“မင်းရဲ့ ဂုဏ်ထူးမှတ်တွေထဲက ငါးရာကို ထုတ်ပြီး သူ့ကို ပေးလိုက်”
ကျန်းအကြီးကဲ က ဖန့်ချန်ကို လက်ညှိုးညွှန်ပြရင်း အမိန့်ပေးလိုက်သည်။
ကျန်းချန်မှာ ထိတ်လန့်တုန်လှုပ်သွားရသည်။
ဂုဏ်ထူးမှတ် ငါးရာကို ထုတ်ပေးရမည်တဲ့လား။
ဤသည်မှာ သူ နှစ်ပေါင်းရာနှင့်ချီ၍ ပင်ပန်းဆင်းရဲစွာ စုဆောင်းခဲ့ရသမျှကို အလဟဿ ဖြုန်းတီးပစ်လိုက်ရခြင်းပင်
ကျန်းအကြီးကဲ ကမူ ကျန်းချန်ကို တည်ငြိမ်စွာ စိုက်ကြည့်နေပြီး ဘာမှထပ်မပြောတော့ဘဲ မြေးဖြစ်သူကိုယ်တိုင် ဆုံးဖြတ်ချက်ချလာမည့်အချိန်ကို စောင့်နေပုံရသည်။
စက္ကန့်အနည်းငယ် ကြာပြီးနောက် ကျန်းချန်သည် ခါးသီးစွာ ပြုံးလိုက်ပြီး ဖန့်ချန်၏ ရှေ့သို့ လျှောက်လှမ်းလာခဲ့သည်
“ဖန့်မိတ်ဆွေ... မင်းရဲ့ ကျောက်ပြားကို ခဏလောက် ငှားပေးပါဦး”
“မင်း ချက်ချင်း သဘောမတူနိုင်ဘူးဆိုကတည်းက အခြေအနေကို မင်း သေချာမမြင်နိုင်သေးဘူးဆိုတာ သိသာတယ်။ အဆင့် ၃ မသေမျိုး တစ်ယောက်ဖြစ်ပြီးတော့မှ ဒီလောက်အခြေအနေကိုတောင် ခွဲခြားမသိမြင်နိုင်ဘူး၊ ချက်ချင်း ဆုံးဖြတ်ချက် မချနိုင်ဘူးဆိုရင်... ဒီနှစ်တွေအတွင်း ကျွယ်မင်နန်းတော်က မင်းကို ပျိုးထောင်ပေးခဲ့တာတွေဟာ အလဟဿ ဖြစ်သွားပြီလို့ပဲ ဆိုရမှာပေါ့”
ကျန်းအကြီးကဲ က သက်ပြင်းသဲ့သဲ့ ချလိုက်ရင်း
“အပြစ်ပေးတဲ့အနေနဲ့ ဂုဏ်ထူးမှတ် နှစ်ရာ ထပ်ပေါင်းပေးလိုက်ဦး”
ကျန်းချန်၏ စိတ်ထဲတွင် ဗရပွ ဖြစ်သွားရသော်လည်း ဤတစ်ကြိမ်တွင်မူ သူ အနည်းငယ်မျှပင် တွန့်ဆုတ်ခြင်း မပြုရဲတော့ပေ။
ဖန့်ချန်၏ ကျောက်ပြားကို လှမ်းယူကာ ဂုဏ်ထူးမှတ် ခုနစ်ရာကို ချက်ချင်း ထည့်သွင်းပေးလိုက်တော့သည်။
ဖန့်ချန်၏ ကြေးညိုရောင် ကျောက်ပြားပေါ်တွင် အလင်းတန်းတစ်ခု ဖြတ်ပြေးသွားပြီး ဝှက်ထားသော ဂဏန်းများမှာ တဖြည်းဖြည်း မှိန်ဖျော့၍ ပျောက်ကွယ်သွားသည်။
