"ကြယ်ဆယ်ပွင့်လား။ ဝိုး... တကယ့် သူဌေးကြီးပဲ"
ကျန်းမုန့်လောင်မှာ ထိုပုဂ္ဂိုလ်၏ ရက်ရောမှုအပေါ် မအံ့သြဘဲ မနေနိုင်ပေ။ အဖွဲ့ထဲရှိ စကြဝဠာအင်ပါယာအုပ်ချုပ်သူများတွင်ပင် စုစုပေါင်းပိုင်ဆိုင်မှု ကြယ်ဆယ်လုံး မရှိကြသော်ငြား ဤပုဂ္ဂိုလ်မှာမူ အမှန်တကယ် သုံးစွဲဝံ့ပေသည်။
"ဒီပိုင်ဆိုင်မှုမျိုးနဲ့ဆိုရင် အဆင့်ရှစ်သက်ရှိတွေထဲမှာတောင် သူဌေးစာရင်းဝင်တယ်"
အိုင်ရင်းက ဆို၏။
"ဒါပေမဲ့ အဆင့်ရှစ်သက်ရှိတွေဆိုတာ အစ်ကိုနဲ့ တန်းတူရည်တူမိတ်ဆွေဖွဲ့ဖို့ အရည်အချင်း ပြည့်မီတဲ့သူတွေပါပဲ"
"ပိုက်ဆံယူပြီး အဖွဲ့ထဲထည့်လိုက်တော့။ ဟားဟားဟား"
ပိုက်ဆံရပေါက်ရလမ်းကို ငြင်းဆန်သူမှာ အရူးပင် ဖြစ်ပေလိမ့်မည်။ ကျန်းမုန့်လောင်လည်း ထိုလူ့ကို အဖွဲ့ထဲသို့ ချက်ချင်းထည့်ရန် အိုင်းရင်းကို ပြောလိုက်၏။
မကြာခင်မှာပင် ကျန်းမုန့်လောင်သည် ထိုအဆင့်ရှစ်သက်ရှိထံမှ သူငယ်ချင်းအဖြစ် တောင်းခံလွှာတစ်ခုကို လက်ခံရရှိခဲ့သည်။
"ဂါယာစကြဝဠာအင်ပါယာတဲ့။ နာမည်ကတော့ အလန်းစားပဲ"
ကျန်းမုန့်လောင်လည်း အပ်နှံလွှာထဲရှိ အချက်အလက်များကို တစ်ချက်ကြည့်လိုက်သည်။
"ဒီလူက ဂါယာဆိုတဲ့ နာမည်ကိုတောင် သုံးထားတာပဲ"
ကမ္ဘာမြေတွင်မူ ဂါယာဆိုသည်မှာ ကမ္ဘာမြေစောင့်နတ်သမီး၏ နာမည်ဖြစ်ပြီး ဒဏ္ဍာရီများတွင် အမြင့်မြတ်ဆုံးသော ဖြစ်တည်မှုတစ်ခုပင်။ စကြဝဠာမျိုးနွယ်စုများတွင်မူ ဤနာမည်က မည်သည့်အရာကို ကိုယ်စားပြုကြောင်း မသိရသေးပေ။
"သူက ဂါယာအင်ပါယာရဲ့ ဘုရင်လား"
ထိုနာမည်ကို ကြားလိုက်သည်နှင့် အိုင်းရင်း စိတ်လှုပ်ရှားသွားသည်။
"မင်း ဒီလူ့ကို သိလို့လား"
"သူကတော့ ကျွန်တော့်ကို မသိပေမဲ့ ဒီစကြဝဠာထဲမှာ သူ့ကိုမသိတဲ့လူ ရှိမယ်မထင်ဘူး"
