*လျှို့ဝှက်နယ်မြေတစ်ခုလား…။*
*ဒါက အခြေခံအုတ်မြစ်တည်ဆောက်ခြင်းနဲ့လည်း ပတ်သက်နေတာလား…။*
ဘေးမှ နားထောင်နေသော ထျန်ဖုန်းသည် ချက်ချင်းပင် စိတ်ဝင်စားသွားလေတော့သည်။
သူ၏ လက်ရှိခန္ဓာကိုယ်ဖွဲ့စည်းပုံနှင့်ဆိုလျှင် အခြေခံအုတ်မြစ်တည်ဆောက်ခြင်း ဆေးလုံး မရှိလျှင်ပင် အချိန်အနည်းငယ်ပေးရုံဖြင့် အခြေခံအုတ်မြစ်တည်ဆောက်ခြင်းအဆင့်သို့ ရောက်ရှိနိုင်သည်။ ထို့အပြင် သူ့တွင် စနစ်လည်း ရှိနေသေးသည် မဟုတ်ပါလား။
ထို့ကြောင့် ထိုနယ်မြေထဲသို့ ဝင်ခြင်း၊ မဝင်ခြင်းမှာ သူ့အတွက်တော့ အရေးမကြီးလှပေ။ သို့သော် ပြဿနာရှာရသည်ကို ဝါသနာပါသော ထျန်ဖုန်းအတွက်မူ ဤသည်မှာ အမှတ် ရှာရန် အကောင်းဆုံး အခွင့်အရေးပင် ဖြစ်သည်ပင်။
ဤကဲ့သို့ ရွှေရောင်အခွင့်အရေးမျိုးကို လက်လွတ်ခံ၍ မဖြစ်ပေ…။
သူသည် လက်ကို ဝှေ့ယမ်းကာ စားပွဲထိုးကို လှမ်းခေါ်လိုက်လေသည်။
“စီနီယာ... ကျွန်တော့်ကို ဘာခိုင်းမလို့ပါလဲ ခင်ဗျာ….။”
စားပွဲထိုးလေးက ရိုသေစွာ မေးလိုက်လေသည်။
“မင်းကို ငါ မေးစရာလေး ရှိလို့…။”
ထျန်ဖုန်း ပြောပြီးသည်နှင့် ငွေတုံးတစ်တုံးကို စားပွဲထိုးထံသို့ ပေါ့ပေါ့ပါးပါးပင် ပစ်ပေးလိုက်လေသည်။
“စီနီယာ... သိချင်တာမှန်သမျှ မေးပါခင်ဗျာ။ ကျွန်တော် သိသလောက် အကုန်ဖြေပါ့မယ်…။”
စားပွဲထိုးလေးမှာ ဝမ်းသာအားရ ဖြစ်သွားလေသည်။ ငွေတုံးတစ်တုံးဆိုသည်မှာ သူ့အတွက် လခ၏ တစ်ဝက်နီးပါး ရှိသည် မဟုတ်ပါလား။
“ခုနက လူတွေ ပြောနေတဲ့ အခြေခံအုတ်မြစ်တည်ဆောက်ခြင်းနဲ့ ပတ်သက်တဲ့ လျှို့ဝှက်နယ်မြေဆိုတာ ဘာလဲ….။”
“စီနီယာက တခြားမြို့ကနေ အခုမှ ရှောင်ကျင်းမြို့ကို ရောက်တာ ဖြစ်ရမယ်နော်….။”
စားပွဲထိုးလေးက တစ်ဖက်လူကို အထင်သေးခြင်း မရှိဘဲ ရိုရိုသေသေပင် ဆက်ပြောလေသည်။
ဤလူငယ်၏ ကျင့်ကြံခြင်းအဆင့်ကို သူ မသိသော်လည်း တခြားနေရာမှ ရှောင်ကျင်းမြို့အထိ ခရီးနှင် နိုင်သူမှာ အစွမ်းအထက်သူ ဖြစ်ရမည်မှာ သေချာပေသည်။ အစွမ်းမရှိပါက လမ်းခုလတ်မှာတင် သေဆုံးသွားနိုင်သည် မဟုတ်ပါလား။
