တကယ်တမ်းတွင် သူတို့ကိုလည်း အပြစ်တင်၍ မရပါချေ။ အဆင့်ချင်းမတူသော မျိုးနွယ်စုနှစ်ခုကြားရှိ ကွာဟချက်မှာ နှစ်ပေါင်းရာချီ၊ ထောင်ချီ၊ သိန်းချီ သို့မဟုတ် သည့်ထက်ပိုကြီးမားနိုင်သည်။ ဤကွာဟချက်က မျောက်နှင့် လူသားများကြားရှိ ကွာဟချက်နီးနီး ကြီးမားကျယ်ပြန့်လှသည်။
အဆင့်ငါးမျိုးနွယ်စုရှိ သက်ရှိများအတွက်မူ အဆင့်သုံးမျိုးနွယ်စုရှိ သတ္တဝါများမှာ အလွန်ရှေးကျပြီး အဆင့်အတန်းနိမ့်ကျသော သက်ရှိများအဖြစ် သတ်မှတ်ခံထားရသည်။ တစ်ခါတစ်ရံ အဆင့်ငါးမျိုးနွယ်စုနှစ်ခု စစ်ဖြစ်ကြသောအခါ အဆင့်သုံးနှင့် အဆင့်လေးမျိုးနွယ်စုရာဂဏန်းထောင်ဂဏန်းလောက်က စစ်ပွဲအတွင်း ပျောက်ကွယ်သွားတတ်သည်။
လူသားများ၏စစ်ပွဲများမှာ အမြောက်ဆန်တစ်လုံးက ပုရွက်ဆိတ်အုံတစ်အုံကို ဖျက်ဆီးပစ်လိုက်မိလျှင်ပင် သူတို့က ဂရုစိုက်ကြလေမလား။ ဤသဘောတရားပင်။
ထို့ကြောင့် လူအများသည် ပိုအဆင့်မြင့်သော မျိုးနွယ်စုတစ်ခုနှင့် ရင်ဆိုင်ရသည့်အခါ အလိုလိုနှိမ့်ချရန်သာ ရွေးချယ်တတ်ကြသည်။
သူတို့အတွက်တော့ အဆင့်မြင့်မျိုးနွယ်စုတစ်ခုကို မှီခိုတွယ်ကပ်နေရခြင်းမှာ ဂုဏ်သိက္ခာထက် အများကြီးပိုအရေးကြီးလှသည်။ ခွေးတစ်ကောင်ဖြစ်ရုံမျှမက ကျေးကျွန်တစ်ယောက် ဖြစ်ရမည်ဆိုလျှင်ပင် ပြဿနာမရှိပေ။
အဆင့်သုံးမျိုးနွယ်စုရှိ လူများမှာ သူတို့ကိုယ်သူတို့ အကျယ်တဝင့်မိတ်ဆက်နေကြသော်ငြား ရိုးရိုးသားသားပြောရလျှင် ကျန်းမုန့်လောင်နှင့် အိုင်းရင်းတို့ကမူ နာမည်တစ်ခုကိုပင် မမှတ်မိချေ။
တချို့မျိုးနွယ်စုများ၏ နာမည်များကား ရှေးဟောင်းကဗျာများထက်ပင် ပိုရှည်ပြီး နားလည်ရခက်သော စကားလုံးများဖြင့် ပြည့်နေလေသည်။ သူသည် အထက်တန်းကျောင်းက ဘွဲ့ရလာသည်မှာ နှစ်အတော်ကြာနေချေပြီ။ သူတို့က သူ့ကို စာအလွတ်ရွတ်ခိုင်းနေလေသလား။
ဘေးနားရှိ အာပါချီကတော့ ဘာလုပ်ရမှန်းမသိတော့ပေ။ စိတ်အားထက်သန်နေသော လူအုပ်ကြီးက သူ့ကို လူအုပ်၏အပြင်ဘက်သို့ တွန်းထုတ်လိုက်၏။ သူ့တစ်သက် ဤမြင်ကွင်းမျိုးကို တစ်ခါမှ မမြင်ဖူးပေ။
သူသည် သူ့အဖေကို သွားရှာရန် စီစဉ်ထားခြင်းပင်။ အိုင်းရင်းက သူ့အဖေဆီ ကိုယ်တိုင်လိုက်လည်မည်ဟု ပြောထားသော်လည်း အဆင့်ငါး မျိုးနွယ်စုရှိ အရေးပါလှသော ပုဂ္ဂိုလ်တစ်ယောက်ကို သူ့အဖေဆီသို့ တကယ်အလည်အပတ်လာခိုင်းရန်မှာမူ မဖြစ်နိုင်ပေ။
