"မင်း နာမည် ဘယ်လိုခေါ်လဲ"
ခွန်အားဗလပြည့်ဝသည့် လူငယ်ကျွန် သုံးရာခန့်သည် ရှောင်မင်၏ ရှေ့မှောက်တွင် မတ်တပ်ရပ်နေကြသည်။ ထိုအထဲမှ လူအုပ်အလယ်တွင် ရပ်နေသော ပိန်ပိန်ပါးပါး ကောင်လေးတစ်ယောက်ကို ရှောင်မင်က မေးလိုက်ခြင်းဖြစ်သည်။
ထိုကောင်လေးမှာ ခန္ဓာကိုယ် ပိန်သွယ်သော်လည်း သူတို့အထဲတွင် အသက်ဝင်လန်းဆန်းမှု အရှိဆုံးဖြစ်သည်။ အရပ်ငါးပေခွဲခန့်ရှိပြီး မျက်လုံးဝိုင်းကြီးများက ဟိုဟိုဒီဒီ ကစားကာ ပတ်ဝန်းကျင်ကို အကဲခတ်နေပုံထောက်လျှင် အတော်လေး ဉာဏ်ပြေးမည့်ပုံပေါ်သည်။
"သခင်ကြီးကို ရိုသေစွာ လျှောက်တင်ပါတယ် ကျွန်တော့်နာမည် လုထုံ လို့ခေါ်ပါတယ်" ကောင်လေးက ပြန်ဖြေလေသည်။
ထိုစကားကြားလျှင် ကျောက်လုံက မျက်မှောင်ကြုတ်ကာ "မင်းရှေ့မှာ ရပ်နေတာ မဟာယွီအင်ပါယာရဲ့ သတ္တမမြောက် မင်းသား ချီမင်းသားပဲ မင်းတို့တွေ ချီမင်းသား လို့ပဲ ခေါ်ရမယ်" ဟု ခပ်ဟောက်ဟောက် ပြောလိုက်သည်။
မြက်ခင်းပြင်ဒေသရှိ လူရိုင်းများအပေါ်တွင်သာ ကျွန်များက သခင်ကြီး ဟု သုံးနှုန်းလေ့ရှိကြသည်။ ကျောက်လုံ့အမြင်တွင် ဤအသုံးအနှုန်းမှာ ရှောင်မင်အပေါ် ရိုသေမှုကင်းမဲ့ရာရောက်နေသည်။
လုထုံ၏ မျက်နှာတွင် အံ့သြသွားသည့် အရိပ်အယောင်များ ဖြတ်ပြေးသွားသည်။ မြက်ခင်းပြင်မှ ဝယ်ယူခံရပြီးနောက် ပင်လယ်ခရီးဖြင့် တိုက်ရိုက်ခေါ်ဆောင်လာခြင်းဖြစ်ရာ သူတို့ရောက်နေသည့်နေရာကို မည်သူမျှ မသိကြပေ။ ယခုတော့ သူက ဝမ်းသာအားရဖြင့် "ချီမင်းသား ကျွန်တော်မျိုးက ချန်းကျိုးနယ်သားပါ လွန်ခဲ့တဲ့ သုံးနှစ်က လူရိုင်းတွေ ချန်းကျိုးမြို့ကို ဝင်စီးတုန်းက ဖမ်းခေါ်သွားခံခဲ့ရတာပါ" ဟု ပြောလိုက်သည်။
ထိုအချိန်မှာပင် ကျန်သည့် ကျွန်များကြားတွင်လည်း ရုတ်ရုတ်သဲသဲ ဖြစ်သွားကြသည်။ တစ်ယောက်တစ်ပေါက်ဖြင့် "ဒါ ချင်းကျိုးနယ်လား တို့တွေ ပြန်ရောက်ပြီပေါ့" "အိမ်ပြန်ရောက်ပြီဟေ့" "ဝမ်းသာစရာကြီးပါလား" ဟု အသံများ ထွက်ပေါ်လာသည်။
ကျောက်လုံ၏ မျက်နှာတစ်ခုလုံး နီရဲသွားသည်။ ချန်းကျိုးမြို့ ကျဆုံးခြင်းသည် ချင်းကျိုးတပ်ဖွဲ့အတွက် မည်သည့်အခါမျှ မေ့ဖျောက်နိုင်မည်မဟုတ်သော အရှက်ရဖွယ် သမိုင်းဆိုးတစ်ခုပင်။ ယခု သူ၏ရှေ့မှောက်တွင် ရပ်နေသည့် ကျွန်များမှာ လွန်ခဲ့သော သုံးနှစ်က လူရိုင်းများ ဖမ်းဆီးသွားသည့် မိမိတို့နယ်မြေမှ ပြည်သူများဖြစ်နေသည်ကို သိလိုက်ရသောအခါ ရှက်ရွံ့မှုကြောင့် သူ၏ ရင်ထဲတွင် မွန်းကျပ်သွားရသည်။
