စီနီယာအစ်မကြီးသည် နဂါးနက်လှေပေါ်သို့ ပြန်လည်ရောက်ရှိလာခဲ့ပြီဖြစ်သည်။
ဝမ်ချုံစန်းက အစီရင်ဗဟိုချက်ကို အသုံးပြု၍ ဘာလုပ်ခဲ့သလဲဆိုသည်ကိုမူ သူမအနေဖြင့် ထပ်မံတွေးတောနေပုံမရတော့ပေ။
“နင်တို့ထဲမှာ လင်းကွေ့ကြယ်တာရာက ဂိုဏ်းသားတွေ တော်တော်များများ ပါကြတယ်၊ ငါ နဂါးနက်လှေနဲ့ပဲ နင်တို့ကို လိုက်ပို့ပေးမယ်။ မိသားစုတွေဆီ ပြန်လည်ပတ်ဖို့အတွက် ခြောက်လအချိန်ပေးမယ်”
သူမက လူတိုင်းကို ကြည့်ကာ ပြောလိုက်သည်။
လင်းယွမ်နှင့် အခြားသူများမှာမူ ထိုအခါမှသာ စီနီယာအစ်မကြီး ဦးဆောင်သည့် ရှာဖွေရေးအဖွဲ့ထဲတွင် လင်းကွေ့ကြယ်တာရာ ဇာတိဖြစ်သော စီနီယာများစွာ ပါဝင်နေကြောင်း သိလိုက်ရတော့သည်။
ချင်းယွီနတ်ဘုရားဂိုဏ်း
ထိုနေရာသည် ယခင်ကနှင့်မတူဘဲ ထူးခြားစွာ ပြောင်းလဲနေပုံရသည်။
မသေမျိုးတောင်တန်းတစ်ခုချင်းစီရှိ ဝိညာဉ်စွမ်းအားများမှာ အရင်ကထက် အဆပေါင်းများစွာ ပိုမိုသိပ်သည်းနေ၏။
ဖန့်ချန်အတွက် လင်းကွေ့ကြယ်တာရာတွင် သွားစရာနေရာဟူ၍ မရှိပေ။
အကယ်၍ ရွေးချယ်ခွင့်သာရှိခဲ့လျှင် သူသည် ထိုစီနီယာအစ်မကြီး၏ ဘေးနားတွင်သာ လိုက်ပါသွားပြီး ဝမ်ချုံစန်းနှင့် ထပ်တွေ့နိုင်ဦးမလားဆိုသည်ကို စောင့်ကြည့်ချင်ခဲ့သည်။
ကျန်ကောင်း ဟူသော အမှတ်အသားမှာ သေဆုံးသွားပြီဖြစ်ရာ ယခင်က ရရှိထားခဲ့သော သဲလွန်စများမှာလည်း လုံးဝပြတ်တောက်သွားပြီဟု ဆိုရမည်။
ဝမ်ချုံစန်းနှင့် ထပ်မံဆက်သွယ်နိုင်ခြင်း ရှိ၊ မရှိကိုမူ လင်းပေါင်အား အခွင့်အရေးရမှသာ မေးမြန်းကြည့်ရပေတော့မည်။
ချင်းယွီမသေမျိုးဂိုဏ်း၏ တောင်စောင့်တပည့်များသည် ဂိုဏ်းတံခါးဝတွင် လူရိပ်တစ်ခု ရောက်ရှိနေသည်ကို သတိပြုမိသွားကြသည်။
ထိုသူများထဲမှ တစ်ဦးမှာ သံသယစိတ်ဖြင့် အတန်ကြာ အကဲခတ်နေပြီးနောက် အလန့်တကြား အာမေဍိတ်သံပြုလိုက်မိသည်။
“ဒါ... ဖန့်အကြီးအကဲ မဟုတ်လား ”
“မင်း ငါ့ကို မှတ်မိလို့လား ”
ဖန့်ချန်က ထိုတောင်စောင့်တပည့်ကို ကြည့်လိုက်သည်။
တစ်ဖက်လူမှာ အောက်ခြေအဆင့် ကျင့်ကြံသူမျှသာ ဖြစ်ပြီး ယခင်က သူ့ကို မြင်ဖူးစရာ အကြောင်းမရှိပေ။
သို့ပါလျက်နှင့် မည်သို့ကြောင့် သူ့ကို တစ်ချက်တည်းနှင့် မှတ်မိသွားရသနည်း။
