“နောက်ဆုံးတော့... နောက်ဆုံးတော့ ငါ ပြန်ရောက်ပြီဟေ့…။”
“ဟားဟားဟားဟား…။”
ယွမ်လီနှင့် သူ၏အဖွဲ့သည် ရှေ့မှမြို့ကြီးကို ကြည့်ကာ သက်ပြင်းချလိုက်ကြလေသည်။ သူတို့၏ မျက်နှာများထက်တွင် အပြုံးများကိုယ်စီ ပွင့်လန်းနေကြသည်ပင်။
တကယ့်ကို မလွယ်ကူခဲ့ပေ…..။
ဖျင်ကျင်းမြို့မှ ရှောင်ကျင်းမြို့အထိ ဆယ်ရက်၊ ရက်နှစ်ဆယ်ကြာအောင် လေဒဏ်မိုးဒဏ်ကို အံတုရင်း၊ တောထဲတောင်ထဲ အိပ်စက်ရင်း ခရီးနှင်ခဲ့ရသည် မဟုတ်ပါလား။ မြင်းမစီးခဲ့သည့် အကြောင်းရင်းမှာ ဂျူနီယာညီမလေးနှင့် ညီလေး ဝူတို့က မြင်းမစီးတတ်ခြင်းကြောင့် ဖြစ်သလို၊ လမ်းခရီးတွင် မြင်းများကို ပြုစုရမည့် ဒုက္ခကိုလည်း သူတို့ထဲမှ မည်သူမျှ မခံနိုင်သောကြောင့် ဖြစ်လေသည်။
သို့သော် မြင်းလှည်းဖြင့် လာရသည်မှာလည်း အလွန်ပင် နှေးကွေးလှသည်ပင်။
“ဟားဟား... အခု ဒီကို ရောက်ပြီဆိုတော့ ထျန်ညီအစ်ကိုတွေကို စိတ်ပူစရာ မလိုတော့ဘူး….။”
ယွမ်လီ သက်ပြင်းချလိုက်လေသည်။ သူသည် ထျန်ဆန်းဖုန်းကို အမှန်တကယ့်ကို ထိတ်လန့်နေမိသည်။ ထိုကောင်တွေသည် ကိုယ်ကျင့်တရား မရှိရုံသာမက တစ်ယောက်ကို သတ်လျှင် နောက်တစ်ယောက်က ထွက်ပေါ်လာတတ်လေသည်။
ထိုသို့သော သူများကို မည်သူက ရင်ဆိုင်နိုင်မည်နည်း။ အကယ်၍ သူတို့ကို မယှဉ်နိုင်လျှင် ရှောင်ရှား နေခြင်းက အကောင်းဆုံးပင်မဟုတ်ပါလား။
“ဟုတ်တယ်... အစ်ကိုကြီး သုံးယောက်လုံး သေသွားပြီဆိုပေမဲ့ ထျန်စစ်ဖုန်း ရှိနေသေးတယ်လေ…။”
ဂျူနီယာညီမလေးမှာ ထိတ်လန့်နေပုံရလေသည်။ ထျန်စစ်ဖုန်းက သူမ၏ နာမည်ကို ဖျက်ဆီးမည်ကို သူမ အလွန်စိုးရိမ်နေခဲ့လေသည်။ အကယ်၍ တစ်ယောက်ယောက်က သူမကို လာထိပြီးမှ သူမက ယောက်ျားကြီးပါ ဟုသာ သတင်းလွှင့်လိုက်လျှင် မည်ကဲ့သို့လုပ်ရပါမည်နည်း။ သူမ၏ မက်မွန်သီးများ မှာလည်း သိပ်မကြီးသဖြင့် သက်သေပြရန် ခက်ခဲလှသည် မဟုတ်ပါလား။
“ကြားရသလောက်တော့ အဲ့ဒီညီအစ်ကိုတွေထဲမှာ အငယ်ဆုံးက ပါရမီအရှိဆုံးပဲတဲ့…။”
ဟုန်လင်းကလည်း စိုးရိမ်တကြီး ပြောလိုက်လေသည်။
အမှန်တကယ်တွင် ၎င်းမှာ သူတို့ အကြောက်ဆုံးအချက်ပင်။ ထျန်ညီအစ်ကိုများမှာ ကိုယ်ကျင့်တရား မရှိရုံသာမက မယုံနိုင်လောက်သော ပါရမီများကိုလည်း ပိုင်ဆိုင်ထားကြသည်။ ထို့ကြောင့် သူတို့သည် ထျန်စစ်ဖုန်း၏ အစွမ်းကို ကြောက်ရွံ့နေကြခြင်းပင် ဖြစ်လေသည်။
