အနက်ရောင်ကြေးခွံ မြွေကြီး၏ တိုက်ခိုက်မှုမှ သီသီလေး လွတ်မြောက်ခဲ့ပြီးနောက် ထျန်ဖုန်းသည် မြေပြင်ပေါ်တွင် တစ်ပတ်လိမ့်ကာ ဆင်းသက်လိုက်လေသည်။ ခဲဆွဲထားသလို လေးလံနေသော သူ၏ ခြေထောက်များသည် ရုတ်တရက် ပေါ့ပါးသွားပြီး သူက ဝမ်းသာအားရ အော်ဟစ်လိုက်လေတော့ သည်။
“ဟားဟားဟား... မိုးတိမ်ခြေလှမ်း က နောက်ဆုံးမှာတော့ ပြီးပြည့်စုံသွားပြီဟေ့….။”
မျက်စိတစ်မှိတ်အတွင်းမှာပင် မိုးတိမ်ခြေလှမ်းအပေါ် သူ၏ နားလည်မှုသည် အဆင့်သစ်တစ်ခုသို့ တက်လှမ်းသွားခဲ့ပြီ ဖြစ်လေသည်။
သူ၏ အရှိန်သည် ပိုမို ပေါ့ပါးသွက်လက်လာခဲ့သည်။ ခြေဖျားလေးနှင့် တို့လိုက်ရုံနှင့်ပင် ခန္ဓာကိုယ်သည် အလေးချိန်မရှိသလိုမျိုး မီတာများစွာကို လွင့်ပျံသွားနိုင်ခဲ့သည်။ လှုပ်ရှားမှုများသည် စီးဆင်းနေသော တိမ်တိုက်များ၊ ရေစီးကြောင်းများကဲ့သို့ပင် ချောမွေ့လွန်းလှသည်။
ရေအောက်လှိုင်းများကဲ့သို့ပင် ခန့်မှန်းရခက်ပြီး လျှို့ဝှက်ဆန်းကြယ်နေတော့သည်။ သူသည် ဘယ်မှာ ဆင်းသက်မလဲ၊ ဘယ်ကို ဦးတည်မလဲဆိုသည်ကို မည်သူမျှ မခန့်မှန်းနိုင်တော့ပေ။
ထျန်ဖုန်းသည် အနက်ရောင်ကြေးခွံမြွေကြီး၏ ထိုးနှက်ချက်ကို ပါးနပ်စွာ ရှောင်တိမ်းလိုက်ပြီး အနီရောင် ဖုန်မှုန့်များကြားတွင် ဟန်ပါပါဖြင့် ပျံထွက်သွားလေတော့သည်။
“ရှူး... ရှူး...”
မြွေကြီး၏ မျက်လုံးများသည် ပို၍ နီရဲလာပြီး မျက်ရည်များပင် ကျလာခဲ့လေသည်။ ၎င်းသည် ထျန်ဖုန်း ကို စိုက်ကြည့်ရင်း အလွန်ပင် နာကျည်းနေပုံရလေသည်။
ရှေ့မှ အနီရောင်ဖုန်မှုန့်များကြောင့် မြွေကြီးသည် အလွန်ပင် နေမထိထိုင်မသာ ဖြစ်နေပုံရလေသည်။ မျက်လုံးများမှာလည်း ပူလောင်နေပြီး နီမြန်းရောင်ကိုင်းလာလေသည်။ လိုက်၍လည်း မမီ၊ နောက်က နေ လိုက်နေရသည်မှာလည်း အလွန်ပင် ဒုက္ခများလှလေသည်။
ဤအချိန်တွင် အနက်ရောင်ကြေးခွံ မြွေကြီး၏ အသိစိတ်က လက်လျှော့ရန် ပြောနေသော်လည်း မိစ္ဆာ သားရဲတစ်ကောင်၏ ရက်စက်မှုက ထျန်ဖုန်းကို ဝါးမြိုပစ်ရန်သာ တိုက်တွန်းနေခဲ့လေသည်။
