“ဟက်...”
စနစ်က ထိုတစ်ခွန်းသာ ပြောပြီး ပြန်လည် တိတ်ဆိတ်သွားလေတော့သည်။ ထျန်ဖုန်းသည်လည်း စနစ် ကို ဂရုမစိုက်တော့ဘဲ လက်ဝါးခန့်ရှိသော ကျောက်တုံးတစ်တုံးကို ကောက်ယူကာ ရေကန်ထဲသို့ အားကုန် ပစ်ထည့်လိုက်လေသည်။
“ဗွမ်း…“
ရေပန်းများ လွင့်စင်သွားပြီး ရေလှိုင်းငယ်လေးများစွာ ဖြစ်ပေါ်လာလေသည်။ ဤမျှ ဆူညံသွားပါက မျက်မမြင်ပင်လျှင် သိနိုင်သော်လည်း ရေလှိုင်းများ ငြိမ်သက်သွားသည်အထိ ရေကန်ထဲမှ ဘာမှ ထွက်မလာခဲ့ပေ။
သို့သော် ထျန်ဖုန်းသည် သူ၏ အသိစိတ်ကို ယုံကြည်သည်။ ဤရေကန်မှာ အလွန် အန္တရာယ်ရှိသည်ဟု သူ ခံစားနေရသည်။ ရေမျက်နှာပြင် ပြန်လည် ငြိမ်သက်သွားသည်အထိ သူ ခဏမျှ ထပ်မံ စောင့်ဆိုင်း နေခဲ့သော်လည်း ဘာလှုပ်ရှားမှုတော့ ရှိမနေခဲ့သေးပေ။
*ကြည့်ရတာ ငါ့ရဲ့ ပေါင်တစ်ရာကျော်ရှိတဲ့ ခန္ဓာကိုယ်နဲ့ပဲ မျှားခေါ်ရတော့မှာပေါ့….။*
ထျန်ဖုန်း အံကိုကြိတ်လိုက်ပြီး ရေကန်ဆီသို့ ဖြည်းညှင်းစွာ လျှောက်သွားလိုက်လေသည်။ သူ၏ စိတ်ထဲ တွင်မူ အချိန်မရွေး ထွက်ပြေးရန် အဆင်သင့် ပြင်ထားလေသည်။ တိတ်ဆိတ်နေသော ပတ်ဝန်းကျင် တွင် သူ၏ ခြေသံများကိုသာ ကြားနေရ၏။ ခုနက ဖြစ်ပေါ်ခဲ့သော ရေလှိုင်းများမှာ မပျောက်သေးဘဲ အနည်းငယ် ရှိနေဆဲပင်။
ရုတ်တရက် ထျန်ဖုန်း တစ်ခုခု မှားနေသည်ကို သတိထားမိလိုက်သည်။ ရေလှိုင်းများ၏ ပုံစံမှာ အနည်း ငယ် ပြောင်းလဲသွားပြီး ဂယက်များ ထလာလေသည်။
*ပြေးပြီဟေ့…။*
ထိုအတွေး ဝင်လာသည်နှင့် သူ ချက်ချင်း နောက်လှည့်ကာ မိုးတိမ်ခြေလှမ်းကို အစွမ်းကုန် သုံး၍ နောက်သို့ အသည်းအသန် ပြန်ပြေးလေတော့သည်။
“ဝုန်း…“
ပြင်းထန်သော ဟိန်းသံကြီးနှင့်အတူ ရေများ လွင့်စင်လာပြီး ဧရာမ အရာဝတ္ထုကြီးတစ်ခု မြေပြင်ပေါ်သို့ ဘုန်းခနဲ ကျလာသည့် အသံကို ကြားလိုက်ရသည်။ ရွှံ့များနှင့် သဲများ နေရာအနှံ့ လွင့်စင်သွားပြီး ညှီစို့စို့ အနံ့ဆိုးကြီးတစ်ခုလည်း ပျံ့လွင့်လာလေသည်။
ထျန်ဖုန်း နောက်သို့ လှည့်ကြည့်လိုက်သောအခါ ကြောက်လန့်လွန်းသဖြင့် ဝိညာဉ်ပင် လွင့်ထွက်မတတ် ဖြစ်သွားရလေသည်။
“တောက်... ငါ့ကို လန့်ပြီး သေအောင်လုပ်နေတာပဲ….။“
စနစ်ပင်လျှင် အံ့သြတုန်လှုပ်စွာဖြင့် အော်လိုက်မိလေသည်။
[ဘုရားရေ... ပိုင်ရှင်၊ ကျွန်တော်တောင် လန့်သွားတယ်…။]
လွင့်စင်နေသော ရွှံ့များအကြားထဲတွင် အနက်ရောင် အလင်းတန်းများ လက်သွားပြီး အေးစိမ့်သော အကြေးခွံများမှာ ကြောက်မက်ဖွယ်ကောင်းသော အလင်းကို ထုတ်လွှတ်နေသည်ပင်။
“ရှူး... ရှူး...”
