"ဘာ... ဘာမှမဖြစ်ပါဘူး..."
ဂါလာမျိုးနွယ်စုတပ်မမှူး၏ သားဖြစ်သူမှာ နဖူးထက်ဝယ် ချွေးပြန်လာသည်။ သူ့အနေနှင့် အခြားစကားများ ပြောရဲပါဦးမည်လော။
အမြွှာဝေလငါးစကြဝဠာအင်ပါယာထဲတွင် သူတို့၏ဂါလာမျိုးနွယ်စုမှာ သာမန်အဆင့်လေးမျိုးနွယ်စုတစ်ခုသာ ဖြစ်ပြီး စစ်ရေးအင်အားမှာ ရှီကျစ်မျိုးနွယ်စုထက် များစွာ အားနည်းပေသည်။
ယခုတစ်ကြိမ် အန်ဒရိုမီဒါမျိုးနွယ်စု၏ အရှင်သခင်က သူတို့၏ကာကွယ်မှုကို ရလိုရငြား ချဉ်းကပ်လာခဲ့ခြင်းပင်။ သို့သော် အမှန်တကယ်တွင် သူတို့၌ ရှီကျစ်မျိုးနွယ်စုကို ရင်ဆိုင်ရန် လုံးဝသတ္တိမရှိပေ။
သူတို့၏အစီအစဉ်က ရိုးရှင်းလှသည်။ ရှာယန်နာကို လက်ထပ်ပြီးသည့်အခါ သူတို့က စစ်သင်္ဘောယာဉ်စုအနည်းငယ်ကို ဟန်ပြအဖြစ် စေလွှတ်တိုက်ခိုက်မည်။ မနိုင်လျှင် အမြန်ထွက်ပြေးမည်။ အန်ဒရိုမီဒါမျိုးနွယ်စု ရှုံးနိမ့်သွားလျှင်ပင် တိုက်ခိုက်ရေးစွမ်းအား ကွာဟချက်ကြီးမားလွန်းသည်ဟု ဆင်ခြေပေးနိုင်သည်။
သူ၏ တစ်ခုတည်းသော ပစ်မှတ်မှာ ရှာယန်နာပင်။ အန်ဒရိုမီဒါမျိုးနွယ်စု ဘာဖြစ်ဖြစ် သူ ဂရုမစိုက်ပေ။ ဖယ်ရီမျိုးနွယ်စုတစ်ခုလုံးကို မကာကွယ်နိုင်လျှင်ပင် မိန်းမတစ်ယောက်ကိုတော့ မကာကွယ်နိုင်ဘဲနေပါ့မလား။
သို့သော် အရာအားလုံး အထမြောက်တော့မည့်ဆဲဆဲတွင် မမျှော်လင့်ထားသူတစ်ဦး ရုတ်တရက်ဝင်ပါလာလိမ့်မည်ဟု သူ မထင်ထားခဲ့ပေ။ အဆင့်ငါးမျိုးနွယ်စုမှ အရေးပါသော ပုဂ္ဂိုလ်တစ်ဦး ဝင်ရောက်လာလေရာ သူ့ကို သတ္တိဆယ်ခုပေးထားလျှင်ပင် မိန်းမတစ်ယောက်အတွက် အဆင့်ငါးမျိုးနွယ်စုရှိ လူတစ်ယောက်နှင့် အပြိုင်လုရဲမည်မဟုတ်ပေ။
သစ္စာဖောက်မှုအတွက် အန်ဒရိုမီဒါ အရှင်သခင်ကို လက်စားချေရမည်လော။ သစ်ပင်ကြီးကို မှီခိုပြီး အဆင့်ငါးမျိုးနွယ်စု၏ အကာအကွယ်ကို ရနေသူများက သူတို့လို သေးငယ်လှသော အဆင့်လေးမျိုးနွယ်စုကို ကြောက်စရာလိုပါဦးမည်လော။
