နာရီဝက်ခန့် ကြာပြီးနောက် ယွမ်လီနှင့် သူ၏အဖွဲ့သည် ဈေးကွက်မြို့လေးတစ်ခုသို့ ရောက်ရှိလာခဲ့ လေသည်။ ဤနေရာမှာ မကြာသေးမီကပင် ထျန်ဖုန်း ထွက်ခွာသွားခဲ့သည့် မြို့လေးပင် ဖြစ်လေ၏။
“ကြားပြီးပြီလား….။ အလောင်းတွေကိုတောင် စားပစ်တဲ့ မိစ္ဆာလိုကောင်တစ်ကောင် ရှိတယ်တဲ့…။”
“ဟင်…. တကယ်ကြီးလား…။ အဲ့လောက် ရက်စက်တဲ့သူ ရှိလို့လား…။”
“အိုး... လူ့ရုပ်နဲ့ တိရစ္ဆာန်ပါပဲကွာ။ ကြည့်ရတာတော့ လူကြီးလူကောင်းလိုလိုနဲ့ ဒီလိုမျိုးတွေ လုပ်ရက် တယ်…။”
“တကယ်လို့ အဲ့ဒီအလောင်းတွေကို တူးမကြည့်မိရင် ငါတို့ တကယ် သိမှာမဟုတ်ဘူး…။”
“ကြားရသလောက်တော့ အဲ့ဒီမိစ္ဆာက ငယ်ရွယ်ချောမောတဲ့ အမျိုးသမီးတွေကို အရင်သတ်ပြီးမှ... ပြီးသွားရင်တော့...။”
ဈေးကွက်ထဲသို့ ဝင်လာကာစဖြစ်သော ယွမ်လီနှင့် သူ၏အဖော်များမှာ ထိုစကားများကို ကြားပြီး ကျောချမ်းသွားကြသည်။ အထူးသဖြင့် ဟုန်လင်းနှင့် သူမ၏ ဂျူနီယာညီမလေးမှာ တုန်တုန်ရင်ရင် ဖြစ်သွားကြတော့သည်။
*ထျန်ညီအစ်ကိုတွေရဲ့ လက်ထဲကနေ လက်မတင်လေး လွတ်မြောက်လာခဲ့ပြီးမှ အခုတော့ နောက်ထပ် ဝံပုလွေတွင်းထဲ ရောက်နေပြန်ပြီလား…။*
ဂျူနီယာညီမလေးက မျက်နှာငယ်လေးဖြင့် ငိုသံပါကြီးနှင့် အော်လိုက်လေသည်။
“စီနီယာအစ်ကိုယွမ်... ကျွန်မတို့ မြန်မြန်သွားကြရအောင်…။”
ဟုန်လင်း၏ မျက်နှာမှာလည်း ဖြူဖျော့နေခဲ့ပြီး
“ဟုတ်တယ်... နားမနေကြနဲ့တော့ မြန်မြန်သွားရအောင်…။ ရှောင်ကျင်းမြို့ကို ပြန်ရောက်မှပဲ ကျွန်မတို့ ဘေးကင်းပါလိမ့်မယ်…။”
အမျိုးသမီးနှစ်ဦးမှာ စိတ်ဓာတ်များပင် ပြိုလဲလုနီးပါး ဖြစ်နေချေပြီ။
*ဘယ်နေရာသွားသွား လူကောင်း ဆိုလို့ တစ်ယောက်မှ မရှိတော့ဘူးလား…။*
…………
“ဒါက ရှောင်ကျင်းမြို့လား…။”
ထျန်ဖုန်းသည် မြေပြင်ပေါ်တွင် ဧရာမ သားရဲကြီးတစ်ကောင် ဝပ်နေသကဲ့သို့ ခမ်းနားထည်ဝါလှသည့် မြို့ကြီးကို ငေးကြည့်ပြီး မှင်တက်နေမိလေသည်။
ဖျင်ကျင်းမြို့သည် ရှောင်ကျင်းမြို့နှင့် ယှဉ်ကြည့်ပါလျှင် ဘာမှမဟုတ်တော့ပေ။ နှိုင်းယှဉ်ကြည့်ရလျှင် ဖျင်ကျင်းမြို့မှာ ရွာငယ်လေးတစ်ခုကဲ့သို့ပင်။ သေးငယ်လွန်းပြီး ခမ်းနားမှု မရှိလှပေ။