အိုင်းရင်းက ဆိုချေသည်။
"စစ်သေနင်္ဂဗျူဟာကျောင်းတော်အကြောင်း ကြားဖူးလား"
ကျန်းမုန့်လောင် ခေါင်းခါပြလိုက်၏။ သူသည် "ထူးရှယ်နတ်ဘုရားကျောင်းတော်"ကိုသာ သိပေသည်။ ကမ္ဘာပေါ်တွင်လည်း စစ်တက္ကသိုလ်များရှိသော်ငြား ဤစစ်သေနင်္ဂဗျူဟာကျောင်းတော်နှင့်မူ လားလားမျှ မသက်ဆိုင်ကြောင်း သိသာလှ၏။
"စကြဝဠာထဲမှာ ကျောင်းတွေအများကြီး ရှိတယ်လေ။ အစ်ကို နားလည်မှာပါ။ တချို့က ယဉ်ကျေးမှု၊ တချို့က နက္ခတ္တဗေဒ၊ တချို့က စက်မှုနည်းပညာတွေကို သင်ကြားပေးကြတယ်။ ဒါပေမဲ့ 'စစ်သေနင်္ဂဗျူဟာကျောင်းတော်'ကတော့ သိုင်းပညာရှင်တွေကို သီးသန့်လေ့ကျင့်ပေးတဲ့နေရာပဲ"
"စကြဝဠာသိုင်းပညာရှင်များအသင်းနဲ့ ဘာကွာတာလဲ"
ကျန်းမုန့်လောင်က ဆက်မေးလိုက်သည်။
"စကြဝဠာသိုင်းပညာရှင်များအသင်းကတော့ အောင်မြင်ပြီးသားပညာရှင်တွေ စုပေါင်းပြီး ပညာဖလှယ်ကြတဲ့ နေရာမျိုးပေါ့။ ကျောင်းတော်ကတော့ ပညာသင်ယူနေသူတွေအတွက်ပါပဲ။ တကယ်တမ်းကျတော့ ဒီနှစ်ခုကြားမှာ ထွေထွေထူးထူး ကွာခြားချက်တော့ မရှိပါဘူး"
"ဒီဂါယာဘုရင်ကတော့ တကယ့်'ဇော်'ပဲ။ သူက အဆင့်ရှစ်သက်ရှိတွေထဲမှာ အစွမ်းအထက်ဆုံး မဟုတ်နိုင်ပေမဲ့ သိုင်းပညာမှာတော့ ထိပ်ဆုံးပဲလို့ ပြောလို့ရတယ်။ သူ တိုက်ခဲ့သမျှ တိုက်ပွဲတွေမှာ သိုင်းနည်းစနစ်တစ်ခုတည်းကို နှစ်ကြိမ်ဆက်တိုက်သုံးတာတောင် မရှိဘူးလို့ ပြောကြတယ်"
"ဪ... သိုင်းရူးပေါ့"
"သိုင်းပညာတင် မဟုတ်ဘူး။ စစ်ပွဲကိုပါ ရူးသွပ်တာ"
အိုင်းရင်းက ရှင်းပြသည်။
"စကြဝဠာထဲမှာဖြစ်သမျှ စစ်ပွဲဆယ်ခုမှာ ငါးခုလောက်က တိုက်ရိုက်ဖြစ်စေ သွယ်ဝိုက်ဖြစ်စေ သူ့ကြောင့်ဖြစ်ရတာပဲ။ သူက ပေါင်းရသင်းရလွယ်တဲ့လူတော့ မဟုတ်ဘူး"
