"မင်း ငါ့ကို နောက်နေတာလား"
ထိုလူငယ်၏ မျက်နှာပေါ်တွင် လှောင်ပြောင်သရော်လေဟန် အမူအရာများဖြင့် ပြည့်နှက်သွားလေသည်။
"သူ့နောက်ခံက အဆင့်နှစ်မျိုးနွယ်စု အရှင်သခင်ရဲ့ အငယ်ဆုံးသားတစ်ယောက်ပဲလေ။ သူ့မှာ ဘာအဆင့်အတန်း ဘာရာထူးမှမရှိဘူး။ သူ့မှာ အဆင့်လေးမျိုးနွယ်စုတွေရဲ့ ပိုင်ဆိုင်မှုတွေရှိတယ် ဟုတ်လား။ ဟားဟားဟား"
အကယ်၍ အိုင်းရင်းတွင် အဆင့်လေးမျိုးနွယ်စုပေါင်းများစွာ၏ ပိုင်ဆိုင်မှုများသာ အမှန်တကယ် ရှိနေပါက ရှာယန်နာ့ကို လက်ထပ်ရန် မဆိုထားနှင့်။ အန်ဒရိုမီဒါမျိုးနွယ်စု၏ တော်ဝင်မိသားစုရှိ မင်းသမီးအားလုံးကို သိမ်းပိုက်ချင်လျှင်ပင် သူတို့ဘက်က လိုလိုလားလား ကမ်းလှမ်းကြလိမ့်မည်ဖြစ်၏။
ဤသို့သော ပိုင်ဆိုင်မှုအတိုင်းအတာမျိုးမှာ အဆင့်ငါးမျိုးနွယ်စုအငယ်စားတချို့၏ အရှင်သခင်များနှင့်ပင် ရင်ဘောင်တန်းနိုင်သည်။ ထိုသို့သာဆိုလျှင် သူတို့အန်ဒရိုမီဒါမျိုးနွယ်စု၏ ရှာယန်နာကိုပင် အိုင်းရင်း၏ ကြင်ယာတော်တစ်ဦးအဖြစ် ထည့်သွင်းစဉ်းစားပေးရန် တောင်းပန်ရမည့် အခြေအနေမျိုး ဖြစ်လာပေလိမ့်မည်။
"ရှာယန်နာ.. မင်းလည်း တော်တော်ရူးကြောင်ကြောင်နိုင်တာပဲ"
ထိုလူငယ်က သူ့ညီမကိုကြည့်ကာ ပြောလိုက်လေသည်။
"အဖေက မင်းကို အရမ်းချစ်တယ်ဆိုပေမဲ့ ဒီကိစ္စမှာတော့ မင်းသဘောအတိုင်း ခွင့်ပြုပေးမှာ မဟုတ်ဘူး။ပြီးတော့ သူက မင်းကို လက်ထပ်ပေးဖို့ စီစဉ်ပြီးသွားပြီ။ တစ်ဖက်က လူက တခြားစကြဝဠာအင်ပါယာတစ်ခုရဲ့ အဆင့်လေးမျိုးနွယ်စုက ရေတပ်ဗိုလ်ချုပ်ကြီးရဲ့ သားပဲ။ ဒီတစ်ခေါက် အဲ့ဒီကိစ္စကို အတည်ပြုကြတော့မှာ"
"ဒါကို ဘာလို့ ကျွန်မ မသိရတာလဲ"
ဤသတင်းကို ကြားလိုက်ရသည့်အခါ အိုင်းရင်းသာမက ရှာယန်နာပါ စိုးရိမ်တကြီး ဖြစ်သွားသည်။
"ဒါတွေက လူကြီးချင်းဆုံးဖြတ်ထားတဲ့ ကိစ္စတွေပဲ။ မင်းက လိုက်နာဖို့ပဲလိုတယ်"
