ်ခုတည်းတွင် မြှုပ်နှံပေးလိုက်လေသည်။ ကျန်အမျိုးသားနှင့် ရှဲ့လင်းခွန်ကိုမူ နောက်ထပ် ကျင်းတစ်ခုတွင် မြှုပ်ပေးလိုက်လေသည်။
လူသတ်တာက ပုဂ္ဂိုလ်ရေးအရ အာဃာတဖြစ်ပေမဲ့ အလောင်းကို ဘယ်လိုကိုင်တွယ်ပြီး မြှုပ်နှံပေး သည်ဆိုတာကတော့ လူတစ်ယောက်၏ ကိုယ်ကျင့်တရားနှင့် ယဉ်ကျေးမှုအဆင့်အတန်းပေါ် မူတည် ခြင်းပင်။
ထျန်ဖုန်းက သူကိုယ်တိုင်သည် ယဉ်ကျေးပျူငှာသူ ဖြစ်ရုံသာမက သဘာဝပတ်ဝန်းကျင်ကိုလည်း ချစ်မြတ်နိုးသူတစ်ဦးဖြစ်သည်ဟု အမြဲ ခံယူထားသူပင်။
မူလက သူသည် ဟယ်ဖန်ဟုန်နှင့် ကျန်အမျိုးသားကို အတူတူ မြှုပ်နှံပေးရန် စဉ်းစားခဲ့သေးသည်။ သူတို့ နှစ်ဦးက နေ့ခင်းကြောင်တောင်ကြီးမှာတောင် ဖောက်ပြန်နေခဲ့ကြသည်ပင် မဟုတ်ပါလား။ သို့သော် နောက်ပိုင်းတွင် သူတို့၏ ခံစားချက်မှာ ခဏတာသာ ဖြစ်နိုင်သည်ဟု တွေးမိသွားကာ အစီအစဉ်ကိုပြန် ၍ ပြောင်းလိုက်ခြင်းပင် ဖြစ်သည်။
အတူတူ မြှုပ်လိုက်လျှင် သူတို့ ငြင်းခုံနေကြပေဦးမည်။
အရာအားလုံး ပြီးစီးသွားသောအခါ ထျန်ဖုန်း လက်ကို ပုတ်လိုက်သည်။ သူသည် လှေပျံကို ထုတ်ကာ သူ၏ အရှက်မရှိသော ခရီးလမ်း ကို တစ်ဖန် ပြန်လည် စတင်လိုက်လေတော့သည်။
…………
ထျန်ဖုန်း ထွက်ခွာသွားပြီး မကြာမီမှာပင် လူတစ်စု ရောက်ရှိလာခဲ့လေသည်။ ဤရာဇ၀တ်ဂိုဏ်းများမှာ အချင်းချင်း သိကျွမ်းနေကြပြီး တစ်ဦး၏ လုပ်ဆောင်ပုံကို တစ်ဦးက သိနေကြလေသည်။
သူတို့သည် ထျန်ဖုန်းတို့ နောက်သို့ ခပ်လှမ်းလှမ်းမှ လိုက်ပါလာခဲ့ခြင်း ဖြစ်သော်လည်း အနားသို့ အလွန် အမင်း ကပ်ရန် မဝံ့ရဲခဲ့ကြပေ။ အကယ်၍ ဝဖြိုးနေတဲ့ သိုးသူငယ်လေး က သိသွားပြီး လန့်ပြေးသွားပါ က တခြားသူများကို အားနာစရာ ဖြစ်သွားမည် မဟုတ်ပါလား။
ထို့ကြောင့် ထျန်ဖုန်းပင်လျှင် သူ၏ နောက်ကွယ်မှ လူများကို သတိမထားမိခဲ့ပေ။ သို့သော်လည်း လှေပျံမှာ အလွန်မြန်သဖြင့် ထိုလူများလည်း ထျန်ဖုန်းကို မျက်ခြေပြတ်သွားခဲ့လေသည်။ သူတို့သည် လမ်းကြောင်းအတိုင်းသာ မှန်းဆ၍လိုက်လာကြခြင်းသာ ဖြစ်လေသည်။
“ရှေ့နားမှာပဲ ဖြစ်ရမယ်…။”
“သူတို့ အောင်မြင်သွားလား မသိဘူးနော်…။”
“ဟဲဟဲ... အဲ့ဒီကောင်ကတော့ ထောင်ချောက်ထဲ မိသွားမှာ သေချာပါတယ်။ မိမသွားရင်တောင် မြေပြင် ပေါ် ဆင်းလာတာနဲ့ သူ သေပြီပဲ…။”