ကိုယ်လုံးတစ်ခုလုံး အနက်ရောင်ဖြစ်နေသော ဧရာမ မြွေကြီးတစ်ကောင်မှာ လျှာကို တလှုပ်လှုပ် လုပ်နေသည်ပင်။ ၎င်း၏ ဦးခေါင်းမှာ ရေပုံးတစ်ပုံးခန့် ကြီးမားလှပြီး အလွန်ပင် ကြမ်းကြုတ်သော အသွင်ရှိလေသည်။
ပါးစပ်နားမှ တတောက်တောက်ကျနေသော သွားရည်များမှာ မြေပြင်ပေါ်သို့ ကျဆင်းလျက်ရှိလေ သည်။ ထိုမြွေကြီး၏ နီမြန်းသော မျက်လုံးများထဲတွင် အံ့သြမှု အနည်းငယ် ရှိနေသည့်ပုံပင်။ သူ၏ သားကောင်က မည်သို့ ရှောင်တိမ်းသွားသည်ကို စဉ်းစားမရဖြစ်နေဟန် တူပေသည်။
မြွေကြီးသည် အမြီးကို တစ်ချက် ဝှေ့ယမ်းလိုက်ပြီး အနက်ရောင် အလင်းတန်းတစ်ခုကဲ့သို့ ထျန်ဖုန်း ထံသို့ တည့်တည့် ပြေးဝင်လာလေတော့သည်။ ၎င်း၏ အင်အားမှာ မယုံနိုင်လောက်အောင် ကြီးမား လှသဖြင့် လမ်းတွင်ရှိသော သစ်ပင်ကြီးများမှာ မီးခြစ်ဆံများကဲ့သို့ ကျိုးပြတ်သွားခဲ့ကြသည်။
“တောက်... ဒါက ဒုတိယအဆင့် မိစ္ဆာသားရဲကြီးပါလား…။”
ထျန်ဖုန်း၏ တစ်ကိုယ်လုံး ကြက်သီးမွှေးညင်းများ ထသွားခဲ့၏။ သူသည် မြွေကို မူလကတည်းက ကြောက်တတ်သူဖြစ်ရာ အခြေခံအုတ်မြစ်တည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူတစ်ဦးနှင့် အလားတူ သော ဤအနက်ရောင်ကြေးခွံ မြွေကြီးကို မြင်သောအခါ ဘာမှမစဉ်းစားတော့ဘဲ နောက်လှည့်ကာ အသည်း အသန် ပြေးလေတော့သည်။
[ရန်သူ၏ လိုက်လံခြင်းကို ခံနေရကြောင်း သိရှိရသဖြင့်... အပိုဆောင်း အမြန်နှုန်း (၃၀) ရာခိုင်နှုန်း မြှင့်တင်ပေးလိုက်ပါပြီ ပိုင်ရှင်…။]
“ကောင်းတယ်…။”
ထျန်ဖုန်း ဝမ်းသာသွားခဲ့လေသည်။ မဟုတ်လျှင် သူ၏ မူလအရှိန်ဖြင့် ဤမြွေကြီးလက်မှ လွတ်ရန် မသေချာပေ။