၎င်းအပြင် သူကဲ့သို့သော သာမန်လူတစ်ယောက်က ကျင့်ကြံသူတစ်ယောက်ကို အထင်သေးဝံ့စရာ အကြောင်းမရှိပေ။
“ဟုတ်တယ်….။”
ထျန်ဖုန်း မငြင်းတော့ပေ။
စားပွဲထိုးလေးက သူ၏ အတွေးများကို စုစည်းပြီးနောက်။
“အဲ့ဒီ လျှို့ဝှက်နယ်မြေအကြောင်း ပြောရရင်တော့ သူ့ရဲ့ နာမည်အပြည့်အစုံက ‘အနီရောင်နေမင်း လျှို့ဝှက်နယ်မြေ’လို့ ခေါ်ပါတယ်။ အခုတော့ ဂိုဏ်းကြီးအချို့က ပူးတွဲ ထိန်းချုပ်ထားတာပါ…။”
“ဘာလို့ အခြေခံအုတ်မြစ်တည်ဆောက်ခြင်းနဲ့ ပတ်သက်သလဲဆိုတော့ အဲ့ဒီထဲမှာ အခြေခံတည် ဆောက်ခြင်း ဆေးလုံးဖော်စပ်ဖို့ လိုအပ်တဲ့ ဆေးဖက်ဝင်အပင်တွေ အများကြီး ရှိလို့ပါပဲ။ အဲ့ဒီထဲကို ဝင်ချင်ရင်တော့ ဂိုဏ်းတွေကို စိတ်ဝိညာဉ်ကျောက်တုံး ဆယ်တုံး ပေးသွင်းပြီး ကံစမ်းလို့ ရပါတယ် ခင်ဗျာ…။”
စားပွဲထိုး၏ ရှင်းပြချက်ကို နားထောင်ပြီးနောက် ထျန်ဖုန်း အနည်းငယ် နားလည်သွားလေသည်။
“ဒါဆို ဘာလို့ ‘အနီရောင်နေမင်း’ လို့ ခေါ်တာလဲ….။“
“လျှို့ဝှက်နယ်မြေထဲမှာ လူတွေ အများကြီး သေကြပြီး သွေးတွေက မြစ်လို စီးဆင်းခဲ့ဖူးလို့ ‘သွေးစွန်း နေတဲ့ လျှို့ဝှက်နယ်မြေ’ လို့လည်း တင်စားခေါ်ကြတာပါ စီနီယာ…။”
“ဒီဆေးပင်တွေကို တခြားနေရာမှာ ရှာလို့ မရဘူးလား….။”
စားပွဲထိုးလေးက ခဏမျှ စဉ်းစားပြီးမှ
“ကျွန်တော်လည်း အတိအကျတော့ မသိဘူးခင်ဗျ။ ဒါပေမဲ့ ကြားဖူးတာကတော့ ဂိုဏ်းတွေမှာလည်း ရှိတယ်။ ဒါပေမဲ့ အရေအတွက်က သိပ်နည်းတယ်တဲ့။ အဲ့ဒီဆေးပင်တွေက လျှို့ဝှက်နယ်မြေထဲမှာ ပိုပြီး ရှင်သန်လွယ်တာကြောင့် ကျင့်ကြံသူအများစုက နယ်မြေထဲဝင်ပြီးပဲ ရှာကြရတာပါ စီနီယာ…။”
“ကဲ... ရပြီ ၊ မင်း သွားတော့….။”
သိလိုသည်များ မေးမြန်းပြီးနောက် ထျန်ဖုန်းက စားပွဲထိုးကို ထွက်သွားရန် လက်ပြလိုက်လေသည်။
လျို့ဝှက်နယ်မြေပွင့်ရန် နှစ်ပတ်မျှ လိုသေးသည်ဖြစ်ရာ သူ မလောပေ။
*အနီရောင်နေမင်းလျှို့ဝှက်နယ်မြေတဲ့လား….*
