"ဟားဟားဟား.. အစ်ကိုက အရမ်းနောက်တတ်တာပဲ။ ကျွန်တော် ခုနကပြောတာတွေက စေတနာနဲ့ပြောတာပါ"
အာပါချီက ပြောလိုက်သည်။
"ရှာယန်နာက ကျွန်တော့်မျက်စိရှေ့တင် ကြီးပြင်းလာတာလေ။ သူ့ကို အနာဂတ်ကောင်းတစ်ခု ပိုင်ဆိုင်စေချင်တာပေါ့"
သူ့ကျောပြင်တစ်ခုလုံး ချွေးစေးပြန်နေသော်လည်း အာပါချီကတော့ နောက်ဆုံးအချိန်ထိ မျက်နှာပြောင်တိုက်နေဆဲပင်။
နောက်နေတာ မဟုတ်ဘူးနော်။ ဒီလိုလူမျိုးက သူ့ညီမလေးကို စိတ်ဝင်စားနေတယ်ဆိုတာ တကယ့်အခွင့်အရေးကြီးပဲ။
စကြဝဠာဘဏ်ထဲမှာ ကြယ်သုံးပွင့်အဆင့်နီးပါးရှိသော အပ်နှံငွေများနှင့် အဆင့်လေး မျိုးနွယ်စု၁၀၀ကျော်ကို ပိုင်ဆိုင်ထားကြောင်း သူ သေသေချာချာ ကြားလိုက်ရသည်။ ဤပိုင်ဆိုင်မှုမျိုးကို သာမန်အဆင့်ငါး အရှင်သခင်တစ်ယောက်ပင် ထုတ်မပြနိုင်ချေ။
အိုင်းရင်းက အလွန်ငယ်ရွယ်လှသည်။ ဤပိုင်ဆိုင်မှုများမှာ သူကိုယ်တိုင်ရှာဖွေထားခြင်း မဖြစ်နိုင်ကြောင်း အသိသာချည်းပင်။ သူ့မိသားစုထဲရှိ လူကြီးများက ပေးထားခြင်းသာ ဖြစ်ရမည်။
ဤပိုင်ဆိုင်မှုမျိုးကို ထုတ်ပေးနိုင်သည်ဆိုလျှင် သူ့အကြီးအကဲများ၏ နာမည်အောက်မှာ သာမန်စကြဝဠာအင်ပါယာအဆင့် ပိုင်ဆိုင်မှုမျိုး ဒါဇင်နှင့်ချီပြီး ရှိနေလောက်သည်မဟုတ်လော။ ဤသည်မှာ အနည်းဆုံးတော့ အဆင့်ခုနစ်သက်ရှိတစ်ယောက် ဖြစ်နေနိုင်သည်။ အိုင်းရင်းကို ဤမျှအရေးပေးထားခြင်းကိုကြည့်လျှင် အကြီးအကဲများ၏အမြင်တွင် သူ့အနေအထားက အလွန်မြင့်မားမည်မှာ သေချာလှသည်။
ထိုကဲ့သို့သော လူတစ်ယောက်က သူ့ညီမလေးကို စိတ်ဝင်စားနေခြင်းမှာ ကံကောင်းရုံသက်သက် မဟုတ်တော့ပေ။ ဘိုးဘေးများ ကောင်းချီးပေးလိုက်သလို ကံကြမ္မာမျိုးပင်။
"အစ်ကို.. ခုနကပြောတာတော့ ဒီလိုမဟုတ်ပါဘူး"
ရှာဇီနာက ဘေးနားကနေ၍ သူ(မ)အစ်ကိုကို နောက်ပြောင်လိုက်သည်။