သူ၏ အရှိန်မှာ ပိုမိုမြန်ဆန်လာပြီး ဒုတိယအဆင့် မိစ္ဆာသားရဲ၏ လိုက်လံမှုကို ခံနေရသဖြင့် သူ အသုံး ပြုနေသော မိုးတိမ်ခြေလှမ်း ကျင့်စဉ်မှာလည်း ပိုမို နက်နဲလာခဲ့လေသည်။ သူသည် ဤကျင့်စဉ်ကို ကြီးမြတ်သော အောင်မြင်ခြင်း အဆင့်သို့ ရောက်ရှိနေပြီဖြစ်ရာ မကြာမီမှာပင် ပြီးပြည့်စုံခြင်းအဆင့်သို့ ရောက်တော့မည်ကို သူ ခံစားနေရလေသည်။
*ကံကောင်းတာက ဒုတိယအဆင့် မိစ္ဆာသားရဲ အများစုက မပျံနိုင်သေးတာပဲ၊ မဟုတ်ရင် ငါ လွတ်မှာ မဟုတ်ဘူး…။*
ထျန်ဖုန်း ပြေးနေရင်းပင် စဉ်းစားရန် အချိန်ရနေသေးသည်။
*ဒီမြွေကြီးက အနက်ရောင်ကြေးခွံ မြွေကြီး ဖြစ်ရမယ်။ သူ့ရဲ့ ကာကွယ်ရေးစွမ်းအားက အံ့မခန်းပဲ။ အဆင့်တူ ကျင့်ကြံသူတွေတောင် သူ့ရဲ့ အကြေးခွံကို ဖောက်ဖို့ ခက်တယ်လို့ ကြားဖူးတယ်။ ပြီးတော့ အဲ့ဒီအကြေးခွံတွေကို သံချပ်ကာနဲ့ အဖိုးတန် အဝတ်အထည်တွေ လုပ်လို့ရတော့ တော်တော်လေး တန်ဖိုးရှိတာ…။*
“ဝုန်း… ဝုန်း…“
အနက်ရောင်ကြေးခွံ မြွေကြီးသည် ရူးသွပ်စွာ လိုက်လံတိုက်ခိုက်နေခဲ့လေသည်။ ၎င်း၏ ဉာဏ်ရည်မှာ လူသားကလေးငယ်တစ်ဦးထက် မပိုသဖြင့် ရှေ့မှ သားကောင်က ဘာကြောင့် ဒီလောက်မြန်မြန် ပြေးနိုင်ရသလဲဆိုသည်ကို နားမလည်နိုင် ဖြစ်နေသည်။
အရင်က တွေ့ဖူးသော အလားတူ အငွေ့အသက်ရှိသူများကို သူသည် တိုက်ခိုက်ရုံဖြင့် ဝါးမြိုနိုင်ခဲ့သည် ပင်မဟုတ်ပါလား။
လူနှင့် သားရဲကြားမှ အကွာအဝေးမှာ လုံးဝ နီးကပ်မလာခဲ့သဖြင့် အရှိန် သိပ်မမြန်သော မြွေကြီးမှာ စိတ်မရှည် ဖြစ်လာလေသည်။ ၎င်း၏ ခန္ဓာကိုယ်မှ အားနည်းသော အနက်ရောင် အလင်းတန်းများ ထွက်ပေါ်လာပြီး ခန္ဓာကိုယ်မှာလည်း သိသိသာသာ ပေါ့ပါးသွားလေသည်။ ၎င်းသည် ကိုယ်တွင်းရှိ မိစ္ဆာအမြုတေကို အသက်သွင်းလိုက်ခြင်းပင် ဖြစ်လေသည်။
တဒင်္ဂအတွင်းမှာပင် မြွေကြီး၏ ခန္ဓာကိုယ်ထဲတွင် ခွန်အားများ ပြည့်လျှံသွားပြီး အရှိန်မှာလည်း အဆ ပေါင်းများစွာ မြန်ဆန်လာခဲ့လေသည်။ မီတာများစွာ ရှည်လျားသော မြွေကြီးသည် သစ်ပင်ကြီးများကို ပါးနပ်စွာ ပတ်၍ သွားနေသော်လည်း သစ်ပင်ငယ်များကိုမူ တိုက်ကြိတ်၍ သွားလေတော့သည်။