"ဘာမှမဖြစ်ဘူးဆိုရင် မင်းက ဒီမှာ ဘာရပ်လုပ်နေသေးတာလဲ။ ငါတို့က အရက်တိုက်ဖို့ ဖိတ်ခေါ်မှာကို စောင့်နေတာလား"
အိုင်းရင်းက ယခုအချိန်တွင် အလွန်ယောက်ျားပီသလှသော အသွင်ကို ပြသလိုက်သည်။
ဂါလာမျိုးနွယ်စုတပ်မမှူး၏ သားအကြီးဆုံးခမျာ ဒေါသကိုထုတ်မပြရဲဘဲ အပြုံးတုတစ်ခုဖြင့် အမြန်ထွက်ခွာသွားရတော့သည်။
"ဒါ... ဒါ ဘာတွေဖြစ်နေတာလဲ"
အန်ဒရိုမီဒါမျိုးနွယ်စု၏ အရှင်သခင်မှာ အိုင်းရင်း၏ ရင်ဘတ်ပေါ်ရှိ အဆင့်ငါးမျိုးနွယ်စုမှ လူတစ်ယောက်ဖြစ်ကြောင်း ဖော်ပြထားသောတံဆိပ်ကို ကြည့်ကာ ဇဝေဇဝါဖြစ်သွားလေသည်။ သူ့သားက ဤလူသည် သူ့သမီးရှာယန်နာ၏ ချစ်သူဟု ပြောလိုက်သည်မဟုတ်လော။
သို့သော် ဤသည်မှာ ဘယ်လိုလုပ်ဖြစ်နိုင်မလဲ။ သူ့သမီးတွင် ထိုကဲ့သို့သော ဆွဲဆောင်မှုမျိုးရှိမရှိ မဆိုထားနှင့်။ ရှိခဲ့လျှင်ပင် သူ(မ)၏အဆင့်အတန်းနှင့် အဆင့်ငါးမျိုးနွယ်စုမှ လူတစ်ယောက်ကို တွေ့ဆုံနိုင်ရန်ပင် မဖြစ်နိုင်ချေ။ သို့ဖြစ်လေရာ မည်သို့နှယ် ချစ်ကြိုက်သွားနိုင်မည်နည်း။
လက်ရှိအခြေအနေကို ရှာယန်နာ၏အဖေဖြစ်သူ အန်ဒရိုမီဒါမျိုးနွယ်စု၏ အရှင်သခင်ကလွဲ၍ ကျန်လူအားလုံးနီးပါး ရှင်းရှင်းလင်းလင်းသိထားကြပြီဖြစ်၏။
သူကတော့ ဘာမှမသိသေးချေ။
"အဖေ မသိသေးဘူးလား။ ကျွန်တော်တို့စစ်တပ်က အနိုင်ရသွားပြီလေ။ ဂူဂေါလ်မျိုးနွယ်စုလည်း လက်နက်ချသွားပြီဗျ"
"မင်း ဘာပြောလိုက်တယ်"
အန်ဒရိုမီဒါမျိုးနွယ်စု၏ အရှင်သခင်မှာ စစ်မြေပြင်သတင်းကို မသိရသေးပေ။
ထိုအချိန်မှာပင် အန်ဒရိုမီဒါမျိုးနွယ်စုအရှင်သခင်၏ မျက်နှာအမူအရာလည်း ရုတ်တရက် တောင့်တင်းသွားသည်။ အစောက သူ မမျှော်လင့်ဘဲ အီးမေးလ်အမြောက်အများကို လက်ခံရရှိခဲ့သည်။