ရှောင်ကျင်းမြို့၏ မြို့ရိုးများမှာ အလွန်မြင့်မားပြီး (ပေ ၂၀၀ ခန့်) နီးပါး ရှိရာ လူများကို မော့ကြည့်ရုံ နှင့်ပင် သိမ်ငယ်သွားစေသည်။ မြို့ရိုးပေါ်တွင် ဟောင်းနွမ်းနေသော အမှတ်အသားများနှင့်အတူ ဓားရာ၊ လှံရာများနှင့် မှော်စွမ်းအင်ဖြင့် တိုက်ခိုက်ထားသော ဒဏ်ရာများမှာ အထင်းအသား ရှိနေသည်ပင်။
သတ်မှတ်ထားသော အကွာအဝေးတိုင်းတွင် မြင့်မားသော မျှော်စင်တစ်ခုစီ ရှိနေပြီး ထိုနေရာမှ အားနည်းသော မှော်စွမ်းအင်လှိုင်းများ ထွက်ပေါ်နေလေသည်။ သို့သော် ၎င်းကို ဘာအတွက် အသုံးပြု သည်ကိုမူ သူ မသိချေ။
မြို့ရိုးတစ်လျှောက်တွင်လည်း သွေးခြောက်များဟု ယူဆရသော အမည်းကွက်များ နေရာအနှံ့အပြား၌ ရှိနေ၏။ ကျယ်ပြောလှပြီး ရှေးဟောင်းအငွေ့အသက်များ လွှမ်းမိုးနေသော ဤမြို့ကြီးကို တည်ဆောက် ခဲ့သည်မှာ မည်မျှကြာမြင့်ခဲ့ပြီမှန်း မည်သူမျှ မသိနိုင်ပေ။
*ဒီမှာ စစ်ပွဲတွေ ရှိနေသေးတာလား…။*
မြို့ရိုး၏ အခြေအနေကို ကြည့်ပြီး ထျန်ဖုန်း စိတ်ထဲတွင် မေးခွန်းထုတ်မိသည်။ သူသည် မြို့ဂိတ်ရှေ့တွင် လှေပျံကို ဆင်းသက်လိုက်ပြီး မြို့ထဲသို့ လမ်းလျှောက်ဝင်လာခဲ့လေသည်။
“ဒီလို ကျင့်ကြံခြင်းလောကမှာ မြို့ပေါ်ကို ပျံသန်းဝင်ရောက်တာ တားမြစ်ထားတတ်တယ်လို့ ကြားဖူး တယ်၊ ဒါကြောင့် မစွန့်စားတာက အကောင်းဆုံးပဲ…။”
သူသည် ရှေ့ရှိ (ပေ၁၀၀)ခန့်မြင့်သော မြို့ဂိတ်တံခါးကြီးကို မော့ကြည့်လိုက်လေသည်။ လူအများမှာ အဆက်မပြတ် ဝင်ထွက်သွားလာနေကြသဖြင့် အလွန်စည်ကားနေသော်လည်း စနစ်တကျ ရှိလှပေ သည်။
“ပထမဆုံးအကြိမ် လာတာလား…။”
မြို့စောင့်စစ်သည်တစ်ဦးက ထျန်ဖုန်းကို မျက်နှာသေဖြင့် လှမ်းမေးလိုက်လေသည်။
“ဟုတ်တယ်…။”
“မင်း ဒီမြို့မှာ ရေရှည်နေမှာလား၊ ဒါမှမဟုတ် ခဏပဲ လာတာလား…။”
ဂိတ်တံခါးအစောင့်က ဆက်လက် ရှင်းပြလေသည်။
“ရေရှည်နေထိုင်သူတွေက နေထိုင်ခွင့်လက်မှတ် လုပ်ရမယ်၊ တစ်လကို စိတ်ဝိညာဉ်ကျောက်တုံး နှစ်တုံး ကျသင့်မယ်။ ယာယီဝင်ရောက်သူတွေအတွက်တော့ အခမဲ့ပဲ။ ဒါပေမဲ့ ညအိပ်တည်းခိုခွင့် မရှိဘူး…။”
သူက အကျိုးဆက်ကို မပြောသော်လည်း ထျန်ဖုန်းလည်း ထပ်မမေးတော့ပေ။ စိတ်ဝိညာဉ်ကျောက်တုံး နှစ်တုံးပေးကာ လက်မှတ်တစ်ခုကို လဲလှယ်ယူပြီးနောက် သူ မြို့ထဲသို့ လှမ်းဝင်လိုက်လေသည်။
ရုတ်တရက်ဆိုသလို စည်ကားလှပသော မြို့ကြီး၏ မြင်ကွင်းမှာ ထျန်ဖုန်း၏ မျက်စိရှေ့တွင်ဘွားခနဲ ပေါ်လာတော့သည်။ လမ်းမများပေါ်တွင် လူများဖြင့် ပြည့်နှက်လျှက်ရှိနေသည်။ လမ်းဘေးဝဲယာရှိ စားသောက်ဆိုင်နှင့် လက်ဖက်ရည်ဆိုင်များမှ ဆူညံသံများ ထွက်ပေါ်နေလေသည်။