တောင်စောင့်တပည့် အုပ်စုမှာ ဝိုင်းအုံရောက်ရှိလာကြပြီး ဖန့်ချန်၏ ရှေ့မှောက်တွင် ရိုရိုသေသေ လက်အုပ်ချီ၍ ဂါရဝပြုကြတော့သည်။
“တပည့်တို့ ဖန့်အကြီးအကဲကို ဂါရဝပြုပါတယ်”
ဖန့်ချန်ကို ပထမဆုံး မှတ်မိခဲ့သည့် တပည့်ဖြစ်သူမှာ အလွန်အမင်း စိတ်လှုပ်ရှားနေပြီး တိုးတိုးလေး ပြောပြရှာသည်။
“ဖန့်အကြီးအကဲ ကျွယ်မင်ကျင့်ကြံသူအဖြစ် အရွေးချယ်ခံရပြီးတဲ့နောက်၊ ဂိုဏ်းချုပ်ကြီးက ချင်းယွီနတ်ဘုရားဂိုဏ်းမှာ ဖန့်အကြီးအကဲရဲ့ ရုပ်တုတစ်ခုကို စိုက်ထူခဲ့ပါတယ်။ အဲဒါ ဖန့်အကြီးအကဲရဲ့ ပုံတူစစ်စစ်ပါပဲ။ တပည့် နေ့တိုင်း ဖြတ်သွားတိုင်း အဲဒီရုပ်တုကို ခဏရပ်ပြီး လေ့လာဖူးတာကြောင့် ဖန့်အကြီးအကဲကို ချက်ချင်းမှတ်မိသွားတာပါ”
ထိုတပည့်များ၏ မျက်ဝန်းထဲတွင် စိတ်လှုပ်ရှားမှုများ လှိုင်းထနေကြသည်။
ကျွယ်မင်ကျင့်ကြံသူ
လင်းကွေ့ကြယ်တာရာတစ်ခုလုံးတွင် ကျွယ်မင်ကျင့်ကြံသူ မည်မျှရှိသနည်း။
ချင်းယွီနတ်ဘုရားဂိုဏ်းကဲ့သို့ အင်အားကြီးသည့်တိုင်အောင် ယခုအချိန်အထိ ထိုဖန့်အကြီးအကဲ တစ်ဦးတည်းသာလျှင် အရွေးချယ်ခံခဲ့ရခြင်း ဖြစ်သည်။
ထို့နောက်တွင်မူ ချင်းယွီနတ်ဘုရားဂိုဏ်းသည် အဘက်ဘက်မှ စောင့်ရှောက်မှုများ ရရှိခဲ့ပြီး ကျင့်ကြံခြင်း အရင်းအမြစ်များမှာလည်း ယခင်ကထက် များစွာ ပိုမိုပေါများလာခဲ့သည်။
ကျင့်ကြံသူတိုင်းမှာ ဖန့်ချန်၏ ကျေးဇူးကြောင့် အကျိုးခံစားခွင့်များ ရရှိနေကြခြင်းပင်။
ဖန့်ချန် ပြန်ရောက်လာသည့် သတင်းမှာ ချက်ချင်းပင် ပျံ့နှံ့သွားတော့သည်။
တောင်ထိပ်အသီးသီးမှ အကြီးအကဲများ တစ်ယောက်ပြီးတစ်ယောက် ရောက်ရှိလာကြရာ၊ ပထမဆုံး ရောက်လာသူမှာ ယခင်က ဖန့်ချန်အပေါ် အငြိုးအတေး ထားခဲ့ဖူးသည့် ဝါယန်ဖုန်း ဖြစ်နေသည်။
သို့သော် ဖန့်ချန်က ကြာနီနတ်မိမယ်ကို အကြိမ်ကြိမ် အနိုင်ယူခဲ့ပြီးနောက်တွင်မူ၊ ဝါယန်ဖုန်း၏ ရန်လိုမှုများမှာ လုံးဝ ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်သည်။
“ဖန့်မိတ်ဆွေ ”
ဝါယန်ဖုန်းက နှစ်ပေါင်းများစွာ မတွေ့ရသည့် မိတ်ဆွေဟောင်းကြီးကို တွေ့လိုက်ရသကဲ့သို့ အကျယ်ကြီး ရယ်မောလိုက်သည်။
ထိုအပြုံးထဲမှ နွေးထွေးမှုများမှာ လျှံထွက်နေတော့မတတ်ပင်။
