လင်းကွေ့ကြယ်တာရာ
နဂါးနက်လှေကြီး ရောက်ရှိလာခြင်းကို လင်းကွေ့ကြယ်တာရာပေါ်ရှိ မည်သည့်အင်အားစုကမျှ သတိမပြုမိကြပေ။
စဉ်းစားကြည့်လျှင်လည်း ဒါက ပုံမှန်ပင် ဖြစ်သည်။
စီနီယာအစ်မကြီး၏ နည်းလမ်းနှင့် စွမ်းဆောင်ရည်အရဆိုလျှင် ထိုကြယ်တာရာပေါ်၌ သူမနှင့် အဆင့်တူတန်းတူ ဆက်ဆံနိုင်သည့် ပုဂ္ဂိုလ်မျိုး လုံးဝမရှိရာ၊ သူမအနေဖြင့်လည်း မည်သူ့ကိုမျှ အသိပေးရန် မလိုအပ်ဟု ယူဆပုံရသည်။
သို့သော် နဂါးနက်လှေကြီးသည် သတ်ဖြတ်ခြင်းနတ်ဆိုးတောင်တန်း တွင် ရပ်နားလိုက်ခြင်းက နောက်ထပ် ဘာဖြစ်လာတော့မည်ကို ဖန့်ချန်အား ကြိုတင်ခန့်မှန်းမိသွားစေသည်။
“ဒီမှာ ခဏလောက် စောင့်နေကြ၊ ငါ အခုသွားပြီး အခုပြန်လာခဲ့မယ်”
စီနီယာအစ်မကြီးသည် စကားတစ်ခွန်းသာ ချန်ထားရစ်ခဲ့ပြီး သတ်ဖြတ်ခြင်းနတ်ဆိုးတောင်တန်းတောင်တန်းအတွင်းသို့ ဝင်ရောက်ကာ လူတိုင်း၏ မျက်စိရှေ့မှ ပျောက်ကွယ်သွားတော့သည်။
ဖန့်ချန်သည်လည်း ထိုအခိုက်အတန့်မှာပင် ထိုင်၍ အသက်ရှူနှုန်းကို ထိန်းညှိနေသယောင် ဆောင်လိုက်သော်လည်း၊ အမှန်စင်စစ်တွင်မူ ဝိညာဉ်ခန္ဓာကိုယ် က ကိုယ်ပြင်ပသို့ ထွက်ခွာသွားပြီး စီနီယာအစ်မကြီးရဲ့ နောက်သို့ တကောက်ကောက် လိုက်ပါသွားခဲ့ပြီ ဖြစ်သည်။
ဖန့်ချန်သည် ရံဖန်ရံခါမှသာ ပေါ်လာတတ်သည့် ထိုတံလျှပ်တောင်ကြီးကို ထပ်မံမြင်တွေ့လိုက်ရပြန်သည်။
တောင်ပေါ်ရှိ အစီရင်တံဆိပ်တော်များနှင့် သံကြိုးများမှာမူ အနည်းငယ်မျှ ပြောင်းလဲသွားခြင်း မရှိသေးပေ။
တောင်တန်း၏ ရှေ့မှောက်တွင် လူရိပ်တစ်ခု မတ်တတ်ရပ်နေသည်။
ထိုသူသည် လက်နှစ်ဖက်ကို နောက်ပစ်လျက် ဘေးတစောင်း မျက်နှာထားဖြင့်သာ ရပ်နေသည်။
“မင်း ရောက်လာပြီပဲ”
သူက ဆိုသည်။
“အင်း”
စီနီယာအစ်မကြီးက အေးစက်စွာ ပြန်ထူးသည်။
“အစီရင်ဗဟိုချက် ကို ယူလာခဲ့ရဲ့လား”
သူက ပြုံးလျက် မေးသည်။
“ဘာတွေ စကားများနေတာလဲ အစီရင်ဗဟိုချက်သာ မပါရင် ငါ ဒီကို ဘာလာလုပ်မှာလဲ ဒါထက် နင်... ထိုက်ဟောင်နတ်မှန် ရဲ့ သတင်းကို တကယ်ပဲ သိတာလား တကယ်လို့ နင် ငါ့ကို ထပ်ပြီး လိမ်ဦးမယ်ဆိုရင်တော့ အောက်ငရဲကို ဆင်းရ ဆင်းရ၊ အထက်ကောင်းကင်ကို တက်ရ တက်ရ၊ နင် ဘယ်ပြေးပြေး ငါ လိုက်သတ်မှာပဲ”