ထိုအချိန်တွင် အလွန်စိတ်အနှောင့်အယှက်ဖြစ်စရာကောင်းသော အသံတစ်သံက သူ့အနောက်မှ ထွက်ပေါ်လာသည်။
"အာပါချီ မတွေ့ရတာကြာပြီနော်။ ဒါ မင်းရဲ့ ညီမလား"
အာပါချီ၏အနောက်တွင် သူနှင့်သက်တူရွယ်တူခန့်ရှိသော လူငယ်တစ်ယောက်ရှိနေပြီး အဆင့်သုံး သက်ရှိတစ်ယောက်၏ရောင်ဝါကို ပိုင်ဆိုင်ထားလေရာ အာပါချီနှင့် အဆင့်အတူတူလောက်ပင်။
"မင်းညီမလေးက တော်တော်လှတာပဲ။ ငါနဲ့ ပေးစားလိုက်ပါ့လား။ ဒါဆို ငါ့အဖေကို မင်းတို့အတွက် မြေလေးနည်းနည်းလောက် ချန်ထားခိုင်းဖို့ စဉ်းစားပေးမယ်လေ"
"ဂူဒယ်လ်"
အာပါချီထံမှ ပြင်းထန်လှသော သတ်ဖြတ်လိုစိတ်များ ထွက်ပေါ်လာပြီး စစ်ပွဲအတွင်းမှသာ ဖြစ်ပေါ်လာနိုင်သော သွေးဆာရက်စက်သည့် ရောင်ဝါများလည်း ကိန်းအောင်းနေသည်။
"ကဲပါကွာ.. သိပ်တင်းမာမနေစမ်းပါနဲ့။ ဒါက ပြပွဲလုပ်နေတဲ့ အင်ပါယာသလင်းကျောက်ကြယ်လေ။ စစ်မြေပြင်မှမဟုတ်တာ"
ဂူဒယ်လ်ဟုခေါ်သော လူငယ်က လှောင်ပြောင်လိုက်သည်။
"မင်းကို ထွက်ပြေးသွားပြီထင်နေတာ။ ဆယ်စုနှစ်တွေနဲ့ချီပြီး စစ်မြေပြင်မှာ မတွေ့ရပါလား"
"အစ်ကို သူကဘယ်သူလဲ"
ရှာယန်နာနှင့် သူ(မ)၏ညီမက သူတို့အစ်ကို၏ အနောက်သို့ အလိုလိုဝင်ပုန်းလိုက်ကြသည်။
အာပါချီက ရှုပ်ပွေသူတစ်ယောက်နှင့် တူသော်လည်း ၎င်းမှာ ပြင်းထန်လှသော စိတ်ပိုင်းဆိုင်ရာထိခိုက်မှုကြောင့်ဖြစ်ကြောင်း ညီမဖြစ်သူများက သိထားသည်။ သို့သော် ထိုမတိုင်မီက သူသည် အန်ဒရိုမီဒါမျိုးနွယ်စု၏တပ်မတော်မှ ထူးချွန်သော စစ်သားတစ်ဦးပင်။
"သူက ဂူဂေါလ်မျိုးနွယ်စုက"
ဂူဂေါလ်မျိုးနွယ်စုဟူသော စကားလုံးကို ကြားလိုက်ရသည်နှင့် ရှာယန်နာနှင့် ညီမဖြစ်သူတို့၏ မျက်နှာထက်တွင် အလွန်သတိထားနေလေဟန် အမူအရာများ ချက်ချင်းပေါ်လာသည်။ ဤမျိုးနွယ်စုမှာ အန်ဒရိုမီဒါမျိုးနွယ်စုနှင့် နှစ်ပေါင်းရာချီ စစ်ပွဲဖြစ်ပွားနေသော မျိုးနွယ်စုပင်။
"ငါတို့အစ်ကိုသုံးယောက်က သူ့လက်ချက်ကြောင့် စစ်မြေပြင်မှာ သေခဲ့ရတာ"
ထိုသို့ပြောလိုက်စဉ် အာပါချီခမျာ အံတင်းတင်းကြိတ်ထားမိသည်။