"နင်က ဘာသိလို့လဲ"
အာပါချီကမူ ဟန်မပျက်ဆက်ပြောလေသည်။
"နင်သာ အစ်ကိုတစ်ယောက်ဖြစ်ရင် နောက်ကွယ်က ပင်ပန်းရတဲ့ ဒီစေတနာတွေကို နားလည်လာမှာပါ"
အာပါချီက အိုင်းရင်း၏ပခုံးကို ဖက်လိုက်ချင်သော်လည်း သူသည် အဆင့်သုံးမင်းသားတစ်ပါးသာ ဖြစ်ကြောင်း ရုတ်တရက်သတိရသွားသည်။ အဆင့်ခုနစ်သက်ရှိတစ်ယောက်၏ အရေးပါသော မျိုးဆက်သစ်တစ်ဦးနှင့် ရင်းရင်းနှီးနှီးနေရန် သူ့အနေနှင့် အရည်အချင်းမပြည့်မီသဖြင့် ထိုလုပ်ရပ်မှာ မလျော်ကန်လှပေ။
"အစ်ကိုအာပါချီက သဘောတူတယ်ဆိုတော့ အခုကစပြီး ကျွန်တော်တို့ မိသားစုတွေဖြစ်သွားပြီပေါ့။ မိသားစုတွေပဲမို့ တအားအားနာနေစရာမလိုပါဘူး"
အိုင်းရင်းက စိတ်သဘောစစ်မှန်စွာ ပြောလိုက်သည်။
"ဘယ်သူက ရှင့်မိသားစုလဲ"
ရှာယန်နာခမျာ မျက်နှာလေး ရဲတက်သွားပြီး အိုင်းရင်းကို မျက်စောင်းထိုးလိုက်သည်။
တကယ်တော့ အာပါချီ၏ သဘောထားကိုလည်း အပြစ်တင်၍ မရပေ။ သူသာ အာပါချီဆိုလျှင်လည်း သူ့ညီမလေးကို အင်အားကြီးသူတစ်ယောက်နှင့်သာ လက်ထပ်စေချင်မည်ဖြစ်၏။ ပထမအချက်က သူ(မ) ပျော်ရွှင်နိုင်ပြီး ဒုတိယအချက်အနေနှင့် သူတို့၏မျိုးနွယ်စုအတွက် နောက်ထပ်လုံခြုံရေးအကာအကွယ်တစ်ခု ရရှိသွားမည်ဖြစ်၏။
အရာရာတိုင်းကပြီးပြည့်စုံနေမည်မဟုတ်သလို တစ်စုံတစ်ယောက်၏ ပျော်ရွှင်မှုကို စတေးရခြင်းမျိုးလည်း မကြာခဏရှိတတ်သည်။
ဤစကားကို ကြားသောအခါ အာပါချီလည်း ချက်ချင်းပင် မျက်နှာပြုံးဖြီးသွားပြီး အိုင်းရင်းလို သဘောကောင်းလှသော ယောက်ဖမျိုးက စကားပြောရန် အလွန်လွယ်ကူလှသည်ဟု တွေးလိုက်သည်။
"အိုင်းရင်း.. မင်း မကန့်ကွက်ဘူးဆိုရင် ရှာယန်နာခေါ်သလို ငါ့ကို အစ်ကိုလို့ ခေါ်လို့ရပါတယ်"
"ဒါဆိုရင်လည်း ကျွန်တော် အားမနာတော့ဘူးနော်"
