လီယန်ချူ၏ ရှေ့ကတိုက်ပွဲကြောင့် ဖြစ်ပေါ်လာသော လှုပ်ခတ်မှုမှာ ကြီးမားလွန်းလှသဖြင့် ဝေမြို့အတွင်းရှိ ကျင့်ကြံသူအများအပြားကို ဆွဲဆောင်နိုင်ခဲ့လေသည်။
ကိုယ်လုံးထွားကျိုင်းလှသော ဘီလူးကြီးတစ်ဦးကို ခေါ်ဆောင်လာသည့် လူငယ်သခင်လေးများရှိသလို၊ သက်လတ်ပိုင်းအရွယ် ဖုန်းရွှေဆရာများနှင့် နန်းတွင်းဝတ်စုံ ဝတ်ဆင်ထားသည့် မိန်းမလှများ၊ ထို့ပြင် သူစိမ်းမျက်နှာသစ် အများအပြားကိုလည်း တွေ့ရသည်။
တောင်ကုန်းငယ်တစ်ခုပေါ်တွင်မူ ကိုယ်ဟန်တောင့်တင်းပြီး ထက်မြက်သော အကြည့်ရှိသည့် လူငယ်တစ်ဦး ရပ်နေသည်။
သူ၏ မျက်ဝန်းအစုံမှာ ရွှေရောင်သန်းနေပြီး အရာအားလုံးကို ထိုးဖောက်မြင်နိုင်စွမ်း ရှိပုံရသည်။
ဗလာဖြစ်နေသော ပင်ခုန်းဘုန်းကြီးမှာ တစ်ခုခုကို အာရုံခံမိလိုက်သဖြင့် ထိုလူငယ်ရှိရာ တောင်ကုန်းဘက်သို့ လှည့်ကြည့်လိုက်ရာ စိတ်ထဲတွင် လှုပ်ခတ်သွားတော့သည်။
သူပါ ဒီကို ရောက်လာတာလား
ဝဖြိုးသော ဘုန်းကြီးမှာ အတော်လေး အံ့အားသင့်သွားမိသည်။
ထိုလူငယ်မှာ တာ့ရှန်းကော် ဘုရားကျောင်းတွင် တရားကျင့်နေရမည့်သူ ဖြစ်သော်လည်း အဘယ်ကြောင့် အပြင်သို့ ရောက်နေသနည်း။
တာ့ရှန်းကော် ဘုရားကျောင်းမှ ကျဲ့ခုန်း ကိုယ်တော်မှာ ကျင့်ကြံမှုအဆင့် မြင့်မားလှပြီး ကျင်းထင်ရှန်း နတ်ဘုရားနယ်မြေတွင် ကံထူးခဲ့သူဖြစ်ရာ ချန်နိုင်ငံ မဟာယာန ဗုဒ္ဓဘာသာလောက၏ မျိုးဆက်သစ်များထဲတွင် အတောက်ပဆုံး ပါရမီရှင်တစ်ဦး ဖြစ်လာခဲ့သည်။
ထိုလူငယ်မှာ လူဝတ်ကြောင်တပည့်သာ ဖြစ်သော်လည်း မဟာယာန ဗုဒ္ဓတရားတော် ကျင့်ကြံမှုအပိုင်းတွင်မူ ကျဲ့ခုန်းကိုယ်တော် ထက်ပင် သာလွန်နိုင်ပေသည်။
ဝဖြိုးသော ဘုန်းကြီးမှာ လောကီအရေး ဂရုမစိုက်သည့် မိတ္တေယျဘုရားလောင်း ကဲ့သို့ ပြုံးလိုက်မိသည်။
ဒီတစ်ခေါက် နတ်ဘုရားနယ်မြေ ပွင့်လာခြင်းမှာ ပို၍ပင် ရှုပ်ထွေးတော့မည် ဖြစ်သည်။
ရွှေရောင်မျက်ဝန်းနှင့် လူငယ်မှာ ထိုနေရာကို ခေတ္တမျှ ကြည့်ရှုပြီးနောက် ပြန်လည် ထွက်ခွာသွားသည်။
"ချုံးချီ ( ရှေးဟောင်းသားရဲဆိုး) ရဲ့ အငွေ့အသက်လား စိတ်ဝင်စားဖို့ ကောင်းတယ် "
"ဝေမြို့ကို ရှေးဟောင်းသားရဲအရိုးတွေ ပိုင်ဆိုင်ထားတဲ့သူ ရောက်လာလိမ့်မယ်လို့ မထင်ထားခဲ့ဘူး"
သူ၏ မျက်ဝန်းများမှာ စဉ်းစားခန်း ဝင်နေပုံရသည်။
ရှေးဟောင်းအင်အားစု တစ်ခုခုက လူများ ထိုနေရာသို့ ရောက်နေခြင်းလော သူက အေးစက်စွာ ပြုံးလိုက်ရာ အကြည့်များမှာ ဓားကဲ့သို့ ထက်ရှလှသည်။
မည်သူပင် ရောက်လာပါစေ၊ ဒီတစ်ကြိမ် နတ်ဘုရားနယ်မြေ၏ ကံထူးမှုမှာ သေချာပေါက် သူ၏လက်ထဲသို့ ရောက်ရမည်သာ
ထိုအချိန်တွင် ထိုက်ဖင် တည်းခိုခန်း အတွင်း၌...