စီနီယာအစ်မကြီး၏ အသံမှာ အေးစက်လှသည်။
“ငါ မင်းကို မလိမ်ပါဘူး”
ဝမ်ချုံစန်းသည် အမြဲတမ်း ဘေးတစောင်း မျက်နှာဖြင့်သာ နေမြဲနေဆဲဖြစ်သည်။
ပါးစပ်ဖျားတွင် အပြုံးနုနုတစ်ခု ဆင်မြန်းထားပြီး ကြည့်ရသည်မှာ အေးဆေးတည်ငြိမ်ကာ အလွန်အားကိုးထိုက်သူတစ်ဦးအလား ထင်မှတ်ရပေသည်။
“ဒါဆို ငါ နင့်ကို တစ်ခုမေးမယ်၊ အရင်တုန်းက ဝူရှန့်ငရဲမှာ နင် အဲဒီတောင်ကို ဘာလုပ်ဖို့ သုံးခဲ့တာလဲ ရတနာ သန့်စင်ဖို့လား ”
စီနီယာအစ်မကြီးက မေးသည်။
“ဟင် ”
ဝမ်ချုံစန်း ခဏမျှ ကြောင်အမ်းသွားပြီးနောက် ပြန်မေးသည်။
“မင်း ဘာအကြောင်း ပြောနေတာလဲ ”
စီနီယာအစ်မကြီး၏ မျက်နှာမှာ အလွန်အမင်း မည်းမှောင်သွားပြီး လှောင်ပြုံးပြုံးကာ
“နင်ကပဲ ပြန်ပြောလေ”
“ငါက ပြောရမှာ ”
ဝမ်ချုံစုန်းက အံ့ဩတုန်လှုပ်စွာ ဆိုသည်
“ငါက ဘာပြောရမှာလဲ နေဦး... မင်း သေသေချာချာ ရှင်းရှင်းလင်းလင်း ပြောပါဦး...”
စီနီယာအစ်မကြီးမှာမူ နောက်သို့ လှည့်၍ ထွက်ခွာသွားချေပြီ။
ဝမ်ချုံစန်း၏ ရှင်းပြချက်ကို နားထောင်ရန် အစအနမျှ စိတ်မဝင်စားတော့ပေ။
ဝမ်ချုံစန်းက မသိစိတ်မှ လိုက်ဖမ်းရန် ပြင်လိုက်သော်လည်း စီနီယာအစ်မကြီး၏ ဝတ်ရုံလက်ဖျား တစ်ချက်ဝှေ့ယမ်းမှုကြောင့် နောက်သို့ လွင့်စဉ်သွားကာ မြေပြင်ပေါ်တွင် လူးလိမ့်သွားတော့သည်။
“မိန်းမတွေဆိုတာလေ... ဒါဟာ မိန်းမတွေပါပဲလား”
ဝမ်ချုံစန်းက တိုးတိုးလေး ရေရွတ်သည်
“ဘာလို့ စကားကို ရှင်းရှင်းလင်းလင်း မပြောတာလဲ၊ ရှင်းအောင်ပြောလိုက်ရင် သေသွားမှာမို့လို့လား ဘာတောင်လဲ ဘာတောင်ကြီးလဲလို့ ”
သူက အစီရင်ဗဟိုချက်ကို လိုချင်နေတာ... ဒီတောင်အတွက်လား ဒီတောင်ရဲ့ တားမြစ်ချက်တွေကို ဖျက်ဆီးဖို့ ကြံစည်နေတာလား တကယ်လို့ အောင်မြင်သွားရင် ဒီလောကမှာ ယင်လောက ထဲကို ကူးပြောင်းနိုင် သွားတော့မှာ မဟုတ်ပါလား
ဖန့်ချန်၏ မျက်နှာထားမှာ ထူးဆန်းသွားသည်။
သူရဲ့ နားလည်မှုအရဆိုလျှင်
အထက်နယ်မြေ သုံးခုက ယင်လောကသို့ မကူးပြောင်းနိုင်ခြင်းသည် မိစ္ဆာများ အတွက် အကျိုးရှိသည်။