ထိုလူငယ်က အေးစက်စက် ပြောလိုက်သည်။ တော်ဝင်မိသားစုဝင်များ ဖြစ်ကြသော်လည်း သူတို့မှာ အဆင့်သုံးမျိုးနွယ်စုမျှသာ ဖြစ်ပြီး သူတို့အထက်တွင် ပိုအစွမ်းထက်သည့် အဆင့်မြင့်မျိုးနွယ်စုများ ရှိနေသဖြင့် မဟာမိတ်ဖွဲ့ရန်အတွက် ဤကဲ့သို့သော လက်ထပ်ထိမ်းမြားမှုများကို ပြုလုပ်ကြရခြင်းပင်။
"ကဲ... ငါနဲ့လိုက်ခဲ့တော့"
ထိုလူငယ်က ရှာယန်နာ၏ လက်ကောက်ဝတ်ကို ဆွဲကိုင်လိုက်သည်။
"ပြီးတော့ မင်းရော.. ရှာဇီနာ။ မင်းလည်း နောက်တစ်ခါ ဒီလိုဆိုးသွမ်းလို့မရတော့ဘူး။ မိန်းကလေးဆိုတာ မိန်းကလေးလို နေရမယ်။ အဖေက အခု ဒီအင်ပါယာသလင်းကျောက်ဂြိုဟ်ပေါ်မှာ ရှိနေတယ်။ ဒီတစ်ခေါက် အဖေက မင်းအတွက်လည်း သင့်တော်တဲ့ လက်တွဲဖော်တစ်ယောက် ရှာပေးလိမ့်မယ်"
"ငါ မှတ်မိတာသာမှန်ရင် ဒီအင်ပါယာသလင်းကျောက်ဂြိုဟ်ကို ဝင်မယ့်လူတိုင်းက ကိုယ်နဲ့အတူ လူသုံးယောက်ထက် ပိုခေါ်လာလို့မရဘူး မဟုတ်လား"
ထိုလူငယ်က ဝင်ရောက်ခွင့် အထောက်အထားများကို စစ်ဆေးနေသော ဝန်ထမ်းအား မေးမြန်းလိုက်သည်။
"ဟုတ်ပါတယ်။ အရင်ဆုံး လူကြီးမင်းရဲ့ အထောက်အထားကို အတည်ပြုပေးပါ"
"ငါက လာနီယာကီးယားဂလက်ဆီအစုအဝေး၊ အန်ဒရိုမီဒါဂလက်ဆီရဲ့ အရှင်သခင်၊ အမြွှာဝေလငါးစကြဝဠာအင်ပါယာရဲ့ မင်းသားပဲ။ ငါ့အဖေက အခု ဒီဂြိုဟ်ပေါ်မှာ ရှိတယ်"
"ခဏလောက် စောင့်ပေးပါ။ ပြီးတော့ လူကြီးမင်းရဲ့ အထောက်အထားကို ပြပေးပါ"
သူသည် အဆင့်သုံးမျိုးနွယ်စုမှ မင်းသားတစ်ပါးသာ ဖြစ်သဖြင့် ဤအင်ပါယာသလင်းကျောက်ဂြိုဟ်ပေါ်တွင် အောက်ခြေအဆင့်၌သာ ရှိသော်ငြား သာမန်ဝန်ထမ်းများနှင့် နှိုင်းယှဉ်လျှင်မူ အလွန်မြင့်မြတ်လှပေသည်။
ကံကောင်းထောက်မစွာဖြင့် လူတိုင်းက စည်းကမ်းများကို လိုက်နာကြသဖြင့် ဝန်ထမ်းများအတွက် အလုပ်လုပ်ရသည်မှာ ခက်ခဲခြင်းမရှိပေ။
ကျန်းမုန့်လောင်သည် စစ်ဆေးရေးဂိတ်နှင့် မလှမ်းမကမ်းတွင် လူလတ်ပိုင်းအမျိုးသား တချို့ ငြိမ်သက်စွာ ထိုင်နေကြောင်း သတိပြုမိလိုက်သည်။ သူတို့အားလုံးက အဆင့်ငါးသက်ရှိများ၏ အရှိန်အဝါကို ထုတ်လွှတ်နေသည်။ ဤအင်ပါယာသလင်းကျောက်ဂြိုဟ်၏ လုံခြုံရေးတာဝန်ခံများ ဖြစ်ဟန်တူသည်။