အဓိကလမ်းမကြီးမှာ မျက်စိတစ်ဆုံး ကျယ်ပြန့်လှပြီး ပေတစ်ရာ ခန့် ကျယ်ဝန်းလေသည်။ မြင်းလှည်း များမှာ ကုန်ပစ္စည်းမျိုးစုံကို တင်ဆောင်ကာ ဖြည်းညှင်းစွာမောင်းနှင်လျက် သွားလာနေကြလေသည်။
လေကဲ့သို့ မြန်ဆန်စွာ သွားလာနေသော စစ်သည်များနှင့် ဓားကိုင်ကာ စွမ်းအင်အပြည့် ရှိနေသော ကျင့်ကြံသူများစွာကိုလည်း တွေ့ရလေသည်။
ထျန်ဖုန်းသည် ခေတ်မီနည်းပညာ ထွန်းကားသော မြို့ကြီးများကို မြင်တွေ့ခဲ့ဖူးသော်လည်း ယခု ရှေ့မှ မြင်ကွင်းက သူ့ကို မှင်တက်သွားစေမိဆဲပင်။
လမ်းမကြီးအတိုင်း ဆက်လျှောက်လာရင်း ကျင့်ကြံသူ အတော်များများကို သူ သတိပြုမိခဲ့လေသည်။ သာမန်လူများ ရှိသကဲ့သို့ ကျင့်ကြံသူများလည်း မနည်းလှပေ။
ခဏအတွင်းမှာပင် ချီစွမ်းအင်သန့်စင်ခြင်း အဆင့် (၈) နှင့် (၉) ရှိသော ကျင့်ကြံသူ အတော်များများကို သူ တွေ့ရှိခဲ့ရသည်။ မြို့တစ်ခုလုံးတွင် ကျင့်ကြံသူ မည်မျှရှိမည်ကို သူ မခန့်မှန်းနိုင်သကဲ့သို့ အခြေခံ အုတ်မြစ်တည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူများပင် ရှိနေနိုင်သည်ပင်။
ဈေးသည်များ၏ အော်ဟစ်ရောင်းချသံများကို လျစ်လျူရှုကာ ထျန်ဖုန်းသည် လူသူနည်းသော နေရာသို့ ဦးတည်သွားလိုက်လေသည်။ သူ တည်းခိုရန် နေရာတစ်ခု ရှာရန် လိုအပ်သည်။ စည်ကားသော နေရာရှိ တည်းခိုခန်းများမှာ ဈေးကြီးနိုင်ပြီး စိတ်ဝိညာဉ်ကျောက်တုံးများပင် တောင်းနိုင်သောကြောင့်ဖြစ်၏။
ခဏအကြာတွင်...
ထျန်ဖုန်းသည် ရှေ့ရှိ ခမ်းနားသော တည်းခိုခန်းကြီးတစ်ခုကို မော့ကြည့်လိုက်လေသည်။ အနုစိတ် လက်ရာများဖြင့် ထွင်းထုထားသော အမိုးနှင့် တိုင်လုံးများမှာ အလွန်ပင် လှပလွန်းလှသည်။ ၎င်းမှာ ခုနစ်ထပ်အမြင့်ရှိပြီး အတော်ပင် ကျယ်ဝန်းလှပေသည်။
သူ အတွင်းသို့ ဝင်သွားလိုက်ပြီးနောက် ခဏအကြာတွင် အခန်းတစ်ခန်း ရရှိသွားခဲ့သည်။ အခန်းမှာ ရိုးရှင်းသော်လည်း အတော်ပင် သန့်ရှင်းသပ်ရပ်မှုရှိလှပေသည်။
*ကံကောင်းလို့ ငွေစနဲ့ ရတာ၊ ဝိညာဉ်ကျောက်တုံးနဲ့သာဆိုရင်တော့ ငါ နှမြောလို့ သေမှာပဲ…။*
ထျန်ဖုန်း စိတ်ထဲမှ သက်ပြင်းချလိုက်မိသည်။ ဟုန်မိသားစုဆီက သူ လုယူခဲ့သော ရွှေငွေရတနာများက သိပ်မများလှသော်လည်း တည်းခိုဖို့အတွက်တော့ လုံလောက်လှပေသည်။