အိုင်းရင်းက ပြုံးကာ ပြောလိုက်သည်။
"အစ်ကို.. ခုနက ရှာယန်နာ့အဖေက သူ့ကို တခြားလူနဲ့ ပေးစားချင်နေတယ်လို့ ပြောခဲ့တယ်နော်။ အဲဒါက ဘယ်လိုဖြစ်ရတာလဲ"
"ဟူး"
အာပါချီလည်း သက်ပြင်းရှည်ကြီးချလိုက်ပြီးနောက် မျက်နှာထားကား ရုတ်တရက် အလွန် လေးနက်သွားသည်။
"အဲဒီမျက်နှာက ဘာဖြစ်တာလဲ အစ်ကို"
ရှာယန်နာနှင့် ညီမဖြစ်သူတို့ကလည်း သူတို့အစ်ကို တစ်ခုခုဖုံးကွယ်ထားသည်ဟု ရုတ်တရက် ခံစားလိုက်ရသည်။
"ငါတို့မျိုးနွယ်စုမှာ ပြဿနာတစ်ခုခုရှိနေလို့လား"
"ရောက်လာတဲ့အခြေအနေက အတူတူပဲဆိုတော့ ငါ နင်တို့ကို မဖုံးကွယ်တော့ပါဘူး"
အာပါချီက ပြောသည်။
"ရှာယန်နာ.. နင်သိတဲ့အတိုင်း ငါတို့က ဂူဂေါလ် မျိုးနွယ်စုနဲ့ နယ်မြေအငြင်းပွားမှုတွေ အမြဲဖြစ်နေခဲ့တာလေ"
"ဒါကို ကျွန်မသိပါတယ်"
ရှာယန်နာက ခေါင်းညိတ်ပြလိုက်သည်။
"ကျွန်မတို့မျိုးနွယ်စုနှစ်ခု တိုက်ခိုက်နေခဲ့ကြတာလည်း နှစ်ပေါင်းရာနဲ့ချီနေပြီ မဟုတ်ဘူးလား"
"ဟုတ်တယ်။ တကယ်တော့ ငါတို့မျိုးနွယ်စုနှစ်ခုက အင်အားချင်း တော်တော်မျှတယ်။ ဒီစစ်ပွဲက အချိန်ဆွဲတဲ့ တိုက်ပွဲသက်သက်ပဲ။ နောက်ဆုံးအချိန်ထိ တောင့်ခံနိုင်တဲ့သူက နိုင်မယ်။ ဒီလောက်ပဲ"
"ဒါပေမဲ့ ဘယ်လိုဖြစ်သွားလဲမသိဘူး။ ဂူဂေါလ်မျိုးနွယ်စုက တလောတုန်းက ရှီကျစ်မျိုးနွယ်စုနဲ့ မဟာမိတ်ဖွဲ့လိုက်တော့ သူတို့ရဲ့စစ်သင်္ဘောအုပ်စု အကူအညီပါ ရသွားတယ်"
"ရှီကျစ်မျိုးနွယ်စုလား။ ကျွန်မတို့စကြဝဠာအင်ပါယာရဲ့ အဆင့်လေးမျိုးနွယ်စုကြီးကို ပြောတာလား"
ရှာယန်နာ၏ မျက်နှာထားမှာ ချက်ချင်းထူးဆန်းသွားသည်။
"ဟုတ်တယ် သူတို့ပဲ"
"စစ်ရေးအကူအညီရဖို့ သူတို့ ဘယ်လိုစည်းကမ်းချက်တွေနဲ့ ကမ်းလှမ်းခဲ့လဲဆိုတာတော့ ငါ မသိဘူး။ ဒါပေမဲ့ မကြာသေးခင်နှစ်တွေအတွင်းမှာ ငါတို့ရဲ့စစ်သင်္ဘောတွေ အကြီးအကျယ်ဆုံးရှုံးခဲ့ရပြီး နယ်မြေတွေလည်း အများကြီးဆုံးရှုံးခဲ့ရတယ်"