အဆင့်ငါးသက်ရှိအဆင့်အောက်ရှိ မည်သူမဆို ဤနေရာတွင် ပြဿနာရှာနိုင်စွမ်းမရှိသလို အဆင့်ငါးထက် ကျော်လွန်သူများမှာလည်း ဤနေရာသို့ ဝင်ရောက်ခွင့် အရည်အချင်းပြည့်မီသူများ ဖြစ်ကြသဖြင့် ဤလုံခြုံရေးအစီအစဉ်မှာ အလွန်သင့်လျော်လှလေသည်။
"မင်းသားအာပါချီ.. လူကြီးမင်းရဲ့ အထောက်အထားကို အတည်ပြုပြီးပါပြီ။ ဒါပေမဲ့ တစ်ခုသတိပေးချင်တာကတော့ လူကြီးမင်းအဖေရဲ့ ခွင့်ပြုချက်အရ လူသုံးယောက်ပဲ ဝင်ခွင့်ရှိပါတယ်။ အဲ့ဒီသုံးယောက်ရဲ့ အထောက်အထားကိုလည်း တစ်ကြိမ်သာ သတ်မှတ်ခွင့်ရှိပါတယ်။ လူစားလဲလို့မရပါဘူး"
ဝန်ထမ်းက အာပါချီထံသို့ တံဆိပ်သုံးခုကို ကမ်းပေးလိုက်သည်။ ထိုတံဆိပ်များကို အင်ပါယာသလင်းကျောက်ဖြင့် ပြုလုပ်ထားပြီး တံဆိပ်ပေါ်တွင် ဂြိုဟ်သေးသေးလေးသုံးလုံး ထွင်းထုထားလေရာ ၎င်းမှာ သူတို့၏အဆင့်အတန်းကို ကိုယ်စားပြုခြင်းပင်။
ဤကဲ့သို့သော လူမှုရေးနယ်ပယ်များတွင် တန်းတူရည်တူရှိသူများအကြား ဆက်ဆံရေးမှာ အလွန်အရေးကြီးသည်။ တစ်ဖက်လူ၏ နောက်ခံကို ကြည့်လိုက်သည်နှင့် သူတို့၏ရပ်တည်ချက်ကို သိရှိနိုင်ရန် ရည်ရွယ်ထားသည်။
"စည်းကမ်းတွေကို ငါ နားလည်ပါတယ်"
အာပါချီက ခေါင်းညိတ်ပြလိုက်သည်။
"အစ်ကို... ကျွန်မ မသွားချင်ဘူး"
"မင်းရဲ့သဘောထားက အရေးမကြီးဘူး"
အာပါချီက ပြတ်ပြတ်သားသားပြန်ပြောလိုက်သည်။
"တကယ်လို့ သူသာ တကယ်အစွမ်းအစရှိရင် ကိုယ့်ဘာသာကိုယ်ဝင်လာပြီး အဖေနဲ့ စကားပြောခိုင်းလိုက်လေ ဒါပေမဲ့ သူ့မှာ ဒီလိုအရည်အချင်းမျိုး ရှိမယ်လို့ ငါတော့မထင်ဘူး"
"ဟယ်လို.. ကျွန်တော်နဲ့ ကျွန်တော့်သူငယ်ချင်းလည်း ဝင်ချင်လို့ပါ"
ကျန်းမုန့်လောင်က စစ်ဆေးရေးဂိတ်သို့ ချဉ်းကပ်သွားလိုက်သည်။
"သူတို့ ဘယ်လိုဝင်မလဲဆိုတာ ငါ ကြည့်ချင်သေးတယ်"
အာပါချီက ချက်ချင်းမဝင်သွားသေးဘဲ အိုင်းရင်းတို့ ငြင်းပယ်ခံရပြီး စိတ်ပျက်လက်ပျက်ဖြင့် ထွက်ခွာသွားရမည့် မြင်ကွင်းကို စောင့်ကြည့်ချင်နေပေသည်။