ကုန်းဆင်းများတွင်မူ မြှားတစ်စင်းကဲ့သို့ ပျံထွက်သွားရာ လေးလံထိုင်းမှိုင်းသော အသွင်မှာ လုံးဝ ပျောက်ကွယ်နေခဲ့လေသည်။
အနက်ရောင်ကြေးခွံ မြွေကြီး အတည်အပေါက် လုပ်လာသောအခါ ထျန်ဖုန်း ဒုက္ခရောက်လေတော့ သည်။ ခုနက အေးဆေး ရှောင်တိမ်းနိုင်သော်လည်း ယခုမူ သူ အပြင်းအထန်ပင် ပြေးနေရပြီဖြစ်သည်။ အနည်းငယ် အာရုံလွတ်သွားပါက မြွေကြီး၏ ပါးစပ်ထဲ ရောက်သွားမည်မှာ သေချာပေသည်။
ထျန်ဖုန်းသည် သစ်ပင်ကြီးတစ်ပင်ပေါ်သို့ ခုန်တက်လိုက်ပြီး ခဏလေးမျှပင် မနားဝံ့ဘဲ နောက်ထပ် သစ်ပင်တစ်ပင်ပေါ်သို့ ထပ်မံ ခုန်ကူးလိုက်ပြန်လေသည်။
သူ့နောက်ဘက်မှ ပြင်းထန်သော အသံကြီးနှင့်အတူ သစ်သားစများ လွင့်စင်လာခဲ့သည်။ ပုပ်အက်နံစော် နေသော အနံ့ဆိုးကြီးကလည်း နှာခေါင်းထဲသို့ တိုးဝင်လာပြန်လေသည်။ ထျန်ဖုန်းသည် ထိုအရာများကို ဂရုမစိုက်အားဘဲ အရှိန်အဟုန်ဖြင့်သာ ဆက်ပြေးနေရလေသည်။
စိတ်လှုပ်ရှားနေရသော်လည်း သူ၏ ကိုယ်တွင်းစွမ်းအင်နှင့် ခွန်အား သုံးစွဲမှုမှာ အလွန်ပင် ကြီးမားလှ သည်။ သို့သော် သူ၏ စိတ်ထဲတွင်မူ ဝမ်းသာမှုတစ်ခုက ရှိနေခဲ့သည်။
*တကယ်လို့ ငါ မလွတ်မြောက်နိုင်ခဲ့ရင်တောင် ဒီနေ့ လုပ်ဆောင်ချက်က တန်ပါတယ်လေ။ အပြေး ဒင်္ဂါးတွေကိုရတာကို ထားဦး၊ ငါ့ရဲ့ မိုးတိမ်ခြေလှမ်း ကလည်း ပြီးပြည့်စုံတဲ့ အဆင့်ကို ရောက်တော့ မှာပဲ…။”
မြွေကြီး၏ ကြောက်မက်ဖွယ်ကောင်းသော ပါးစပ်ကြီးကို ကြည့်ရင်း ထျန်ဖုန်း ရုတ်တရက် အတွေး တစ်ခု ရလိုက်လေသည်။
“ဟင်…. မြွေတွေက ငရုတ်သီး စားတတ်မလား မသိဘူး။ ငါ သူ့ကို ငရုတ်သီး ကျွေးရင် ဘာဖြစ်မလဲ…။”
