ကျန်းချန်က လက်မပါသေးဘဲ သူ့ကို ပေါ်တင်ဆဲဆိုနေသည့် လင်းယွမ်ကို ကြည့်ကာ မျက်နှာပေါ်မှ အပြုံးက ပို၍ပင် တောက်ပလာသည်။
လင်းယွမ်မှာ ဆဲဆိုနေရင်းမှ အသံတဖြည်းဖြည်း တိုးသွားသည်။
တစ်ဖက်လူ၏ တုံ့ပြန်ပုံအရ တစ်ခုခုကို ကြံစည်နေပြီဖြစ်ကြောင်း သူ သိလိုက်ရ၍ ဖြစ်သည်။
'ဘာဂရုစိုက်နေရမှာလဲ၊ မျက်နှာပျက်စရာ ရှိတာလည်း ပျက်ပြီးပြီ။ သူ ငါ့ကို ဘာလုပ်နိုင်မှာမို့လို့လဲ'
ဤသို့ တွေးမိသည်နှင့် လင်းယွမ်၏ ငြိမ်သက်သွားသော ဆဲသံများမှာ တစ်ဖန် ပြန်လည် ဆူညံလာပြန်သည်။
ကျန်းချန်၏ အပြုံးမှာ အနည်းငယ် တောင့်တင်းသွားရသည်။
ထိုနေရာမှ ဆဲဆိုသံများကြောင့် အနီးနားရှိ အဆင့် ၁ နှင့် အဆင့် ၂ မသေမျိုးများ၏ အာရုံစိုက်မှုကိုပါ ရရှိသွားတော့သည်။
သူတို့အားလုံးမှာ ကျန်းချန်၏ လူများဖြစ်ကြပြီး အမာခံတပည့် ကြာနီနတ်မိမယ်၏ ဘေးတွင် အလုပ်အကျွေးပြုရန် ကျန်းချန်နှင့်အတူ အစီအစဉ်ချခံထားရသူများ ဖြစ်ကြသည်။
အဆင့် ၂ မသေမျိုး တစ်ဦးသည် တာအိုပေါင်းစပ်ခြင်း အဆင့် မျှသာရှိသော လင်းယွမ်က ကျန်းချန်၏ နှာခေါင်းကို လက်ညှိုးထိုး ဆဲဆိုနေသည်ကို မြင်သောအခါ မျက်နှာထား ချက်ချင်း တင်းမာသွားပြီး လက်တစ်ဖက်ကို မြှောက်ကာ ရိုက်ချလိုက်လေတော့သည်။
သောင်းကျန်းလှသော မသေမျိုးစွမ်းအားများက လေထုကို ရိုက်ခတ်သွားပြီး အင်အားကြီးမားလှသော ဖိအားများဖြင့် လင်းယွမ်ထံသို့ အရှိန်အဟုန်ပြင်းစွာ ပြေးဝင်သွားသည်။
ယွီဝူရှီးသည် တစ်ဖက်လူက ဤမျှ လက်မြန်လိမ့်မည်ဟု မထင်မှတ်ထားပေ။
လင်းယွမ် သေဆုံးသွားပါက ကြာနီနတ်မိမယ်၏ အပြစ်တင်မှုကို ခံရမည်ကိုပင် ထိုသူက မကြောက်ပုံရချေ။
“စီနီယာကျန်း... နေပါဦး ”
ယွီဝူရှီးက အသံကုန် အော်ဟစ်တားဆီးလိုက်သည်။
ကျန်းချန်ကမူ လက်ကို နောက်ပစ်ကာ ပြုံးလျက်ပင် နှုတ်ခမ်းကို ခပ်ဖွဖွ လှုပ်ရှားလိုက်သည်
“မျိုးဆက်သစ်လေးတွေနဲ့ မကပ်တွက်ပါနဲ့...”