"နားလည်ပြီ"
ကျန်းမုန့်လောင်သည် ဂါယာအမည်ရှိ ထိုလူ၏ သူငယ်ချင်းအဖြစ် တောင်းခံလွှာကို ချက်ချင်းလက်ခံလိုက်သည်။ အဖွဲ့အတွင်း အစွမ်းထက်သူ များပြားလာလေလေ သူ ပိုစိတ်လှုပ်ရှားလာလေလေပင်။ ဤကဲ့သို့သော အဆင့်ရှစ်သက်ရှိမျိုးမှာ နောက်ပိုင်းတွင် တစ်ချိန်ချိန်၌ အသုံးတည့်လာမည်မှာ မြေကြီးလက်ခတ်မလွဲပေ။
"ဂါယာစကြဝဠာအင်ပါယာအရှင်ဘုရင်.. အဖွဲ့ထဲ ဝင်လာပြီလား"
"အမလေး... ဆရာသခင်ရဲ့ သြဇာအာဏာကတော့ မယုံနိုင်စရာပဲ"
"ဘုရားရေ... ဒီအဖွဲ့ထဲမှာ လူကြီးလူကောင်းတွေချည်းပဲ။ အဆင့်ခြောက်သက်ရှိဖြစ်တဲ့ ကျွန်တော်တောင် စကားမပြောရဲတော့ဘူး။ အထင်သေးခံရမှာ ကြောက်လို့"
ဂါယာဝင်ရောက်လာခြင်းကား အဖွဲ့တစ်ခုလုံးကို ဆူညံသွားစေခဲ့ပြီး အချို့မှာမူ သူနှင့် နီးစပ်ခွင့်ရရန် ကြိုးစားကြသလို အချို့လည်း ဖော်လံဖားလုပ်နေကြတော့သည်။
အခြားသူများနှယ် ဂါယာကလည်း သူငယ်ချင်းအဖြစ် အပ်နှံကာ နှုတ်ဆက်ပြီးနောက် သူ့ဆက်သွယ်ရေးစာမျက်နှာတွင် တိတ်ဆိတ်သွားခဲ့လေသည်။ နှစ်ပေါင်း သန်းနှင့်ချီ၍ နေထိုင်လာကြသော ဤလူကြီးပိုင်းများမှာ အတွေ့အကြုံရင့်ကျက်သူများ ဖြစ်ကြလေရာ ဤအဂ္ဂိရတ်ပညာရှင်ကို လက်နက်သွန်းလုပ်ခိုင်းရန်မှာ ချက်ချင်းမဖြစ်နိုင်ကြောင်း သူတို့ ကောင်းကောင်းသိထားကြသည်။
သို့သော် သူ၏ ကြယ်ဆယ်ပွင့်တန် စာအိတ်နီမှာ ဆရာသခင်၏ စိတ်ထဲတွင် စွဲထင်ကျန်ရစ်စေမည်ဖြစ်ပြီး အခွင့်အရေးရလာသည့်အခါ သူသည် အခြားသူများထက် ဦးစားပေးအဆင့် ပိုမြင့်လိမ့်မည်ဟု ယုံကြည်ထားသည်။
"အိုင်းရင်း.. အဖွဲ့ထဲမှာ ကြေညာချက်တစ်ခု ထုတ်ပေးပါဦး။ နောက်ပိုင်းဆိုရင် အဖွဲ့ထဲဝင်မယ့် အသင်းဝင်ကြေးကို ဆယ်ဆတိုးလိုက်ပြီလို့"
"ဟင်..."