အကြောင်းမှာ ယင်လောက၏ စစ်မှန်သော နတ်ဘုရားဝိညာဥ် များမှာ သူတို့၏ ရန်သူများ ဖြစ်သောကြောင့်ပင်။
ထို့ကြောင့် အစကတည်းက သူ ယူဆထားသည်မှာ ဤနေရာတွင် ယင်လောကသို့ မသွားနိုင်ခြင်းမှာ တစ်ဖက်အုပ်စုက လူသားအားလုံး၏ သိမြင်မှုကို ဖျောက်ဖျက်နိုင်သော တားမြစ်ချက်မျိုးဖြင့် အထက်နယ်မြေရှိ သတ္တဝါများ ဝိညာဉ်လောကသို့ သွားရာလမ်းကြောင်းကို ပိတ်ဆို့ထားခြင်းဟု ထင်မှတ်ထားခဲ့ခြင်း ဖြစ်သည်။
ယင်လောကနှင့် အထက်နယ်မြေ ဆက်သွယ်ရေး လမ်းကြောင်းကိုလည်း ပိတ်ထားခဲ့သည်။
အကယ်၍ ဝမ်ချုံစုန်းသာ ထိုဘက်ကလူ ဖြစ်ခဲ့လျှင် ထိုတားမြစ်ချက်ကို ဖျက်ဆီးရန် အကြောင်းမရှိပေ။
သို့သော် ယခင်က ပြောင်းပြန်မသေမျိုး မိစ္ဆာသန္ဓေသား အတွေ့အကြုံအရဆိုလျှင် ဝမ်ချုံစန်းကို သာမန်အတွေးအခေါ်ဖြင့် တိုင်းတာ၍ မရနိုင်ကြောင်း ဖန့်ချန် ခံစားရသည်။
သူ ဘာလုပ်ချင်နေသလဲ၊ သူ၏ ရည်မှန်းချက်က ဘာလဲဆိုသည်မှာ ယာယီအားဖြင့် မသိရသေးသော်လည်း၊ ဆယ်ပုံရှစ်ပုံ ကိုးပုံခန့် သေချာနေသည့် အချက်တစ်ခုမှာ
သူသည် မိစ္ဆာဘက်တော်သား လုံးလုံးလျားလျား ဟုတ်ပုံမရပေ။
ဒါက ဘာကြောင့်ပါလိမ့်
လူသားလောက နယ်မြေကိုးခုမှာ ယခုအခါ ပြန်လည်ဝင်စားရန် မဖြစ်နိုင်တော့သဖြင့်၊ အကြိမ်ပေါင်းများစွာ သံသရာလည်ခြင်းကြောင့် သွေးနှောသွားသည်ဟူသော အဆိုမှာ မဖြစ်နိုင်ပေ။
ထိုနေရာရှိ မိစ္ဆာတိုင်းသည် လတ်လတ်ဆတ်ဆတ် ပြန်လည်ဝင်စားလာကြသူများသာ ဖြစ်သည်။
မှတ်ဉာဏ်များ ပွင့်လာသည်နှင့်အမျှ ယခင်ဘဝမှတ်ဉာဏ်များက ယခုဘဝမှတ်ဉာဏ်များကို ဖိနှိပ်သွားမည်သာ ဖြစ်သည်။
အရင်တုန်းကဆိုလျှင် ဝမ်ချုံစန်း၏ အကြံအစည်များကို ဖျက်ဆီးနိုင်ခြင်းက ဝမ်းသာစရာကိစ္စတစ်ခု ဖြစ်ခဲ့သော်လည်း၊ ယနေ့တွင်မူ ဖန့်ချန်သည် ယခင်က ယွမ်သံလိုက် ဓာတ်ငါးပါးတောင် တွင် ဝမ်ချုံစန်းအဖြစ် ဟန်ဆောင်ကာ စီနီယာအစ်မကြီးကို လိမ်ညာခဲ့မိသည်ကို ရုတ်တရက် နောင်တရမိသွားသည်။
ဝမ်ချုံစန်းသည် စီနီယာအစ်မကြီးနောက်သို့ လိုက်မသွားတော့ပေ။
သူ၏ လက်ရှိအင်အားဖြင့် လိုက်သွားလျှင်ပင် တစ်ဖက်လူကို ဘာမှမတတ်နိုင်မှန်း သိပုံရသည်။
သူသည် ထိုနေရာမှာပင် ရပ်လျက် ထိုတောင်ကြီးကို ကြည့်ကာ ငေးငိုင်နေတော့သည်။