"ကျွန်မတို့စကြဝဠာအင်ပါယာကရော ဂရုမစိုက်ဘူးလား"
"ဒါက ငါတို့စကြဝဠာအင်ပါယာရဲ့ အတွင်းရေးပဋိပက္ခလေ။ နယ်ချဲ့တာ ဒါမှမဟုတ် သယံဇာတလုတဲ့ စစ်ပွဲလည်း မဟုတ်ဘူး။ နယ်မြေအငြင်းပွားတာသက်သက်ပဲ။ ဒါကြောင့် သူတို့က ဝင်ပါမှာ မဟုတ်ဘူး"
"တခြားစကြဝဠာအင်ပါယာတစ်ခုခုက ဝင်ရောက်ကျူးကျော်လာတာမျိုးက လွဲရင်ပေါ့"
"ဒါဆို အဖေက စစ်ရေးအကူအညီရဖို့ ကျွန်မကို အလဲအထပ်လုပ်ရတဲ့အရာတစ်ခုလို သုံးချင်နေတာပေါ့"
"ရှာယန်နာ.. အဖေ့အခက်အခဲတွေကို နင် နားလည်ပေးဖို့ ကြိုးစားရမယ်"
အာပါချီက သက်ပြင်းချလိုက်သည်။
"အဲဒီနယ်မြေမှာ ငါတို့လူမျိုးတွေရဲ့ မျိုးနွယ်စု၁၀၀ကျော်ရှိတယ်။ သူတို့သာ ဆက်တိုက်ခိုက်နေမယ်ဆိုရင် မျိုးနွယ်စုတွေ အန္တရာယ်ကြီးကြီးမားမား ကျရောက်လိမ့်မယ်"
"အစ်မကက်သရင်းကရော။ သူက အဆင့်လေး မျိုးနွယ်စုထဲမှာ အိမ်ထောင်ကျသွားတာ မဟုတ်ဘူးလား"
ရှာဇီနာက ဆက်မေးသည်။
"သူက အဆင့်လေးမျိုးနွယ်စုက သာမန်မှူးမတ်မိသားစုထဲမှာ အိမ်ထောင်ကျသွားတာ။ စစ်တပ်မှာ ဘာဩဇာအာဏာမှမရှိတော့ ငါတို့ကို ဘာမှကူညီပေးလို့ မရဘူးလေ"
အာပါချီက ဆက်ပြောသည်။
"နောက်တော့ ဂါလာမျိုးနွယ်စုရဲ့တပ်မမှူးကို ငါတို့ ရှာတွေ့ခဲ့တယ်။ သူအချစ်ဆုံးဖြစ်တဲ့ အငယ်ဆုံးသားကလည်း အိမ်ထောင်ပြုရမယ့် အရွယ်ရောက်နေပြီဆိုတော့..."
"အစ်ကိုက အရမ်းရိုးအလွန်းတယ်"
ရှာယန်နာက ပြောသည်။
"ရှီကျစ်မျိုးနွယ်စုရဲ့ သင်္ဘောအရေအတွက်က ဂါလာမျိုးနွယ်စုနဲ့ အတူတူလောက်ဖြစ်နိုင်ပေမဲ့ သူတို့ရဲ့ပျမ်းမျှအဆင့်က တစ်ဆင့်ပိုမြင့်တယ်။ သူတို့က ကျွန်မတို့အတွက်နဲ့ ရှီကျစ်မျိုးနွယ်စုကို ဆန့်ကျင်ပေးဖို့ ဆန္ဒရှိမယ်လို့ အစ်ကိုထင်နေတာလား"
"ဒါက..."