မူလက ကျောက်ပြားထဲတွင် ဂုဏ်ထူးမှတ် ၄၈၀ ရှိခဲ့သော်လည်း အဆင့် ၁ လူသားမသေမျိုး နတ်ဆေးပင်နှင့် လဲလှယ်ပြီးနောက် ၁၅၀ သာ ကျန်တော့သည်။
ယခု ကျန်းချန်ထံမှ ခုနစ်ရာ ထပ်ရလိုက်သဖြင့် စုစုပေါင်း ၈၅၀ ဖြစ်သွားလေပြီ။
ထိုမျှများပြားသော ဂုဏ်ထူးမှတ်ပမာဏမှာ အမာခံတပည့်များပင် စိတ်လှုပ်ရှားသွားနိုင်ပြီး စုဆောင်းရန် နှစ်ပေါင်းများစွာ အချိန်ပေးရမည့် ပမာဏမျိုးဖြစ်သည်။
ကျွယ်မင်နန်းတော်တွင် နှစ်ရှည်လများ အတွေ့အကြုံရှိပြီး အမာခံတပည့် စစ်ဆေးပွဲဝင်ရန် ဂုဏ်ထူးမှတ် စုဆောင်းနေသူများ သို့မဟုတ် ကျန်းချန်ကဲ့သို့ နောက်ခံတောင့်တင်းသူများသာလျှင် အပြင်စည်းကျင့်ကြံသူအဆင့်ဖြင့် ဤမျှ ကြွယ်ဝနိုင်ကြခြင်း ဖြစ်သည်။
ကျန်းချန်မှာ ရင်ထဲတွင် နာကျင်နေမိသည်။
ဂုဏ်ထူးမှတ် ခုနစ်ရာ ဆုံးရှုံးသွားခြင်းမှာ သူ အမာခံတပည့် စစ်ဆေးပွဲ ဝင်ရောက်ခွင့် လျှောက်ထားနိုင်မည့် ရက်မှာ အလှမ်းဝေးသွားပြီဟု ဆိုလိုခြင်းပင်။
လင်းယွမ်တို့ နှစ်ဦးမှာလည်း စိတ်ထဲတွင် ရင်သပ်ရှုမော ဖြစ်နေကြသည်။
ကျွယ်မင်နန်းတော်၏ အကြီးကဲ တစ်ဦးမှာ ဤမျှ တရားမျှတပြီး မိမိ၏ ဆွေမျိုးရင်းချာကိုပင် မညှာမတာ အပြစ်ပေးလိမ့်မည်ဟု မထင်မှတ်ထားခဲ့ပေ။
ကျန်းချန်က သူ၏ အမျိုးအနွယ် ဖြစ်သော်လည်း လက်တစ်ချက် ဝှေ့ယမ်းရုံဖြင့် ကိစ္စကို အဆုံးသတ်ရန် ဂုဏ်ထူးမှတ် ခုနစ်ရာကို ပေးဆောင်စေခဲ့သည်။
ထိုပမာဏမှာ အဆင့် ၁ နတ်ဆေးပင် နှစ်ပင်နီးပါးနှင့် ညီမျှနေသည် မဟုတ်ပါလား။
“ဒီစီရင်ချက်ကို မင်းတို့နှစ်ယောက် ကျေနပ်ကြရဲ့လား ”
ကျန်းအကြီးကဲ က စီနီယာအစ်မကြီးနှင့် ကြာနီနတ်မိမယ်တို့ကို လှမ်းမေးလိုက်သည်။
စီနီယာအစ်မကြီးက ဘာမှပြန်မပြောဘဲ ကြာနီနတ်မိမယ်ကိုသာ ကြည့်လိုက်သည်။
ကြာနီနတ်မိမယ်က ခဏမျှ စဉ်းစားပြီးနောက်