“ဝုန်း….“
ကျောက်ဆောင်ကြီးများသည် ကြောက်မက်ဖွယ်ကောင်းသော အရှိန်နှင့်အတူ လွင့်ထွက်လာခဲ့လေ သည်။ အနက်ရောင်ကြေးခွံ မြွေကြီးသည် ၎င်း၏ အမြီးနှင့် ဝှေ့ယမ်းလိုက်ရာ ဧရာမ ကျောက်တုံးကြီး တစ်တုံးက လေကိုခွင်းပြီး ပြေးဝင်လာခဲ့လေသည်။
လေတိုးသံများ ထွက်ပေါ်လာပြီး လေထုကြီးတစ်ခုလုံး ဖိသိပ်ခံလိုက်ရသလိုပင်။ အကယ်၍ ထို ကျောက်တုံးကို တည့်တည့် ခုခံမိပါက သေနိုင်သည် သို့မဟုတ် ဒဏ်ရာအပြင်းအထန် ရနိုင်သည်ကို ထျန်ဖုန်း ကောင်းကောင်း သိပေသည်။
ရှောင်ရန် လမ်းမရှိတော့ပေ။ အကယ်၍ ဘေးဘက်သို့ ရှောင်လိုက်ပါက မြွေကြီးနှင့် အကွာအဝေးမှာ နီးကပ်သွားမည်ဖြစ်ပြီး၊ အပေါ်သို့ ခုန်တက်လျှင်လည်း လေထဲတွင် အရှိန်သတ်ရန် နေရာမရှိသဖြင့် မြွေကြီး၏ ဖမ်းဆီးခြင်းကို ခံရပေလိမ့်မည်။
ထျန်ဖုန်းသည် မျက်နှာကို တည်ကြည်စွာ ထားလိုက်ပြီး သူ၏ ကိုယ်တွင်းစွမ်းအားများကို ခြေထောက် ဆီသို့ ပို့လိုက်လေသည်။ ကျောက်တုံးကြီး နီးကပ်လာသောအခါ သူသည် အပေါ်သို့ ခုန်တက်လိုက်ပြီး ကျောက်တုံးပေါ်တွင် တစ်လှမ်းပြီးတစ်လှမ်း ဆက်တိုက် နင်းလိုက်လေသည်။
သူ၏ ခြေဖဝါးအောက်တွင် တိမ်ဖြူလေးများ ပေါ်လာပြီး ခြေသံများသည်လည်း တဒုန်းဒုန်းနှင့် ဆက် တိုက် ထွက်ပေါ်နေခဲ့သည်။ ခြေဖဝါးမှတစ်ဆင့် ပြင်းထန်သော အင်အားများ စီးဝင်လာသော်လည်း ထျန်ဖုန်းကမူ ပါးနပ်စွာနှင့် ထိုအင်အားများကို ပြန်လည် လွှဲဖယ်ပစ်နေခဲ့လေသည်။
လူနှင့် ကျောက်တုံးသည် အဝေးသို့ လွင့်ထွက်သွားပြီး မြွေကြီးနှင့် ပိုမို အလှမ်းဝေးသွားလေတော့သည်။
“ဟိုမှာ ကြည့်စမ်း... အဲ့ဒါ ဘာလဲ…။”
ဖေးရှီးဂိုဏ်း မှ တပည့်ငါးယောက်သည် ပြင်းထန်သော အသံကြားရာဆီသို့ လှမ်းကြည့်လိုက်ကြလေ သည်။