လီယန်ချူသည် လက်ဖက်ရည် သောက်နေလေသည်။
အလှပဂေး ဆိုင်ရှင်မနှင့် အပြာရောင် ချည်သားဝတ်စုံကို ဝတ်ဆင်ထားကာ နူးညံ့သိမ်မွေ့ပြီး ဆွဲဆောင်မှုရှိသော ယွန်းနျန်းတို့မှာ သူ၏ဘေးတွင် ထိုင်နေကြသည်။
သုံးယောက်သားမှာ ရယ်ရယ်မောမောနှင့် ပေါ့ပေါ့ပါးပါးပင်။
"မကြာခင် ပြဿနာတစ်ခုခု တက်တော့မယ့်ပုံပဲ၊ ယွန်းနျန်းကို ရှင့်နောက်က လိုက်ခိုင်းလိုက်ပါလား"
ဟု ဆိုင်ရှင်မက နူးညံ့စွာ ပြောသည်။
ယွန်းနျန်း က ထိုစကားကို ကြားသော် လီယန်ချူကို ခိုးကြည့်လိုက်သည် ။
လီယန်ချူက ခေတ္တစဉ်းစားပြီးနောက်
"မလိုပါဘူး၊ ယွန်းနျန်းကို ဒီမှာပဲ ကူညီဖို့ ထားခဲ့လိုက်ပါ"
ဟု ပြောလိုက်သည်။
မြောင်
လီယန်ချူ၏ ခြေရင်းတွင် ထိုင်နေသော ကျွေ့ဟွာက သူမ၏ အသံကို ထုတ်ဖော်လိုက်ရာ အမူအရာမှာ အနည်းငယ် မောက်မာနေပုံရသည်။
သို့သော် သူမသည် ထိုမိန်းမနှစ်ယောက်နှင့် စကားပြောရန် ပျင်းရိနေသည်။
လီယန်ချူကလည်း လူရှေ့တွင် ထူးထူးခြားခြား မလုပ်ရန် မှာထားသဖြင့် သူမ ငြိမ်နေခြင်းဖြစ်သည်။
ဆိုင်ရှင်မမှာ ကြောင်ဝါကို ဘဝင်မကျသည့် အကြည့်ဖြင့် ကြည့်လိုက်သည်။
"ဘာလဲ နင့်မှာ ကန့်ကွက်စရာ ရှိလို့လား "
ကြောင်ဝါလေးက သူမ၏ ခေါင်းကို ၄၅ ဒီဂရီ မော့ကာ ဆိုင်ရှင်မကို ကြည့်လိုက်သည်။
ထိုထောင့်မှကြည့်လျှင် ဆိုင်ရှင်မ၏ မျက်နှာကို အနည်းငယ်သာ မြင်ရပြီး ကြီးမားလှသော အရာတစ်ခု (ရင်အစုံ) က သူမ၏ အမြင်အာရုံကို ပိတ်ဆို့ထားလေသည်။
သူမသည် စားပွဲပေါ်သို့ ဝုန်းခနဲ ခုန်တက်လိုက်ပြီး ဆိုင်ရှင်မ ကို မကျေမနပ် ဟိန်းဟောက်လိုက်သည်။
ငါက တောင်စောင့်နတ်ဘုရားပဲ၊ သာမန်မိန်းမတစ်ယောက်ကို ကြောက်နေရမှာလား။
ကျင့်ကြံမှုအောင်မြင်ထားသော မိစ္ဆာကြီးတစ်ဦးအနေဖြင့် သူမတွင် ကိုယ်ပိုင်မာန်မာန ရှိပေသည်။
ဆိုင်ရှင်မက လက်နှစ်ဖက်ကို ခါးထောက်ကာ လှပသော ဗာဒံစေ့မျက်ဝန်းများကို ပြူးကြည့်ရင်း ကြောင်ဝါလေး၏ ခေါင်းကို လက်ခေါက်ဖြင့် တစ်ချက် ခေါက်ထည့်လိုက်သည်။
ကြောင်ဝါလေးမှာ အလွန်လျင်မြန်သူ ဖြစ်သည်။
တောင်စောင့်နတ်ဘုရားကျောင်းတွင် လီယန်ချူနှင့် တိုက်ခိုက်စဉ်က အရှိန်အဟုန်အပိုင်းတွင် သူမက လီယန်ချူကိုပင် အသာစီးရခဲ့သည် မဟုတ်ပါလား။