"အဆင့်လေးမျိုးနွယ်စုကို ဘာကြောက်စရာရှိလို့လဲ"
ကျန်းမုန့်လောင်က ဝင်ပြောလိုက်သည်။
"အိုင်းရင်း.. မင်း ခုနကပဲ အဆင့်လေးမျိုးနွယ်စု၁၀၀ကျော်က ပိုင်ဆိုင်မှုတွေကို ရထားတာ မဟုတ်ဘူးလား။ အဲဒီက စစ်သင်္ဘောအုပ်စုနှစ်ခုလောက် ဒီကိုလွှတ်လိုက်ရင် ကိစ္စပြတ်သွားပြီ မဟုတ်ဘူးလား"
"အစ်ကိုကျန်း.. အဲဒါတော့ မဖြစ်နိုင်ဘူးထင်တယ်"
အိုင်းရင်းက ပြောလေသည်။
"အဲဒီမျိုးနွယ်စုအများစုက ကျွန်တော်တို့စကြဝဠာအင်ပါယာနဲ့ တော်တော်ဝေးတယ်ဆိုတာကို ထည့်မတွက်ရင်တောင် စကြဝဠာမျိုးနွယ်စုစည်းမျဉ်းတွေအရ စကြဝဠာအင်ပါယာက ခွင့်ပြုချက်ပေးထားတဲ့ ဖြတ်သန်းခွင့်လမ်းကြောင်းမရှိဘဲနဲ့ တခြား စကြဝဠာအင်ပါယာတွေရဲ့ စစ်သင်္ဘောတွေက ဝင်ရောက်ပြီး အင်အားသုံးစွက်ဖက်ခွင့် မရှိဘူးလေ"
"မင်းပြောတဲ့သဘောက တိုက်ခိုက်ဖို့အတွက် အမြွှာဝေလငါးစကြဝဠာအင်ပါယာရဲ့ အတွင်းပိုင်းအင်အားကို သုံးရမယ်။ ဒါမှမဟုတ်ရင် အမြွှာဝေလငါးစကြဝဠာအင်ပါယာဆီက ခွင့်ပြုချက်ရရမယ်ပေါ့ ဟုတ်လား"
ကျန်းမုန့်လောင်က အတည်ပြုမေးမြန်းလိုက်သည်။
"မှန်ပါတယ်"
"ယုတ္တိရှိသားပဲ"
ကျန်းမုန့်လောင်လည်း ခေါင်းတညိတ်ညိတ်လုပ်လိုက်သည်။ တခြားစကြဝဠာအင်ပါယာ၏ စစ်သင်္ဘောများသာ သည်အတိုင်း ဝင်လာနိုင်လျှင် ကမောက်ကမဖြစ်ကုန်ပေလိမ့်မည်။ စကြဝဠာဘဏ်၏ စစ်သင်္ဘောများပင် ဤစည်းမျဉ်းကို လိုက်နာရသည်ဖြစ်ရာ အခြားမျိုးနွယ်စုများအနေနှင့် မရမ်းကားရဲသည်မှာ သဘာဝပင်။
"ဒါပေမဲ့ ဒါက ပြဿနာကြီးကြီးမားမား မဟုတ်ပါဘူး"
ကျန်းမုန့်လောင်က ရယ်မောလိုက်သည်။
"ခွင့်ပြုချက်ယူရုံပဲ မဟုတ်ဘူးလား။ ကိုယ့်သဘောနဲ့ကိုယ် ခွင့်ပြုတာနဲ့ အတင်းအကျပ်ခွင့်ပြုခိုင်းတာ ဘာကွာလို့လဲ"
"အတင်းအကျပ်ခွင့်ပြုခိုင်းတာလား။ အဲဒါ ဘာသဘောလဲ"
"ဘာမှမဟုတ်ပါဘူး။ ငါ ဂရုထဲက လူတစ်ယောက်ကို မန်းရှင်းခေါ်လိုက်မယ်"
"လူခေါ်မယ်လား"
ကျန်းမုန့်လောင် ဘာကိုဆိုလိုမှန်း အိုင်းရင်း နားမလည်ပေ။
ကျန်းမုန့်လောင်က ကျူရှင်းဂရုကိုဖွင့်ပြီး စာတစ်စောင် ပို့လိုက်သည်။
"အမြွှာဝေလငါးစကြဝဠာအင်ပါယာနားမှာ ဘယ်သူ့စကြဝဠာအင်ပါယာ ရှိလဲ။ အကူအညီလေးတစ်ခု တောင်းချင်လို့"