ထိုလူစုမှာ ထျန်ဖုန်း လွတ်သွားမလားဆိုသည်ကို သိချင်သဖြင့် စကားပြောရင်း လျှောက်လာကြသည်။ အကယ်၍ လွတ်သွားခဲ့လျှင် သို့မဟုတ် ဒဏ်ရာအပြင်းအထန် ရခဲ့လျှင် သူတို့အတွက် အခွင့်အရေး ရှိသေးသည် မဟုတ်ပါလား။
“ဒီမှာဟေ့…။”
ရှေ့မှ အော်သံကြောင့် အားလုံး အရှိန်မြှင့်၍ သွားလိုက်ကြလေသည်။
“ဒီနေရာပဲ ဖြစ်ရမယ်….။”
“ဟုတ်တယ်... ဒါ တိုက်ပွဲဖြစ်ထားတဲ့ နေရာပဲ….။”
ဖရိုဖရဲ ဖြစ်နေသော မြက်ပင်များနှင့် ပတ်ဝန်းကျင်ကို ကြည့်ကာ အားလုံးက ကောက်ချက်ချလိုက် ကြလေသည်။
“ဒါပေမဲ့ သူတို့ ဘယ်မှာလဲ…။ တစ်ယောက်မှ မရှိပါလား…။”
“ထွက်ပြေးသွားကြတာလား…။”
“ဟိုမှာ ကြည့်ဦး...။”
လူတစ်ယောက်က လောလောလတ်လတ်တူးထားသော မြေပုံနှစ်ခုကို ညွှန်ပြလိုက်လေသည်။
“တစ်ယောက်ယောက် သေသွားလို့ မြှုပ်ထားတာများလား…။”
“ဘယ်သူ သေတာလဲ….။ ဝမ်ဟွာပင်း က သိုးသူငယ်ကို မြှုပ်ပေးလောက်တဲ့အထိ စိတ်ကောင်းရှိပါ့ မလား…။”
“ဟုတ်တယ်... အဲ့ဒီကောင်က သူသတ်ခဲ့တဲ့သူတွေကို တောထဲမှာပဲ ပစ်ထားခဲ့ပြီး ခွေးစာကျွေးတတ် တာလေ…။”
“ဒါဆို သူတို့လူတွေပဲ သေတာ ဖြစ်ရမယ်။ နှစ်ယောက်တောင် သေသွားတာလား…။”
“ဒီကောင်က ကြည့်ရတာ တော်တော် မလွယ်မယ့်ပုံပဲ….။”
“တူးကြည့်ကြစို့…။”
ခဏအကြာတွင် ကျင်းတစ်ခုကို တူးလိုက်သောအခါ... အတွင်း၌ ရှဲ့လင်းခွန်နှင့် ကျန်အမျိုးသားကို တွေ့ လိုက်ရလေသည်။
“ဒါ... ဒါက ဒုတိယနဲ့ တတိယမြောက် ညီအစ်ကိုတွေပဲ….။”
“ထူးဆန်းလိုက်တာ... ကျန်တဲ့သူတွေကော…။”
“မြန်မြန်... ဟိုဘက် ကျင်းကိုလည်း တူးကြည့်…။”
ခဏအကြာတွင် အားလုံး ဆွံ့အသွားကြလေတော့သည်။
“ဒါ... ဒါက...။”
“ဘုရားရေ…. ဝမ်ဟွာပင်းနဲ့ ဟယ်ဖန်ဟုန် တို့လည်း သေကုန်ပြီလား….။”
“လေးယောက်လုံး သေသွားတာပဲ…။”
“ဒါက ဝဖြိုးတဲ့ သိုးသူငယ်လေး မဟုတ်ဘူး၊ သိုးရေခြုံထားတဲ့ ဝံပုလွေပဲ….။”
ထိုအခါမှသာ လူတိုင်း ထိတ်လန့်သွားကြလေသည်။ ကံကောင်းထောက်မစွာဖြင့် သူတို့ကိုယ်တိုင် ဝင်မပါမိခဲ့ခြင်းပင်။ မဟုတ်လျှင် သူတို့ပါ ဤနေရာတွင် မြှုပ်နှံခံရပေလိမ့်မည်။
“မင်းတို့ တစ်ခုခု မှားနေတာ သတိမထားမိဘူးလား…။ ဟယ်ဖန်ဟုန်ရဲ့ အဝတ်တွေ ဘယ်မှာလဲ…။”
ထိုစကားကြောင့် အားလုံး၏ ထိတ်လန့်မှုမှာ ကြောက်ရွံ့မှုအဖြစ် ပြောင်းလဲသွားသည်။