ဆယ်စုနှစ်အနည်းငယ်အတွင်း ထိုသူသည်လည်း မူလက တာအိုပေါင်းစပ်ခြင်းအဆင့် မှ ဘေးဒုက္ခဖြတ်ကျော်ခြင်းအဆင့်သို့ တက်လှမ်းနိုင်ခဲ့ပြီ ဖြစ်သည်။
ကျင့်ကြံမှုအဆင့် တိုးတက်မှုမှာ အလွန်မြန်ဆန်လှရာ နောင်တွင် အဆင့် ၁ မသေမျိုး ဖြစ်လာရန် အမှန်တကယ်ပင် မျှော်လင့်ချက် ရှိနေသည်။
ထို့နောက် ရောက်လာသူမှာ ကျန်းချန် ဖြစ်သည်။
ဤသူမှာ ယခင်က ဖန့်ချန်နှင့် အကြိမ်ကြိမ် ထိတွေ့မှု ရှိခဲ့ဖူးသလို၊ အမှောင်ထဲမှနေ၍ အချို့ကိစ္စများကို သတိပေးခဲ့ဖူးသည့် လူကောင်းတစ်ဦးလည်း ဖြစ်သည်။
“ဖန့်မိတ်ဆွေ... ကျွယ်မင်နန်းတော်ဘက်မှာ အခြေအနေတွေ ဘယ်လိုရှိလဲဗျ၊ အခု ရုတ်တရက် ပြန်လာတာက ဘာအရေးကြီးကိစ္စများ ရှိလို့လဲ ”
ဝါယန်ဖုန်းက စပ်စုလိုစိတ်ဖြင့် မေးမြန်းလိုက်သည်။
လူတိုင်း၏ မျက်ဝန်းထဲတွင်လည်း စူးစမ်းလိုစိတ်များ ပေါ်နေကြသည်။
သူတို့၏ အဆင့်အတန်းမှာ နိမ့်ပါးလွန်းလှသဖြင့် ကျွယ်မင်နန်းတော်အကြောင်းကို ကောလာဟလများမှတစ်ဆင့်သာ သိရှိနိုင်ကြခြင်း ဖြစ်သည်။
ယခုအခါ ကျွယ်မင်ကျင့်ကြံသူ တစ်ဦးကို တိုက်ရိုက် မေးမြန်းနိုင်ပြီဖြစ်ရာ ရရှိမည့်သတင်းများမှာ စစ်မှန်မည်မှာ အသေအချာပင်။
ဖန့်ချန်က မေးခွန်းအချို့ကို အသာအယာပင် ပြန်ဖြေလိုက်သည်။
သို့သော် သူသည် ယခုအကြိမ်တွင် ကျွယ်မင်နန်းတော်၏ အမာခံတပည့် တစ်ဦးနှင့်အတူ လင်းကွေ့ကြယ်တာရာသို့ လိုက်ပါလာခြင်း ဖြစ်ကြောင်း သိလိုက်ရသောအခါ၊ လူတိုင်း၏ အကြည့်များမှာ တောင်ကြီးကို မော့ကြည့်ရသကဲ့သို့ ခန့်ညားထည်ဝါမှုများဖြင့် ပြည့်နှက်သွားတော့သည်။
“ဖန့်မိတ်ဆွေ... မင်းဆီက အရှိန်အဝါက...”
ကျန်းချန်၏ မျက်နှာထားမှာ ရုတ်တရက် လှုပ်ရှားသွားသည်။
ဖန့်ချန် စကားမပြောရသေးမီမှာပင် ချင်းယွီမသေမျိုးသည် ဟင်းလင်းပြင်ကို ဖြတ်၍ ရောက်ရှိလာပြီး ကျယ်လောင်စွာ ရယ်မောလိုက်တော့သည်။
“ဟားဟားဟား ဖန့်မိတ်ဆွေ... အဆင့် ၁ မသေမျိုး ဖြစ်သွားတာကို ဂုဏ်ပြုပါတယ်ဗျာ ”
အဆင့် ၁ မသေမျိုး
လူတိုင်း၏ မျက်နှာများမှာ ချက်ချင်းပင် ဆွဲဆန့်ခံလိုက်ရသကဲ့သို့ တောင့်တင်းသွားပြီး၊ မျက်ဝန်းများထဲတွင် မယုံနိုင်စရာ အရိပ်အယောင်များ ပေါ်လာတော့သည်။
ဒါ... ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ...