လွန်ခဲ့သည့်မိနစ်အနည်းငယ်က အစောဆုံး ရရှိခဲ့သော အီးမေးလ်မှာ လာနီယာကီးယား မျိုးနွယ်စုအရှင်သခင်က သူတို့၏ မြို့တော်ဂြိုဟ်သို့ လာရောက်လည်ပတ်ရန် ဖိတ်ကြားထားသောစာ ဖြစ်ပြီး စကားအသုံးအနှုန်းမှာ အလွန်ယဉ်ကျေးပြီး အနည်းငယ်နှိမ့်ချထားသယောင်ပင် ရှိနေပေသည်။
အဆင့်သုံးမျိုးနွယ်စုရာပေါင်းများစွာ ပါဝင်သော လာနီယာကီးယားမျိုးနွယ်စုတစ်ခုလုံးတွင် အန်ဒရိုမီဒါမျိုးနွယ်စု၏ အဆင့်အတန်းမှာ အမြဲနိမ့်ကျနေခဲ့သည်။ ယခုအချိန်အထိ လာနီယာကီးယားမျိုးနွယ်စု၏ အရှင်သခင်နှင့် တွေ့ဆုံခွင့်ပင် တစ်ခါမှ မရခဲ့ဖူးပေ။ သို့သော် ယခုမူ တစ်ဖက်လူက သူ့ကို ကိုယ်တိုင်ကိုယ်ကျဖိတ်ကြားနေသည်တဲ့လား။
ထိတ်လန့်၍မဆုံးသေးခင် သူ့စာတိုက်ပုံးထဲသို့ နောက်ထပ် စာတစ်စောင် ရောက်လာပြန်သည်။ ဤတစ်စောင်မှာ အမြွှာဝေလငါး အင်ပါယာအရှင်သခင်ထံမှ ဖြစ်၏။
"မစ္စတာတူနာလူ... မကြာသေးခင်က အန်ဒရိုမီဒါမျိုးနွယ်စုနဲ့ ဂူဂေါလ်မျိုးနွယ်စုတို့ကြားမှာ ပြင်းထန်တဲ့အငြင်းပွားမှုတွေ ရှိခဲ့တယ်လို့ သိရပါတယ်။ ခင်ဗျားတို့ရဲ့ အပြီးသတ်အောင်ပွဲအတွက် ဂုဏ်ယူဝမ်းမြောက်ပါတယ်။ ပြီးတော့ မစ္စတာတူနာလူအနေနဲ့ တွေ့ဆုံဖို့ အချိန်ပေးနိုင်မယ်လို့ မျှော်လင့်ပါတယ်။ ခင်ဗျားရဲ့ အကြောင်းပြန်စာကို စောင့်မျှော်နေပါ့မယ်"
"ဒီမက်ဆေ့ချ်က တကယ် အရှင်ဘုရင့်ဆီကလား"
တူနာလူခမျာ သူ အိပ်မက်မက်နေသလားဟုပင် တွေးထင်မိသည်။ သူတို့၏အမြွှာဝေလငါးစကြဝဠာအင်ပါယာ အရှင်ဘုရင်က သူ့ထံသို့ လာရောက်လည်ပတ်ရန် မေးမြန်းနေသောလေသံဖြင့် ပြောဆိုနေခြင်းမှာ လုံးဝမဖြစ်နိုင်သော ကိစ္စပင်။
"အာပါချီ... ဘာတွေဖြစ်နေတာလဲ။ ဒီ... ဒီဂုဏ်သရေရှိပုဂ္ဂိုလ်က..."
