"မင်းက ငါ့ဆိုင်ခန်းကို ဝယ်ချင်တာလား"
ဈေးသည်က ဖော်ပြ၍မရသော အပြုံးတစ်ခုကို လှစ်ဟပြလိုက်သည်။
"ဒီလိုအချက်အချာကျတဲ့နေရာကိုရဖို့ ငါ ဘယ်လောက်တောင် ကြိုးစားပမ်းစား လုခဲ့ရလဲဆိုတာ မင်းသိလား"
သူသည် အဆင့်ငါးသက်ရှိတစ်ဦးဖြစ်သော်လည်း အမှန်တကယ်တွင် စကြဝဠာအင်ပါယာအရှင်သခင် ဝယ်ယူထားသော ကျွန်တစ်ယောက်မျှသာ။ သူ့အရှင်သခင်က နဂါးငွေ့တန်းပြပွဲ တရားဝင်မစတင်ခင် ဤပစ္စည်းများကို အမှောင်ဒင်္ဂါးပြားများအဖြစ် တတ်နိုင်သလောက် ခပ်များများပြောင်းထားရန် အမိန့်ပေးခဲ့သည်။
ပြပွဲကျင်းပမည့်နေရာကို စတင်ဆောက်လုပ်ကတည်းက သူသည် အကောင်းဆုံးနေရာတွင် စခန်းချနေခဲ့ပြီး နောက်ဆုံးတွင် အချက်အချာကျသော ဤနေရာကို ရရှိရန် အခြားမျိုးနွယ်စုများရှိ လူပေါင်းများစွာနှင့် ပြင်းထန်လှသော တိုက်ပွဲများကိုပင် ဆင်နွှဲခဲ့ရသည်။ ထို့ကြောင့် ဤဆိုင်ခန်း၏တန်ဖိုးမှာ အလွန်မြင့်မားလှသည်။
"လူငယ်လေး... မင်း ဒီဆိုင်ခန်းရဲ့တန်ဖိုးကို ပေးနိုင်မှာမဟုတ်ဘူး"
တစ်စုံတစ်ယောက်က သူ့နေရာကို ကြယ်တစ်ပွင့်တန်ကြေးဖြင့် ဝယ်ယူရန် ကမ်းလှမ်းဖူးသော်လည်း သူကတော့ ငြင်းပယ်ခဲ့သည်။
ယခုတစ်ကြိမ်တွင် သူရောင်းချနေသော ပစ္စည်းများ၏ စုစုပေါင်းတန်ဖိုးမှာ ကြယ်ပွင့်၁၂၀ကျော်လွန်နေချေသည်။ ဤဆိုင်ခန်းရှိနေသရွေ့ ပစ္စည်းများ၏ ထက်ဝက်နီးပါးကိုတော့ သူ အနည်းဆုံး ရောင်းချနိုင်မည်ဖြစ်၏။ သို့သော် နေရာပြောင်းလိုက်ပါက အရောင်းစာရင်းမှာ သိသိသာသာလျော့ကျသွားနိုင်သည်။ ပေးအပ်ထားသော တာဝန်ကို မထမ်းဆောင်နိုင်ပါက သူ့အရှင်သခင်က သူ့ကို ပြင်းပြင်းထန်ထန်အပြစ်ပေးမည်ဖြစ်၏။
"မင်း ပစ္စည်းတစ်ခုခုလာဝယ်တာဆိုရင်တော့ ကြိုဆိုပါတယ်။ ဒါပေမဲ့ ပြဿနာလာရှာတာဆိုရင်တော့ ငါ့ကို ရိုင်းတယ်လို့ မပြောနဲ့နော်"
ထိုဈေးသည်က သတိပေးလိုက်သည်။
"ကျွန်တော် မဝယ်နိုင်ဘူးလို့ ခင်ဗျား ဘယ်လိုလုပ်ပြီးသိလဲ"
ကျန်းမုန့်လောင်က ပြုံးလိုက်သည်။
"ဈေးသာခေါ်လိုက်။ ကျွန်တော် ဝယ်မယ်"
"လေလုံးကတော့ တော်တော်ထွားတာပဲ"
ဈေးသည်က ပြောလိုက်၏။
"ကြယ်၁၀ပွင့်"
ကျန်းမုန့်လောင်သည် ဆိုင်ခန်းက ဘယ်လောက်တန်သည် သို့မဟုတ် ဤပစ္စည်းများအားလုံး ဘယ်လောက်တန်သည်ကို မသိသဖြင့် အသင့်အတင့်ဟုယူဆသော ဈေးနှုန်းတစ်ခုကို စမ်းသပ်ပြီး ဈေးခေါ်ကြည့်လိုက်သည်။