ထိုသို့ တွေးရင်း သူ၏ သိုလှောင်နယ်မြေထဲတွင် ရှာဖွေလိုက်လေသည်။ မကြာမီမှာပင် ဘယ်ကရမှန်း မသိသော နီရဲနေသည့် ငရုတ်သီး တစ်ထုပ်ကို သူ တွေ့လိုက်ရလေသည်။ စိတ်ဝိညာဉ်စွမ်းအင်များဖြင့် ပေါင်းစပ်ထားသော ထိုငရုတ်သီးများမှာ သာမန် ငရုတ်သီးများ မဟုတ်သည်မှာတော့ သေချာပေသည်။
…………
ထိုအချိန်တွင် ရှောင်ကျင်းတောင်တန်း၏ တခြားတစ်နေရာ၌ ဂိုဏ်းဝတ်စုံ တူညီစွာ ဝတ်ဆင်ထားသော ကျင့်ကြံသူ အချို့သည် အဆင့် (၁) နက်နဲအဆင့် မိစ္ဆာသားရဲတစ်ကောင်ကို သတ်ဖြတ်ပြီးကာစ ရှိသေး သည်။
“တော်သေးတာပေါ့…။”
“ကံကောင်းလို့ စီနီယာအစ်မ လင်း က အချိန်မီ ကူညီပေးလို့၊ မဟုတ်ရင် ငါတို့ ဒုက္ခရောက်တော့မှာ…။”
“ဟုတ်တယ်... စီနီယာအစ်မ လင်းသာ မရှိရင် ကျွန်မလည်း အန္တရာယ်ဖြစ်တော့မှာပဲ…။”
ချီစွမ်းအင်သန့်စင်ခြင်း အဆင့် (၈) ရှိသော တပည့်အချို့က လှပပြီး တည်ငြိမ်သော အမျိုးသမီးတစ်ဦး ကို ကျေးဇူးတင်စကားများ ပြောကာ မြှောက်ပင့်ပြောဆိုနေကြလေသည်။
“ဒီလောက်ထိ အားနာနေဖို့ မလိုပါဘူး။ ငါတို့က တစ်ဂိုဏ်းတည်းသားတွေပဲမို့ တစ်ယောက်ကို တစ်ယောက် ကူညီရမှာက မဖြစ်မနေ လုပ်ရမယ့် အလုပ်ပဲလေ…။”
လင်းကျင့် က ပြုံးလျက် ပြန်ပြောလိုက်လေသည်။
“ဂျူနီယာညီမလေး လင်း... မင်းက အရမ်း စိတ်ကောင်းရှိလွန်းတယ်။ တစ်ဂိုဏ်းတည်းသားချင်း ကူညီ ရမှာ မှန်ပေမဲ့ ကိုယ့်ကိုယ်ကို ဘေးကင်းဖို့ကိုလည်း ဂရုစိုက်ဦးမှပေါ့….။”
ရုပ်ရည်ချောမောသော လူငယ်တစ်ဦးက လင်းကျင့်ကို စိုးရိမ်တကြီး ကြည့်ကာ ပြောလိုက်လေသည်။
“စီနီယာအစ်ကို ဝမ်... အစ်ကိုက အရမ်း စိုးရိမ်နေတာပါ။ ကျွန်မက ယုံကြည်မှု ရှိလို့ တိုက်ခိုက်ခဲ့တာ ပါ…..။”
လင်းကျင့်က ထိုကိစ္စကို ဆက်မပြောချင်တော့ဘဲ
“ငါတို့ ရှောင်ကျင်းတောင်တန်းရဲ့ အနက်ပိုင်းကို ရောက်နေပြီမို့ ဆက်မသွားသင့်တော့ဘူး။ အထဲမှာက အရမ်း အန္တရာယ်များပြီး ဒုတိယအဆင့် မိစ္ဆာသားရဲတွေနဲ့ တွေ့နိုင်ခြေ အရမ်းများတယ်….။”