ထျန်ဖုန်း တစ်ခုခု ထူးဆန်းနေသလို ခံစားနေရသည်။ သူ ကမ္ဘာကူးမလာခင် ဖတ်ခဲ့ဖူးသည့် ဝတ္ထုများထဲ တွင်လည်း အခြေခံအုတ်မြစ်တည်ဆောက်ခြင်းအဆင့်သို့ ရောက်ရန် လျှို့ဝှက်နယ်မြေထဲ ဝင်ရလေ့ရှိ သည် မဟုတ်ပါလား။
သေချာ စဉ်းစားကြည့်သောအခါ သူ နားလည်သွားခဲ့သည်။ ဤသည်မှာ အရင်းအမြစ် ရှားပါးသော နေရာများတွင် ဖြစ်လေ့ရှိသော အခြေအနေပင်။ အရင်းအမြစ်များမှာ ချီစွမ်းအင်သန့်စင်ခြင်း အဆင့် (၉) ရှိသူ အားလုံး အခြေခံအုတ်မြစ်တည်ဆောက်နိုင်ရန် မလုံလောက်ပေ။ လူတစ်ရာမှာ တစ်ယောက် ပင် ရနိုင်ရန် ခဲယဉ်းပေလိမ့်မည်။
အကယ်၍ ဤအရင်းအမြစ်များကို လွတ်လပ်စွာ ရှာဖွေခွင့်ပေးလိုက်ပါက သွေးချောင်းစီး တိုက်ပွဲများ ဖြစ်လာပြီး ဆေးပင်များ မျိုးတုံးသွားနိုင်သည်မှာ သေချာပေသည်။ အနာဂတ်နှင့် ပတ်သက်လာလျှင် ဆေးပင်မျိုးတုံးမည်ကို မည်သူကမှ ဂရုစိုက်မည် မဟုတ်ပေ။ ထိုအခါ လူတိုင်းသည် မိမိတို့၏ ပါရမီပေါ် တွင်သာ မူတည်၍ အဆင့်တက်ရန် ကြိုးစားကြရပေလိမ့်မည်။
သို့သော် ဂိုဏ်းကြီးများက ဤသို့ ထိန်းချုပ်ထားခြင်းဖြင့် အနည်းဆုံးတော့ ဆေးပင်များ ရှင်သန်ကြီး ထွားရန် အချိန်ကို အာမခံနိုင်ပေသည်။ ထို့အပြင် သာမန်အတိုင်း မနေလိုသော လေလွင့်ကျင့်ကြံသူများ အတွက်လည်း အခွင့်အရေးတစ်ခု ပေးထားသလို ဖြစ်နေသည်ပင်။
ဟုတ်ပေသည်... ဂိုဏ်းကြီးများမှာ စိတ်ဝိညာဉ်ကျောက်တုံး ဆယ်တုံးထဲနှင့် လူသားချင်းစာနာပြီး ခွင့်ပြု နေခြင်းတော့ မဟုတ်မှာ အသေချာပင်။ တစ်ခုခုတော့ ရှိနေဦးမည်။
“နောက်ထပ် လဝက်လောက် လိုသေးတာပဲ….။”
ထျန်ဖုန်း၏ နှုတ်ခမ်းဖျားတွင် ကောက်ကျစ်သော အပြုံးတစ်ခု ပေါ်လာလေတော့သည်။
လဝက်ခန့်ကြာအပြီးတွင် သူ၏ ကျင့်ကြံခြင်းမှာ ပိုမို ခိုင်မာလာမည်ဖြစ်ရာ သူသည် အချိန်မရွေး အဆင့် တက်နိုင်မည်ဟု ခန့်မှန်းထားလေသည်။
“ဒါဆိုရင်တော့... လျှို့ဝှက်နယ်မြေကိစ္စ ပြီးမှပဲ အဆင့်တက်ဖို့ ကြိုးစားတော့မယ်….။”
…………
နောက်တစ်နေ့တွင်...