ဈေးသည်၏မျက်ဝန်းထောင့်စွန်းများ သိသိသာသာ တုန်လှုပ်သွားသည်။ ဤလူငယ်ကဈေးနှုန်းကို ခပ်ရဲရဲခေါ်ရဲချေသည်။ ယခင်က သူရခဲ့ဖူးသော ကမ်းလှမ်းငွေ၏ ဆယ်ဆကို တန်းပေးလာသည်။
ဤလူငယ်က သာမန်ပုံပေါက်သော်ငြား ဤမျှအထိ ချမ်းသာနေလေသလား။
ဤလူ ရောင်းချနေသည့် ဂြိုဟ်များ၏ စုစုပေါင်းတန်ဖိုးမှာ ကြယ်ဆယ်ပွင့်ကျော်ကြောင်း ကျန်းမုန့်လောင် သတိပြုမိလိုက်သည်။ ဤသည်မှာ အဆင့်ငါးမျိုးနွယ်စုတစ်ခုအတွက်မူ အလွန်များပြားလှသော ပမာဏပင်။ ထို့ကြောင့် ဤပစ္စည်းများ၏ စုစုပေါင်းတန်ဖိုးက ကြယ်ပွင့်တစ်ရာဝန်းကျင်ခန့် ရှိမည်ဟု ရဲရဲဝံ့ဝံ့ခန့်မှန်းလိုက်သည်။ ထို့ကြောင့် တန်ဖိုး၏ဆယ်ပုံတစ်ပုံ ဟူသောဈေးနှုန်းက မမြင့်သော်ငြား သေချာပေါက်တော့ မနိမ့်လှပေ။
သိထားရမည့်အချက်မှာ ကမ္ဘာပေါ်တွင် တိုက်ရိုက်ထုတ်လွှင့်ရောင်းချသူများ၏ ရောင်းအားနှင့် ကော်မရှင်များက ပစ္စည်းတန်ဖိုး၏ ၃၀ရာခိုင်နှုန်းကျော်အထိ ရှိနိုင်သည်။
သို့သော် ဈေးသည်၏ အမူအရာမှာ လုံးဝ ပြောင်းလဲသွားပုံမရသဖြင့် ကျန်းမုန့်လောင် အနည်းငယ်သံသယဖြစ်သွားသည်။
ငါပေးတဲ့ဈေးက နည်းလွန်းနေတာလား။
"ကြယ်ပွင့်၂၀"
"ဝိုး"
ဤဈေးနှုန်းက အနီးအနားရှိ ဆိုင်ရှင်များကိုပါ လှုပ်လှုပ်ရှားရှား ဖြစ်သွားစေသည်။
ရိုးရိုးသားသားပြောရလျှင် ဤဆိုင်ခန်းများမှာ တန်ဖိုးရှိသလို တန်ဖိုးလည်းမရှိပြန်ချေ။ လူအများစုကတော့ ပိုပြီး အေးအေးဆေးဆေး နေတတ်ကြသည်။ ပစ္စည်းရောင်းရလျှင် ကောင်းသည်။ မရောင်းရလည်း ကိစ္စမရှိဘူးဟူသော သဘောမျိုးပင်။
စုတ်ပြတ်နေသော ဤနေရာလေးကို ရက်နည်းနည်းလောက်သာ သုံးနိုင်မည်ဖြစ်ပြီး အဆင့်ငါးမျိုးနွယ်စုအခု၂၀စာလောက် တန်ကြေးပေးပြီး ဝယ်နေခြင်းမှာ ရယ်စရာမကောင်းပေဘူးလား။
"ကောင်လေး... ကြယ်ပွင့်နှစ်ဆယ်ဆိုရင် ငါ ရောင်းမယ်ကွာ"
နေရာကောင်းရထားသော အနီးအနားရှိ ဆိုင်ရှင်များမှာ သွေးဆောင်ဖြားယောင်းခံလိုက်ရသဖြင့် သူ့ကို လာရောက်ချဉ်းကပ်ကြသည်။
"ဆောရီးပဲ.. ကျွန်တော်က ပစ္စည်းဝယ်ရင် အကောင်းဆုံးကိုပဲ ရွေးတတ်လို့ပါ"
ကျန်းမုန့်လောင်က ပြောလိုက်သည်။
"ကြယ်ပွင့်သုံးဆယ်ဆိုရင်ရော ဘယ်လိုလဲ"