တစ်ချိန်က အန်ဒရိုမီဒါမျိုးနွယ်စုတွင် အာပါချီအပါအဝင် အလွန်ထူးချွန်လှသော သားလေးယောက်ရှိခဲ့သည်။ သူတို့သည် အန်ဒရိုမီဒါတပ်မတော်ရှိ အကောင်းဆုံးတပ်မကြီးလေးခု၏ တပ်မှူးများဖြစ်ကြပြီး ဂူဂေါလ်မျိုးနွယ်စုနှင့် နှစ်ပေါင်းရာချီကြာအောင် တိုက်ပွဲဝင်ရန် တပ်မတော်ကို ဦးဆောင်ခဲ့ကြသည်။
ဤဂူဒယ်လ်သည် ဂူဂေါလ်မျိုးနွယ်စုအတွင်း စစ်ရေးအတော်ဆုံးဖြစ်သော သခင်ကြီး၏ သားဖြစ်ပြီး သူတို့သည် အမြဲတမ်း အကြိတ်အနယ်ရှိခဲ့ကြသည်။
သို့သော် ထိုစစ်ဆင်ရေးကာလအတွင်း ဂူဒယ်လ်သည် အလွန်အမင်းဆိုးဝါးသော လုပ်ရပ်တစ်ခုကို ကျူးလွန်ခဲ့သည်။ သူသည် စစ်သည်ဘီလီယံပေါင်းများစွာကို စတေးကာ အန်ဒရိုမီဒါမျိုးနွယ်စု၏ ပိတ်ဆို့မှုကို တိတ်တဆိတ်ရှောင်ကွင်းပြီး လူဦးရေထူထပ်သော ဂြိုဟ်များရှိရာ နယ်မြေထဲသို့ ဝင်ရောက်၍ အစွမ်းထက်သော ဂြိုဟ်ဖျက်အမြောက်ကြီးဖြင့် ခြိမ်းခြောက်ခဲ့သည်။
သူတို့၏ နိုင်ငံသားများကို ကယ်တင်ရန်အတွက် အာပါချီ၏ အစ်ကိုသုံးယောက်နှင့် သူတို့၏တပ်မကြီးသုံးခုမှာ အလွန်နာကျင်ဖွယ်ကောင်းစွာ အဆုံးသတ်ခဲ့ရပြီး ထိုဒေသရှိ ထောင်ပေါင်းများစွာသော မျိုးနွယ်စုဂြိုဟ်များလည်း ဖျက်ဆီးခံခဲ့ရသည်။ အာပါချီကိုယ်တိုင်ပင် အပြင်းအထန်ဒဏ်ရာရခဲ့သည်။
နောက်ပိုင်းတွင် ထိုအဖြစ်အပျက်များမှ လွတ်မြောက်ရန်နှင့် မိမိကိုယ်ကို ထုံထိုင်းသွားစေရန်အတွက် အာပါချီသည် လုံးဝမတူတော့သော လူတစ်ယောက် ဖြစ်လာခဲ့သည်။
သို့သော် သူနှင့် ဂူဒယ်လ်ကြားတွင်မူ မပြေလည်နိုင်သော သွေးကြွေးတစ်ခု ရှိနေချေသည်။
"ဂူဒယ်လ်.. မင်း ငါတို့အပေါ် အကြွေးတင်နေတာမှန်သမျှ တစ်နေ့ကျရင် ငါ အကုန်ပြန်ယူပြမယ်"
အာပါချီက အံတင်းတင်းကြိတ်လျက် ပြောလိုက်သည်။
"သြော် ဟုတ်လား။ ဒါပေမဲ့ မင်းတို့မျိုးနွယ်စုရဲ့ တပ်မတော်က သိပ်ကြာကြာတောင့်ခံနိုင်တော့မယ် မထင်ဘူးနော်"
ဂူဒယ်လ်က ရယ်မောလိုက်လေရာ အမာရွတ်များဖြင့်ပြည့်နေသော သူ့မျက်နှာမှာ အလွန် ကြောက်မက်ဖွယ်ကောင်းနေတော့သည်။
"အနောက်ဒရစ်ဇယ်လ်မျိုးနွယ်စုက ဒီတစ်ခေါက် ငါတို့ကိုကူညီဖို့ အဆင့်လေးစံသတ်မှတ်ချက်ဝင်စစ်သင်္ဘောအုပ်စုတစ်စုကို စေလွှတ်ပေးဖို့ သဘောတူလိုက်ပြီ။ မင်းတို့မျိုးနွယ်စုက ဘယ်လောက်ကြာကြာခံနိုင်မယ် ထင်လဲ"
"အဆင့်လေးစစ်သင်္ဘောအုပ်စု..."