ဝန်ထမ်းက သူတို့ကို တစ်ချက်ကြည့်လိုက်သည်။ အာပါချီတို့၏ စကားဝိုင်းကို သူ ကြားသိထားပြီးဖြစ်လေရာ ဤလူနှစ်ဦးမှာ အဆင့်နှစ်မျိုးနွယ်စုမှ အထက်တန်းလွှာများသာ ဖြစ်နိုင်သည်။ သူတို့သည် ဝန်ထမ်းများထက် မြင့်မြတ်သော်လည်း အင်ပါယာသလင်းကျောက်ဂြိုဟ်ကဲ့သို့ အဆင့်မြင့် လူမှုရေးနယ်ပယ်သို့ ဝင်ရောက်ရန်မူ အရည်အချင်းမပြည့်မီပေ။
သို့သော် ဝန်ထမ်းများ၏ လုပ်ငန်းစဉ်မှာ အလွန်တိကျလှသည်။
"ကျေးဇူးပြုပြီး လူကြီးမင်းတို့ရဲ့ပိုင်ဆိုင်မှု အထောက်အထားကို ပြသပေးပါ။ ဝင်ရောက်ခွင့်အတွက် မျိုးနွယ်စုဂြိုဟ်တစ်သိန်းနဲ့ညီမျှတဲ့ ပိုင်ဆိုင်မှု ဒါမှမဟုတ် ငွေသား လက်ကျန်ရှိမှရမှာပါ။ ဘယ်လိုနည်းလမ်းနဲ့ သက်သေပြချင်ပါသလဲ"
"မင်းရဲ့ပိုင်ဆိုင်မှုတွေကို ပြလိုက်"
ကျန်းမုန့်လောင်က အိုင်းရင်းကို တိုးတိုးလေး ကပ်ပြောလိုက်သည်။ သူသည် အဆင့်ငါးမျိုးနွယ်စု အရှင်သခင်များ ပို့လိုက်သည့်အရာများကို လက်ခံထားပြီးဖြစ်လေရာ စကြဝဠာဘဏ်လက်ကျန်ငွေအပြင် ဂါယာဘုရင်ထံမှ ကြယ်ဆယ်ပွင့်နှင့် အခြားပိုင်ဆိုင်မှုများစွာလည်း ရှိနေချေပြီ။
စကြဝဠာဘဏ်လက်ကျန်ငွေကိုသာ ထုတ်ပြလိုက်ပါက ဝန်ထမ်းခမျာ ထိတ်လန့်ပြီး မလိုလားအပ်သော ပြဿနာများ ဖြစ်လာနိုင်သဖြင့် ပိုင်ဆိုင်မှုများကိုသာ ထုတ်ပြရန် ဆုံးဖြတ်လိုက်သည်။
"ကောင်းပါပြီ"
အိုင်းရင်းသည် ကျန်းမုန့်လောင်၏ ရည်ရွယ်ချက်ကို သဘောပေါက်သွားသည်။
စကြဝဠာအင်ပါယာပိုင်ရှင်အဆင့်ရှိသူများအတွက် မည်သည့်ပိုင်ဆိုင်မှုလွှဲပြောင်းခြင်းလုပ်ငန်းစဉ်မဆို အထူးအခွင့်အရေးများ ရှိပြီး ရှုပ်ထွေးသောလုပ်ငန်းစဉ်များလည်း လုပ်ဆောင်ရန် မလိုပေ။
ထို့ကြောင့် 'စာအိတ်နီ'အနေနှင့် ပေးပို့ထားသော အဆင့်လေးမျိုးနွယ်စု ပိုင်ဆိုင်မှုများအားလုံးမှာ အိုင်းရင်း၏ အမည်ပေါက်သို့ တရားဝင်ရောက်ရှိနေပြီဖြစ်၏။
"ကျွန်တော့်နာမည်နဲ့ရှိနေတဲ့ ဂြိုဟ်ပိုင်ဆိုင်မှုတွေကို စစ်ဆေးကြည့်နိုင်ပါတယ်"
အိုင်းရင်းသည် သူ့စကြဝဠာနိုင်ငံသား အထောက်အထားကို စကန်ဖတ်လိုက်သည်။
"ခဏလောက်စောင့်ပေးပါ"
ဝန်ထမ်းလည်း အိုင်းရင်း၏ အမည်အောက်ရှိ ပိုင်ဆိုင်မှုများကို ချက်ချင်း ရှာဖွေလိုက်လေသည်။