“စီနီယာကျန်းက ကျမရဲ့ နယ်မြေသစ် ရှာဖွေရေးအဖွဲ့ မှာ တာဝန်ထမ်းဆောင်ဖို့ မသင့်တော်တော့ဘူးလို့ ထင်ပါတယ်။ ကျန်းအကြီးကဲ အနေနဲ့ သူ့အတွက် တခြားနေရာတစ်ခု စီစဉ်ပေးဖို့ မျှော်လင့်ပါတယ်”
ကျန်းချန်သည် ကြာနီနတ်မိမယ်က ဤမျှအထိ ရက်စက်လိမ့်မည်ဟု မထင်မှတ်ထားခဲ့ပေ။
ဆယ်စုနှစ်တစ်ခုကျော် သံယောဇဉ်ရှိခဲ့သည့်တိုင်အောင် ယခုကဲ့သို့ ကိစ္စမျိုးကြောင့်နှင့် သူ့ကို မောင်းထုတ်ရန် ပြင်ရသလား အခုမှ အဆင့် ၁ တက်လာခါစ ကောင်လေးတစ်ယောက်အတွက်နဲ့လား
သူ၏ မျက်နှာတွင် ထူးခြားသော အရိပ်အယောင် မပြသော်လည်း မျက်ဝန်းအိမ် အနက်ရှိုင်းဆုံးတွင်မူ ရက်စက်ကြမ်းကြုတ်သော အအေးဓာတ်တစ်ခု ဖြတ်ပြေးသွားသည်။
ဖန့်ချန်မှာမူ ထိုလူသည် ကြာနီနတ်မိမယ်နှင့် မတူဘဲ အတိတ်ဘဝ အမှတ်ရချက်များ မရှိကြောင်း အတပ်ပြောနိုင်သည်။
“ကောင်းပြီလေ”
ကျန်းအကြီးကဲ က ခပ်ဖွဖွ ခေါင်းညိတ်ပြလိုက်ပြီးနောက် ကျန်းချန်ကို ကြည့်ကာ
“ကြားတယ်မဟုတ်လား သိမ်းဆည်းစရာရှိတာ သိမ်းပြီး ကိုယ့်ဘာသာကိုယ် ထွက်သွားတော့”
“ဟုတ်ကဲ့ပါ”
ကျန်းချန်က လက်အုပ်ချီကာ အသံတိုးတိုးဖြင့် ဆိုသည်။
“ထွေထွေထူးထူး မရှိရင်တော့ ငါ သွားတော့မယ်”
ကျန်းအကြီးကဲ က စီနီယာအစ်မကြီးကို ပြုံးပြလိုက်ရာ သူ၏ ပုံရိပ်မှာ အိပ်မက်ဆန်သော ရေပူဖောင်းလေးများအလား ပျောက်ကွယ်သွားတော့သည်။
တစ်ဖက်လူ၏ ကိုယ်ပွားစစ်စစ်မှာ လာရောက်ခြင်း မဟုတ်ဘဲ လူအများရှေ့တွင် ပုံဖော်ပြသနိုင်သော စိတ်ဝိညာဉ်အသိ တစ်ခုသာ ဖြစ်ကြောင်း သိသာလှသည်။
ချင်းမင်ဟင်းလင်ပြင်အတွင်း နဂါးနက်လှေကြီးတစ်စင်းသည် လင်းကွေ့ကြယ်တာရာဆီသို့ အရှိန်အဟုန်ပြင်းစွာ ခရီးနှင်နေသည်။
မုံ့ချင်းလင် နှင့် အခြားသူများမှာ ဖန့်ချန်၏ ဘေးတွင် ရပ်နေရင်း တိတ်ဆိတ်ငြိမ်သက်ပြီး အဆုံးမဲ့လှသော ဟင်းလင်းပြင်ကြီးကို ကြည့်ကာ စိတ်လှုပ်ရှားနေကြသည်။