*ဟုတ်သားပဲ... အဝတ်တွေက ဘယ်ရောက်သွားတာလဲ…။ သူမက လုံးဝကို ဗလာကျင်းနေတာပဲ…။*
“အဲ့ဒီကောင်စုတ် လုပ်တာပဲ ဖြစ်ရမယ်…။”
“သူက ဒီလိုလူမျိုး ဖြစ်လိမ့်မယ်လို့ ငါ လုံးဝ မထင်ထားခဲ့ဘူး…။”
“ကြည့်ရတာတော့ ရုပ်ရည်ချောမောပြီး ယဉ်ကျေးသလိုလိုနဲ့ တကယ့် တိရစ္ဆာန်ကောင်ပဲ…။”
“ဟုတ်တယ်... ဝမ်ဟွာပင်းရဲ့ အလောင်းတောင် မအေးသေးဘူး၊ သူက ဟယ်ဖန်ဟုန်နဲ့... ဝမ်ဟွာပင်းရဲ့ ရှေ့မှာတင် ဖြစ်ရမယ်...။”
“သူ အတင်းအဓမ္မ လုပ်ခဲ့တာ ဖြစ်ရမယ်…။”
“အခု ငါ ပိုသိချင်တာက ဟယ်ဖန်ဟုန် သေပြီးမှလား ဒါမှမဟုတ် မသေခင်ကလား ဆိုတာပဲ…။”
“ဟူး……”
အားလုံးမှာ ထိုအတွေးကြောင့် ကျောချမ်းသွားကြလေသည်။
*သေပြီးမှလား….။ ပြီးတော့ ခေါင်းကိုပါ ဖြတ်လိုက်သေးတယ်…။*
“အင်း... လူဆိုတာ အပြင်ပန်းကြည့်ယုံနဲ့ မရဘူးပဲ…။”
“ဒီလူက လုံးဝ ရန်မစသင့်တဲ့လူပဲ၊ သူက တကယ့်ကို ရက်စက်ကြမ်းကြုတ်တဲ့ လူသတ်သမားပဲ…။”
အားလုံးမှာ ထိတ်လန့်တုန်လှုပ်စွာဖြင့် ထိုနေရာမှ ထွက်ခွာသွားခဲ့ကြတော့သည်။ အလောင်းလေး လောင်းသာ တောထဲတွင် ပုပ်သိုးရန် ကျန်ရစ်ခဲ့ပြီး ဟယ်ဖန်ဟုန်၏ အခြေအနေမှာ အဆိုးရွားဆုံးပင်။
ထျန်ဖုန်းကမူ သူ ထွက်ခွာသွားပြီးနောက် ဖြစ်ပျက်ခဲ့သည်များကို မသိရှိပေ။ အကယ်၍ သူ သိခဲ့လျှင် ဒေါသထွက်လွန်းသဖြင့် ပေါက်ကွဲသွားပေလိမ့်မည်။ သူသည် မတရားသဖြင့် အစွပ်စွဲခံလိုက်ရခြင်း ပင်မဟုတ်ပါလား။
ယခုအချိန်တွင် ထျန်ဖုန်းသည် လှေပျံပေါ်တွင် ရပ်နေပြီး ပတ်ဝန်းကျင် ရှုခင်းများကို ကြည့်နေခဲ့သည်။
“မြေပုံအရဆိုရင် ငါ့ရဲ့ လက်ရှိအရှိန်နဲ့ဆို တစ်ရက်မပြည့်ခင်မှာပဲ မြစိမ်းတောင်တန်းဂိုဏ်း ရှိတဲ့ ရှောင်ကျင်း တောင်တန်းကို ရောက်လိမ့်မယ်….။”
“ဒါပေမဲ့ မြစိမ်းတောင်တန်းဂိုဏ်းကို တိုက်ရိုက်သွားဖို့က မဖြစ်နိုင်ဘူး။ ဂိတ်တံခါးကိုတောင် ဖြတ်နိုင်မှာ မဟုတ်ဘူး….။”
“အနားမှာ ရှောင်ကျင်းမြို့ ဆိုတာ ရှိတယ်။ အဲ့ဒါက အနီးအနားမှာ အကြီးဆုံးမြို့ပဲ။ ဂိုဏ်းကြီးတွေက တပည့်တွေလည်း အဲ့ဒီမြို့ကို ခဏခဏ လာတတ်ကြတယ်လို့ ကြားတယ်။ အခြေခံအုတ်မြစ်တည် ဆောက်ခြင်းအဆင့် ကျင့်ကြံသူတွေတောင် အများကြီး ရှိတယ်တဲ့….။”
“အဲ့ဒီနေရာက ငါ ခဏ နားခိုဖို့ အကောင်းဆုံးပဲ…။”