ရှောင်ကျင်းတောင်တန်းထဲတွင် သူတို့သည် အနည်းငယ်မျှပင် သတိလက်လွတ်မနေရဲကြပေ။ အနည်း ငယ်မျှသော လှုပ်ရှားမှုကိုပင် အမြဲ ဂရုစိုက်နေရသည်ပင်။ အနက်ရောင်ကြေးခွံ မြွေကြီးကို မြင်လိုက် ရသောအခါ သူတို့၏ မျက်နှာများသည် လူသေကောင်ကဲ့သို့ ဖြူဖျော့သွားကြလေတော့သည်။
“တောက်... ဒါ အနက်ရောင်ကြေးခွံ မြွေကြီးပဲ….။”
“ဘုရားရေ... သူက ဒီကို ဘယ်လို ရောက်လာတာလဲ….။”
သူတို့ ထိတ်လန့်သွားကြပြီးနောက် မြွေကြီးရှေ့မှ လူပုံရိပ်ကို မြင်လိုက်ရပြန်သည်။ ကျောက်တုံးကြီးမှာ ပြင်းထန်သော အရှိန်ဖြင့် ပြေးဝင်လာသည်ကို မြင်သောအခါ သူတို့ အလိုလိုပင် ခေါင်းခါမိလိုက်ကြ လေသည်။
“ပြီးပြီ... အဲ့ဒီလူတော့ သေပြီပဲ…။”
သူတို့၏ အမြင်တွင် ထိုလူပုံရိပ်သည် နောက်တစ်စက္ကန့်တွင် အသားစလေးများအဖြစ် ကြေမွသွားတော့ မည်ဟု ထင်နေကြခြင်းပင်။ ၎င်းမှာ ပုံမှန်ပင် ဖြစ်၏။
အနက်ရောင်ကြေးခွံ မြွေကြီးသည် ခွန်အားကြီးမားမှုနှင့် ခိုင်မာသော ကာကွယ်ရေးစွမ်းအားကြောင့် နာမည်ကြီးသည် မဟုတ်ပါလား။ အဆင့်တူ ကျင့်ကြံသူများပင် ရှောင်ရှားရသည့် အရာကို ချီစွမ်းအင် သန့်စင်ခြင်းအဆင့်ရှိသူ တစ်ဦးက ရင်ဆိုင်ရန်မှာ မဖြစ်နိုင်ပေ။
သို့သော် နောက်တစ်ခဏတွင် မမျှော်လင့်ထားသည်မှာ ဖြစ်ပျက်လာခဲ့လေသည်။
“ဘုရားရေ…။ ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ…။”
လင်းကျင့် က အံ့သြတုန်လှုပ်စွာဖြင့် အော်လိုက်မိလေသည်။
“ဒါ... ဒါက မယုံနိုင်စရာပဲ….။”
ဝမ်ရှောက်ဟန် လည်း မှင်တက်သွားပြီး မယုံကြည်နိုင် ဖြစ်နေခဲ့သည်။ ဤမြင်ကွင်းသည် သူတို့၏ သိထားသမျှ ဗဟုသုတများကို လုံးဝ ပြောင်းပြန်လှန်ပစ်လိုက်သလိုပင်။
သူတို့နှင့် အလှမ်းဝေးနေသော်လည်း မြွေကြီး၏ အမြီးဖြင့် ရိုက်ထုတ်လိုက်သော ကျောက်တုံး၏ အရှိန် မှာ မည်မျှပြင်းထန်ကြောင်း သူတို့ ခံစားမိလေသည်။ အကယ်၍ သူတို့ ငါးယောက်သာဆိုလျှင် အကုန် သေကုန်ကြမည်မှာ သေချာပေသည်။