သူတို့ သိထားသလောက် အစ်ကိုကြီး ထျန်ဖုန်းမှာ သာမန်လူတစ်ယောက်သာ ဖြစ်လေသည်။
ထျန်အာဖုန်းမှာ ချီစွမ်းအင်သန့်စင်ခြင်း အဆင့် (၄) သို့မဟုတ် (၅) ဖြစ်ပြီး ထျန်ဆန်းဖုန်းမှာမူ အဆင့် (၈) အထိ ရှိနေခဲ့သည်။ ဤသို့ဆိုလျှင် ထျန်စစ်ဖုန်းမှာ အဆင့် (၉) သို့မဟုတ် အခြေခံအုတ်မြစ်တည် ဆောက်ခြင်းအဆင့်ပင် ဖြစ်နေနိုင်သည် မဟုတ်ပါလား….။
ယွမ်လီသည် ထျန်ဆန်းဖုန်းနှင့် တိုက်ခိုက်ခဲ့စဉ်ကပင် ခက်ခက်ခဲခဲ ရင်ဆိုင်ခဲ့ရလေသည်။ အကယ်၍ သူ သာ ထျန်စစ်ဖုန်းနှင့် တွေ့လျှင် မည်သို့ ဖြစ်မည်နည်း။ ထို့ကြောင့် ယွမ်လီကိုယ်တိုင်ပင် မသေချာသဖြင့် ဖျင်ကျင်းမြို့မှ အမြန် ထွက်ခွာလာခဲ့ခြင်း ဖြစ်ပေသည်။
“ငါတို့ ဂိုဏ်းကို အခုပဲ ပြန်ကြမလား…။”
ညီလေး ဝူက မေးလိုက်လေသည်။
“ရှောင်ကျင်းမြို့မှာ ရက်နည်းနည်းလောက် နားကြရင်ကော…။”
ဂျူနီယာညီမလေးက မပြန်ချင်သေးပေ။ သူမသည် မြို့ထဲသို့ အခုမှ ရောက်ဖူးသဖြင့် မလည်ရသေး သောကြောင့် ဖြစ်လေသည်။
“ကောင်းပြီလေ... ဒါဆို ငါတို့ ရက်နည်းနည်းလောက် အနားယူပြီးမှ ပြန်ကြတာပေါ့….။”
ယွမ်လီ ပြုံးလျက် ပြောလိုက်သော်လည်း သူ၏ စိတ်ထဲတွင်မူ စိုးရိမ်မှုတစ်ခု ရှိနေခဲ့သည်။
အကြောင်းမှာ သူ၏ လှေပျံနှင့် သိုလှောင်အိတ်တို့မှာ ပျောက်ဆုံးသွားခဲ့ပြီး ထိုလှေပျံမှာလည်း သူ ချေးငှားလာခဲ့ခြင်း ဖြစ်သောကြောင့်ပင်။
“ဟုတ်ပြီလေ... ငါတို့ ဒီမှာ ရက်နည်းနည်းလောက် နေပြီး မကြာသေးခင်က ဘာတွေ ဖြစ်ပျက်ခဲ့သလဲ ဆိုတာ စုံစမ်းကြတာပေါ့…။”
ဟုန်လင်းကလည်း သဘောတူလိုက်လေသည်။
သူတို့အားလုံးမှာ မြစိမ်းတောင်တန်းဂိုဏ်း၏ တပည့်များ ဖြစ်ကြသဖြင့် မြို့ထဲဝင်ရန် စိတ်ဝိညာဉ် ကျောက်တုံး ပေးစရာ မလိုပေ။ အဘယ်ကြောင့်ဆိုသော် ရှောင်ကျင်းမြို့မှာ ဂိုဏ်းကြီးအချို့၏ စီမံခန့်ခွဲမှုအောက်တွင် ရှိနေသောကြောင့် ဖြစ်လေသည်။
ယွမ်လီ တစ်ခုခုကို သတိရသွားပြီး မေးလိုက်လေသည်။
“အရေးကြီးတဲ့ ကိစ္စဆိုလို့... နောက် လဝက်နေရင် အနီရောင်နေမင်းလျှို့ဝှက်နယ်မြေ ပွင့်တော့မယ် မဟုတ်လား….။”