ဟု ပြောလိုက်လေသည်။
လင်းကျင့်သည် နူးညံ့သိမ်မွေ့ပြီး ဆွဲဆောင်မှုရှိသော အလှတရားကို ပိုင်ဆိုင်ထားသူတစ်ဦး ဖြစ်လေ သည်။ ထို့အပြင် သူမသည် ပါရမီလည်း အလွန်ထူးခြားလှပြီး ငယ်ငယ်ရွယ်ရွယ်နှင့် ချီစွမ်းအင်သန့်စင် ခြင်း အဆင့် (၉) သို့ ရောက်ရှိနေသူ ဖြစ်ရာ မကြာမီ အခြေခံအုတ်မြစ် တည်ဆောက်နိုင်တော့မည် ဖြစ် ပေသည်။
ထို့ကြောင့် ဝမ်ရှောက်ဟန် က သူမကို စိတ်ဝင်စားနေခြင်းမှာ အဆန်းတော့မဟုတ်ပေ။
“ညီမလေး ပြောတာ မှန်တယ်၊ ငါတို့ ဆက်မသွားသင့်တော့ဘူး….။”
ဝမ်ရှောက်ဟန်က ခေါင်းငြိမ့် ထောက်ခံလိုက်လေသည်။
အကယ်၍ သူ၏ ဂျူနီယာညီအစ်ကိုများက ဆက်သွားချင်သည်ဟု ပြောလျှင်ပင် သူ တားဆီးမည်ပင် ဖြစ်လေသည်။ အထဲသို့ ဆက်သွားခြင်းမှာ အလွန် အန္တရာယ်များလှသည်ပင်။
မိန်းမလှလေးတစ်ယောက်ကို အထင်ကြီးအောင် လုပ်ရင်း အသက်စွန့်ရမည်မှာ မိုက်မဲရာ ကျပေလိမ့် မည်။
“ဟုတ်ကဲ့... ဟုတ်ကဲ့... မြန်မြန် ပြန်ကြရအောင်လေ…။”
“စီနီယာအစ်ကိုနဲ့ အစ်မတို့ ပြောတဲ့အတိုင်းပါပဲ…။”
ကျန်တပည့် သုံးဦးကလည်း ချက်ချင်း သဘောတူလိုက်ကြသည်။ သူတို့သည် ခုနကပင် အန္တရာယ်ကို မြည်းစမ်းခဲ့ရပြီးပြီ ဖြစ်သဖြင့် ဆက်မသွားဝံ့တော့ပေ။
လင်းကျင့်နှင့် ဝမ်ရှောက်ဟန်တို့၏ ဤခရီးစဉ်မှာ ရည်ရွယ်ချက် နှစ်ခု ရှိလေသည်။ ပထမတစ်ခုမှာ ဂျူနီယာများကို အတွေ့အကြုံ ရစေရန်ဖြစ်ပြီး ဒုတိယတစ်ခုမှာ နောက် လဝက်အကြာတွင် ပွင့်မည့် ‘အနီရောင်နေမင်းလျှို့ဝှက်နယ်မြေ’ အတွက် ပြင်ဆင်ခြင်းပင် ဖြစ်လေသည်။
ထိုနယ်မြေထဲ ဝင်ခြင်းက အသက်နှင့် ရင်းရခြင်းဖြစ်သောကြောင့် အခုကတည်းက တိုက်ပွဲအတွေ့ အကြုံ မရှိထားပါက အထဲရောက်မှ နောင်တရနေပါက မထူးတော့ပေ။
“ကဲ... ပြန်ကြစို့…။”
***