“ဒါက ရှောင်ကျင်းတောင်တန်းလား….။”
မြို့ထဲတွင် လုပ်စရာ မရှိသဖြင့် ထျန်ဖုန်းသည် ရှောင်ကျင်းတောင်တန်းသို့ လမ်းလျှောက်ထွက်လာခဲ့ လေသည်။ ရှောင်ကျင်းမြို့တွင် တောင်ဘက်နှင့် မြောက်ဘက်ဟူ၍ မြို့ဂိတ် နှစ်ခု ရှိလေသည်။ ထျန်ဖုန်း သည် မြောက်ဘက်ဂိတ်မှ ထွက်လိုက်သည်နှင့် အဆုံးမရှိသော တောင်တန်းကြီးကို လှမ်းမြင်လိုက်ရ လေသည်။
ထိုတောင်တန်းကြီးမှာ အရှေ့မှ အနောက်သို့ နဂါးကြီးတစ်ကောင် ဝပ်နေသကဲ့သို့ တည်ရှိနေပြီး အလွန် ပင် ခမ်းနားထည်ဝါလှသည်။ စိမ်းလန်းစိုပြေသော တောအုပ်ကြီးမှာလည်း မျက်စိတစ်ဆုံးပင်။
“တောင်ကို မြင်ရပေမဲ့ မြင်းတော့ မောသေနိုင်တယ်” ဆိုသည့် စကားအတိုင်း ထျန်ဖုန်းသည် လှေပျံဖြင့် နာရီဝက်ခန့် ပျံသန်းပြီးမှ ရှောင်ကျင်းတောင်တန်းနှင့် နီးကပ်စွာ ရောက်ရှိခဲ့သည်။ သားရဲဟိန်းသံများနှင့် ပိုးမွှားတို့၏ တိုးတိုးလေး အော်မြည်သံများကို ကြားနေရသည်။
ကျယ်ပြောလှသော တောင်တန်းကြီးကို ကြည့်ရင်း ထျန်ဖုန်း၏ စွန့်စားလိုစိတ်မှာ ထကြွလာတော့သည်။
“ဒီက မိစ္ဆာသားရဲတွေကိုလည်း ငါ အနွေးဓာတ် ပေးနိုင်မလား မသိဘူး…။”
ထိုအချိန်တွင် ထျန်ဖုန်းသည် ဤလောက၌ မိစ္ဆာသားရဲများ ရှိကြောင်းကို သိရှိပြီးဖြစ်၏။ ထို့အပြင် မိစ္ဆာ သားရဲ အတော်များများမှာ လူသားကျင့်ကြံသူများထက် မနိမ့်ကျသည့်အပြင် ဉာဏ်ရည်မှာလည်း လူသားများနှင့် တန်းတူနီးပါး ရှိနိုင်ပေသည်။
သူသည် လှေပျံကို တောင်တန်းအတွင်းသို့ မောင်းနှင်လိုက်ပြီးနောက် ချက်ချင်းပင် သိမ်းဆည်းလိုက် လေသည်။ သူကတော့ သေရမှာ မကြောက်သော်လည်း ယွမ်လီ၏ လှေပျံ ပျက်စီးသွားလျှင်တော့ တစ်ဖက်လူအတွက် မတရားရာ ကျပေလိမ့်မည်။
မျက်စိတစ်ဆုံးတွင် မြင့်မားဖြောင့်တန်းသော သစ်ပင်ကြီးများကို တွေ့ရပြီး သစ်ရွက်များမှာ ထီးဆောင်း ထားသကဲ့သို့ အုပ်ဆိုင်းလျှက်ရှိနေသည်။ လေပြေညင်းကလေး တိုက်ခတ်လိုက်တိုင်း သစ်ရွက်လှုပ် ခတ်သံများနှင့်အတူ အေးချမ်းမှုကို တခဏချင်းပင် ခံစားလိုက်ရလေသည်။