ထိုစကားကို ကြားသောအခါ ဟုန်လင်း၏ မျက်နှာလေးမှာ မှိုင်ကျသွားပြီး တိုးတိုးလေး ပြောလိုက်လေ သည်။
“ဟုတ်တယ်... နှမြောစရာကောင်းတာက ကျွန်မက အခုမှ ချီစွမ်းအင်သန့်စင်ခြင်း အဆင့် (၈) ပဲ ရှိသေး တာ။ နောက် လဝက်အတွင်းမှာ အဆင့် (၉) ကို ရောက်နိုင်ပါ့မလား မသိဘူး…။”
အဆင့် (၉) ရှိမှ နယ်မြေထဲ ဝင်နိုင်သည် မဟုတ်သော်လည်း အဆင့် (၈) နှင့် ဝင်ပါက အသာစီး မရနိုင် သည့်အပြင် သေဆုံးနိုင်ခြေမှာလည်း အလွန်ပင် မြင့်မားလှပေသည်။
ဤအခွင့်အရေးကို လက်လွှတ်လိုက်ရပါကလည်း နောက်ထပ် သုံးနှစ် ထပ်စောင့်ရမည် ဖြစ်ရာ ကျင့်ကြံ ခြင်းလမ်းစဉ်ကို လျှောက်လှမ်းနေသော ဟုန်လင်းအတွက်မူ မခံစားနိုင်စရာပင်။ သူမသည် အချိန်ဆွဲ၍ အဆင့်တက်ချင်သူ မဟုတ်ပေ။
“ရပါတယ်... မင်းရဲ့ ပါရမီက ထူးခြားတာပဲ၊ ဂိုဏ်းက မင်းကို အခြေခံတည်ဆောက်ခြင်း ဆေးလုံး ဆုချမှာပါ….။”
ယွမ်လီက သူမကို နှစ်သိမ့်လိုက်လေသည်။
သူသည် ဟုန်လင်းကို ဆက်လက် ပိုးပန်းရန် စိတ်မကူးတော့ပေ။ ပထမအချက်မှာ သူမသည် သူ၏ အရှက်ရစရာ ကိစ္စကို သိနေခြင်းကြောင့် ဖြစ်ပြီး၊ ဒုတိယအချက်မှာ သူမ၏ ရင်သားများမှာ တကယ် လား၊ အတုလား ဆိုသည်ကို သူ မသိသေးခြင်းကြောင့် ဖြစ်၏။ ထိုသတင်းမှာ ထျန်ဆန်းဖုန်း အသက်နှင့် လဲ၍ ရယူခဲ့သော သတင်းပင် မဟုတ်ပါလား။
သို့သော် တစ်ဖက်လူက သူ့ကို အထိအတွေ့ ခွင့်မပြုပေ။ သူသည် နောင်တွင် သူ၏ သားသမီးများကို နို့အတု တိုက်ရန် မဝံ့ရဲသလို သူကိုယ်တိုင်လည်း မသောက်ချင်ခဲ့ပေ။
*အခြေခံတည်ဆောက်ခြင်း ဆေးလုံး တစ်လုံးတည်းလား…။ လူဘယ်နှယောက်ကများ ဆေးလုံး တစ်လုံးတည်းနဲ့ အခြေခံအုတ်မြစ် တည်ဆောက်နိုင်မှာလဲ….။*
သူမ၏ ပါရမီကို ယုံကြည်သော်လည်း ဟုန်လင်းအနေဖြင့် ဆေးလုံး နှစ်လုံးရှိလျှင် ပိုသေချာမည်ဟု စိတ်ထဲမှ တွေးနေမိလေသည်။
…………
နှင်းခဲဓား ကို မီးလျှံကျား၏ မျက်တွင်းထဲမှ ဆွဲထုတ်လိုက်လေသည်။ ထိုဧရာမ ကျားကြီးမှာ ခဏမျှ ရုန်းကန်နေပြီးနောက် ငြိမ်သက်သွားလေတော့သည်။ မီးလျှံများကဲ့သို့ တောက်ပနေသော ကျားအရေခွံ မှာလည်း ချက်ချင်းပင် အရောင်မှိန်သွားလေတော့သည်။
ပြင်းထန်သော တိုက်ပွဲအပြီးတွင် ထျန်ဖုန်းသည် ၎င်းကို နောက်ဆုံးတွင် သတ်ဖြတ်နိုင်ခဲ့လေသည်။