သူ၏ အသံမှာ ကျယ်လောင်ခြင်း မရှိသလို တကယ်တမ်း တားဆီးနေခြင်းမျိုးလည်း မဟုတ်ပေ။
ထို့ကြောင့် ထိုအဆင့် ၂ မသေမျိုး၏ တိုက်ကွက်မှာ အရှိန်အဟုန် လျော့ကျသွားခြင်း မရှိချေ။
နဂါးနက်လှေပေါ်တွင် ကြာနီနတ်မိမယ်သည် ဤမြင်ကွင်းကို မြင်လိုက်ရချိန်တွင် နဂါးနက်လှေကို နှိုးဆော်ရန် အလိုအလျောက် ပြင်လိုက်သည်။
“နေဦး... ဟိုလူ ကျင့်ကြံခြင်းကနေ ထွက်လာပြီ”
စီနီယာအစ်မကြီးက ရုတ်တရက် ပြောလိုက်သည်။
ကြာနီနတ်မိမယ်၏ စိတ်လှုပ်ရှားသွားစဉ်မှာပင် ဖန့်ချန်ရှိနေသည့် ကျင့်ကြံရေးအခန်း ပြင်ပရှိ အကာအကွယ်အစီရင်များမှာ တိတ်တဆိတ် ပျောက်ကွယ်သွားပြီး ပုံရိပ်တစ်ခု ထွက်ပေါ်လာသည်။
ထိုသူသည် မည်သည့် အမူအရာမျှ လုပ်ဆောင်သည်ဟု မထင်ရသော်လည်း လင်းယွမ် နှင့် အဆင့် ၂ မသေမျိုးတို့၏ ကြားတွင် ရုတ်တရက် ပေါ်လာလေသည်။
အဆင့် ၂ မသေမျိုး၏ တိုက်ကွက်မှာ မူလက လင်းယွမ်ကို ဦးတည်ထားသော်လည်း ယခုအခါ ဖန့်ချန်ထံသို့ တည့်တည့် တိုးဝင်သွားတော့သည်။
'အောင်မြင်သွားပြီလား'
လူတိုင်း၏ စိတ်ထဲတွင် လှုပ်ရှားသွားကြသည်။
ဖန့်ချန်၏ ကိုယ်ပေါ်မှ ထွက်ပေါ်နေသော အရှိန်အဝါများမှာ သူတို့နှင့် ထပ်တူကျနေပြီ ဖြစ်သည်။
ထိုသည်မှာ သူသည် နတ်ဆေးပင်ကို သုံးစွဲကာ အဆင့် ၁ မသေမျိုးအဖြစ်သို့ အောင်မြင်စွာ တက်လှမ်းနိုင်ခဲ့ပြီဖြစ်ကြောင်း သက်သေပင်။
ရှေးဟောင်းစကားဖြင့် ဆိုရလျှင် အတောင်ပံစုံ၍ ပျံသန်းနိုင်ပြီ ဖြစ်ကာ သာမန်ကျင့်ကြံသူ မဟုတ်တော့ဘဲ မသေမျိုး လူသားတစ်ဦး ဖြစ်လာပြီ ဖြစ်သည်။
လျှပ်တစ်ပြက်အတွင်းမှာပင် ထိုအဆင့် ၂ မသေမျိုးသည် သူ၏ တိုက်ကွက်ကို ပြန်လည် ရုပ်သိမ်းနိုင်သော်လည်း ကျန်းချန်ကို တစ်ချက်လှမ်းကြည့်လိုက်ရာ ကျန်းချန်က ဘာမှမလုပ်ဘဲ ငြိမ်နေသည်ကို မြင်လိုက်ရသဖြင့် သူ၏ စိတ်ထဲတွင် သဘောပေါက်သွားတော့သည်။
သူသည် တိုက်ကွက်ကို မရုပ်သိမ်းသည့်အပြင် ပို၍ပင် ပြင်းထန်အောင် အရှိန်မြှင့်လိုက်လေတော့သည်။
'ဘာကို သုံးရမလဲ...'
'နတ်ရိုက်နှက်တံ ပဲ သုံးလိုက်တော့မယ်...'