ထျန်ဖုန်း တစ်ခုခုကို ခံစားလိုက်ရသဖြင့် ချက်ချင်းပင် အံ့သြသွားသည်။
“ဒီနေရာက စိတ်ဝိညာဉ်စွမ်းအင်က ရှောင်ကျင်းမြို့ထက်တောင် ပိုပြီး သိပ်သည်းနေပါလား…။”
ဟုတ်ပေသည်... တောနက်တောင်နက်ထဲတွင် စိတ်ဝိညာဉ်စွမ်းအင် ပိုများနေခြင်းမှာ ပုံမှန်ပင်။ မဟုတ် လျှင် ဂိုဏ်းကြီးများမှာ ဤတောင်တန်းကြီးထဲတွင် ဂိုဏ်းတည်ဆောက်ကြမည် မဟုတ်ပေ။
“နောက်ဆို ဒီမှာပဲ ဂူအောင်းပြီး ကျင့်ကြံရမယ်။ ပိုက်ဆံလည်း မကုန်သလို စိတ်ဝိညာဉ်စွမ်းအင်လည်း ပေါတာပေါ့…။”
ရှောင်ကျင်းတောင်တန်း၏ အန္တရာယ်မှာ ထျန်ဖုန်းအတွက် ဘာမှမဟုတ်ပေ။ အဆိုးဆုံး ရှိလျှင် သူ သေရုံသာ ရှိသည်။ မြို့ထဲမှာ နေရသည်ထက်စာလျှင် ဤနေရာမှာက ပို၍ နေပျော်သေးသည်ပင်။
သူသည် နှင်းခဲဓားကို ဆုပ်ကိုင်လျက် သစ်ပင်များအကြား ခုန်ပျံသွားလာနေခဲ့လေသည်။ အတွင်းပိုင်းသို့ ရောက်လေလေ တိရစ္ဆာန်များကို ပိုမို တွေ့ရှိလာရလေလေ ဖြစ်သည်။ သို့သော် မိစ္ဆာသားရဲ၏ အရိပ် အယောင်ကိုမူ အခုထိ မတွေ့ရသေးပေ။
အပြင်ဘက်ဆုံးရှိ မိစ္ဆာသားရဲများမှာ ကျင့်ကြံသူများ၏ အမဲလိုက်ခြင်းကို ခံလိုက်ရပြီ ထင်ရလေသည်။
*ဟင်…. ဒါက မီးလျှံကျားလား…။*
အတွင်းပိုင်းသို့ ထပ်မံ ဝင်ရောက်လာသောအခါ ထျန်ဖုန်းသည် မိစ္ဆာသားရဲတစ်ကောင်ကို နောက်ဆုံး တွင် တွေ့ရှိလိုက်ရလေသည်။ ရှေ့တွင် ရဲရဲနီနေသော အမွေးအမှင်များ ရှိသည့် ကျားကြီးတစ်ကောင် ရှိနေခဲ့သည်ပင်။
ထျန်ဖုန်းသည် ရှောင်ကျင်းမြို့တွင် မိစ္ဆာသားရဲများအကြောင်း စာအုပ်ကို ဝယ်ဖတ်ထားသဖြင့် ၎င်းကို မှတ်မိနေခြင်း ဖြစ်လေသည်။
မီးလျှံကျားသည် မီးမှုတ်နိုင်ပြီး ၎င်း၏ အစွမ်းမှာ လျှော့တွက်၍မရပေ။ ၎င်း၏ လက်သည်းနှင့် သွားများ မှာ အလွန်ပင် ထက်မြက်လှပြီး ကြောက်မက်ဖွယ်ကောင်းသော ခွန်အားနှင့် ပေါင်းစပ်လိုက်ပါက ဖျက်ဆီးနိုင်စွမ်းမှာ အလွန်ပင် ကြီးမားလှပေသည်။
*ဒါက အဆင့် (၁) မိစ္ဆာသားရဲပဲ…။ ဒီအငွေ့အသက်အရဆိုရင် အဆင့် (၁) နက်နဲအဆင့်ဖြစ်ရမယ်…။*