သူ ထိုတောင်ကို မြင်နိုင်သည်ဆိုကတည်းက သူသည် သာမန်ကျင့်ကြံသူများနှင့် ကွာခြားနေပြီဖြစ်ကြောင်း သက်သေပြနေသည်။
ယခင်က ထိုက်ရွှီမသေမျိုးအရှင်သခင် ထိုနေရာသို့ ရောက်စဉ်က သူသည် အဆင့် ၇ ရှေးဟောင်းမသေမျိုး ဖြစ်သော်လည်း ဤတောင်ကို မမြင်နိုင်ခဲ့ပေ။
ထို့ပြင် သိမြင်မှုများပင် ဖျောက်ဖျက်ခံထားရသဖြင့် လမ်းလျှောက်နေရင်းပင် ထိုတောင်ကို မသိစိတ်မှ ရှောင်ကွင်းသွားတတ်ပြီး ထိတွေ့ခွင့်ပင် မရခဲ့ပေ။
“နင် တကယ်ပဲ ငါ ဘာပြောနေလဲဆိုတာ မသိတာလား ”
စီနီယာအစ်မကြီးသည် ဝမ်ချုံစန်း၏ နောက်ကျောဘက်တွင် ရုတ်တရက် ပြန်လည်ပေါ်လာပြီး လေးနက်သော အမူအရာဖြင့် မေးသည်။
ဝမ်ချုံစန်းက အပြစ်ကင်းစင်သော မျက်နှာထားဖြင့်
“ငါ တကယ် မသိတာပါ၊ မင်း သေချာပြောပြရင် ငါလည်း ရှင်းပြနိုင်တာပေါ့”
“ဒါဆိုလည်း ဘာမှမဟုတ်တော့ဘူး၊ ငါ... တစ်ယောက်ယောက်ရဲ့ လိမ်ညာတာကို ခံလိုက်ရတာ ထင်တယ်”
စီနီယာအစ်မကြီးသည် သွားကို တင်းတင်းကြိတ်လိုက်သယောင် ရှိပြီးနောက် အစိမ်းရောင် အရာဝတ္ထုတစ်ခုကို ပစ်ပေးလိုက်သည်။
ဝမ်ချုံစန်း၏ မျက်လုံးများ တောက်ပသွားပြီး ချက်ချင်းပင် ဖမ်းယူလိုက်သည်။
အစီရင်ဗဟိုချက်
“အစီရင်ဗဟိုချက်ကို နင့်ကို ပေးပြီးပြီ၊ ထိုက်ဟောင်နတ်မှန်ပြောင်းရဲ့ သတင်းကရော ”
ဝမ်ချုံစန်းက ချက်ချင်းပြန်ဖြေသည်
“နတ်ဘုရားဘုရင်နယ်မြေ ၊ ရှေးဟောင်းနဂါးနတ်ဘုရားကျောင်း ”
“နင်”
စီနီယာအစ်မကြီးမှာ ခဏမျှ ကြောင်အမ်းသွားပြီးနောက် သွေးများ ဆူဝေလာကာ မျက်နှာမှာ နီမြန်းလိုက် ဖြူလျော့လိုက် ဖြစ်သွားပြီးမှ ဒေါသတကြီး အော်ဟစ်တော့သည်။
“ထိုက်ဟောင်နတ်မှန်ပြောင်းက ရှေးဟောင်းနဂါးနတ်ဘုရားကျောင်း လက်ထဲကို ဘယ်လိုရောက်သွားမှာလဲ နင် ကျွယ်မင်ယင်လောက ကနေ ဒါကို ခိုးသွားတုန်းက ဘယ်ကိုပဲ ယူသွားယူသွား၊ စိတ်ဝိညာဥ်နယ်မြေကနေ ထွက်သွားစရာ အကြောင်းမရှိဘူး ”
“ငါလည်း ကံဆိုးတာပါပဲ၊ ငါ ကျွယ်မင်ယင်လောက အနီးအနားမှာ ရှေးဟောင်းနဂါးနတ်ဘုရားကျောင်းက ယင်မသေမျိုး တွေနဲ့ တိုးလိမ့်မယ်လို့ ဘယ်သူသိမှာလဲ ဒါဟာ သူတို့ ငါ့ကို စောင့်ကြည့်နေတာ ကြာပြီဆိုတာ ပြနေတာပဲ ”