ဖန့်ချန်က ဝတ်စုံလက်ကို ဝှေ့ယမ်းလိုက်သည်။
ခဏချင်းမှာပင် ထက်မြက်လှသော ကြိမ်လုံးချက်တစ်ခုက အဆင့် ၂ မသေမျိုး၏ တိုက်ကွက်ကို ရိုက်ခွဲပစ်လိုက်ပြီး ထိုသူ၏ ကိုယ်ပေါ်သို့ ကျရောက်သွားသည်။
ဖြောင်း
ကျယ်လောင်လှသော ရိုက်ချက်အသံကြောင့် နားစည်များပင် ယားယံသွားရသည်။
မျက်စိတစ်မှိတ်အတွင်းမှာပင် ထိုအဆင့် ၂ မသေမျိုး၏ မသေမျိုးဝတ်စုံမှာ ပြာအဖြစ်သို့ ပြောင်းလဲသွားပြီး အဝတ်မဲ့ လျက်ပင် ထိုနေရာ၌ တောင့်တောင့်ကြီး ရပ်နေရတော့သည်။
သူ၏ မျက်ဝန်းထဲတွင် ဇဝေဇဝါဖြစ်မှုနှင့် ကြောင်အမ်းအမ်း ဖြစ်မှုတို့သာ ကျန်ရစ်တော့သည်။
ဒါ့အပြင် သူ၏ ခန္ဓာကိုယ်ပေါ်တွင် အခြား ဒဏ်ရာဒဏ်ချက်များလည်း မရှိပေ။
ထိုကြိမ်လုံးချက်မှာ သူ၏ ကိုယ်ပေါ်တွင် နီမြန်းသော အမှတ်အသားလေး တစ်ခုတောင် ကျန်ရစ်အောင် မလုပ်ခဲ့ပေ။
အရာအားလုံးမှာ အလွန်ပင် မြန်ဆန်လွန်းလှသဖြင့် ယွီဝူရှီး နှင့် လင်းယွမ် တို့ကဲ့သို့ တက်လှမ်းခြင်းအဆင့်များမှာ မမှီနိုင်တော့ချေ။
သူတို့ မြင်လိုက်ရသည်မှာ သူတို့၏ ရှေ့တွင် လှုပ်ရှားမှုတစ်ခု ဖြစ်သွားပြီး ကိစ္စများမှာ ပြီးဆုံးသွားခြင်းပင် ဖြစ်သည်။
သတိပြန်ဝင်လာချိန်တွင်မူ ဖြူဖွေးနေသောတင်းပါးနှင့် အဆင့် ၂ မသေမျိုး၏ ဗလာကျင်းနေသည့် ခန္ဓာကိုယ်ကိုသာ မြင်လိုက်ရတော့သည်။
“ခေါင်းဆောင် ”
လင်းယွမ်က စမ်းတဝါဝါဖြင့် ခေါ်လိုက်သည်။
“မင်းကလည်းကွာ... စီနီယာကျန်းက အဆင့် ၃ မသေမျိုးလေ၊ လူပုံအလယ်မှာ ဒီလို ဆဲဆိုနေတော့ သူ ဘယ်လို လုပ် မျက်နှာသာရတော့မှာလဲ။ တော်သေးတာပေါ့ ဒီစီနီယာ အဆင့် ၂ မသေမျိုးက လူမှုရေး နားလည်လို့၊ အသေမသတ်ဘဲ လက်လွှတ်ပေးလိုက်လို့”
ဖန့်ချန်က ရယ်မောလျက် ဆူပူလိုက်ပြီး
“စီနီယာကျန်းကို အမြန် တောင်းပန်လိုက်စမ်းပါ၊ ဒါဆိုရင် ဒီကိစ္စက ပြီးသွားမှာပဲ”
လင်းယွမ် သတိပြန်ဝင်လာပြီး မျက်နှာတွင် စိတ်လှုပ်ရှားသော အပြုံးတစ်ခု ပေါ်လာကာ ကျန်းချန်ကို လက်အုပ်ချီ၍