“ကျမတို့ လင်းကွေ့ကြယ်တာရာကနေ ထွက်လာခဲ့တာ ဒီလောက်တောင် နှစ်တွေ ကြာသွားလိမ့်မယ်လို့ မထင်ထားဘူး။ ကျင့်ကြံရေး သက်တမ်းဆိုတာ တကယ်ပဲ တွက်ချက်လို့ မရဘူးနော်၊ မသိမသာနဲ့တင် ကုန်ဆုံးသွားတာပဲ”
လင်းယွမ်ကလည်း အမှတ်တရများကို သတိရဟန်ဖြင့်
“ဒီတစ်ခေါက် ပြန်ရောက်ရင်တော့ လူတချို့ကို သွားတွေ့ရမယ်။ သူတို့တွေ အခုချိန်မှာ ငါ့ကို ကြောက်ပြီး တုန်နေကြလောက်ပြီ ထင်တယ်”
“ငါတို့ လွတ်လွတ်လပ်လပ် သွားလာနိုင်ပါ့မလား မသေချာဘူးနော်”
မုံ့ချင်းလင်က လင်းယွမ်ကို တစ်ချက်ကြည့်ကာ တည်ငြိမ်စွာ ဆိုသည်
“မင်း အိမ်ပြန်ပြီး ဂုဏ်ယူပြချင်တာကတော့ ရပေမဲ့ အဲဒီက ရန်ကြွေးတွေကို လိုက်ရှင်းဖို့ဆိုရင်တော့ အချိန်လောက်မှာ မဟုတ်ဘူး”
“အခြေအနေ ကြည့်ရမှာပေါ့၊ အချိန်လောက်မလောက်ကတော့ နောက်မှပေါ့”
လင်းယွမ်က ရယ်မောလိုက်သည်။
သူသည် ဖန့်ချန်ကို စူးစမ်းလိုသော မျက်လုံးများဖြင့် ကြည့်ကာ
“ခေါင်းဆောင်... အဆင့် ၁ လူသားမသေမျိုးအဖြစ် အဆင့်တက်ရတာ ဘယ်လို ခံစားရလဲ ကျနော် ကြားဖူးတာတော့ လူသားမသေမျိုးတွေက လောကီအာရုံ ငါးပါး ပိုပြင်းထန်တယ်ဆိုပဲ။ ခေါင်းဆောင်ရော ဘယ်တော့လောက် အိမ်ထောင်ပြုပြီး မျိုးဆက်ပြန့်ပွားအောင် လုပ်ဖို့ စိတ်ကူးထားလဲ ”
“နင် ဘာတွေ လျှောက်မေးနေတာလဲ”
မုံ့ချောင်လင်က ချက်ချင်းပင် ဟန့်တားလိုက်သည်
“ဘယ်သူက လူသားမသေမျိုးဆိုတိုင်း မျိုးဆက်ပြန့်ပွားအောင် လုပ်ရမယ်လို့ ပြောလို့လဲ။ နင် က တာအိုပေါင်းစပ်ခြင်းအဆင့်လေးနဲ့ လူသားမသေမျိုး အဆင့်ကို လျှောက်ပြီး မတွေးနဲ့စမ်းပါနဲ့”
“ငါက တအိုပေါင်းစပ်ခြင်းအဆင့်ဆိုပေမဲ့ မကြာခင်မှာ တက်လှမ်းခြင်းအဆင့် ကို ရောက်တော့မှာပါ။ ငါ့ရဲ့ ဂုဏ်ထူးမှတ်တွေကလည်း အဆင့် ၁ နတ်ဆေးပင်နဲ့ လဲဖို့ လောက်နေပြီ။ ငါ စဉ်းစားထားတာကတော့ ခေါင်းဆောင်က လူသားမသေမျိုးလမ်းစဉ်ကို ရွေးမှတော့ ငါလည်းပဲ...”