အိုင်းရင်းခမျာ မှင်တက်သွားချေသည်။ တစ်နှစ်လျှင် စကြဝဠာဒင်္ဂါးပြား၁၀ထရီလီယံဆိုသည်မှာ ဓားပြတိုက်နေခြင်း မဟုတ်ပါလော။
"စိတ်မပူပါနဲ့။ မကြာခင် ဘယ်သူမှ မကန့်ကွက်ဘဲ လိုလိုလားလားနဲ့ ပေးကြလိမ့်မယ်"
ကျန်းမုန့်လောင်က ရယ်မောလိုက်သည်။
"ဒီအဖွဲ့ထဲက လူတိုင်းက ငါတို့ရဲ့ အရင်းအမြစ်တွေပဲလေ။ စဉ်းစားကြည့်။ သာမန်အဆင့်ခြောက်သက်ရှိတစ်ယောက်က အဆင့်ရှစ်သက်ရှိတွေရဲ့ရှေ့မှာ စကားပြောခွင့်ရှိပါ့မလား"
အိုင်းရင်း ခေတ္တမျှ စဉ်းစားလိုက်သည်။ သူကိုယ်တိုင် ထိုအဆင့်ကို မရောက်သေးသော်လည်း အဆင့်ခြောက်သက်ရှိတစ်ဦးသည် အဆင့်ရှစ်သက်ရှိများရှေ့တွင် ရှိနေရခြင်းမှာလည်း သူ အဆင့်ခြောက်သက်ရှိများရှေ့၌ ရှိနေသလိုဖြစ်လိမ့်မည်ဟု အိုင်းရင်း တွက်ဆလိုက်သည်။ စကားပြောရန် မဆိုထားနှင့်။ တစ်ဖက်လူက လှည့်ပင်ကြည့်မည်မဟုတ်ပေ။
"ဒါပေမဲ့ ငါ့အဖွဲ့ထဲမှာတော့ တစ်နှစ်ကို တစ်ဆယ်ထရီလီယံသုံးလိုက်တာနဲ့ အဆင့်ရှစ်သက်ရှိတွေနဲ့ သူငယ်ချင်းဖြစ်ခွင့်ရမယ့် အခွင့်အရေး ရှိသွားပြီလေ။ မတန်ဘူးလား"
ဘေးနားရှိ ရှာယန်နာက ချက်ချင်း သဘောပေါက်သွားသည်။
"ဆရာသခင်က စကြဝဠာအရှင်သခင်တွေနဲ့ ဆက်သွယ်ဖို့တင် အဖွဲ့ဖွဲ့တာမဟုတ်ဘဲ သူတို့ရဲ့အရင်းအမြစ်တွေနဲ့ ကွန်ရက်တွေကို နောက်ထပ်'ကုန်ပစ္စည်း'တစ်ခုအနေနဲ့ ပြောင်းလဲလိုက်တာပဲ"
"မင်းရဲ့ကောင်မလေးက ထက်မြက်သားပဲ"
"ပြီးတော့ ပစ္စည်းက ရှားမှ တန်ဖိုးတက်တာလေ။ တစ်နှစ်ကို အဖွဲ့ဝင်ခွင့်နေရာတစ်ရာဖွင့်ပေးမယ်။ အဲ့ဒီအခါကျရင် အဲဒီနေရာကိုရဖို့ သူတို့ လုယက်ကြလိမ့်မယ်"
"ဒါက အစ်ကိုပြောတဲ့... အင်း... 'အုပ်စုတွင်းစီမံခန့်ခွဲမှု'လို့ ခေါ်တာလား"
အိုင်းရင်းသည် ဤလုပ်ငန်းစဉ်၏ အနှစ်သာရကို စတင်မြင်ယောင်လာသည်။
"မင်း သင်ယူစရာတွေ အများကြီးကျန်သေးတယ်"
ကျန်းမုန့်လောင်က ဆိုလေ၏။
"ငါတို့ မရောက်သေးဘူးလား။ ပျံသန်းလာတာ တော်တော်တောင်ကြာနေပြီ"