"အဖေ... ကျွန်တော် ပြောပြီးပြီလေ။ ဒီလူကြီးမင်းက ရှာယန်နာရဲ့ ချစ်သူပါ။ သူက အဆင့်ငါးမျိုးနွယ်စုတွေဆီက စစ်သင်္ဘောယာဉ်စုတွေကို စုစည်းပြီး ကျွန်တော်တို့ရဲ့ အမြွှာဝေလငါးစကြဝဠာအင်ပါယာထဲကို အတင်းဝင်ရောက်လာခဲ့တယ်။ ဂူဂေါလ်မျိုးနွယ်စုကို အနိုင်ပိုင်းဖို့ ကျွန်တော်တို့ဘက်က ကူညီပေးခဲ့ပြီး ရှီကျစ်မျိုးနွယ်စုကိုတောင် ကြားဖြတ်တားဆီးပေးခဲ့သေးတာ"
အာပါချီ ရှင်းပြလိုက်သောအခါ တူနာလူလည်း အဆုံးတွင် အရာအားလုံးကို နားလည်သွားတော့သည်။
အဆင့်လေးနှင့် အဆင့်ငါးမျိုးနွယ်စုများရှိ အရှင်သခင်များမှာ တစ်ယောက်ပြီးတစ်ယောက် ဂရုတစိုက်ဆက်ဆံလာကြသည်မှာ အံ့ဩစရာမဟုတ်တော့ပေ။ အန်ဒရိုမီဒါမျိုးနွယ်စုမှာ ကျောထောက်နောက်ခံကြီးကြီးမားမား ရနေပြီဖြစ်ကြောင်း သူတို့ သိသွားသဖြင့် ယခုလို အဆက်အသွယ်လုပ်ရန် ကြိုးပမ်းနေကြခြင်း ဖြစ်ပေသည်။
"အရှင်... ကျွန်တော် ရှာယန်နာကို တကယ်သဘောကျပါတယ်။ အရှင်လည်း ကျွန်တော်တို့ကို မကန့်ကွက်ဘူးမလား"
အိုင်းရင်းက အခွင့်အရေးကို ဆုပ်ကိုင်လိုက်လေရာ ရုတ်တရက်ဆန်သော ဤဖွင့်ဟဝန်ခံမှုကြောင့် ရှာယန်နာ၏မျက်နှာတစ်ခုလုံး နီမြန်းသွားချေသည်။
အိုင်းရင်း ယခုပိုင်ဆိုင်ထားသမျှ အရာအားလုံးမှာ ကျန်းမုန့်လောင်၏ ကျေးဇူးကြောင့်ဖြစ်ကြောင်း သူ(မ) သေချာပေါက်သိထားသည်။ သို့သော် လူတိုင်းက ဤကဲ့သို့သော ဘုန်းကျက်သရေကို ခံစားခွင့်မရှိပေ။ ဤသည်မှာ အိုင်းရင်းတွင် လူကဲခတ်နိုင်သည့် အမြင်ရှိ၍ မဟုတ်လော။
"သေချာပေါက်မကန့်ကွက်ပါဘူး။ သေချာပေါက် မကန့်ကွက်ပါဘူးဗျာ"
တူနာလူကလည်း အမြန်တုံ့ပြန်လိုက်သည်။ သူ့အနေနှင့် ကန့်ကွက်စရာ အကြောင်းပြချက် တစ်ခုခုများ ရှိလေသလား။ ဤမျှ ချမ်းသာကြွယ်ဝသော သမက်မျိုးဆိုလျှင် အိပ်မက်ထဲမှာပင် ထိုင်ရယ်မောနေမိလိမ့်မည်။
"အရှင် သင့်တော်တယ်လို့ထင်ရင် ပြပွဲပြီးတာနဲ့ မင်္ဂလာပွဲအတွက် ပြင်ဆင်လို့ရပါပြီ"