အာပါချီခမျာ ချက်ချင်းတိတ်ဆိတ်သွားသည်။ ယခုအချိန်တွင် သူတို့၏တပ်မတော်သည် ယခင်က အင်အားအကောင်းဆုံးအချိန်၏ တစ်ဝက်ပင် မပြည့်တော့ပေ။ အဆင့်လေးစစ်သင်္ဘောအုပ်စု တစ်ခုက သူတို့ကို စကြဝဠာစံတော်ချိန်နှစ်နှစ်အတွင်း အမြစ်ပြတ်သုတ်သင်ပစ်နိုင်သည်။
သူတို့မျိုးနွယ်စု၏ဥပဒေအရ သူတို့၏ အန်ဒရိုမီဒါ မျိုးနွယ်စုသို့ ကျူးကျော်ဝင်ရောက်ခြင်း မရှိနိုင်သော်လည်း သူတို့ပိုင်ဆိုင်ထားသည့် နယ်မြေများစွာ ဆုံးရှုံးရမည်ဖြစ်ပြီး ဂူဂေါလ်မျိုးနွယ်စု၏ အနိုင်ကျင့်ဗိုလ်ကျခြင်းကိုလည်း အချိန်ကြာမြင့်စွာ ခံရမည်မှာ သေချာလှသည်။ ဤသည်မှာ စစ်ရှုံးသော မျိုးနွယ်စုတစ်ခု၏ ကံကြမ္မာပင်တည်း။
"အစ်ကို.. ရှာယန်နာ့အဖေကို သွားရှာမှာမဟုတ်ဘူးလား။ ဘာလို့ ဒီမှာရပ်နေတာလဲ"
နောက်ဆုံးတော့ ကျန်းမုန့်လောင်နှင့် အိုင်းရင်းတို့လည်း လူအုပ်ထဲက တိုးထွက်လာနိုင်ခဲ့ပြီး တင်းမာနေသော အခြေအနေကို မြင်လိုက်ရချိန်ဝယ် တစ်ခုခုဖြစ်နေပြီဖြစ်ကြောင်း ချက်ချင်း သဘောပေါက်လိုက်သည်။
ဤဂူဂေါလ်မျိုးနွယ်ဝင်နှင့် ပတ်သက်သည့်ကိစ္စကို ရှာယန်နာက ရှင်းပြလိုက်ချိန်ဝယ် အိုင်းရင်း၏အမူအရာကား ပျက်ယွင်းသွားချေသည်။
"အာပါချီ.. ဒီဂူဂေါလ်မျိုးနွယ်စုကို ငါတို့ ရှင်းထုတ်ပေးလိုက်ရင် ရှာယန်နာ့အဖေလည်း သူ့ကို ဂါလာမျိုးနွယ်စုက တပ်မှူးကြီးရဲ့သားနဲ့ ပေးစားဖို့ စဉ်းစားစရာမလိုတော့ဘူးမလား"
"သေ... သေချာတာပေါ့"
တကယ်တမ်းတွင် သူတို့၏အကူအညီမပါလျှင်ပင် ရှာယန်နာ၏အဖေက သူ(မ)ကို အခြားမည်သူနှင့်မှ ပေးစားရဲမည်မဟုတ်ပေ။
ကျန်းမုန့်လောင်က ဂရုချက်ကို တစ်ဖန်ပြန်ဖွင့်လိုက်သည်။
"ရောက်ကြပြီလား"
ကျန်းမုန့်လောင် မက်ဆေ့ခ်ျပို့လိုက်သည်နှင့် နာရီအနည်းငယ်ကြာအောင် တိတ်ဆိတ်နေသော ဂရုမှာ ရုတ်တရက် ပြန်လည်အသက်ဝင်လာသည်။