"အဆင့်တစ်မျိုးနွယ်စု - ၁၂ခု၊ အဆင့်နှစ်မျိုးနွယ်စု - ဆယ်ခု"
"သူ့မှာ အဆင့်နှစ်မျိုးနွယ်စုဆယ်ခုတောင် ရှိတာလား"
အာပါချီ အနည်းငယ်အံ့သြသွားသည်။
အန်ဒရိုမီဒါမျိုးနွယ်စု၏ အတိုင်းအတာမှာ ဂလက်ဆီမျိုးနွယ်စုနှင့် သိပ်မကွာခြားလှဘဲ သက်ရှိများနေထိုင်နိုင်သည့် ဂြိုဟ်ပေါင်း တစ်သိန်းခန့်သာ ရှိရာ ၎င်းမှာ အဆင့်နှစ်မျိုးနွယ်စုတစ်ရာခန့်နှင့် ညီမျှသည်။ အာပါချီမှာ တော်ဝင်မင်းသားတစ်ပါးဖြစ်ပြီး ဖခင်ဖြစ်သူ၏ အချစ်ဆုံးသားဖြစ်သဖြင့်သာ ဤနေရာသို့ လိုက်ပါခွင့်ရခြင်းပင်။
သို့သော် သူ့မူလပိုင်ဆိုင်မှုမှာ အဆင့်နှစ်မျိုးနွယ်စုငါးခုသာ။
အဆင့်နှစ်မျိုးနွယ်စုရှိ ကောင်လေးတစ်ယောက်အနေနှင့် အဆင့်တစ်မျိုးနွယ်စု အနည်းငယ် ရှိနေခြင်းကပင် ထူးခြားနေသော်လည်း အဆင့်နှစ်မျိုးနွယ်စုဆယ်ခုအထိ ပိုင်ဆိုင်ထားခြင်းမှာ မည်သို့ဖြစ်နိုင်မည်နည်း။
သို့သော် အဆင့်နှစ်မျိုးနွယ်စုဆယ်ခု ပိုင်ဆိုင်ထားရုံမျှဖြင့် ဤနေရာသို့ ဝင်ရောက်ရန် အရည်အချင်းမပြည့်မီသေးပေ။
"အဆင့်လေးမျိုးနွယ်စု... ၁၂၀"
ဝန်ထမ်းခမျာ ထိုကိန်းဂဏန်းကို ကြေညာလိုက်သည့်အခါ သူကိုယ်တိုင်ပင် မယုံနိုင်အောင် ဖြစ်သွားရသည်။
သို့သော် ဤအချက်အလက်များမှာ စကြဝဠာမဟာမိတ်အဖွဲ့၏ ကွန်ရက်ကတစ်ဆင့် ရယူထားခြင်းဖြစ်သောကြောင့် ပမာဏမှာ မှားစရာအကြောင်းမရှိပါချေ။
ထို့ပြင် ထိုမျိုးနွယ်စုပိုင်ဆိုင်မှုအားလုံးမှာ ယနေ့မှသာ အိုင်းရင်း၏နာမည်အောက်သို့လွှဲပြောင်းလိုက်ကြောင်း တွေ့ရသည်။ အဆင့်လေးမျိုးနွယ်စုများမှာ အဆင့်ငါးအဆင့်ရှိသော မျိုးနွယ်စုတစ်ခု ဖြစ်လာရန် လုံလောက်လှပေသည်။ သူ အစောက လှောင်ပြောင်ခဲ့သော လူငယ်လေးမှာ အဆင့်ငါးမျိုးနွယ်စုတစ်ခုနှင့် ညီမျှသော ပိုင်ဆိုင်မှုများကို ပိုင်ဆိုင်ထားသည်။
"ကျွန်တော့်ရဲ့ စကြဝဠာဘဏ် လက်ကျန်ငွေကိုပါ ပြဖို့လိုဦးမလား"
အိုင်းရင်းက စနစ်အား လက်ကျန်ငွေ စစ်ဆေးခွင့်ကိုပေးလိုက်သည်။