သို့သော် ထိုကိုယ်လုံးကိုယ်ပေါက် ပြည့်ဖြိုးလှသော ရင့်ကျက်သည့် အမျိုးသမီး၏ လက်ချောင်းကို သူမ မရှောင်နိုင်ခဲ့သည်မှာ အံ့သြစရာပင်။
ခေါင်းကို အချက်ကောင်းကောင်း ခံလိုက်ရလေပြီ
သုမ ဒေါသထွက်သွားပြီး ပုံရိပ်ယောင်တစ်ခုအဖြစ် ပြောင်းလဲကာ ပြေးဝင်သွားတော့သည်။
သို့သော် သူမ လုံးဝ မထင်မှတ်ထားသည်မှာ... ဆိုင်ရှင်မ က လက်ချောင်းဖြင့် ခပ်ဖွဖွလေး တောက်လိုက်ရုံဖြင့် သူမကို လွင့်ထွက်သွားစေခြင်းပင်။
ဆိုင်ရှင်မက ခါးထောက်ကာ ဒေါသတကြီး အော်လိုက်သည်။
"နင်က ပုန်ကန်ချင်နေတာလား ငါ့နယ်မြေထဲမှာ လာသောင်းကျန်းရဲတယ်ပေါ့လေ "
ကြောင်ဝါ မှာ ကြောင်အမ်းသွား ဒီမိန်းမက တကယ်ကို ကြမ်းတာပါလား ပြီးတော့ သူမ၏လက်ကို ဘာကြောင့် မရှောင်နိုင်ရတာလဲ ဂုဏ်သိက္ခာရှိ၊ အစွမ်းရှိ၊ နောက်ခံရှိပြီး အလွန်တော်လှသော မိစ္ဆာကြီးတစ်ဦးအနေဖြင့် ထိုကဲ့သို့ အဖြစ်မျိုးကို ကျွေ့ဟွာ ခွင့်မပြုနိုင်ချေ။
သူမ ပြန်ချရမည်
ကြောင်များ၏ လှုပ်ရှားမှုမှာ အလွန်လျင်မြန်လှရာ သာမန်လူများအတွက် ပုံရိပ်ယောင်သာ မြင်ရတတ်သော်လည်း ကျင့်ကြံမှု မြင့်မားသော မိစ္ဆာကြီးအတွက်မူ ပို၍ပင် ဆိုဖွယ်ရာ မရှိချေ။
သို့သော် မိနစ်အနည်းငယ် ကြာပြီးနောက်တွင်မူ ကျွေ့ဟွာတစ်ယောက် ဆိုင်ရှင်မ၏ ကြက်မွေးသုတ်တံဖြင့် လိုက်ရိုက်ခြင်းကို ခံရကာ တည်းခိုခန်းတစ်ခုလုံး ပတ်ပြေးနေရတော့သည်။
သူမ၏ စိတ်ထဲတွင် အလွန်အံ့သြနေမိသည်။
ဒီမိန်းမက တကယ်ကို ဘယ်လိုလူလဲ နောက်ထပ် တစ်မိနစ်ခန့် ကြာသောအခါ အရိုက်ခံရလွန်းသဖြင့် ကျွေ့ဟွာမှာ လက်လျှော့ အရှုံးပေးလိုက်ရသည်။
ဆိုင်ရှင်မ ၏ ပြည့်ဖြိုးလှသော ရင်ခွင်ထဲတွင် ချော့မြှူပွတ်သပ်ခြင်းကို ခံယူလိုက်ရမှသာ ဆိုင်ရှင်မ က ကျေနပ်သော အပြုံးဖြင့် လွှတ်ပေးလိုက်တော့သည်။
ယွန်းနျန်း ကမူ ထိုမြင်ကွင်းကို ရိုးအီနေပြီ ဖြစ်သည်။
ကျွေ့ဟွာ မှာ ထိုးထွင်းသိမြင်နိုင်စွမ်း ရှိသည့် မိစ္ဆာကြီး ဖြစ်သော်လည်း အချို့သော အရာများတွင်မူ သူမ၏ အာရုံခံနိုင်စွမ်းက ယွန်းနျန်း ကို မမီချေ။
ယွန်းနျန်း မှာ ဆိုင်ရှင်မ၏ ကြောက်မက်ဖွယ်ကောင်းမှုကို စောစောစီးစီးကတည်းက သိရှိထားပြီးသား ဖြစ်သည်။