ရှောင်မင်ကိုယ်တိုင်လည်း မျက်နှာပူသွားရသည်။ ဤကိစ္စမှာ ယခင် ကိုယ်ပိုင်ရှင်၏ အမှားဖြစ်သော်လည်း ယခုတော့ သူကိုယ်တိုင် တာဝန်ယူဖြေရှင်းရမည့် အခြေအနေသို့ ရောက်နေပြီဖြစ်သည်။
အတွေးများကို အလျင်အမြန် စုစည်းလိုက်ရင်း "ဒုက္ခပေါင်းစုံ ခံစားပြီးတဲ့နောက် အခုတော့ ငါ့ရဲ့ ပြည်သူတွေကို ငါကိုယ်တိုင် ပြန်ခေါ်လာနိုင်ခဲ့ပြီ၊ ကျောက်လုံ၊ ကျောက်ဟု သူတို့ရဲ့ သံကြိုးတွေကို အခုချက်ချင်း ဖြုတ်ပေးလိုက်ကြ" ဟု အမိန့်ပေးလိုက်သည်။
လုထုံ၏ မျက်ဝန်းများ နီရဲလာကာ ပါးပြင်ပေါ်သို့ မျက်ရည်များ စီးကျလာသည်။ ဒူးထောက်ချလိုက်ပြီး မြေကြီးကို မျက်နှာဖြင့်အပ်ကာ ဝါကြန့်ကြန့် မြေကြီးများကို လက်ဖြင့် ဆုပ်ကိုင်ရင်း "ဖေဖေ မေမေ သား ပြန်ရောက်လာပြီ သား အိမ်ပြန်ရောက်လာပြီဗျာ" ဟု အသံနေအသံထား ပျက်ယွင်းစွာဖြင့် ငိုကြွေးလေတော့သည်။
ကျန်သည့် ကျွန်များလည်း ရှိုက်ကြီးတငင် ငိုကြွေးကြလေသည်။ အမိမြေကို ပြန်လည်နင်းမိချိန်တွင် ခံစားရသည့် ပီတိအပြင် သုံးနှစ်တိုင်တိုင် ကျေးကျွန်ဘဝဖြင့် နှိပ်စက်ညှဉ်းပန်းခံခဲ့ရသည့် ဒုက္ခများကြောင့် သူတို့၏ ရင်ထဲတွင် ခံစားချက်များ ပေါက်ကွဲထွက်လာခြင်းပင်။
ပုံမှန်အားဖြင့် အပြောအဆိုနည်းပါးကာ ရှောင်မင်၏ အမိန့်ကို မည်သည့်အခါမျှ မလွန်ဆန်တတ်သော ချန်ဝမ်လုံသည်လည်း ရှက်ရွံ့သည့် မျက်နှာဖြင့် "ချီမင်းသား သူတို့တွေအားလုံးက ချင်းကျိုးနယ်သားတွေပါ သူတို့ရဲ့ အိမ်ထောင်စုစာရင်းတွေကို ပြန်လည်သက်ဝင်စေပြီး ကျွန်ဘဝကနေ လွတ်လပ်ခွင့်ပေးဖို့ ကျွန်တော်မျိုး တောင်းဆိုပါတယ်" ဟု လျှောက်တင်လေသည်။
"ဒါပေါ့" ဟု ရှောင်မင်က ပြောလိုက်ပြီး လုထုံဘက်သို့ လှည့်ကာ "ထကြပါ မင်းတို့အားလုံးက ချင်းကျိုးနယ်သားတွေဖြစ်ပြီး အရင်က လွတ်လပ်သူတွေ ဖြစ်ခဲ့ကြတယ်၊ ဒီနေ့ကစပြီး မင်းတို့ရဲ့ လွတ်လပ်ခွင့်ကို ငါ ပြန်ပေးတယ်၊ ငွေကြေးနဲ့ အိမ်ထောင်စုစာရင်းတွေ စီစဉ်ပေးမယ်၊ ကိုယ့်မွေးရပ်မြေကို ပြန်နိုင်ကြပြီ"
သူ၏စကားဆုံးသွားသော်လည်း မည်သူတစ်ဦးတစ်ယောက်မျှ လှုပ်ရှားခြင်းမရှိကြပေ။ သူတို့အားလုံး တစ်ယောက်ကိုတစ်ယောက် ကြည့်ကာ မျက်နှာများထက်တွင် တွေဝေမှုများ အထင်းသား ပေါ်လွင်နေသည်။
လုထုံ မတ်တပ်ရပ်လိုက်ပြီး "ချီမင်းသား ကျွန်တော့်ကို မြက်ခင်းပြင်ကနေ ထွက်ပြေးနိုင်အောင် ကူညီရင်း ဖေဖေနဲ့ မေမေက လူရိုင်းတပ်သားတွေ လက်ချက်နဲ့ သေဆုံးသွားခဲ့ပြီ၊ အခုတော့ ကျွန်တော့်မှာ ပြန်စရာ အိမ်မရှိတော့ပါဘူး၊ ဒီကလူအများစုလည်း ကျွန်တော့်လိုပါပဲ၊ လူရိုင်းတွေ ချန်းကျိုးကို ဝင်စီးတုန်းက လူတွေကို အစုလိုက်အပြုံလိုက် သတ်ဖြတ်ခဲ့တာမို့ မိသားစုဝင်တွေ အစုံအလင်ကျန်ရစ်သူဆိုတာ မရှိသလောက်ပါပဲ" ဟု ဝမ်းနည်းစွာဖြင့် ပြောလေသည်။