ဒုတိယအဆင့် မိစ္ဆာသားရဲ၊ ၎င်းအပြင် ကြီးမားသော ခွန်အားအမျိုးအစားဖြစ်ရာ ထိုကျောက်တုံးနှင့် ထိမိသူမှန်သမျှ အသက်ရှင်ရန် လမ်းမရှိပေ။ အခြေခံအုတ်မြစ်တည်ဆောက်ခြင်း အစောပိုင်းအဆင့် ကျင့်ကြံသူများပင် ထိုတိုက်ကွက်ကို ထိပ်တိုက် မရင်ဆိုင်ရဲလောက်ပေ။
သို့သော် ချီစွမ်းအင်သန့်စင်ခြင်း အဆင့် (၉) သာရှိသော ဤကျင့်ကြံသူမှာမူ သူ၏ ခန္ဓာကိုယ်နှင့် ထိပ် တိုက် ထိတွေ့ရဲရုံသာမက လျင်မြန်သော ခြေလှမ်းများဖြင့် ဘာဒဏ်ရာမှ မရဘဲ လွတ်မြောက်သွား ခဲ့သည်ပင်။ သူ၏ လှုပ်ရှားမှုမှာ တကယ့်ကို အံ့မခန်းဖြစ်လှပေသည်။
“ဟားဟားဟား... တီကောင်လေးရယ် မင်းရဲ့ အစွမ်းက ဒီလောက်ပဲလား…။”
ထျန်ဖုန်းသည် စိတ်ကြည်လင်နေပုံရပြီး မြွေကြီးက သူပြောသည်ကို နားလည်သည်ဖြစ်စေ၊ မလည် သည်ဖြစ်စေ လှောင်ပြောင်လိုက်လေသည်။
“ဒါပေမဲ့ စိတ်မပျက်ပါနဲ့ဦး။ ငါ့ခြေဖဝါးတွေကတော့ နည်းနည်း နာနေသေးတယ်။ မင်း နောက်ထပ် နှစ်အနည်းငယ်လောက် ထပ်လေ့ကျင့်ရင်တော့ အနှိပ်ဆရာ ကောင်းကောင်း တစ်ယောက် ဖြစ်နိုင် မှာပါ…။”
ထျန်ဖုန်းသည် မြွေကြီးကို မြန်မြန် မျက်ခြေဖြတ်ရန် ဆက်လက် ပြေးနေခဲ့လေသည်။ အပြောကသာ လွယ်နေသော်လည်း သူ၏ ကိုယ်တွင်းစွမ်းအားနှင့် ခွန်အားများမှာ ကုန်လုနီးပါး ဖြစ်နေပြီ ဖြစ်၏။ သူ၏ ခြေထောက်များသည်လည်း ပြောသလောက် မပေါ့ပါးတော့ဘဲ မြေပြင်ပေါ် နင်းလိုက်တိုင်း တဆစ်ဆစ် နှင့် နာကျင်နေခဲ့လေသည်။
မြွေကြီးသည် ထျန်ဖုန်း၏ စကားလုံး အဓိပ္ပာယ်ကို မသိသော်လည်း ရှေ့မှလူက သူ့ကို လှောင်နေသည် ကိုမူ ကောင်းကောင်း သိပေသည်။ ၎င်းသည် မနားတမ်း ဆက်လက် လိုက်ပါလာတော့လေသည်။
လူနှင့် မြွေကြီး ဝေးရာသို့ ပျောက်ကွယ်သွားသည်ကို ကြည့်ရင်း ဖေးရှီးဂိုဏ်းမှ ငါးယောက်မှာ သတိ ပြန်ဝင်လာခဲ့ကြလေသည်။ အရာအားလုံးမှာ အသက်ရှူသံ အနည်းငယ်အတွင်းမှာပင် ဖြစ်ပျက်သွားခဲ့ ခြင်း ဖြစ်ပေသည်။
“တကယ့်ကို အံ့သြဖို့ ကောင်းတာပဲ….။”
“မြွေကြီးရဲ့ မျက်လုံးတွေက ခုနက နီရဲနေတာပဲနော်…..။ မျက်ရည်တွေတောင် ကျနေတာ၊ သူ အရမ်း ဒေါသထွက်နေလို့များလား…။”