ဝမ်ချုံစန်းက အပြစ်ကင်းသယောင် မျက်နှာထားဖြင့် ဆိုသည်။
“တကယ်ပဲ... နန်းတော်သခင်ကိုယ်တိုင် ထွက်လာမှပဲ ဒါကို ပြန်တောင်းလို့ ရတော့မှာပဲ။ ဒီပစ္စည်း ဘယ်မှာရှိလဲ သိရရင်တော့ အလုပ်လုပ်ရတာ လွယ်သွားပါပြီ။ ရှေးဟောင်းနဂါးနတ်ဘုရားကျောင်းက အဲဒီလူက ဒါကို ကိုယ်ပိုင်သိမ်းထားချင်တယ်ဆိုရင်တောင် ကျွယ်မင်နန်းတော်နဲ့ စစ်ဖြစ်မယ့် အကျိုးဆက်ကို ထည့်တွက်ရလိမ့်မယ်”
စီနီယာအစ်မကြီးက တိုးတိုးလေး ရေရွတ်လိုက်ပြီးနောက် ဝမ်ချုံစန်းက သူ၏ လက်ထဲမှ အစီရင်ဗဟိုချက်ကို ရှေ့ရှိ ဟင်းလင်းပြင်ထဲသို့ ပစ်လွှတ်လိုက်သည်ကို တွေ့သောအခါ မသိစိတ်မှ မေးလိုက်မိသည်။
“နင် ဘာလုပ်နေတာလဲ ”
“တချို့ကိစ္စတွေက ငါပြောပြရင်တောင် မင်း နားလည်မှာ မဟုတ်ဘူး၊ အဲဒါအပြင် ငါက ပြောပြလို့လည်း မရသေးဘူး။ အမန်... ငါ့ကို တစ်ခါမှ မမြင်ဖူးခဲ့သလိုပဲ ဟန်ဆောင်လိုက်ပါ၊ နောင်နှစ်ပေါင်း များစွာ ကြာတဲ့အခါ ငါတို့တွေ ပြန်ပြီး အတူရှိနိုင်ဦးမှာပါ”
ဝမ်ချုံစန်းက သက်ပြင်းချလိုက်သည်။
ထိုအခိုက်အတန့်တွင် ဝမ်ချုံစန်းနှင့် ဖန့်ချန်၏ မျက်စိရှေ့၌ အစီရင်ဗဟိုချက်သည် ထိုပေါ်လိုက်ပျောက်လိုက် ဖြစ်နေသော တံလျှပ်တောင်ပေါ်သို့ ကျရောက်သွားပြီး စူးရှတောက်ပသော အစိမ်းရောင်အလင်းတန်းများ ပေါက်ကွဲထွက်လာသည်ကို ရှင်းလင်းစွာ မြင်တွေ့လိုက်ရသည်။
အတွင်းပိုင်းမှ အစိမ်းရောင် လှိုင်းတံပိုးကြီးများ အဆက်မပြတ် ထွက်ပေါ်လာပြီး ခဏချင်းမှာပင် တောင်တစ်ခုလုံးကို လွှမ်းခြုံသွားတော့သည်။
ချုပ်နှောင်ခံထားရသော တံလျှပ်တောင်ကြီးမှာ စတင် လှုပ်ခါလာသည်။
မြည်ဟီးသံကြီးများ ထွက်ပေါ်လာသည်။
သို့သော် ထိုအသံကို ဖန့်ချန်နှင့် ဝမ်ချုံစန်းတို့သာ ကြားနိုင်သည်။
စီနီယာအစ်မကြီးမှာမူ ဘာကိုမျှ သတိမပြုမိပေ။
မကြာမီ အစိမ်းရောင်လှိုင်းတံပိုးများသည် တောင်၏ အကြောများအတိုင်း စီးဝင်သွားပြီး တောင်ရဲ့ အရှိန်အဝါမှာ တဟုန်ထိုး ကြီးထွားလာတော့သည်။
၎င်းကို ပိတ်ဆို့ထားသော သံကြိုးများနှင့် တံဆိပ်တော်များမှာ ဂွပ် ဂွပ် ဟူသော အသံများနှင့်အတူ စတင် ပြေလျော့လာသည်။