ထိုစာလေးကြောင့် ဂရုထဲတွင် ပေါက်ကွဲသွားသည့်နှယ် ရုတ်ရုတ်သဲသဲဖြစ်သွားလေသည်။
ဂရုထဲမှာ ဆရာသခင်က နောက်ဆုံးတော့ စကားစပြောလာပြီပဲ။
"ဆရာသခင်.. ကျွန်တော့်ရဲ့မျိုးနွယ်စုက အမြွှာဝေလငါးစကြဝဠာအင်ပါယာနဲ့ အလင်းနှစ်ဘီလီယံ ၂၀ပဲ ကွာပါတယ်။ အရမ်းနီးတယ်နော်"
"ထွက်သွားစမ်းပါ။ အလင်းနှစ်ဘီလီယံ၂၀တောင် ကွာတာကိုများ နီးတယ်ပြောရသလား။ ဆရာသခင်.. ကျွန်တော့်ရဲ့မျိုးနွယ်စုက အလင်းနှစ် ၁၂ဘီလီယံပဲ ကွာတယ်။ အဲဒါကမှနီးတာ"
"ဆရာသခင်.. ကျွန်တော် ကူညီပေးရမယ့်ဟာများ ရှိလို့လား။ ကျွန်တော်တို့ စွမ်းဆောင်နိုင်သရွေ့ အစွမ်းကုန်ကြိုးစားပေးပါ့မယ်။ မစွမ်းဆောင်နိုင်ဘူးဆိုရင်တောင် ဖြစ်မြောက်အောင် နည်းလမ်းရှာပေးပါ့မယ်"
"ကိစ္စက ဒီလိုကွ။ ငါ့သူငယ်ချင်းရဲ့မျိုးနွယ်စု အနှောင့်အယှက်ပေးခံရလို့။ ငါ ဘာပြောချင်လဲဆိုတာ မင်းတို့ သဘောပေါက်တယ်မလား"
ကျန်းမုန့်လောင်က သွယ်ဝိုက်သောအဓိပ္ပာယ်ဖြင့် ပြောလိုက်သည်။
"ဘယ်သူက ဆရာသခင်ရဲ့သူငယ်ချင်းကို ထိရဲတာလဲ။ အသက်ဆက်မရှင်ချင်တော့လို့လား"
"သူတို့ကို ဖျက်ဆီးပစ်လိုက်မယ် ဆရာသခင်.. အဲဒီမျိုးနွယ်စုက ဘယ်အဆင့်လဲ"
"အဆင့်သုံးမျိုးနွယ်စုလေးတစ်ခုပါ"
ကျန်းမုန့်လောင်က ပြောလိုက်သည်။
"ပြဿနာက အမြွှာဝေလငါးစကြဝဠာအင်ပါယာက ဖြတ်သွားရမှာဆိုတော့ ပြင်ပမျိုးနွယ်စုတွေ ဝင်ရောက်ဖို့ နည်းနည်းရှုပ်ထွေးနေလို့"
"ဟားဟားဟား.. အမြွှာဝေလငါးစကြဝဠာအင်ပါယာလောက်ကတော့ ကျွန်တော်တို့မျိုးနွယ်စုရဲ့ ဆယ်ပုံတစ်ပုံတောင် မရှိပါဘူး။ ကျွန်တော့် စစ်သင်္ဘောအုပ်စု လမ်းကြောင်းဖြတ်တောင်းရင်တောင် ဘယ်သူမှတားရဲမှာမဟုတ်ဘူး"
"ဆရာသခင်.. သြဒိနိတ်တွေကိုသာ ပေးလိုက်ပါ။ သူတို့အတွက် အရာအားလုံးဖြေရှင်းပေးပါ့မယ်"
"ဆရာသခင်.. ဒါက အသေးအဖွဲလေးပါ။ ကျွန်တော်တို့တာဝန်သာထားလိုက်"
"ဆရာသခင်.. ဆရာသခင်ရဲ့ သူငယ်ချင်းကို အနိုင်ကျင့်တဲ့ အဲဒီအဆင့်သုံးမျိုးနွယ်စုကို ကျွန်တော်တို့ ဖျက်ဆီးပစ်လိုက်ရမလား"
"ဆရာသခင်... အဲဒီကို စစ်သင်္ဘောတွေ များများပို့ပေးရမလား။ ပြီးတော့ လမ်းကြုံတုန်း အမြွှာဝေလငါးမျိုးနွယ်စုကိုပါ တစ်ခါတည်းရှင်းပေးရမလား"
*******************
***