ယခင်က ဖန့်ချန် အရွေးချယ်ခံရသည်မှာ ယခုအချိန်အထိ နှစ်တစ်ရာပင် မပြည့်သေးပေ။
ထိုစဉ်က သူသည် တာအိြပေါင်းစပ်ခြင်းအဆင့်မျှသာ ရှိသေးသော်လည်း၊ ယခုတွင်မူ... အဆင့် ၁ မသေမျိုး ဖြစ်နေပြီလား
ဝါယန်ဖုန်းမှာ တံတွေးကို ခက်ခက်ခဲခဲ မျိုချလိုက်ပြီး ဖန့်ချန်ကို အရူးတစ်ယောက်လို ငေးကြည့်နေမိသည်။
သူ၏ ဦးနှောက်တစ်ခုလုံးမှာလည်း ဗလောင်ဆူသွားတော့သည်။
“မင်းတို့တွေ ဘာတွေ တွေးနေကြတာလဲ ဖန့်မိတ်ဆွေက ပါရမီ ထူးခြားသူပဲ၊ ကျွယ်မင်နန်းတော်ကို ရောက်သွားတော့ ကောင်းကင်ဘုံက ပေးတဲ့ အခွင့်အရေးကြီးနဲ့ တိုးပြီး အခုလို အဆင့် ၁ မသေမျိုးအဖြစ် အလျင်အမြန် တက်လှမ်းနိုင်ခဲ့တာပေါ့။ ကျွယ်မင်နန်းတော်အတွက်တော့ အဆင့် ၁ မသေမျိုး နတ်ဆေးပင် ဆိုတာ ရှားပါးလှတဲ့အရာ မဟုတ်ပါဘူး”
ချင်းယွီမသေမျိုးက ပြုံး၍ ငေါ့တော့တော့ ပြောလိုက်သည်
“သိပ်ပြီး လျှောက်မတွေးကြနဲ့၊ တစ်ယောက်ချင်းစီမှာ ကိုယ်ပိုင်လမ်းစဉ် ရှိကြတာပဲ။ ဖန့်မိတ်ဆွေကတော့ နောင်တစ်ချိန်မှာ ဒီလောကရဲ့ မသေမျိုးအရှင်သခင်တစ်ပါး ဖြစ်လာမှာ မြေကြီးလက်ခတ်မလွဲပဲ”
ထိုစကားကို ကြားမှသာ လူတိုင်း၏ ကျင့်ကြံခြင်းစိတ်ဓာတ် မှာ ပြန်လည် တည်ငြိမ်သွားတော့သည်။
ဝါယန်ဖုန်းက ဖန့်ချန်ကို ကြည့်သည့် အကြည့်မှာလည်း ပိုမို၍ ရိုသေခန့်ညားလာခဲ့ပြီ ဖြစ်သည်။
ကျွယ်မင်ကျင့်ကြံသူ၊ အဆင့် ၁ မသေမျိုး
ထိုအဆင့်အတန်းမျိုးမှာ ချင်းယွီမသေမျိုးထက်ပင် သာလွန်သွားခဲ့ပြီဖြစ်သည်။
“ကြာနီနတ်ဘုရားဂိုဏ်းက အခုတလော နည်းနည်းလေး ကြွနေသလိုပဲ၊ ဖန့်မိတ်ဆွေ... ငါနဲ့အတူ အဲဒီကို တစ်ခေါက်လောက် လိုက်ခဲ့မလား ”
ချင်းယွီမသေမျိုးက ပြုံး၍ မေးလိုက်သည်။