တူနာလူကမူ အိုင်းရင်း စိတ်ပြောင်းသွားမည်ကို စိုးရိမ်နေဟန်ဖြင့် မင်္ဂလာပွဲကို ချက်ချင်းကျင်းပရန် စိတ်အားထက်သန်နေသည်။
"ရှာယန်နာ... မင်း သဘောတူရဲ့လား"
အိုင်းရင်းက ရှာယန်နာကို နက်ရှိုင်းလှသော ချစ်ခြင်းမေတ္တာမျက်ဝန်းများဖြင့် ငေးကြည့်လိုက်သည်။
ရှာယန်နာကမူ စကားပြန်မပြောဘဲ ခေါင်းသာ အသာညိတ်ပြလိုက်သည်။
သူတို့အတွက် ဤပြပွဲမှာ မူလက ဗဟုသုတ တိုးပွားစေရန်နှင့် သူတို့၏မျိုးနွယ်စုကို ကယ်တင်ပေးနိုင်မည့် အရေးပါသော ပုဂ္ဂိုလ်တစ်ဦးဦးကို တွေ့ဆုံနိုင်မည့် အခွင့်အရေးတစ်ခုမျှသာ။
ယခု အကျပ်အတည်းများအားလုံး ပြေလည်သွားပြီဖြစ်ရာ သူတို့အတွက် ဤပြပွဲက မလိုအပ်တော့ပေ။
"အစ်ကိုကျန်း... ကျွန်တော်တို့နဲ့အတူ ပြန်လိုက်ခဲ့မလား။ ကျွန်တော်တို့ရဲ့ မင်္ဂလာပွဲကို တက်ရောက်ဖို့ အစ်ကို့ကို စိတ်ရင်းအမှန်နဲ့ဖိတ်ကြားချင်ပါတယ်။"
"မင်းကို ကြည့်စမ်းပါဦး။ ဘယ်လောက်တောင် လောနေသလဲလို့"
ကျန်းမုန့်လောင်သည် အိုင်းရင်း၏ စိတ်အားထက်သန်မှုကို ခံစားမိနေပြီဖြစ်၏။
"ငါ မလိုက်တော့ဘူး။ ဒီမှာ လုပ်စရာ တခြားကိစ္စတွေ ရှိသေးတယ်။ ဒီကကိစ္စတွေ ပြီးသွားရင် မင်းတို့ဆီ အလည်လာခဲ့မယ်"
"လေးစားအပ်ပါသော စကြဝဠာဘဏ် အသုံးပြုသူ... သင့်အကောင့်ထဲကို ကြယ်ပွင့်တစ်ရာ လွှဲပြောင်းလက်ခံရရှိထားတာကြောင့် သင့်အကောင့်ကို စကြဝဠာဘဏ်မှာ ကြယ်နှစ်ပွင့်အဆင့်သို့ အဆင့်မြှင့်တင်လိုက်ပါပြီ"
ရုတ်ခြည်းပင် အိုင်းရင်းသည် စကြဝဠာဘဏ်မှ အသိပေးချက်တစ်ခုကို လက်ခံရရှိလိုက်သည်။
"ဒါက... အစ်ကိုကျန်း အစ်ကို..."
"ဒါက ငါတို့ဂြိုဟ်ရဲ့ ဓလေ့တစ်ခုပဲ။ အန်ပေါင်းလို့ ခေါ်တယ်"
ကျန်းမုန့်လောင်က ရယ်မောလိုက်သည်။
"မင်းတို့နှစ်ယောက်အတွက် ငါ့ရဲ့မင်္ဂလာလက်ဖွဲ့လို့သာ သဘောထားလိုက်"
"ဒီလက်ဆောင်က တန်ဖိုးကြီးလွန်းပါတယ်။ ကျွန်တော်..."