မိစ္ဆာသားရဲများ၏ အဆင့် (၁) မှာ ကျင့်ကြံသူများ၏ ချီစွမ်းအင်သန့်စင်ခြင်းအဆင့်နှင့် ညီမျှလေသည်။ သို့သော် ၎င်းတို့ကို အဆင့် (၁) မှ (၉) အထိ မခွဲခြားဘဲ အစောပိုင်း၊ အလယ်အလတ်နှင့် နက်နဲအဆင့် ဟူ၍သာ ခွဲခြားထားလေသည်။
အဆင့် (၁) နက်နဲအဆင့်မှာ ကျင့်ကြံသူများ၏ အဆင့် (၇) မှ (၉) အထိနှင့် ညီမျှလေသည်။ အဆင့် (၂) ရောက်မှသာ ကျင့်ကြံသူများကဲ့သို့ အထွတ်အထိပ် နှင့် ပြီးပြည့်စုံခြင်း ဟူသော အခေါ်အဝေါ်များ ရှိလာ ခြင်း ဖြစ်လေသည်။
ထျန်ဖုန်းက မီးလျှံကျားကို စိုက်ကြည့်နေသကဲ့သို့ ကျားကြီးကလည်း သူ့ကို စိုက်ကြည့်ပြီး မာန်ဖီကာ ဟိန်းဟောက်နေခဲ့လေသည်။ မိစ္ဆာသားရဲမှာ အသိဉာဏ် အနည်းငယ် ရှိနေပြီဖြစ်ရာ ရှေ့မှ လူသားထံမှ ထွက်ပေါ်နေသော အန္တရာယ်အငွေ့အသက်ကို ခံစားမိသဖြင့် ချက်ချင်း တိုက်ခိုက်ခြင်း မရှိသေးပေ။
သို့သော်လည်း တိရစ္ဆာန်မှာ တိရစ္ဆာန်ပင် ဖြစ်သဖြင့် ခဏအကြာတွင် စတင် လှုပ်ရှားလာလေတော့ သည်။ ၎င်း၏ အမွေးများမှာ မီးလျှံများကဲ့သို့ တောက်ပလာခဲ့၏။ ပါးစပ်ကြီးကို ဟလိုက်ရာ အတွင်း၌ မီးလုံးတစ်လုံးက လျင်မြန်စွာ စုစည်းလာခဲ့လေသည်။
ဟိန်းလိုက်သံနှင့်အတူ မီးလုံးကြီးမှာ ထျန်ဖုန်းထံသို့ တည့်တည့် ပြေးဝင်လာပြီး အပူရှိန်လှိုင်းများလည်း ပါလာလေသည်။ ထျန်ဖုန်းကမူ ထိုအရှိန်ကို ဂရုမစိုက်သည့်အသွင်ဖြင့် လှောင်ပြုံး ပြုံးပြလိုက်လေ သည်။ သူ ကိုယ်ကို အနည်းငယ် တိမ်းလိုက်ရုံဖြင့် ထိုတိုက်ကွက်ကို ရှောင်လိုက်နိုင်သည်။
“ဝုန်း…“
သူ့နောက်ဘက်မှ မြေပြင်မှာ တုန်ခါသွားပြီး မီးတောက်သံများနှင့်အတူ အပူရှိန်များ ထွက်ပေါ်လာခဲ့၏။ သူ့နောက်ရှိ သစ်ပင်များမှာမူ ထိုဒဏ်ကို ခံလိုက်ရပြီး ကျင်းကြီးအတွင်း၌ မီးများ စတင် လောင်ကျွမ်းနေ ပြီ ဖြစ်လေသည်။
“ဟွန်း... တောမီးရှို့ရင် ထောင်နန်းစံရမယ်ဆိုတာ မသိဘူးလား မိစ္ဆာကောင်၊ မင်း ထောင်ထဲမှာပဲ သေပေ တော့…။”
ထျန်ဖုန်းက အေးစက်စွာ နှာခေါင်းရှုံ့လိုက်ပြီး ခြေဖျားထောက်ကာ ရှေ့သို့ ပြေးထွက်သွားလေတော့ သည်။
***