ထိုက်ဖင် တည်းခိုခန်းမှာ ငြိမ်ငြိမ်လေး အလုပ်လုပ်နေရတာက ပိုအေးချမ်းသည် မဟုတ်ပါလား။
မူလက သူမသည် လီယန်ချူ၏ ခြေထောက်ကို ဖက်တွယ်ထားချင်ခဲ့သော်လည်း ထိုက်ဖင် တည်းခိုခန်းသို့ ရောက်လာပြီးနောက် ကမ္ဘာသစ်တစ်ခုကို ရှာဖွေတွေ့ရှိသွားသကဲ့သို့ပင်။
သူမသည် တွန့်ဆုတ်ခြင်းမရှိဘဲ ဘက်ပြောင်းလိုက်လေပြီ
လီယန်ချူက ဆိုင်ရှင်မက ကျွေ့ဟွာကို ဆုံးမနေသည်ကို ပြုံးကြည့်နေရင်း ရယ်လည်းရယ်ချင်သလို၊ ဖြစ်သင့်ဖြစ်ထိုက်သည်ဟုလည်း ယူဆမိသည်။
ဆိုင်ရှင်မတွင် အဘယ်ကြောင့် ထိုမျှ အစွမ်းထက်သော ခွန်အားများ ရှိနေသနည်းဆိုသည်ကို သူ မသိသော်လည်း၊ အန္တရာယ်များလှသော ထိုလောကကြီးတွင် မိမိ၏ ချစ်သူက မိမိကိုယ်ကိုယ် ကာကွယ်နိုင်စွမ်း ရှိနေခြင်းမှာ စိတ်အေးရစရာပင်။
အကြောင်းမှာ ထိုကမ္ဘာတွင် သရဲတစ္ဆေများနှင့် မိစ္ဆာများမှာ လူအဖြစ် ပြောင်းလဲနိုင်ကြရာ သာမန်လူသားများအပေါ် ရန်လိုမှုမှာ အလွန်ကြီးမားလှသောကြောင့် ဖြစ်သည်။
"တာအိုဆရာလေး... ဒီမှာရှိနေတာကိုး "
တံခါးဝမှ ဝမ်းသာအားရ အော်ဟစ်သံတစ်ခု ထွက်ပေါ်လာသည်။
လီယန်ချူ လှည့်ကြည့်လိုက်ရာ မြို့ပြင်တွင် သူကယ်တင်ခဲ့သော မိန်းမလှလေး ဖြစ်နေသည်ကို တွေ့ရသည်။
ရှောင်းရန်သည် အလွန်ဝမ်းသာနေပုံရပြီး သူမ၏ မျက်နှာပေါ်တွင် ပျော်ရွှင်မှုများကို ဖုံးကွယ်ထား၍ မရချေ။
ဆိုင်ရှင်မက လှမ်းကြည့်လိုက်ရာ မျက်မှောင်ကြုတ်သွားပြီး အကြည့်များက ရန်လိုလာသည်။
ထိုမိန်းမလှလေးမှာ ဖြူစင်ရိုးသားသည့် ပုံစံရှိပြီး အသားအရေမှာ နူးညံ့ကာ အထူးသဖြင့် သူမ၏ ခန္ဓာကိုယ်အချိုးအစားနှင့် မျက်နှာမှာ ကွဲပြားခြားနားလွန်းလှသည် (မျက်နှာက ကလေးလိုဖြစ်ပြီး ရင်အစုံက ကြီးမားခြင်း)။
ယောက်ျားအများစု ကြိုက်တတ်သည့် ပုံစံမျိုးပင်။
"ဒီမိန်းကလေးရဲ့ မျက်နှာက ချစ်ရေးချစ်ရာမှာ စိတ်လှုပ်ရှားနေတဲ့ပုံပဲ၊ တော်တော်လေးကို ရင်ခုန်နေပုံရတယ်"
သူမက လီယန်ချူကို အားမလိုအားမရဖြစ်စွာ တစ်ချက်ကြည့်လိုက်သည်။
ဘာလို့ ဒီလောက်တောင် ကြည့်ကောင်းနေရတာလဲ မိန်းကလေးတွေကို သိပ်ဆွဲဆောင်နိုင်လွန်းတယ်
"မင်းပါလား "
လီယန်ချူက ပြုံးလိုက်သည်။