“မင်းက ကူမသေမျိုး လမ်းစဉ်ကိုပဲ သွားသင့်တာ။ မင်းက မူလကတည်းက ကူမသေမျိုးဂိုဏ်း ရဲ့ တပည့်ပဲဥစ္စာ၊ လူသားမသေမျိုးလမ်းစဉ်ကို သွားရင် အရမ်း နှမြောဖို့ကောင်းတယ်။ မင်းတို့ဂိုဏ်းမှာ ကူမသေမျိုးရဲ့ နောက်ဆက်တွဲလမ်းစဉ် မရှိရင်တောင် ကျွယ်မင်နန်းတော်မှာတော့ ကျိန်းသေပေါက် ရှိမှာပဲ”
ယွီဝူရှီးက တည်ငြိမ်စွာ ဆိုသည်။
လင်းယွမ် ခဏမျှ စဉ်းစားလိုက်ပြီး
“အဲဒါကတော့ ရှိမှာပေါ့၊ ဒါပေမဲ့ ငါ စုံစမ်းကြည့်တော့ ကူမသေမျိုးလမ်းစဉ်အတွက် နတ်ဆေးပင်က အရမ်းဈေးကြီးတယ်။ လူသားမသေမျိုးလမ်းစဉ်ကို သွားမှပဲ ငါက မသေမျိုးအရှင်သခင် အဆင့်အထိ တက်လှမ်းဖို့ အခွင့်အရေးရှိမှာ။ ကူမသေမျိုးကတော့... မျှော်လင့်ချက် သိပ်မရှိသလောက်ပဲ”
“မမေ့နဲ့ဦးလေ၊ အခု ငါတို့က အမာခံတပည့်ရဲ့ နယ်မြေသစ်ရှာဖွေရေးအဖွဲ့ဝင်တွေ ဖြစ်နေပြီဆိုတော့ မျှော်လင့်ချက်က သိပ်မဝေးတော့ပါဘူး”
ယွီဝူရှီးက ပြုံး၍ ဆိုသည်။
ဖန့်ချန်က သူ့ကို တစ်ချက်ကြည့်ကာ
“မင်းကရော ဘယ်မသေမျိုးလမ်းစဉ်ကို သွားဖို့ စိတ်ကူးထားလဲ ”
“တောက်ပသောလောကမသေမျိုး ပေါ့”
ယွီဝူရှီးက အလေးအနက် စဉ်းစားပြီးမှ ဖြေသည်
“တောက်ပသောလောကမသေမျိုးလမ်းစဉ်က အခုမှ ပြန်လည်ပြည့်စုံသွားတာ။ နောက်ပိုင်းအဆင့်တွေမှာ လိုအပ်ချက်ရှိနေဦးမယ် ဆိုပေမဲ့ အနည်းဆုံးတော့ အဆင့် ၆ အထိကတော့ ပြဿနာ မရှိနိုင်ဘူး။ ဟုန်အမာခံကိုယ်တိုင်လည်း ဒီလမ်းစဉ်ကိုပဲ ရွေးထားတာဆိုတော့ အမာခံနောက်ကို လိုက်တာက ဘယ်တော့မှ မမှားနိုင်ဘူးလေ”
ခဏရပ်ပြီးနောက် ယွီဝူရှီး၏ မျက်ဝန်းအတွင်း၌ အပြာရောင်အလင်းတန်းလေးတစ်ခု ဖျတ်ခနဲ ပေါ်လာပြီး တိုးတိုးလေး ရယ်ကာ ပြောသည်
“ခေါင်းဆောင်... ခေါင်းဆောင် မရှိတဲ့အချိန်မှာ ကျနော် ဂုဏ်ထူးမှတ်အချို့ကို သုံးပြီး တောက်ပသော နတ်ဘုရားမျက်လုံး ရဲ့ ဒုတိယနဲ့ တတိယအဆင့် ဆေးဝါးတွေကို လဲလှယ်လိုက်တယ်။ အခုဆိုရင် အပြင်စည်းကျင့်ကြံသူတွေထဲမှာ ကျနော်နဲ့ အဆင့်တူတဲ့သူတွေတောင် တိုက်ပွဲမှာ ကျနော့်ကို အနိုင်ရဖို့ ခက်သွားပြီ။ ပြီးခဲ့တဲ့ရက်က ကျွယ်မင်ကြယ်မှာ ယွီထျန်းကော နဲ့ တွေ့လို့ တိုက်ခိုက်ခဲ့သေးတယ်၊ ကျနော် နည်းနည်းလေး သာသွားတယ်လေ”
လင်းယွမ်နှင့် မုံ့ချောင်လင်တို့၏ မျက်နှာများမှာ ချက်ချင်းပင် မကျေမနပ် ဖြစ်သွားကြသည်။
လင်းယွမ်က အသံကို ညှစ်ပြီး
“ဟုတ်ပါပြီ အခုဆိုရင် ငါ့ကို လက်တစ်ဖက်တည်းနဲ့တောင် ကိုင်တွယ်လို့ ရနေပြီပေါ့လေ”
ယွီဝူရှီးက အတည်ပေါက် ခေါင်းညိတ်ပြသည်
“ပြီးခဲ့တဲ့တစ်ခေါက် မင်းနဲ့ တိုက်တုန်းကတော့ တကယ်ပဲ ငါ့အစွမ်းရဲ့ တစ်ဝက်ကိုတောင် မသုံးခဲ့ရဘူး”
“တောက်ပသော နတ်ဘုရားမျက်လုံး လား... တကယ်ကို ကောင်းတဲ့အရာပဲ၊ ဒါပေမဲ့ အဲဒါကို ကျင့်ကြံဖို့ ကန့်သတ်ချက်တွေက များလွန်းတယ်”
လင်းယွမ်က မနာလိုသလိုလိုဖြင့် ဆိုသည်။
ယွီဝူရှီးက ဖန့်ချန်ကို မျှော်လင့်တကြီး ကြည့်ကာ
“ခေါင်းဆောင်... တကယ်လို့ ခေါင်းဆောင်က ကျင့်ကြံမှုကို ကျနော်နဲ့ အတူတူဖြစ်အောင် ဖိနှိပ်ထားပြီး ကျနော်နဲ့ တစ်ပွဲလောက် ပြန်တိုက်ကြည့်ရင်...”