"ဆရာသခင်.. ကျွန်တော့်ရဲ့စစ်သင်္ဘောအုပ်စု ရောက်နေပါပြီ။ အမြွှာဝေလငါးစကြဝဠာအင်ပါယာရဲ့ အစွန်အဖျားမှာပါ။ ဆရာသခင် ညွှန်ကြားထားတဲ့နေရာကို အမြန်ဆုံးနှုန်းနဲ့ လာနေပါတယ်။ ငါးမိနစ်ပဲ ကြာပါမယ်"
"ဆရာသခင်.. ကျွန်တော့်စစ်သင်္ဘောအုပ်စုလည်း ရောက်ပါပြီ။ လက်ရှိမှာ မြင့်မားတဲ့အတိုင်းအတာတစ်ခုနဲ့ ကိုယ်ယောင်ဖျောက်ပြီး ဆရာသခင်ရဲ့အမိန့်ကို စောင့်ဆိုင်းနေပါတယ်"
"ဆရာသခင်.. လက်နက်တွေ အဆင်သင့်ဖြစ်နေပါပြီ။ ဘယ်သူ့ကို တိုက်ရမလဲသာ ပြောလိုက်ပါ။ ချက်ချင်းလုပ်လိုက်ပါ့မယ်"
စကြဝဠာစံတော်ချိန် နှစ်နာရီသုံးနာရီမျှသာ ကြာသေးသော်လည်း အနီးဆုံးမျိုးနွယ်စု၏ စစ်သင်္ဘောအုပ်စုသည် အလင်းနှစ်ဘီလီယံဆယ်ချီကို ဖြတ်သန်းကာ အမြွှာဝေလငါးစကြဝဠာအင်ပါယာအနီးသို့ ရောက်ရှိနေပြီဖြစ်လေရာ ကျန်းမုန့်လောင်ကိုယ်တိုင်ပင် သူတို့၏ နည်းပညာ အဆင့်အတန်းမြင့်မားမှုကို အံ့သြချီးကျူးမိသည်။
အာကာသဖြတ်လမ်းကို ခုန်ကျော်ဖြတ်သန်းသည့် နည်းပညာ၏ စွမ်းအင်သုံးစွဲမှုမှာ ကြီးမားလှပြီး အာကာသအချိန်ဥမင်လှိုဏ်ခေါင်းကိုဖွင့်ရန် ဧရာမစက်ပစ္စည်းတစ်ခုကို လိုအပ်သဖြင့် စစ်ပွဲထောက်ပံ့မှုများတွင်သာ အသုံးပြုလေ့ရှိသည်။ ကျန်းမုန့်လောင်၏ စတားဂေဇာပင် ထိုကဲ့သို့သော စက်ပစ္စည်းမျိုး မရှိပေ။ ဤအဖြစ်မှာ သခင်ကြီးများက ကျန်းမုန့်လောင်နှင့်ပတ်သက်သည့် ကိစ္စကို မည်မျှတန်ဖိုးထားကြောင်း မှန်းဆကြည့်နိုင်သည်။
ဤှသည်မှာ ကုန်ကျစရိတ်ကို မငဲ့ကွက်သည့် အခြေအနေအထိ ရောက်ရှိနေလေပြီ။
"အားလုံးကို ကျေးဇူးတင်ပါတယ်"