“စီနီယာကျန်းက သဘောထားကြီးပါတယ်၊ ကျနော့်ရဲ့ အခုနက စကားအမှားတွေကို စိတ်ထဲ ထားမှာ မဟုတ်ပါဘူးနော် ”
ကျန်းချန် ဘာမှ ပြန်မပြောနိုင်ချေ။
သူသည် ထိုအဆင့် ၂ မသေမျိုးကို တစ်ချက်ကြည့်လိုက်၊ ဖန့်ချန်ကို တစ်ချက်ကြည့်လိုက်နှင့် သူ၏ မျက်ဝန်းအတွင်း၌ ရက်စက်သော အရိပ်အယောင်တစ်ခု ဖြတ်ပြေးသွားသည်။
'ဒီလူက အဆင့် ၁ မသေမျိုး ဖြစ်ကာစပဲ ရှိသေးတာ... တိုက်ကွက်ရဲ့ အရှိန်အဝါက အဆင့် ၂ နဲ့တောင် ယှဉ်နိုင်နေပြီလား '
'သတင်းတွေက တကယ်ပဲ မမှားဘူး၊ သူ ဝူရှန့်ငရဲမှာတုန်းက နန်မင်ရှောက်ကျဲ ကို အနိုင်ယူခဲ့တယ်ဆိုတာပဲ။ အဲဒီလူရဲ့ စစ်ဆေးပွဲရမှတ်က ရွှေရောင်ကျောက်ပြားလေ...'
ယခုအချိန်တွင် ထိုအဆင့် ၂ မသေမျိုးလည်း သတိဝင်လာပြီး ရှက်ဒေါသ ထွက်သွားရသည်။
သူသည် ဝတ်စုံအသစ်တစ်ခုကို ချက်ချင်း လဲလှယ်ဝတ်ဆင်လိုက်ပြီး ထပ်မံ တိုက်ခိုက်ရန် ပြင်လိုက်စဉ်မှာပင် ကောင်းကင်ယံမှ နဂါးနက်လှေကြီး တစ်စင်း ဖြည်းညှင်းစွာ ဆင်းသက်လာသည်ကို မြင်လိုက်ရသည်။
“ဒါက...”
လူတိုင်း နဂါးနက်လှေပေါ်မှ ပုံရိပ်များကို မြင်လိုက်ရချိန်တွင် ထိတ်လန့်သွားကြပြီး ခေါင်းငုံ့ကာ အရိုအသေ ပေးလိုက်ကြသည်။
ဘယ်သူမှ စကားတစ်ခွန်းတောင် မဟရဲတော့ချေ။
ဤနဂါးနက်လှေမှာ ကျွယ်မင်နန်းတော်၏ စီနီယာအစ်မကြီး ပိုင်ဆိုင်ခြင်းဖြစ်ပြီး ယခုအခါ ကြာနီနတ်မိမယ်ပါ အပေါ်တွင် ရှိနေသည်။
ကျန်းချန်သည် မိမိ၏ အခုနက လုပ်ရပ်များကို ထိုပုဂ္ဂိုလ်နှစ်ဦး မြင်သွားမလားဟု စိုးရိမ်စိတ်ဖြင့် ရင်တထိတ်ထိတ် ဖြစ်နေရသည်။
“အဆင့် ၁ မသေမျိုး ဖြစ်ကာစမှာတင် မသေမျိုးစွမ်းအားကို ထိန်းချုပ်တာက အတော်လေးကို ကျွမ်းကျင်နေပြီပဲ။ အရင်တုန်းက မင်းရဲ့ စစ်ဆေးပွဲရမှတ်က ကြေးညိုရောင် မဖြစ်သင့်ဘူး၊ အနည်းဆုံးတော့ ရွှေရောင်ကျောက်ပြား ထဲက ထိပ်တန်းစာရင်းဝင် ဖြစ်သင့်တာ”