“ကြားဖူးတာတော့ မီးလျှံကျားရဲ့ ခန္ဓာကိုယ် တစ်ခုလုံးက ရတနာတွေချည်းပဲတဲ့…။”
ဟုတ်ပေသည်... ကျားအရိုး၊ ကျားအရေခွံနှင့် ကျားသွားများမှာ အဖိုးတန်လှပေသည်။ ၎င်း၏ ခန္ဓာကိုယ် အတွင်းရှိ မိစ္ဆာအမြုတေ ကိုမူ ဆိုဖွယ်ရာ မရှိပေ။
ထျန်ဖုန်းသည် မီးလျှံကျား၏ ဗိုက်ကို ခွဲလိုက်ပြီးနောက် လက်မခန့်ရှိသော သွေးများ ပေကျံနေသည့် အလုံးလေးတစ်ခုကို ထုတ်ယူလိုက်လေသည်။
မိစ္ဆာအမြုတေမှာ အလွန်ပင် မာကျောလှပြီး ပြင်းထန်သော စွမ်းအင်လှိုင်းများ ပါဝင်နေသည်။ သို့သော် ဤမီးလျှံကျားမှာ အားနည်းသေးသဖြင့် ၎င်း၏ အမြုတေမှာ အနည်းငယ် အရောင်အဆင်း မသဲကွဲ လှပေ။
မိစ္ဆာသားရဲများသည် နေ၊ လ နှင့် ကောင်းကင်၊ မြေကြီးတို့၏ ဝိညာဉ်စွမ်းအင်များကို စုပ်ယူကာ ၎င်းတို့ ၏ ကိုယ်ပိုင် စွမ်းအင်များနှင့် ပေါင်းစပ်ပြီး အမြုတေအဖြစ် ဖွဲ့စည်းကြခြင်း ဖြစ်လေသည်။ အကယ်၍ အမြုတေ ပျက်စီးသွားပါက ဒဏ်ရာအပြင်းအထန် ရခြင်း သို့မဟုတ် သေဆုံးခြင်းအထိ ဖြစ်သွားနိုင် ပေသည်။
အမြုတေများတွင် ကြီးမားသော စွမ်းအင်များ ပါဝင်သော်လည်း ကျင့်ကြံခြင်းအတွက် အသုံးပြုသူမှာ အလွန်ပင် ရှားပါးလှသည်။ စိတ်ဝိညာဉ်ကျောက်တုံးများနှင့် ယှဉ်မည်ဆိုပါလျှင် အမြုတေကို သုံးခြင်း မှာ အန္တရာယ်များသည့်အပြင် သန့်စင်ရန်အတွက်လည်း အချိန်များစွာ လိုအပ်ပေသည်။
ထို့ကြောင့် အများအားဖြင့် လက်နက်များ သို့မဟုတ် ဆေးဝါးများ ဖော်စပ်ရာတွင်သာ အသုံးပြုကြ လေသည်။ သို့သော် အရင်းအမြစ် မရှိသော လေလွင့်ကျင့်ကြံသူများအတွက်မူ မရှိတာထက်စာလျှင် တော်သေးသည်ဟု ဆိုကာ အချိန်ပေး၍ သန့်စင်ကြလေ့ ရှိပေသည်။
ထျန်ဖုန်းမှာမူ အရင်းအမြစ် မရှားပါးသဖြင့် ၎င်းကို ကျင့်ကြံရန် မသုံးပေ။ သူသည် ထိုအမြုတေနှင့် ကျားအလောင်းကို သိုလှောင်နယ်မြေထဲသို့ ထည့်လိုက်ကာ မြို့ထဲပြန်ရောက်လျှင် ရောင်းချရန် ဆုံးဖြတ်လိုလေသည်။
ခဏမျှ အနားယူပြီးနောက် သူ ခရီးဆက်ခဲ့လိုက်လေသည်။ အတွင်းပိုင်းသို့ ရောက်လေလေ မိစ္ဆာသားရဲ များကို ပိုမို တွေ့ရှိလာရလေလေ ဖြစ်၏။ တိုက်ပွဲပေါင်းများစွာ ဆင်နွှဲပြီးနောက် သူသည် ရှောင်ကျင်း တောင်တန်း၏ အနက်ရှိုင်းဆုံး နေရာတစ်ခုသို့ ရောက်ရှိလာခဲ့လေသည်။