"လူကြီးမင်း မပြချင်ရင် မလိုပါဘူး။ လူကြီးမင်းရဲ့ ပိုင်ဆိုင်မှုတွေကတင် ဝင်ရောက်ဖို့အတွက် လုံလောက်တာထက် ပိုနေပါပြီ"
"ကိစ္စမရှိပါဘူး။ စစ်ဆေးကြည့်လိုက်ပါ"
ကျန်းမုန့်လောင်က ရယ်မောလျက် အာပါချီကို လှမ်းကြည့်လိုက်သည်။ အာပါချီမှာမူ မှင်တက်နေပြီး မျက်နှာအမူအရာမှာ ဝါဆာဘိကို အများကြီးစားလိုက်မိသည့် လူတစ်ယောက်အလားပင်။
"လူကြီးမင်း... လူကြီးမင်းရဲ့ စကြဝဠာဘဏ် လက်ကျန်ငွေက ကြယ်၂.၇၅ပွင့်ရှိပါတယ်။ လူကြီးမင်းရဲ့ ပိုင်ဆိုင်မှု အတိုင်းအတာအရ အင်ပါယာသလင်းကျောက်ဂြိုဟ်ရဲ့ ဘယ်နေရာကိုမဆို သွားလာခွင့်ရှိပါတယ်။ ဒါကတော့ လူကြီးမင်းနဲ့ လူကြီးမင်းသူငယ်ချင်းအတွက် အထောက်အထား တံဆိပ်တွေပါ"
"ကျေးဇူးတင်ပါတယ်"
အိုင်ရင်းလည်း တံဆိပ်နှစ်ခုကို ယူလိုက်သည်။ တံဆိပ်တစ်ခုစီတွင် ဂြိုဟ်ပုံငါးလုံးစီ ပါရှိသည်ဖြစ်ရာ ၎င်းမှာ အမြင့်ဆုံးသော အဆင့်အတန်းကို ကိုယ်စားပြုလေသည်။
"မင်း... မင်းက အဆင့်နှစ်မျိုးနွယ်စုက မဟုတ်ဘူးလား။ ဒါက ဘယ်လိုလုပ်..."
"ကိုယ့်လူရေ... ကျွန်တော့်သူငယ်ချင်းက သိုသိုသိပ်သိပ်နေရတာကို ကြိုက်တာ"
ကျန်းမုန့်လောင်က အိုင်းရင်းကိုယ်စား ရှင်းပြလိုက်သည်။
"သူက သူ့အဆင့်အတန်းကို မကြည့်ဘဲ စိတ်ရင်းနဲ့ချစ်မယ့်လူကိုပဲ အမြဲရှာနေတာ။ ဒါကြောင့်လည်း သူ့ရဲ့ တကယ့်နောက်ခံအစစ်ကို ဖုံးကွယ်ထားခဲ့တာပေါ့"
"ရှာယန်နာ... မင်းရဲ့အမြင်က စူးရှတယ်ဆိုတာ ငါသိသားပဲ"
အာပါချီခမျာ ချက်ချင်းဆိုသလို မျက်နှာပြောင်းသွားပြီး ဖော်လံဖားထားသည့် ပုံစံသို့ ပြောင်းလဲသွားတော့သည်။
"ငါက အိုင်းရင်းကို စမ်းသပ်ကြည့်ရုံပါ။ တကယ်တော့ ငါက မင်းတို့နှစ်ယောက်လုံးကို အမြဲထောက်ခံပေးနေတဲ့သူပါ"
ကျန်းမုန့်လောင်သည် အိုင်းရင်း၏ယောက်ဖလောင်းမှာ လူသားဆန်လွန်းသူတစ်ယောက်ဖြစ်သည်ဟု တွေးမိသဖြင့် ရယ်ချင်စိတ်ကို အောင့်ထားလိုက်ရသည်။ ထို့နောက် သူသည် အာပါချီ၏ပခုံးကိုပုတ်ကာ ဆိုလိုက်တော့သည်။
"ကိုယ့်လူရေ... ခင်ဗျားရဲ့အမြင်က အရမ်းစူးရှတာပဲ"
******************
***