“ဖြစ်နိုင်တာပေါ့။ ဒုတိယအဆင့် မိစ္ဆာသားရဲ တစ်ကောင်က ချီစွမ်းအင်သန့်စင်ခြင်းအဆင့်ကိုတောင် မနိုင်ဘူးဆိုတော့ ဘယ်လောက် ဒေါသထွက်မလဲ စဉ်းစားကြည့်လေ….။”
“အဲ့ဒီစီနီယာအစ်ကိုက ဘယ်ဂိုဏ်းက ပါရမီရှင် ဖြစ်မလဲ မသိဘူးနော်….။”
“ဒါက တကယ်ပဲ ချီစွမ်းအင်သန့်စင်ခြင်းအဆင့်လား…။ ငါတို့ရော ဒီလောက်အထိ အစွမ်းထက်နိုင်ပါ့ မလား…။”
လင်းကျင့်သည် သူမ၏ ဂျူနီယာများ၏ အားကျနေသော အကြည့်များကို မြင်သော်လည်း ဘာမှ မပြောဘဲ တိတ်ဆိတ်နေခဲ့လေသည်။ သို့သော် သူမ၏ စိတ်ထဲတွင်မူ လှိုင်းထန်နေခဲ့သည်ပင်။
*ဒါက တကယ်ပဲ ချီစွမ်းအင်သန့်စင်ခြင်း အဆင့် (၉) လား…။ အနက်ရောင်ကြေးခွံ မြွေကြီးက အရှိန် မမြန်ဘူးဆိုပေမဲ့ ဒုတိယအဆင့် မိစ္ဆာသားရဲပဲလေ….။*
အကယ်၍ တခြား အဆင့် (၉) ကျင့်ကြံသူသာ ဆိုပါက သေဖို့ကိုသာ ပြင်ဆင်ထားရမည်ပင်…။
“ဟွန်း... သူက ရတနာတစ်ခုခုကို သုံးလိုက်တာ နေမှာပါ။ အခုဆို သူ့ခြေထောက်တွေလည်း ကျိုးနေ လောက်ပြီ၊ မကြာခင် မြွေမြိုတာ ခံရမှာပဲ….။”
ဝမ်ရှောက်ဟန်က မနာလိုစိတ်ဖြင့် ပြောလိုက်လေသည်။
“ငါသာဆိုရင်လည်း ရတနာသုံးပြီး လွတ်အောင် ပြေးနိုင်တာပဲ….။”
လင်းကျင့်သည် ဝမ်ရှောက်ဟန်၏ စကားများကို လျစ်လျူရှုထားလိုက်လေသည်။ သူမသည် သူ၏ အတွေးနှင့် အစွမ်းကို သိသည်။ လွတ်အောင် ပြေးနိုင်ဖို့ ထားဦး၊ သူသည် အနက်ရောင်ကြေးခွံ မြွေကြီး ကို ရင်ဆိုင်ဖို့ပင် သတ္တိရှိမည် မဟုတ်ပေ။
“မြန်မြန် သွားကြရအောင်…။”
လင်းကျင့်က ဤနေရာမှာ ကြာကြာမနေသင့်ကြောင်း သိသဖြင့် အလေးအနက် ပြောလိုက်လေသည်။
“အဲ့ဒီမြွေကြီးက ဒုတိယအဆင့် အစောပိုင်း မဟုတ်ဘူး၊ အလယ်အလတ် ဖြစ်နေပြီ။ သူ လိုက်နေတဲ့ သူကို သတ်နိုင်သည်ဖြစ်စေ၊ မသတ်နိုင်သည်ဖြစ်စေ ဒီကို ပြန်လာမှာပဲ။ အဲ့ဒီကျရင် ငါတို့ အကုန်သေ သွားလိမ့်မယ်….။။”
ထိုစကားကို ကြားသောအခါ အားလုံး သတိဝင်လာကြလေသည်။