ထိုအထက်တန်းလွှာများ စုဝေးရာ ဂြိုဟ်များသို့ သွားရောက်ရန်မှာ နေရာရွှေ့ပြောင်း၍ မရသဖြင့် အထူးသီးသန့် အာကာသယာဉ်ကို စီးနင်းရသည်။ ထို့ပြင် ထိုဂြိုဟ်များပေါ်သို့ တရားဝင် ဝင်ရောက်ရန်အတွက် လူတိုင်း၌ 'အမှတ်အသား' ပါရှိရမည်ဖြစ်၏။
"ရောက်တော့မယ်။ ဟိုဘက်က ခရမ်းရောင်ဂြိုဟ်ပဲ"
"ဒါကို ဂြိုဟ်လို့ခေါ်တာလား"
ကျန်းမုန့်လောင် ခရမ်းရောင်ဂြိုဟ်လေးကို မြင်လိုက်ရသည်။ ၎င်း၏အချင်းမှာ ကမ္ဘာမြေ၏ ဆယ်ပုံတစ်ပုံခန့်သာ ရှိဟန်တူပြီး ခရမ်းစွဲကျောက်နှင့် တူညီကာ အလင်းဖောက်နိုင်ပြီး အလွန်မြင့်မြတ်ခန့်ညားလှသော အသွင်ကို ဆောင်နေပေသည်။
"အဲ့ဒါကလည်း လူလုပ်ကြယ်တစ်ခုပဲလေ"
အိုင်းရင်းက မိတ်ဆက်ပေးလိုက်သည်။
"အဲ့ဒီခရမ်းရောင်ပစ္စည်းတွေကို 'အင်ပါယာသလင်းကျောက်'လို့ ခေါ်တယ်။ အဆင့်သုံးနဲ့ အထက်ရှိတဲ့ မျိုးနွယ်စုအရှင်သခင် အများစုက သူတို့ရဲ့နေအိမ်နဲ့ နန်းတော်တွေကို ဆောက်ဖို့ ဒီရှားပါးကျောက်ကို သုံးကြတာများတယ်။ တချို့အဆင့်ငါးမျိုးနွယ်စုရဲ့ အုပ်ချုပ်သူတွေဆိုရင် နန်းတော်တစ်ခုလုံးကိုတောင် ဒီပစ္စည်းနဲ့ဆောက်ကြတာ"
"ဒီကျောက်က အဖိုးတန်လို့လား"
"သူက အရမ်းမာကျောတယ်လေ။ အဆင့်ငါးအခြေခံအာကာသသင်္ဘောတွေရဲ့ တိုက်ခိုက်မှုကိုတောင် ခံနိုင်ရည်ရှိတယ်။ ထွက်နှုန်းကလည်း အရမ်းနည်းတော့ စပေါ်ကတည်းက အထက်တန်းလွှာတွေရဲ့ ပြယုဂ် ဖြစ်လာတာပဲ"
"ဒါဆို စိန်တွေလိုမျိုး ကြော်ငြာကောင်းလို့ နာမည်ကြီးတာပေါ့"
ကျန်းမုန့်လောင်သည် ၎င်း၏မာကျောမှုကို စိတ်မဝင်စားပေ။ သတ္တုစပ်အများစုမှာ ဤအရာထက် ပိုမိုမာကျောနိုင်သည်ဖြစ်ရာ ၎င်းမှာ ဟိတ်ဟန်ထုတ်ရန်အတွက်သာ ဖြစ်မည်ဟု တွက်ဆလိုက်သည်။
"ဒီလောက်ကြီးတဲ့ အင်ပါယာသလင်းကျောက်ဆိုရင် ကုန်ကျစရိတ်တင် ကြယ်ငါးပွင့်ကျော်လောက် ရှိမယ်"
အိုင်ရင်းက ခန့်မှန်းလိုက်၏။
"ဝိုး... အဆင့်ငါးမျိုးနွယ်စုငါးရာရဲ့ ပိုင်ဆိုင်မှုတွေကို ဒီဂြိုဟ်သေးသေးလေးထဲမှာ ပုံအောထားတာပဲ။ အဲဒါကြောင့် သူဌေးကြီးတွေပဲ သွားခွင့်ရှိတာ မဆန်းပါဘူးလေ.."