ခဏအကြာတွင် ထျန်ဖုန်း အောက်ထပ်သို့ ဆင်းလာခဲ့လိုက်သည်။ ပထမထပ်နှင့် ဒုတိယထပ်များမှာ စားသောက်ဆိုင်များ ဖြစ်ကြလေသည်။ ထျန်ဖုန်းသည် တစ်ခုခု စားရန်နှင့် အနွေးဓာတ် ပေးရမည့်သူ ရှိမရှိ သတင်းစုံစမ်းရန် ရောက်လာခဲ့ခြင်း ဖြစ်လေသည်။
သူသည် ဒုတိယထပ်သို့ သွားကာ ပြတင်းပေါက်နားရှိ ဝိုင်းတစ်ခုတွင် ထိုင်လိုက်လေသည်။ ယခုက နေ့လယ်စာ စားချိန်ဖြစ်သဖြင့် လူများဖြင့် စည်ကားလျှက်ရှိသည်။ သူသည် စားသောက်နေရင်း ဘေးပတ်ဝန်းကျင်မှ လူများ၏ စကားဝိုင်းကို အာရုံစိုက်၍ နားထောင်လိုက်လေသည်။
“ဟူး... အနီရောင်နေမင်းဂိုဏ်း ကတော့ ဒီတစ်ခါ တကယ့်ကို ဒုက္ခရောက်နေပြီ…။”
လူတစ်ယောက်က သူ၏ အရက်ကို တစ်ကျိုက်တည်း သောက်လိုက်ပြီး ပြောရင်းပင် သက်ပြင်းချလိုက် လေသည်။
“ဘာဖြစ်လို့လဲ…. အနီရောင်နေမင်းဂိုဏ်းမှာ ဘာဖြစ်နေလို့လဲ…။”
“သူပြောတာတွေ လျှောက်ယုံမနေနဲ့။ အနီရောင်နေမင်းဂိုဏ်းက အတွင်းစည်းတပည့်တွေ ရှောင်ကျင်း တောင်တန်းကို သွားပြီး လေ့ကျင့်ကြတာ အကုန်လုံးထဲက တစ်ယောက်ပဲ ပြန်လာနိုင်လို့ပါ…။”
နောက်တစ်ယောက်က ချက်ချင်း ဝင်ပြောလိုက်လေသည်။
“ဟက်... လူအများကြီး သေကုန်တာလေ၊ အဲ့ဒါက ကိစ္စမသေးဘူးလား…။”
ပထမလူက သူ့အကြောင်း ဖော်ကောင်လုပ်ခံရသဖြင့် စိတ်တိုသွားလေသည်။
“တကယ့် ကိစ္စကြီးက နောက်ထပ် နှစ်ပတ်နေရင် ဖြစ်မှာပါ…။”
“ဟုတ်တယ်... နောက် လဝက်လောက်နေရင် လျှို့ဝှက်နယ်မြေ ပွင့်တော့မယ်…။”
“ဒီတစ်ခါကော လူဘယ်နှယောက်လောက် ထပ်သေဦးမလဲ မသိဘူးနော်…။”
“ဟဲဟဲ... မင်းတို့ သွားချင်ရင် သွားကြပေါ့ကွာ။ စိတ်ဝိညာဉ်ကျောက်တုံးတွေ အကုန်ခံပြီး သေလမ်းသွား ရှာတာ မင်းတို့ပဲ ရှိမယ်…။”
“ဟွန်း... ငကြောက်ပဲ။ မင်းသာ အတွင်းထဲကို မဝင်ရင် တစ်သက်လုံး အခြေခံအုတ်မြစ်တည်ဆောက် ခြင်းအဆင့်ကို ရောက်မှာ မဟုတ်ဘူး။ ငါတို့လို ပါရမီနဲ့ကတော့ ကိုယ့်ဘာသာ ထိုးဖောက်ဖို့ဆိုတာ မဖြစ်နိုင်သလောက်ပဲလေ…။”
“အတွင်းထဲ ဝင်သွားရင်ပဲ အသက်ရှင်လျက် ပြန်ထွက်လာမယ်လို့ ဘယ်သူ အာမခံနိုင်လို့လဲ…။ ပြီးတော့ ပြန်ထွက်လာရင်လည်း အခြေခံအုတ်မြစ်တည်ဆောက်ခြင်းအဆင့်ကို ရောက်မယ်ဆိုတာ သေချာလို့ လား…။”
ဟုပြောကာ နောက်တစ်ယောက်က လှောင်ပြောင်လိုက်ပြန်လေသည်။
***