စကြဝဠာအင်ပါယာ အုပ်စိုးရှင်များထံမှ လာဘ်ငွေအများအပြား ရရှိခဲ့လျှင်ပင် အိုင်းရင်းတွင် စုဆောင်းငွေကြယ်တစ်ပွင့် သို့မဟုတ် နှစ်ပွင့်မျှသာ အများဆုံးရှိခဲ့သည်။ ကျန်းမုန့်လောင်က သူ့ကို တစ်ကြိမ်တည်းဖြင့် ကြယ်ပွင့်တစ်ရာလက်ဆောင်ပေးခဲ့ခြင်းမှာ သူသာမက သူ့မျိုးဆက်များပါ တစ်ခါမှမရခဲ့ဖူးသော အဖိုးတန်ဆုံး လက်ဆောင်ပင်။
"ကျန်းမုန့်လောင်ရဲ့ ညီတစ်ယောက်က ဒီလိုလက်ဆောင်မျိုးနဲ့ ထိုက်တန်ပါတယ်"
ကျန်းမုန့်လောင်က ပြောလိုက်သည်။
"မင်္ဂလာပွဲကို ခမ်းခမ်းနားနား ကျင်းပနော်။ ပြီးတော့ ရှာယန်နာ့အပေါ် နှမြောတွန့်တိုမနေနဲ့"
"စိတ်မပူပါနဲ့။ ဒီကမ္ဘာပေါ်မှာ အကောင်းဆုံး မင်္ဂလာပွဲလေးကို သူ့အတွက် ကျွန်တော် ဖန်တီးပေးမှာပါ"
...
"ပျင်းစရာကြီး... ပြပွဲ တရားဝင်စတင်ဖို့ ရက်နည်းနည်းလိုသေးတယ်။ အခု ငါ ဘယ်သွားပြီး လျှောက်လည်ရမလဲ"
ကျန်းမုန့်လောင်လည်း သလင်းကျောက်ဂြိုဟ်မှ ထွက်ခွာလာပြီး ပျင်းရိစွာဖြင့် လမ်းပတ်လျှောက်နေတော့သည်။
သူသည် ပြပွဲလမ်းညွှန်ကိုဖွင့်၍ ပြခန်းအားလုံး၏ အနေအထားကို ကြည့်လိုက်သည်။
ရုတ်ခြည်းပင် အသိပေးချက်တစ်ခုက သူ့အာရုံကို ဖမ်းစားသွားသည်။
"စကြဝဠာမြေအောက်ပြပွဲ တရားဝင် စတင်သည်နှင့် အရောင်းအဝယ်အားလုံးကို အမှောင်ဒင်္ဂါးပြားများ အသုံးပြု၍သာ ပြုလုပ်ရမည်"
"ဒီအမှောင်ဒင်္ဂါးပြားဆိုတာ ဘာလဲကွ"
ကျန်းမုန့်လောင်လည်း သူနားမလည်သည့်အရာများကို အိုင်းရင်းထံသို့ အလျင်အမြန် ဆက်သွယ်မေးမြန်းလိုက်သည်။
"အစ်ကိုကျန်း.. ကျွန်တော် အစ်ကို့ကို ပြောဖို့ မေ့သွားတယ်။ ဒီပြပွဲ တရားဝင်မစခင်လေးပဲ စကြဝဠာဘဏ်က ထုတ်ပေးတဲ့ ငွေကြေးကို အသေးစားအရောင်းအဝယ်တွေအတွက် သုံးလို့ရတာ။ ပြပွဲတရားဝင်စတာနဲ့ အမှောင်ဒင်္ဂါးပြားလို့ခေါ်တဲ့ ငွေကြေးကိုပဲ လည်ပတ်သုံးစွဲခွင့်ရှိပါတယ်။ စကြဝဠာဒင်္ဂါးပြားတွေကို စာရင်းရှင်းဖို့ အသုံးပြုလို့မရတော့ဘူး"