ကျန်းမုန့်လောင် ရေတွက်ကြည့်လိုက်လေရာ မျိုးနွယ်စုခုနစ်ခု၏ စစ်သင်္ဘောအုပ်စုများ ရောက်ရှိနေပြီဖြစ်၏။ အမြွှာဝေလငါးစကြဝဠာအင်ပါယာ၏ စစ်သင်္ဘောအုပ်စု အချက်အလက်များနှင့် ယှဉ်လျှင် ထိုမျိုးနွယ်စုများ၏ သင်္ဘောယာဉ်စုများမှာ အနည်းဆုံး အဆင့်နှစ်ဆင့်ခန့် ပိုမြင့်မားပြီး အားလုံးနီးပါးကလည်း အဆင့်ငါးအထက်တန်းစား မျိုးနွယ်စုများ၏ စံသတ်မှတ်ချက်ဝင် စစ်သင်္ဘောကြီးများ ဖြစ်နေကြသည်။
"နောက်ကျရင် ခင်ဗျားတို့အတွက် သိုင်းလက်နက်တချို့ဖန်တီးပေးဖို့ အချိန်ပေးပါ့မယ်"
ကျန်းမုန့်လောင်က ကတိပေးလိုက်သည်။ အဆင့်ခြောက် သို့မဟုတ် အဆင့်ခုနစ်သိုင်းလက်နက် ဆယ်လက်၊ အလက်နှစ်ဆယ်ခန့်ကို တစ်နေ့တည်းဖြင့် ဖန်တီးနိုင်စွမ်းရှိသော သူ့အတွက်မူ ခက်ခဲလှသော ကိစ္စမဟုတ်ပေ။ သူတို့က သူ့ကို ကူညီခဲ့သည့်အတွက် သူကလည်း အပြန်အလှန်အနေနှင့် ဆုလာဘ်တစ်ခုခု ပေးရမည်ဖြစ်၏။
"ကျေးဇူးတင်ပါတယ် ဆရာသခင်"
"ကျေးဇူးတင်ပါတယ် ဆရာသခင်.. နောက်နောင် ဒီလိုအကူအညီမျိုးလိုအပ်ရင် ကျွန်တော်တို့ကိုသာ အသိပေးလိုက်ပါ"
ထိုကဲ့သို့သော ကတိစကားကြောင့် ထိုသခင်ကြီးများမှာ ကျေနပ်အားရစွာ ပြုံးရွှင်နေကြတော့သည်။ သူတို့၏ ရင်းနှီးမြှုပ်နှံမှုမှာ အရာထင်သွားပြီဖြစ်၏။
"ကောင်းပြီ အားလုံးပဲ။ အခု ငါပေးထားတဲ့ ကိုဩဒိနိတ်တွေဆီကို သွားပြီး အဲဒီဂူဂေါလ်မျိုးနွယ်စုရဲ့တပ်မတော်နဲ့ သူတို့သခင်ကြီးရဲ့ အိမ်တော်ကို ရှင်းပစ်လိုက်။ ဒါက မင်းတို့အတွက် ပြဿနာမရှိနိုင်ပါဘူးနော်"
"ဆရာသခင်.. စိတ်ချပါ။ အဆင့်သုံးမျိုးနွယ်စုတစ်ခုလေးပါ။ ကျွန်တော်တို့ ချက်ချင်းရှင်းပေးပါ့မယ်"
"ဟုတ်ကဲ့ပါ ဆရာသခင်.. အဲဒီအမြွှာဝေလငါးစကြဝဠာအင်ပါယာဆိုတာ အခြေခံအဆင့်ငါးမျိုးနွယ်စုလေးတစ်ခုပါ။ သူတို့အရှင်သခင် အသံတစ်သံတောင် ထွက်ရဲမှာမဟုတ်ဘူးလို့ အာမခံပါတယ်"
"သူသာကန့်ကွက်ရဲရင် သူ့ကိုပါ တစ်ခါတည်း ရှင်းပစ်လိုက်မယ်"
*******************
***