စီနီယာအစ်မကြီးသည် နဂါးနက်လှေပေါ်တွင် ရပ်နေရင်း ဖန့်ချန်ကို ပြုံး၍ ကြည့်ကာ
“စစ်ဆေးပွဲရမှတ်က သာမန်ပဲရှိပေမဲ့ နောက်ပိုင်းမှ ပါရမီတွေ ပွင့်လာတဲ့သူတွေကို ငါ အများကြီး တွေ့ဖူးပါတယ်။ တကယ်တော့ မင်းအနေနဲ့ စစ်ဆေးပွဲရမှတ် အရမ်းကောင်းနေရင် ကျွယ်မင်နန်းတော်က တစ်ခုခု လုပ်လိမ့်မယ်လို့ စိုးရိမ်စရာ မလိုပါဘူး။ ခရမ်းရောင်ကျောက်ပြား ရခဲ့ရင်တောင် အကောင်းဆုံးရလဒ်က အမာခံတပည့် ဖြစ်လာမှာပဲလေ”
စီနီယာအစ်မကြီး၏ စကားများထဲတွင် တစ်စုံတစ်ခု ပါဝင်နေသည်ကို ရိပ်မိသဖြင့် ဖန့်ချန်က လက်အုပ်ချီကာ
“ကျနော် စစ်ဆေးပွဲတုန်းက အစွမ်းကို ဖုံးကွယ်မထားခဲ့ပါဘူး။ ကြေးညိုရောင် ရမှတ်ရဖို့တောင် တော်တော်လေး ကြိုးစားခဲ့ရတာပါ”
“ဖုံးကွယ်မထားခဲ့ရင်တော့ အကောင်းဆုံးပေါ့။ အကယ်လို့ ဖုံးကွယ်ထားခဲ့ရင်တော့ မင်းမှာ မရိုးသားတဲ့ စိတ်ရှိတယ်လို့ ပြောလို့ရတယ်။ ဒါပေမဲ့ အဲဒီလို ဖြစ်နိုင်ခြေက မရှိသလောက်ပါပဲ၊ ဒုတိယ ဖြစ်နိုင်ခြေ တစ်ခုပဲ ရှိတယ်၊ အဲဒါက မင်း ဉာဏ်မပြေးတာပဲ”
စီနီယာအစ်မကြီးက ရယ်မောလိုက်ပြီးနောက် ဖန့်ချန်ကို ဘာမှ ပြန်ပြောခွင့်မပေးဘဲ အကြည့်ကို ကျန်းချန်ထံသို့ လွှဲလိုက်ကာ အေးစက်စွာ ဆိုသည်
“ကျန်းချန်”
“ရှိပါတယ် ”
ကျန်းချန်က ချက်ချင်းပင် ထူးလိုက်သည်။
အမူအရာမှာ အလွန်ပင် ရိုကျိုးနေသော်လည်း မျက်ဝန်းထဲတွင်မူ ပျာယာခတ်နေမှုအချို့ ပါဝင်နေသည်။
“မင်း ခုနက ဖန့်ချန် အဆင့် ၁ မသေမျိုး ဖြစ်ဖို့ ကြိုးစားနေတာကို ဖျက်ဆီးဖို့ ကြံစည်ခဲ့တာကို ဝန်ခံသလား ”
စီနီယာအစ်မကြီးက မေးလိုက်သည်။
“ဘာ ”
အနီးနားရှိ အဆင့် ၁ နှင့် အဆင့် ၂ မသေမျိုးများမှာ တုန်လှုပ်ချောက်ချားသွားကြပြီး ခေါင်းကို ပို၍ ငုံ့လိုက်ကြသည်။
အကယ်၍ ကျန်းချန်က ထိုသို့ တကယ်လုပ်ခဲ့ပြီး စီနီယာအစ်မကြီးက မြင်သွားသည်ဆိုပါက နောက်ဆက်တွဲ ရလဒ်မှာ အလွန်ပင် ဆိုးရွားပေလိမ့်မည်။
ကျန်းချန်၏ ရင်ထဲတွင် တုန်လှုပ်သွားရသည်။