"ဒီမှာ ပြန်တွေ့ရလိမ့်မယ်လို့ မထင်ထားဘူး၊ ကျွန်မတို့ တကယ်ကို ရေစက်ရှိတာပဲနော် မိတ်ဆွေ "
ရှောင်းရန်က ပျော်ရွှင်စွာ ရယ်မောလိုက်သည်။
တည်းခိုခန်းအတွင်းရှိ ဧည့်သည်များမှာ ရှောင်းရန် ဝင်လာသည်ကို မြင်သောအခါ မျက်လုံးများ တောက်ပသွားကြသည်။
တကယ့်ကို လှပတဲ့ မိန်းကလေးပဲ လီယန်ချူက နှုတ်ဆက်လိုက်သော်လည်း သူမကို လာထိုင်ရန် ဖိတ်ခေါ်ခြင်း မပြုခဲ့ချေ။
သို့သော် ရှောင်းရန်မှာမူ သူမ၏ ဆွဲဆောင်မှုရှိသော ခြေတံရှည်များဖြင့် လျှောက်လာကာ လီယန်ချူ၏ ဘေးတွင် ဝုန်းခနဲ ထိုင်ချလိုက်တော့သည်။
"စောစောက မိတ်ဆွေကို ကျေးဇူးတင်စကားတောင် သေချာမပြောရသေးဘူး "
လီယန်ချူက ပြုံးလျက်
"ကိစ္စမရှိပါဘူး၊ ဒါတွေက သာမန်ကိစ္စတွေပါ"
ရှောင်းရန်က နူးညံ့စွာ ရယ်မောရင်း
"မိတ်ဆွေအတွက်က သာမန်ကိစ္စ ဖြစ်နိုင်ပေမယ့် ကျမအတွက်တော့ အသက်နဲ့ရင်းရတဲ့ ကိစ္စကြီးပါ "
"ရပါတယ် ညီမလေးရဲ့... သူက တစ်နှစ်ပတ်လုံး ဘယ်နှစ်ယောက်သော မိန်းလှတွေကို ကယ်ထားမှန်းတောင် မသိဘူး၊ အသက်နဲ့လဲပြီး ချစ်ပါ့မယ်ဆိုတဲ့သူတွေလည်း တစ်ပုံကြီးပဲ၊ မင်း အဲဒါတွေကို စိတ်ထဲထားမနေပါနဲ့"
ဟု ဆိုင်ရှင်မက ကြားဖြတ်ပြောလိုက်သည်။
ရှောင်းရန် : "..."
ရှောင်းရန်က သူမ၏ ရင်ဘက်ထဲမှ ကြေးညိုတံဆိပ်ပြား တစ်ခုကို ထုတ်ယူကာ လီယန်ချူကို ပေးလိုက်သည်။
"မိတ်ဆွေရဲ့ တာအိုအတတ်က မြင့်မားလှပါတယ်၊ ဒီတံဆိပ်ပြားက မိတ်ဆွေအတွက် တစ်ခုခု အထောက်အကူ ဖြစ်လိမ့်မယ်လို့ ထင်ပါတယ်"
ဟု သူမက တိုးတိုးလေး ပြောသည်။
"ဟင်"
လီယန်ချူ မျက်မှောင်ကြုတ်သွားသည်။
ထိုတံဆိပ်ပြားတွင် ပြင်းထန်သော စွမ်းအားများ ရှိနေ၍ မဟုတ်ဘဲ၊ လင်းမိသားစု သမီးပျို၏ လက်ထဲမှ သူရရှိခဲ့သော တံဆိပ်ပြား၏ အငွေ့အသက်နှင့် ထပ်တူကျနေသောကြောင့် ဖြစ်သည်။
"ဒါက ဘာလဲ"
ဟု လီယန်ချူက မေးသည်။
"ဒီအရာထဲမှာ နတ်ဘုရားအငွေ့အသက် တွေ ပါဝင်နေပါတယ်။ မကြာခင်မှာ နတ်ဘုရားနယ်မြေ ပွင့်လာတော့မှာဆိုတော့ မိတ်ဆွေရဲ့ ကျင့်ကြံမှုအဆင့်နဲ့ဆိုရင် သေချာပေါက် သွားမှာပဲ၊ ဒီတံဆိပ်ပြား ရှိနေရင် ကြီးမားတဲ့ ကံထူးမှုတွေ ရနိုင်ပါတယ်"
ဟု ရှောင်းရန်က အေးဆေးသော လေသံဖြင့် ရှင်းပြလေသည်။
***