ဈေးသည်၏လက်များမှာ အနည်းငယ် တုန်ယင်နေချေပြီ။ ဤဈေးနှုန်းမှာ သူ လက်ခံနိုင်သော အနိမ့်ဆုံးစံနှုန်းကိုပင် ကျော်လွန်ပြီး ပစ္စည်းများ၏ ထက်ဝက်တန်ဖိုးနီးပါး ရှိလေသည်။ တစ်ဝက်ကို သူ့အတွက် ယူထားလိုက်ပြီး သူ့အရှင်သခင်ကို အစီရင်ခံ၍ရသေးသည်။
"ကောင်လေး... ဒါကတော့ မတန်ပါဘူးကွာ"
ဘေးနားရှိ လူတစ်ယောက်က သည်းမခံနိုင်တော့ဘဲ ဝင်ပြောလိုက်သည်။
"သူ့ပစ္စည်းတွေအားလုံးပေါင်းမှ ကြယ်ပွင့်၁၀၀ကျော်လေးပဲ ရှိတာ။ ကြယ်၁၀ပွင့် ပေးတာတောင် ငါ့အထင်တော့ များလှပြီ"
"သြော်... ကြယ်ပွင့်၁၀၀ကျော်ပဲ ရှိတာလား"
ကျန်းမုန့်လောင်သည် ပတ်ဝန်းကျင်ရှိ လူများထံမှ အချက်အလက်များကို ရရှိပြီးနောက် ချက်ချင်းပင် သက်ပြင်းချလိုက်သည်။ သူ့ခန့်မှန်းချက်က အလွန်မှန်ကန်ပုံရသည်။
"ဒီလိုလုပ်.. ခင်ဗျား အဆင်ပြေမပြေ ကျွန်တော့်ကိုပြော"
ထိုဈေးသည်က ကျန်းမုန့်လောင် ဘာပြောမည်ကို မသေချာသဖြင့် လှမ်းကြည့်လိုက်သည်။
"ခင်ဗျားဆိုင်က ပစ္စည်းတွေ ရောင်းကုန်သွားရင် ထွက်သွားဖို့ စီစဉ်ထားတယ် မဟုတ်လား။ အဲဒီကျရင် ဆိုင်ခန်းက မလိုအပ်တော့ဘူးလေ"
ကျန်းမုန့်လောင်က အကြံပြုလိုက်သည်။
"ခင်ဗျားဆိုင်က ပစ္စည်းတွေ ဘယ်လောက်ပဲတန်တန် အဲဒီတန်ကြေးရဲ့ နှစ်ဆပေးပြီး အကုန်လုံးကို ကျွန်တော်ဝယ်မယ်။ ပိုက်ဆံကိုလည်း တစ်ခါတည်းရှင်းပေးမယ်။ ပြီးရင် ခင်ဗျား ချက်ချင်းထွက်သွားလို့ရပြီ။ ဘယ်လိုလဲ"
ငါ ပိုက်ဆံတန်းရှင်းမယ်။ မင်း ချက်ချင်းထွက်သွားတဲ့လား။
ဤသည်မှာ နှစ်သောင်းပေါင်းများစွာအတွင်း သူတို့ ကြားဖူးသမျှထဲတွင် အရဲတင်းဆုံးစကားပင်။ ဤမျှမိုက်မဲလှသော လုပ်ရပ်မျိုးကို လုပ်နိုင်ရန်အတွက် ဘယ်လောက်တောင် ချမ်းသာနေရမလဲ။
ဤပစ္စည်းများ၏ ဈေးနှုန်းက အပြင်ဈေးထက် အများကြီးပိုမြင့်နေလေပြီ။ သို့တိုင် ထိုဈေးနှုန်းထက် နှစ်ဆပိုပေးပြီး ဝယ်ချင်နေသေးသည်မှာ မိုက်မဲလွန်းရာမကျပေဘူးလား။ ဤသည်မှာ အဆင့်မြင့်မျိုးနွယ်စုတစ်ခုခုက ငတုံးတစ်ယောက် သူ့အဖေ၏ ခရက်ဒစ်ကတ်ကိုယူပြီး လာကစားနေခြင်းများလား။
"မင်း တကယ်ပြောနေတာလား"
ထိုဈေးသည်မှာ တိုက်ကြီးအသစ်တစ်ခုကို ရှာတွေ့သွားသည့်အလားပင်။
"သဘောတူတယ်။ ငါ့ပစ္စည်းတွေက ကြယ်ပွင့်၁၂၀တန်တယ်။ မင်း ငါ့ကို ကြယ်ပွင့်၂၄၀ တကယ်ပေးနိုင်လို့လား"
"ငွေလွှဲလိုက်မယ်"
ကျန်းမုန့်လောင်သည် စကားအပိုမပြောတော့ဘဲ ဘဏ်စနစ်ကိုသာ ဖွင့်လိုက်သည်။