သူသည် အကြောင်းပြချက်အချို့ ပေးရန် ကြံစည်သော်လည်း နောက်ဆုံးတွင်မူ စိတ်ဓာတ်ကျစွာဖြင့် ခေါင်းညိတ်လိုက်ရသည်
“ကျနော် မှားသွားပါတယ်”
“တကယ်ပဲ အရှက်မရှိတာပဲ။ အဆင့် ၃ မသေမျိုး ဖြစ်ပြီးတော့မှ နောက်မျိုးဆက်ကို ဒီလို အောက်တန်းကျတဲ့ လုပ်ရပ်မျိုး လုပ်ရတယ်လို့။ မင်းသာ ကျွယ်မင်နန်းတော်ရဲ့ အမာခံတပည့် ဖြစ်သွားရင် နေရာတကာ နှိပ်ကွပ်နေတော့မှာပေါ့။ နောက်ဆိုရင် ပါရမီရှင်တွေ ဘယ်မှာ အဆင့်တက်နိုင်တော့မှာလဲ ”
လင်းယွမ်က အေးစက်စွာ ပြောလိုက်သည်။
ကြာနီနတ်မိမယ်က သူ့ကို တစ်ချက် စိုက်ကြည့်လိုက်ရာ လင်းယွမ်မှာ ချက်ချင်းပင် ပါးစပ်ပိတ်သွားရသည်။
“ဒီကိစ္စကို ကျန်းအကြီးအကဲ သိသွားပြီ။ မင်း သူ့ကိုပဲ ကိုယ်တိုင် သွားပြောတော့”
စီနီယာအစ်မကြီးက ပြုံး၍ ဆိုသည်။
ကျန်းချန်၏ မျက်နှာထား ချက်ချင်း ပျက်သွားသည်။
နောက်တစ်စက္ကန့်မှာပင် ခန္ဓာကိုယ် သေးသေးညှပ်ညှပ်နှင့် ဆိတ်မုတ် နဲ့ အဘိုးအိုတစ်ဦး နဂါးနက်လှေပေါ်တွင် ပေါ်လာတော့သည်။
စီနီယာအစ်မကြီး နှင့် ကြာနီနတ်မိမယ် အပါအဝင် အမာခံတပည့် နှစ်ဦးနှင့် အခြားသော သူများအားလုံး ထိုအဘိုးအို ပေါ်လာသည်ကို မြင်လိုက်ရချိန်တွင် ပြိုင်တူ အရိုအသေ ပေးလိုက်ကြသည်
“ကျန်းအကြီးအကဲကို ဂါရဝပြုပါတယ်”
ဆိတ်မုတ်နှင့် အဘိုးအို၏ မျက်နှာမှာ အလွန်ပင် အုံ့မှိုင်းနေသည်။
သူသည် စီနီယာအစ်မကြီးတို့ နှစ်ဦးကို ခေါင်းညိတ်ပြလိုက်ကာ
“ဖြစ်ပျက်သမျှကို ငါ အကုန်မြင်လိုက်တယ်။ ဒီကိစ္စကို ငါ ကိုယ်တိုင် ဖြေရှင်းပေးမယ်၊ မင်းတို့ နှစ်ယောက် ကျေနပ်စေရမယ်”
ပြောပြီးနောက် သူသည် ကျန်းချန်ကို ကြည့်ကာ အေးစက်စွာ ဆိုသည်
“ကျန်းချန်... မင်း အပြစ်ကို ဝန်ခံသလား ”
ကျန်းချန်မှာ တစ်ကိုယ်လုံး အားအင်ကုန်ခမ်းသွားသကဲ့သို့ ဗြုန်း ဆိုကာ မြေပြင်ပေါ်သို့ ဒူးထောက်ကျသွားတော့သည်
“ကျန်းချန်... အပြစ်ရှိကြောင်း ဝန်ခံပါတယ်...”
***