"ရှာယန်နာ ရှာဇီနာ"
သူတို့ ဆင်းလိုက်သည်နှင့် အနောက်ဘက်မှ တစ်စုံတစ်ယောက်က ညီအစ်မနှစ်ယောက်၏ နာမည်ကို လှမ်းခေါ်လိုက်ခြင်းပင်။
ကျန်းမုန့်လောင် လှည့်ကြည့်လိုက်သောအခါ သူတို့နှင့်ရွယ်တူခန့်ရှိသော လူငယ်တစ်ယောက်ကို တွေ့လိုက်ရသည်။ ထို့ပြင် အိုင်ရင်းအပေါ် ထားရှိသော သူ့အကြည့်မှာ ရန်လိုမှုများဖြင့် ပြည့်နှက်နေသည်။
"ဒါက ရုပ်ရှင်တွေထဲကလို 'အချစ်ပြိုင်ဘက်'ဆိုတဲ့ အခြေအနေမျိုးလား"
ကျန်းမုန့်လောင်က တိုးတိုးလေး ကပ်မေးလိုက်သည်။
အိုင်းရင်းက ခါးသက်သက်ပြုံးလျက် ပြန်ဖြေလိုက်သည်။
"ဒါကတော့ မဟုတ်ပါဘူး။ သူက ရှာယန်နာရဲ့ အစ်ကိုပါ။ အန်ဒရိုမီဒါမျိုးနွယ်စုရဲ့ တော်ဝင်မိသားစုဝင်တစ်ယောက်ပေါ့"
"ဪ... ယောက်ဖလောင်းပေါ့"
ကျန်းမုန့်လောင်မှာ ထိုလူငယ်၏ရုပ်ရည်က ညီအစ်မနှစ်ယောက်နှင့် ဆင်တူနေကြောင်း သတိပြုမိသွားသည်။
"လာပြန်ပြီ.. ဒီဂလက်ဆီမျိုးနွယ်စုကကောင်ပဲလား"
ထိုလူငယ်က အိုင်းရင်းထံသို့ ဒေါသတကြီး လျှောက်လှမ်းလာသည်။
"ပြီးခဲ့တဲ့တစ်ခေါက်က ငါ သတိပေးခဲ့ပြီးပြီလေ။ မင်း ရှာယန်နာ့ကို ကယ်ခဲ့တယ်ဆိုပေမယ့် မင်းရဲ့အဆင့်အတန်းက သူ့ကို ပိုးပန်းဖို့ မထိုက်တန်ဘူးလို့။ မင်း ငါ့စကားကို တစ်ဖက်နားကဝင်ပြီး တစ်ဖက်နားကထုတ်ပစ်လိုက်တာလား"
"ဟေ့ ကိုယ့်လူ"
ကျန်းမုန့်လောင်က ထိုလူငယ်၏စကားကို ဖြတ်ပြောလိုက်လေသည်။
"မင်း အခု ဘာပြောလိုက်တာလဲ။ သူက မင်းညီမကို ပိုးပန်းဖို့ မထိုက်တန်ဘူး ဟုတ်လား"
"ဟုတ်တယ်လေ"
ထိုလူငယ်က ကျန်းမုန့်လောင်ကို စိုက်ကြည့်လိုက်၏။
"သူ့မှာ ဘာအဆင့်အတန်းရှိလို့လဲ။ ငါတို့ မိသားစုက ဘယ်လိုအဆင့်အတန်းမျိုးမို့လို့လဲ"
"ခင်ဗျားတို့က အဆင့်ငါးမျိုးနွယ်စုကလား"
ကျန်းမုန့်လောင်က သိလျက်နှင့် မေးမြန်းလိုက်သည်။
"မင်းက ဘယ်သူလဲ"
ကျန်းမုန့်လောင်က အဆင့်ငါးမျိုးနွယ်စုအကြောင်း ပြောလိုက်သဖြင့် ထိုလူငယ်၏ စိတ်ထဲတွင် တစ်ခုခုထူးဆန်းသွားသည်ဟု ခံစားလိုက်ရသည်။
"ငါ ဘယ်သူလဲဆိုတာ အရေးမကြီးပါဘူး။ဒါပေမဲ့ ငါ့ညီလေးမှာ အဆင့်လေးမျိုးနွယ်စုတွေအများကြီးရဲ့ ပိုင်ဆိုင်မှုတွေနဲ့ စကြဝဠာဒင်္ဂါးပြားထရီလီယံပေါင်းများစွာ ရှိတယ်။ ငါ့အထင်တော့ သာမန်အဆင့်ငါးမျိုးနွယ်စုက မင်းသမီးတစ်ပါးနဲ့ဆိုရင် သူက တော်တော်သင့်တော်နေပြီ မဟုတ်ဘူးလား"
***************
***