မကြာခင်မှာပင် ထိုဈေးသည်၏ ဘဏ်အကောင့်ထဲသို့ ကြယ်ပွင့်၂၄၀ ရောက်သွားချေသည်။
ဈေးသည်၏မျက်လုံးများမှာ အရောင်လက်သွားပေသည်။ အနည်းငယ်လှည့်စားလိုက်ရုံဖြင့် အမြတ်ငွေ ကြယ်ပွင့်၁၂၀ကို ရလိုက်ပြီဖြစ်၏။ သူ့လွတ်လပ်ခွင့်ကို ပြန်ဝယ်ယူနိုင်ရုံသာမက အဆင့်ငါးမျိုးနွယ်စုတစ်ခုကိုပါ ဝယ်ယူပြီး အင်ပါယာဘုရင်တစ်ပါး ဖြစ်လာနိုင်သေးသည်။
ကျန်းမုန့်လောင် စကားပြန်ရုပ်သိမ်းသွားမည်ကို စိုးရိမ်သဖြင့် သူလည်း နေရာရွှေ့ပြောင်းရေးဝင်ပေါက်ကတစ်ဆင့် အပြေးအလွှား ထွက်သွားတော့သည်။
"ဘုရားရေ... ဒီကောင်လေးမှာ ကြယ်ပွင့်၂၄၀ တကယ်ရှိနေတာလား"
"ဒီဆိုင်ခန်းကို ဈေးနှစ်ဆပေးပြီး ဝယ်တာက ဘာသဘောလဲ။ သူ အကုန်ရောင်းရရင်တောင် အရင်းပြန်ရမှာမဟုတ်ဘူး"
"သူက ဘဝအတွေ့အကြုံယူဖို့ ဒီကိုရောက်နေတာများလား"
"သူ ရူးနေတာလား။ ပိုက်ဆံကို ဒီလိုသုံးရတယ်လို့"
"ရှူး... တိုးတိုးလုပ်စမ်းပါ။ ကြယ်ပွင့်၂၄၀ကို အလွယ်တကူ သုံးနိုင်တဲ့လူဆိုတာ အနည်းဆုံးတော့ အဆင့်ငါးအဆင့်မြင့်မျိုးနွယ်စုက အရေးပါတဲ့အဖွဲ့ဝင်တစ်ယောက်ပဲ ဖြစ်ရမယ်။ မင်း သူ့ကို ဒေါသထွက်အောင် လုပ်ချင်လို့လား"
"တကယ်မိုက်မဲတာပဲ။ ဦးနှောက်ထက် ပိုက်ဆံက ပိုများနေတာကိုး"
လူတိုင်းက ကျန်းမုန့်လောင်ကို အကဲခတ်နေကြပြီး သူ့နောက်ခံအကြောင်းကိုပင် တိတ်တဆိတ် ခန့်မှန်းနေကြသည်။ အချို့ကတော့ ပြပွဲပြီးသွားသည့်အခါ တစ်ခုခုစမ်းသပ်ကြည့်ရန် စီစဉ်နေကြပြီဖြစ်၏။
...
ပတ်ဝန်းကျင်ရှိ အတင်းအဖျင်းများကို လျစ်လျူရှုထားရင်း ကျန်းမုန့်လောင်ကတော့ ဘဝအတွေ့အကြုံယူမည့် ခရီးစဉ်ကို စတင်လေတော့သည်။
အမှန်တကယ်တော့ ဤပစ္စည်းများ ဘယ်လောက်တန်သည်ကို သူ မသိပေ။ ယခုအချိန်တွင် သိုင်းလက်နက်များကို စတင်ဖန်တီး၍ မရနိုင်ပေ။ အချိန်အများကြီး ယူရမည်ဖြစ်လေရာ ဆိုင်ပေါ်ရှိ ပစ္စည်းများကလည်း အမြန်ရောင်းထွက်သွားမည့် အရာများ မဟုတ်ပေ။
ကျန်းမုန့်လောင် နေရာယူပြီးနောက် လူအများစုက ဂြိုဟ်များကို ဝယ်ယူရန် ပိုစိတ်ဝင်စားကြကြောင်း သိလိုက်ရသည်။ ဤနေရာတွင် အပြင်ကထက် ပိုမိုသက်သာသောဈေးနှုန်းဖြင့် ရောင်းချနေသည့် တစ်ခုတည်းသောအရာမှာ ဂြိုဟ်များသာ။