*ဟုတ်သားပဲ... မြွေကြီး ပြန်လာလို့ ငါတို့နဲ့ တွေ့ရင် အကုန် အမှုန့်ဖြစ်ကုန်ကြမှာပေါ့…။*
“ဘာ….။ ဒုတိယအဆင့် အလယ်အလတ်လား….။ ဒါဆို မြန်မြန် သွားကြစို့….။”
ဝမ်ရှောက်ဟန်လည်း မြွေကြီးက သူတို့ကို လျစ်လျူရှုပြီး ထိုလူနောက် လိုက်သွားသည်ကို သတိပြုမိ လိုက်လေသည်။ သို့သော် ပြန်လာလျှင်မူ သူတို့ကိုလည်း လွှတ်ပေးမည် မဟုတ်ပေ။
“ဟုတ်တယ်... တခြား လမ်းကြောင်းကနေ မြန်မြန် သွားကြရအောင်….။”
အားလုံး သဘောတူသဖြင့် လင်းကျင့်က ဦးဆောင်ကာ မြွေကြီးနှင့် မဆုံနိုင်မည့် တခြားလမ်းကြောင်းမှ နေ၍ အမြန် ထွက်ခွာသွားကြလေတော့သည်။
…………
မြွေကြီးနှင့် အလှမ်းဝေးသွားသော်လည်း ထျန်ဖုန်းမှာ မပျော်နိုင်ပေ။ အဘယ်ကြောင့်ဆိုသော် သူ၏ ကိုယ်တွင်းစွမ်းအားနှင့် ခွန်အားများမှာ လုံးဝ ကုန်ခမ်းလုနီးပါး ဖြစ်နေသောကြောင့် ဖြစ်သည်။ သူ၏ လက်ရှိ အခြေအနေနှင့်ဆိုလျှင် မျက်ခြေဖြတ်ရန် ခက်ခဲလှသလို၊ မြွေကြီး၏ အနံ့ခံအာရုံကလည်း သူ့ကို အလွယ်တကူ ရှာတွေ့သွားနိုင်ပေသည်။
ထျန်ဖုန်းသည် မြွေကြီး၏ ဟနေသော ပါးစပ်ကြီးကို ကြည့်ရင်း မျက်လုံးများ အရောင်တောက်သွား ခဲ့လေသည်။ စနစ်၏ အမှတ်တရဓာတ်ပုံရိုက်ကူးခြင်း လုပ်ဆောင်ချက်ကို အသက်သွင်းရန် ပြင်လိုက် လေသည်။
“ဝှစ်…“
ရှေ့သို့ ပြေးမည့်အစား ထျန်ဖုန်းသည် နောက်သို့ ပြန်လှည့်လိုက်ပြီး အနက်ရောင်ကြေးခွံ မြွေကြီး၏ ပါးစပ်ဆီသို့ တန်းတန်းမတ်မတ် ပြေးဝင်လိုက်လေတော့သည်။
“မိစ္ဆာကောင်... ဒီနေ့တော့ မင်းကို ဗိုက်ပေါက်အောင် ကျွေးပစ်မယ်….။”
အနက်ရောင်ကြေးခွံ မြွေကြီးသည် ထျန်ဖုန်းက ၎င်း၏ ပါးစပ်ထဲသို့ အလိုလို ပြေးဝင်လာသည်ကို တွေ့သောအခါ ကြောင်အမ်းအမ်း ဖြစ်သွားလေ၏ ။
*ဗိုက်ဝအောင် ကျွေးမလို့လား….။ တကယ်ပဲ ဒီလို အခွင့်အရေးမျိုး ရှိတာလား…။*
မြွေကြီးသည် ပါးစပ်ကို ပို၍ ကျယ်အောင်ဟထားပေးလိုက်ပြီး နောက်တစ်ခဏတွင် လူပုံရိပ်တစ်ခု ၎င်း၏ ပါးစပ်ထဲသို့ အရှိန်အဟုန်ဖြင့် ဝင်ရောက်သွားခဲ့လေတော့သည်။