နွယ်ပင်ဟောင်းများနှင့် သစ်ပင်ကြီးများ ဖုံးလွှမ်းနေသော ဤတောနက်ကြီးထဲတွင် လူသားတို့၏ ခြေရာ လက်ရာများမှာ လုံးဝ ပျောက်ကွယ်နေပြီ ဖြစ်သည်။ နေရာအနှံ့တွင် ပေါင်းမြက်များ ထူထပ်နေပြီး လမ်းပင် မမြင်ရတော့ပေ။ တစ်ခါတစ်ရံတွင်လည်း နားကွဲလုမတတ် ဟိန်းဟောက်သံများကို ကြားနေရ သည်။
သာမန်လူသာဆိုလျှင် ဤနေရာသို့ ရောက်ပါက ကြောက်လန့်တကြား နောက်လှည့် ပြေးမိကြလိမ့်မည် ဖြစ်သော်လည်း ထျန်ဖုန်းမှာမူ မကြောက်မရွံ့ ဆက်သွားနေခဲ့သည်။ သူက သေရမှာကို မကြောက်သည် ပင်မဟုတ်ပါလား။
အဆင့် (၁) အလယ်အလတ် မိစ္ဆာသားရဲတစ်ကောင်ကို အလွယ်တကူ သတ်ဖြတ်ပြီးနောက် ထျန်ဖုန်း သည် ကုန်းမြင့်တစ်ခုပေါ်သို့ တက်လိုက်လေသည်။ ရှေ့တွင် စိမ်းလန်းစိုပြေနေသော ချိုင့်ဝှမ်းတစ်ခု ရှိနေပြီး အလွန်ပင် တိတ်ဆိတ်လှသည်။ ငှက်သံ၊ သားရဲသံနှင့် ပိုးမွှားသံများပင် ပျောက်ကွယ်နေ၏။
ဤသည်မှာ အလွန်ပင် ထူးဆန်းလှသဖြင့် ထျန်ဖုန်းလည်း တစ်ခုခု မှားနေသည်ကို ရိပ်မိလိုက်လေ သည်။ သူသည် သတိကြီးစွာဖြင့် အတွင်းသို့ လှမ်းဝင်လိုက်၏။
သူ့ရှေ့တွင် စိမ်းမြနေသော ရေကန်ကြီးတစ်ခု ပေါ်လာလေသည်။ ရေမျက်နှာပြင်မှာ လုံးဝ ငြိမ်သက်နေ ခဲ့သည်။ ရေကန်ဘေးတွင် ပေါင်းမြက်များ ထူထပ်နေပြီး ရေကန်မှာ မည်မျှနက်သည်ကို မသိနိုင်ပေ။ ဘေးပတ်ဝန်းကျင်ရှိ သစ်ပင်ကြီးများမှာလည်း အုပ်ဆိုင်းနေသဖြင့် နေရောင်ခြည်ပင် မရနိုင်ပေ။
ဤနေရာမှာ တိတ်ဆိတ်ရုံသာမက အလင်းရောင်လည်း အလွန်ပင် မှိန်ဖျော့လှသည်။ ထျန်ဖုန်း တံတွေး ကို ခက်ခက်ခဲခဲ မျိုချလိုက်မိသည်။ သေရမှာ မကြောက်သော်လည်း မမြင်ရသော အန္တရာယ်မှာ တကယ့်ကို ထိတ်လန့်စရာ ကောင်းလှသည်ပင်။ ဘာဖြစ်လာမလဲဆိုသည်ကို ဘယ်သူမှ မသိနိုင်သည် မဟုတ်ပါလား။
[ထျန်လေး... မင်းက တကယ်ပဲ စွမ်းဆောင်နိုင်လို့လား။ သေရမှာလည်း မကြောက်ဘဲနဲ့ ဘာလို့ ဒီလောက်တောင် ကြောက်နေရတာလဲ…။ ]
စနစ်၏ ရုတ်တရက် ထွက်ပေါ်လာသော အသံကြောင့် ထျန်ဖုန်းမှာ လန့်သွားပြီး စိတ်တိုတိုဖြင့် ပြန်ပြော လိုက်လေသည်။
“မင်းက သိပ်တော်နေတာလား…။ မင်းက သိပ်ပြီး မြင့်မြတ်နေတာလား…။ မင်း သိပ်တော်နေရင်လည်း မင်းဘာသာမင်း လုပ်ပါလား…။”
***