အဘယ်ကြောင့်ဆိုသော် အဆင့်မြင့်မျိုးနွယ်စုများမှ အရှင်သခင်များအတွက် သူတို့နာမည်ဖြင့်ရှိသော ဂြိုဟ်များမှာ အနည်းဆုံး ၁ဘီလီယံမှ စတင်လေ့ရှိရာ အနည်းငယ် ရောင်းလိုက်ရုံဖြင့် သိပ်ရင်နာစရာမရှိပေ။ အထူးသဖြင့် မြေအောက်ပြပွဲတစ်ခုလုံးတွင် အမှောင်ဒင်္ဂါးပြားများက အမာခံငွေကြေး ဖြစ်နေလေသည်။
"သာမန်အဆင့်တစ်မျိုးနွယ်စုက ဂြိုဟ်တစ်ခုကို အမှောင်ဒင်္ဂါးပြားတစ်ပြားပါ"
"ဒါကတော့ ဂြိုဟ်၆လုံးကို အမှောင်ဒင်္ဂါးပြား၅ပြားပါ"
"ဝိုး... လေးလုံးဝယ်ရင် တစ်လုံးအလကားတဲ့။ ဒီနေရာမှာ ပြိုင်ဆိုင်မှုက တော်တော်ပြင်းထန်တာပဲ"
ကျန်းမုန့်လောင် ရုတ်တရက် အကြံတစ်ခု ရလိုက်သည်။ စကြဝဠာကုန်သွယ်ရေး ဈေးကွက်တွင် နေ့စဉ်နှင့်အမျှ ယဉ်ကျေးမှုထွန်းကားသော ဂြိုဟ်အမြောက်အများကို အရောင်းအဝယ် လုပ်နေကြသည်။ သူ့အနေနှင့် ထိုနေရာရှိ ဂြိုဟ်များကို စကြဝဠာဒင်္ဂါးပြားများဖြင့် ဝယ်ယူပြီး ဤနေရာတွင် အမှောင်ဒင်္ဂါးပြားများဖြင့် ပြန်လည်ရောင်းချနိုင်သည်။
ပွဲစားများက အမြတ်ဖြတ်ယူသွားမည်ဖြစ်သော်ငြား ပွင့်ပွင့်လင်းလင်းပြောရလျှင် သူ့ကြွယ်ဝချမ်းသာမှုအရ ဤမျှနည်းပါးလှသောအရှုံးလေးက မပြောပလောက်ပေ။ လက်ရှိအချိန်တွင် သူ၏ တစ်ခုတည်းသော ရည်မှန်းချက်က အမှောင်ဒင်္ဂါးပြားများကို တတ်နိုင်သမျှ အများဆုံးစုဆောင်းရန်ပင်။
ကျန်းမုန့်လောင်လည်း စကြဝဠာကုန်သွယ်ရေးဈေးကွက်စနစ်ကို ဖွင့်လိုက်ပြီး ဂြိုဟ်အရောင်းအဝယ်ကဏ္ဍသို့ ဝင်ရောက်လိုက်သည်။
အရောင်းစာရင်းတင်ထားသော ဤဂြိုဟ်များအားလုံးကို နိုထရီလုပ်ပြီးသားဖြစ်လေရာ ဝယ်ယူလိုက်သည်နှင့် ချက်ချင်းဆိုသလို မိမိပိုင်ဆိုင်မှုဖြစ်သွားပြီး နိုထရီထပ်လုပ်ရန် မလိုအပ်တော့ပေ။
"ထောင် သန်း ဘီလီယံ..."
"ဝိုး... အများကြီးပါလား"
ကျန်းမုန့်လောင်သည် ရောင်းချရန်ရှိသော ဂြိုဟ်အများအပြားကို မြင်လိုက်ရသောအခါ တအံ့တသြရေရွတ်လိုက်သည်။
မနေ့က စကြဝဠာနေ့တစ်နေ့စာ အရောင်းအဝယ်ပမာဏမှာ ယဉ်ကျေးမှုထွန်းကားသော ဂြိုဟ်ပေါင်း၈၀ဘီလီယံအထိ ရှိခဲ့သော်ငြား ဤအရေအတွက်က လက်ရှိရောင်းချရန်ရှိသော အဆင့်တစ်မျိုးနွယ်စုဂြိုဟ်များ၏ တစ်ထောင်ပုံတစ်ပုံလောက်သာ ရှိသေးသည်။
ကျန်းမုန့်လောင်က ခမ်းနားကြီးကျယ်လေဟန် အမူအရာဖြင့် ပြောလိုက်သည်။
"ကောထန်... ဒီမျိုးနွယ်စုတွေအားလုံးကို ဝယ်လိုက်"
******************
***