လူတိုင်းမှာ ဖန့်ချန်ကို ဝိုင်းကြည့်လိုက်ကြပြီး မျက်လုံးများထဲတွင် စိတ်အားထက်သန်မှုများ ပြည့်နေကြသည်။
“ကြာနီနတ်ဘုရားဂိုဏ်း ”
ဖန့်ချန်က ချင်းယွီမသေမျိုးကို ကြည့်ကာ ထူးဆန်းသော အမူအရာဖြင့် မေးလိုက်သည်
“ချင်းယွီနတ်ဘုရားဂိုဏ်းနဲ့ ကြာနီနတ်ဘုရားဂိုဏ်းကြားမှာ အခုတလော ဘာရန်ငြိုးတွေ ရှိနေလို့လဲ ”
“ဘာရန်ငြိုးမှတော့ မရှိပါဘူး၊ ဒါပေမဲ့ သူတို့ဘက်ကလည်း ကျွယ်မင်ကျင့်ကြံသူတစ်ယောက် ထွက်ပေါ်လာတယ်ဆိုတော့ တို့ ချင်းယွီနတ်ဘုရားဂိုဏ်းအပေါ် အရင်ကလိုပဲ ဆက်ဆံနေကြတုန်းပဲ။ သူတို့ မသိတာက မင်းရဲ့ အရွေးချယ်ခံရစဉ်က ရလဒ်ဟာ အဲဒီ ကြာနီနတ်မိမယ်ထက် အများကြီး သာလွန်ခဲ့တယ်ဆိုတာပဲ”
ချင်းယွီမသေမျိုးက ဆိုသည်
“မင်း ငါနဲ့ လိုက်ခဲ့စမ်းပါ၊ သူတို့ရဲ့ မာန်မာနကို နည်းနည်းလောက် နှိမ်ပေးရမယ်”
“ကြီးကြီးမားမား ရန်ငြိုးမရှိရင်တော့ ချင်းယွီနတ်ဘုရားဂိုဏ်း အနေနဲ့ နည်းနည်းလောက် အလျှော့ပေးလိုက်တာ ပိုကောင်းမယ် ထင်တယ် ”
ဖန့်ချန်က ပြုံး၍ ဆိုလိုက်သည်။
“ဘာလို့လဲ ”
ချင်းယွီမသေမျိုးမှာ အံ့ဩသွားသည်။
အခြားသူများမှာလည်း အဓိပ္ပာယ်ကို နားမလည်နိုင်ကြပေ။
“ကြာနီမိတ်ဆွေရဲ့ ကံတရားက သိပ်ကို ကြီးမားတယ်၊ အခု သူမဟာ ကျွယ်မင်နန်းတော်ရဲ့ အမာခံတပည့် ဖြစ်နေပြီ။ သူမရဲ့ အဆင့်အတန်းက ကျနော့်ထက် အဆပေါင်းများစွာ သာလွန်သွားပြီ။ သူမရဲ့ ဘေးနားမှာ လိုက်ပါလာတဲ့သူတွေကလည်း သာမန်လူတွေ မဟုတ်ဘူး၊ အဲဒီထဲမှာ အဆင့် ၂ မသေမျိုးတွေတောင် ပါသေးတယ်”
ဖန့်ချန်က ရှင်းပြလိုက်သည်။
လူတိုင်းမှာ ထိုနေရာ၌ပင် ဆွံ့အသွားကြတော့သည်။
ထိုသတင်းမှာ ဖန့်ချန် အဆင့် ၁ မသေမျိုး ဖြစ်သွားသည်ဟူသော သတင်းထက်ပင် သူတို့ကို ပိုမို ရိုက်ခတ်သွားစေသည်။
“အ... အမာခံတပည့်...”