ယင်းကဲ့သို့သော ကိစ္စများမှာ မသင်္ကာဖွယ်ရာ ကောင်းသောကြောင့် ကျန်းမုန့်လောင်လည်း နားလည်သဘောပေါက်ဟန်ဖြင့် ခေါင်းညိတ်လိုက်သည်။ စကြဝဠာ မြေအောက်ပြပွဲကို ကျင်းပသည့် အင်အားစုများမှာ ကြီးမားကျယ်ပြန့်လှသော်လည်း စကြဝဠာမဟာမိတ်အဖွဲ့အတွက် မျက်နှာပန်းလှအောင် လုပ်ပေးရန်လည်း လိုအပ်သေးသည်။
ဤနေရာရှိ အကြီးစားအရောင်းအဝယ်များကို ဖြိုခွင်းခြင်းမရှိပါက စကြဝဠာမဟာမိတ်အဖွဲ့တွင် အာဏာမရှိသလို ဖြစ်သွားလိမ့်မည်။ သို့သော် သူတို့ဘက်က အင်အားသုံး၍ ကိုင်တွယ်မည်ဆိုပါက နှစ်ဦးနှစ်ဖက် ပျက်စီးခြင်းကိုသာ ဖြစ်ပေါ်စေပေမည်။
စကြဝဠာ၏ ငြိမ်းချမ်းမှုသည် အင်အားစုအားလုံးက ဟန်ချက်ညီအောင် ထိန်းသိမ်းရန်လိုအပ်ကြောင်း နားလည်ထားသောကြောင့် တည်ရှိနေခြင်းပင်။
"ဒါဆို ငါ အမှောင်ဒင်္ဂါးပြားတွေကို ဘယ်မှာသွားလဲရမလဲ"
"အဲ့ဒါက သိပ်လွယ်မယ်မထင်ဘူး"
အိုင်းရင်းက ပြန်ဖြေသည်။
"အမှောင်ဒင်္ဂါးပြားဆိုတာ တကယ်တော့ လည်ပတ်နေတဲ့ ငွေကြေးတစ်မျိုးပါပဲ။ ဒီမြေအောက်အဖွဲ့အစည်းကပဲ တညီတညွတ်တည်း ထုတ်ဝေတာ။ ပုံမှန်အားဖြင့်တော့ မြေအောက်အဖွဲ့အစည်းတချို့ကတစ်ဆင့် လဲလှယ်လို့ရပါတယ်။ လက်ရှိပေါက်ဈေးက စကြဝဠာဒင်္ဂါးပြားနဲ့ယှဉ်ရင် တစ်အချိုး တစ်သောင်းဝန်းကျင်မှာ ရှိတယ်။ ဒါပေမဲ့ မြေအောက်ပြပွဲ စတင်တာနဲ့ ဝယ်လိုအားက ပြောင်းလဲသွားတဲ့အတွက် စကြဝဠာဒင်္ဂါးပြားနဲ့ အမှောင်ဒင်္ဂါးပြားကို လဲလှယ်လို့မရတော့ဘူး"
ကျန်းမုန့်လောင်က ဤအချက်ကို အကြမ်းဖျင်း နားလည်လိုက်၏။ အမှောင်ဒင်္ဂါးပြားဆိုသည်မှာ ကမ္ဘာပေါ်ရှိ ဘစ်ကွိုင်ကဲ့သို့ ဘလော့ချိန်းပစ္စည်းများနှင့် ဆင်တူပုံရသည်။ အစပိုင်းတွင် တန်ဖိုးသိပ်မရှိသော်လည်း အချိန်ကျလာသည့်အခါ ငွေကြေးနှင့်ညီမျှသော အရည်အသွေးတချို့ကို ရရှိလာခြင်းပင်။
"သေစမ်း.. မင်း ငါ့ကို စောစောစီးစီး ပြောရောပေါ့။ ဒါဆို အခု ငါ့ပိုက်ဆံတွေက အသုံးမဝင်တော့ဘူးဆိုတဲ့ သဘောလား"
အိုင်းရင်းကလည်း မကျေနပ်လေဟန်ဖြင့် ချက်ချင်းဆန္ဒပြလိုက်သည်။
"အစ်ကိုမှ ကျွန်တော့်ကို မမေးခဲ့တာ။ အစ်ကိုက စကြဝဠာမြေအောက်ပြပွဲအကြောင်း သိတယ်ဆိုလို့ ဒီစည်းကမ်းတွေကိုလည်း သိပြီးသားလို့ ကျွန်တော်ထင်လိုက်တာပေါ့"
***************
***