လမ်းကြောင်း မှန်ကန်သည်ကို မြင်သောအခါ ထျန်ဖုန်းသည် လှေပျံထဲသို့ သူ၏ မှော်စွမ်းအင်များကို ထပ်မံ ထည့်သွင်းလိုလေသည်။ လှေပျံ၏ အရှိန်မှာ ပိုမိုမြန်ဆန်လာခဲ့လေသည်။
လေတိုးသံမှာ တဝေါဝေါမြည်နေပြီး ထျန်ဖုန်း၏ မျက်နှာနှင့် အဝတ်အစားများကို ရိုက်ခတ်နေလေ သည်။
“နောက်ကျရင် လေကာမှန်တစ်ခုလောက် တပ်ရမယ် ထင်တယ်….။”
“ငါ့ဆံပင်ပုံစံတွေ ပျက်ကုန်ပြီ…။ အပြင်ထွက်ရင် ရုပ်ရည်က တော်တော်လေး အရေးကြီးတာလေ…။”
“ရှေ့မှာ ဈေးကွက်မြို့လေး တစ်ခု ရှိတယ်၊ ငါတို့ အဲ့ဒီမှာ ခဏနားကြရအောင်….။”
ယွမ်လီသည် ခရီးပန်းလာသဖြင့် သက်ပြင်းချရင်း ပြောလိုက်လေသည်။
“အဲ့ဒီမြို့ကို ကျော်သွားရင်တော့ ဂိုဏ်းရှိတဲ့ ရှောင်ကျင်းမြို့ကို ရောက်တော့မှာပါ…။”
“နောက်ဆုံးတော့... နောက်ဆုံးတော့ ဂိုဏ်းကို ပြန်ရောက်တော့မယ်…။”
ဂျူနီယာညီမလေးမှာ သူမ၏ ရင်ဘတ်ကို ဖိထားရင်း အမောတကော ပြောလိုက်လေသည်။ သူတို့ တစ်ဖွဲ့လုံးမှာ ဖုန်တောထဲမှ ထွက်လာသူများကဲ့သို့ ဖရိုဖရဲ ဖြစ်နေကြလေသည်။ လှေပျံကြီးဖြင့် ခမ်းခမ်းနားနား ထွက်ခွာလာခဲ့စဉ်ကနှင့် လုံးဝ ကွာခြားလှသည်ပင်။
ဆယ်ရက်ကျော်ကြာအောင် ခရီးနှင်ခဲ့ရသဖြင့် သူတို့ အလွန် ပင်ပန်းနေကြပြီ ဖြစ်သည်။ အမြဲတမ်း အေးတိအေးစက်နေတတ်သော ဟုန်လင်းပင်လျှင် သက်ပြင်းချမိလေသည်။
သူတို့လေးယောက်ထဲတွင် ဂျူနီယာညီလေး ဝူ တစ်ယောက်သာ ဖျင်ကျင်းမြို့ ကို ခွဲခွာခဲ့ရသည်ကို နှမြောနေမိသည်။ ဖျင်းကျင်းမြို့မှာ ဧကရာဇ်နှင့် ဝေးသဖြင့် သူ စိတ်ကြိုက် ပျော်ပါးခဲ့ရသည် မဟုတ် ပါလား။
*အင်း... ငါလည်း တကယ့် ယောက်ျားတစ်ယောက် ဖြစ်လာခဲ့ပြီပဲ၊ ဒါပေမဲ့ နောက်ဆုံးတော့လည်း အလျင်စလို ထွက်လာခဲ့ရတာပဲ။*
ဟု သူ စိတ်ထဲမှ ကျိတ်၍ သက်ပြင်းချလိုက်လေသည်။
ဟုန်လင်းကမူ သူ၏ စိတ်ထဲမှ အညစ်အကြေးများကို မသိရှာပေ။ သူမက ပြောလိုက်လေသည်။
“ဆက်သွားကြရအောင်... ဒီလောက်ထိ ရောက်လာပြီဆိုမှတော့ ထျန်မိသားစုက လူယုတ်မာတွေနဲ့ ထပ်တွေ့မှာ စိတ်ပူစရာ မလိုတော့ဘူး…။”
ထိုစကားကို ကြားသောအခါ ယွမ်လီနှင့် ဂျူနီယာညီမလေးတို့ စိတ်သက်သာရာ ရသွားကြလေသည်။ သူတို့သည် ထျန်ဖုန်းကြောင့် တူညီသော ခံစားချက်များ ရှိနေကြပြီး အခွင့်အရေး ရတိုင်း ထျန်ညီအစ်ကို များကို ဆဲဆိုရင်း ပိုမို ရင်းနှီးလာကြပေတော့သည်။
***