စက္ကန့်အနည်းငယ်အကြာတွင် သံကြိုးများမှာ ရုတ်ချည်း ပြိုကွဲပျက်စီးသွားတော့သည်။
ပထမဆုံး သံကြိုးပြိုကွဲသွားသည်နှင့် တစ်ခုပြီးတစ်ခု ဆက်တိုက်ဆိုသလို ပျက်စီးသွားကြသည်။
နောက်ဆုံးတွင် ကြောက်မက်ဖွယ်ကောင်းသော တံလျှပ်တောင်ကြီးမှာ တကယ့်လက်တွေ့လောကထဲတွင် ရုတ်တရက် ပေါ်ပေါက်လာတော့သည်။
စီနီယာအစ်မကြီး၏ မျက်ဝန်းထဲတွင် အံ့ဩတုန်လှုပ်မှုများ ပေါ်လာသော်လည်း၊ သူမ ဘာမှမလုပ်နိုင်မီမှာပင် တံလျှပ်တောင်ကြီးမှာ ဝှစ် ခနဲ ဟင်းလင်းပြင်ထဲသို့ တိုးဝင်ကာ ပျောက်ကွယ်သွားတော့သည်။
တစ်ချိန်တည်းမှာပင် သတ်ဖြတ်ခြင်းနတ်ဆိုးတောင်တန်းရှိ ယင်မိစ္ဆာများသည်လည်း ကန့်သတ်ချက် တစ်ခုခု လွတ်မြောက်သွားသကဲ့သို့ပင် ထိုနေရာမှ စတင်၍ တဖွဲဖွဲ ထွက်ခွာသွားကြတော့သည်။
ဝမ်ချုံစန်း၏ မျက်နှာတွင် အပြုံးတစ်ခု ပေါ်လာပြီး တစ်ကိုယ်လုံး ပေါ့ပါးသွားသကဲ့သို့ ခံစားလိုက်ရသည်။
သူသည် စီနီယာအစ်မကြီးကို ကြည့်ကာ လေးနက်ဖြူစင်သော မျက်ဝန်းများဖြင့် ဆိုသည်
“ဝိညာဉ်နတ်ဘုရားဂိုဏ်းက မင်းတို့ ကျွယ်မင်နန်းတော်နဲ့ ရန်သူဖြစ်မှာ မဟုတ်ပါဘူး ”
“စီနီယာအစ်မကြီးအနေနဲ့ ကျွယ်မင်နန်းတော်နဲ့ ဝိညာဉ်နတ်ဘုရားဂိုဏ်းကြားက စစ်ပွဲကို တားဆီးပေးနိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်။ ဝူရှန့်ငရဲမှာ သေသွားတဲ့ အမာခံတပည့်တွေ ကိစ္စကတော့ မင်းတို့လူတွေထဲမှာပဲ သေသေချာချာ ပြန်စစ်ဆေးကြည့်သင့်တယ်”
“နင် ဒါတွေကို ဘယ်လိုသိတာလဲ”
စီနီယာအစ်မကြီး၏ မျက်နှာထား ပြောင်းလဲသွားပြီး ထပ်မံမေးမြန်းရန် ပြင်လိုက်စဉ်မှာပင် ဝမ်ချုံစန်း၏ ရုပ်ခန္ဓာမှာ တစ်လက်မချင်းစီ ပျောက်ကွယ်နေပြီဖြစ်ကြောင်း တွေ့လိုက်ရသည်။
“ကျန်ကောင်း ကတော့ သေသွားပြီ၊ ငါတို့ နောက်တစ်ခေါက် ပြန်တွေ့ကြတာပေါ့”
ဝမ်ချုံစန်းက ပြုံးလျက် လက်ဝှေ့ယမ်းနှုတ်ဆက်လိုက်သည်။
စီနီယာအစ်မကြီး သတိဝင်လာချိန်တွင် သူသည် ပျောက်ကွယ်သွားချေပြီ။
မြေပြင်ပေါ်တွင် ပြာမှုန့်တစ်စုသာ ကျန်ရစ်တော့ရာ သူမသည် ထိုပြာများကို ကြည့်ကာ အတန်ကြာအောင် တိတ်ဆိတ်ငေးမောနေမိတော့သည်။
***