ချင်းယွီမသေမျိုး၏ မျက်နှာမှာ အနည်းငယ် ဖြူလျော့သွားသည်။
ကျွယ်မင်နန်းတော်၏ အမာခံတပည့်ဆိုသည်မှာ ဘာကို ဆိုလိုသလဲဆိုသည်ကို သူ ဝေဝေဝါးဝါး သိထားသည်။
ထိုကဲ့သို့သော ပုဂ္ဂိုလ်မျိုးသာ လင်းကွေ့ကြယ်တာရာသို့ ရောက်ရှိလာခဲ့လျှင်၊ ထိုနေရာရှိ အားအကောင်းဆုံးသော ရှေးဟောင်းမသေမျိုးများပင်လျှင် ရိုရိုသေသေ ဆက်ဆံရမည် ဖြစ်သည်။
“ချင်းယွီမိတ်ဆွေ... သိပ်ပြီး မစိုးရိမ်ပါနဲ့၊ ကျနော်နဲ့ ကြာနီမိတ်ဆွေက တိုက်ခိုက်ရင်းနဲ့မှ ခင်မင်သွားကြတာဆိုတော့ ဆက်ဆံရေးက မဆိုးပါဘူး။ နောက်ပိုင်းမှာ ချင်းယွီနတ်ဘုရားဂိုဏ်းနဲ့ ကြာနီနတ်ဘုရားဂိုဏ်း ငြိမ်းငြိမ်းချမ်းချမ်း နေကြရုံပါပဲ”
ဖန့်ချန်က နှစ်သိမ့်လိုက်သည်။
ထို့နောက် ခဏမျှ တိတ်သွားပြီးမှ
“ကျုပ်အတွက် ကျင့်ကြံဖို့ ဂူဗိမာန် တစ်ခုလောက် ရှာပေးလို့ ရမလား အချိန်အနည်းငယ်လောက် ကျင့်ကြံဖို့ စိတ်ကူးထားလို့ပါ”
“ဪ... ရတာပေါ့၊ ငါ လိုက်ပို့ပေးမယ်”
ချင်းယွီမသေမျိုးမှာ သတိပြန်ဝင်လာပြီး ချက်ချင်းပင် ခေါင်းညိတ်ကာ၊ တားမြစ်ချက် အစီရင်များစွာဖြင့် ကာရံထားသော ကျင့်ကြံခြင်းဂူတစ်ခု၏ ရှေ့သို့ ဖန့်ချန်ကို ကိုယ်တိုင် လိုက်ပို့ပေးခဲ့သည်။
“ဖန့်မိတ်ဆွေ... အဲဒီတစ်ယောက်က တကယ်ပဲ အမာခံတပည့် ဖြစ်သွားတာလား ”
ချင်းယွီမသေမျိုးမှာ ယခုထက်ထိ မယုံနိုင်သေးသဖြင့် ထပ်မံ၍ မေးမြန်းလိုက်မိပြန်သည်။
ဖန့်ချန်ထံမှ အတည်ပြုချက် ရရှိသွားသောအခါမှသာ၊ သူသည် စိတ်ဓာတ်ကျသွားဟန်ဖြင့် ဟန်ဆောင်ပြုံး ပြုံးကာ စကားအနည်းငယ် ထပ်မံပြောဆိုပြီးနောက် လှည့်ထွက်သွားတော့သည်။
ချင်းယွီမသေမျိုး ဘာတွေးနေသလဲဆိုသည်ကို ဖန့်ချန် ရိပ်မိပါသည်။
သို့သော် ချင်းယွီနတ်ဘုရားဂိုဏ်းသည် ကြာနီနတ်ဘုရားဂိုဏ်း၏ ဖိနှိပ်မှုကို ခံရတော့မည်မှာ အသေအချာပင်။
ထိုဖိနှိပ်မှုမှာလည်း နှစ်ပေါင်းများစွာ ကြာရှည်ဦးမည် ဖြစ်သည်။
ကျင့်ကြံခြင်းဂူအတွင်း ရောက်ရှိသွားသောအခါမှသာ ဖန့်ချန်သည် နယ်နိမိတ်ဘူးသီး ထဲမှ ဟွမ်ဝူကျိကို ထုတ်ပေးလိုက်သည်။
တားမြစ်ချက် အစီရင်များကို ခင်းကျင်းပြီးနောက်
“ငါနဲ့.. ယင်လောကထဲကို အတူတူ ဆင်းကြည့်ရအောင်”
“ယင်လောကထဲကိုလား ”
“ဟုတ်တယ်၊ ဒီနေရာက ပိတ်ဆို့ထားတဲ့ တားမြစ်ချက်တွေ ပျက်ပြယ်သွားလောက်ပြီ ထင်တယ်”
ဖန့်ချန်က အသာအယာ ခေါင်းညိတ်လိုက်သည်။
နှစ်ပေါင်းများစွာ ပိတ်ဆို့ခံထားရသော လင်းကွေ့ကြယ်တာရာသည် ယင်လောက၏ မည်သည့်အရပ်မျက်နှာနှင့် ချိတ်ဆက်နေသလဲဆိုသည်ကို သူ သိချင်နေမိတော့သည်။
***