“မင်း အရင်က စုံစမ်းကြည့်ဖူးလား၊ စတုတ္ထအဆင့်အတွက် ဆေးဝါး ရှိမရှိဆိုတာကို ”
ဖန့်ချန်က ရုတ်တရက် မေးလိုက်သည်။
ယွီဝူရှီး ကြောင်သွားပြီး ခေါင်းခါပြသည်
“စတုတ္ထအဆင့် ဆေးဝါးက ဘာလဲဆိုတာတောင် ကျနော် မသိတာ၊ ဘယ်လိုလုပ် မေးလို့ရမှာလဲ”
ထို့နောက် သူ အနည်းငယ် အံ့အားသင့်သွားပြီး ဖန့်ချန်ကို မယုံကြည်နိုင်သလို ကြည့်ကာ
“ခေါင်းဆောင်... ခေါင်းဆောင် သိလို့လား ”
“ငါလည်း မသိပါဘူး”
ဖန့်ချန်က သက်ပြင်းချလိုက်သည်
“သိရင်တော့ သွားလဲပြီးပြီပေါ့”
ခဏအကြာတွင် ဖန့်ချန်က စကားလမ်းကြောင်း လွှဲလိုက်သည်
“စမ်းကြည့်ကြတာပေါ့၊ ငါ့ကျင့်ကြံမှုကို မင်းနဲ့ အတူတူဖြစ်အောင် ဖိနှိပ်ထားပေးမယ်။ မင်းရဲ့ တောက်ပသော နတ်ဘုရားမျက်လုံး တတိယအဆင့်က ဘယ်လောက်တောင် အစွမ်းထက်လဲဆိုတာ ကြည့်ရသေးတာပေါ့”
ယွီဝူရှီး၏ မျက်လုံးများ ဝင်းလက်သွားသည်။
စီနီယာအစ်မကြီး၏ အဖွဲ့ဝင်များမှာလည်း ထိုနှစ်ယောက် တိုက်ခိုက်တော့မည်ကို သိသည်နှင့် ပျော်ပျော်ပါးပါးပင် အနားသို့ လာစုကြသည်။
ထိုသူများထဲတွင် အနိမ့်ဆုံးမှာ အဆင့် ၁ မသေမျိုးများ ဖြစ်ကြပြီး ကိုယ်ပေါ်တွင် ကြေးညိုရောင် ကျောက်ပြားများ ချိတ်ထားကြသည်။
“မင်းတို့ နှစ်ယောက် တိုက်မလို့လား ”
စီနီယာအစ်မကြီးသည် ကြာနီနတ်မိမယ်ကို ခေါ်ကာ လျှောက်လာသည်။
အနီးနားရှိ မသေမျိုးများမှာလည်း ချက်ချင်းပင် အရိုအသေ ပေးလိုက်ကြသည်။
ယွီဝူရှီးမှာ ခဏမျှ ကြောင်သွားပြီး မျက်နှာလေး နီမြန်းသွားကာ အနည်းငယ် ရှက်ကိုးရှက်ကန်း ဖြစ်သွားရလေတော့သည်။
***