ရှောင်မင် တစ်ခဏမျှ ဆွံ့အသွားသည်။ ဆင်းရဲမွဲတေပြီး အင်အားနည်းပါးသော နိုင်ငံတစ်နိုင်ငံသည် ပြည်သူများအတွက် ဆင်းရဲဒုက္ခကိုသာ ယူဆောင်လာပေးတတ်သည်။ ဤအချက်ကို သမိုင်းတစ်လျှောက် သာဓကများစွာက သက်သေပြခဲ့ပြီးဖြစ်သည်။
ဤအကြောင်းကို တွေးမိသောအခါ သူက ခါးညွှတ်ကာ "လွန်ခဲ့တဲ့ သုံးနှစ်က ချန်းကျိုး ကျဆုံးခဲ့ရတာဟာ မြို့စောင့်တပ်မှူးက မြို့ကို စွန့်ပစ်ထွက်ပြေးခဲ့လို့ ဆိုပေမယ့် ငါ့မှာလည်း ရှောင်လွှဲလို့မရတဲ့ တာဝန်ရှိနေပါတယ်၊ ဒီအတွက် မင်းတို့အားလုံးကို ငါ တောင်းပန်ပါတယ်" ဟု ဆိုလိုက်သည်။
"ချီမင်းသား... ဒါက..." လုထုံနှင့် အခြားသူများအားလုံး မှင်သက်သွားကြပြီး အလျင်အမြန် ဒူးထောက်ချလိုက်ကာ "ကျွန်တော်မျိုးတို့လို အောက်ခြေသိမ်း ကျွန်တွေက ချီမင်းသားရဲ့ ဒီလို တောင်းပန်မှုကို ဘယ်လိုလုပ် ခံယူဝံ့မှာလဲ" ဟု ပြာပြာသလဲ ပြောကြသည်။
ကျောက်လုံနှင့် ကျောက်ဟုတို့ အချင်းချင်း အကြည့်ချင်းဖလှယ်လိုက်ကြပြီး ရှောင်မင်ကို ကြည့်နေသည့် သူတို့၏ မျက်ဝန်းများထဲတွင် ထူးဆန်းသော အရိပ်အယောင်များ ဖြတ်ပြေးသွားသည်။
ရှောင်မင်က လုထုံကို ဆွဲထူလိုက်ပြီး "လူရိုင်းတွေက အင်အားကြီးပြီး လက်နက်ပြည့်စုံတယ်၊ ချင်းကျိုးကတော့ ဆင်းရဲပြီး အင်အားနည်းတယ်၊ ချန်းကျိုး ကျဆုံးခဲ့ရတာဟာ မြို့စောင့်တပ်မှူးရဲ့ အမှားဆိုပေမယ့် အဓိက အကြောင်းရင်းကတော့ တို့တပ်သားတွေ အင်အားမတောင့်တင်းလို့ တို့မြင်းတွေ သန်မာမှုမရှိလို့ပဲ၊ လွန်ခဲ့တဲ့ သုံးနှစ်က အရှက်ရခဲ့ရတာကို ငါ မမေ့သေးဘူး၊ အခု ငါ့နယ်မြေကို ပြန်လည်ထူထောင်ပြီး နောင်တစ်ချိန် ပြည်သူတွေရဲ့ လုံခြုံရေးကို အာမခံနိုင်ဖို့ ငါ ကြိုးစားနေတယ်၊ လောလောဆယ် ငါ့မှာ အရည်အချင်းရှိတဲ့ လူတွေ လိုအပ်နေတယ်၊ မင်းတို့မှာ သွားစရာ နေရာမရှိမှတော့ ငါ့နောက်ကိုလိုက်ပြီး ကြီးမြတ်တဲ့ ရည်မှန်းချက်တစ်ခုအတွက် အလုပ်လုပ်ပေးနိုင်မလား"
သွားစရာ နေရာမရှိသည့်အပြင် လူငယ်ပီပီ သွေးဆူလွယ်သော လုထုံနှင့် အခြားသူများမှာ ရှောင်မင်၏ စိတ်အားထက်သန်လှသော စကားများကြောင့် ရင်တွင်း၌ လှုပ်ရှားသွားကြသည်။ လုထုံက "ချီမင်းသားသာ ကျွန်တော်မျိုးကို ငြင်းပယ်ခြင်းမရှိဘူးဆိုရင် သစ္စာရှိရှိ အမှုထမ်းဖို့ ဆန္ဒရှိပါတယ်" ဟု တက်ကြွစွာ ဖြေလေသည်။
ရှောင်မင်က အခြားသူများကို အကဲခတ်လိုက်သည်။ အချို့မှာ လုထုံကဲ့သို့ စိတ်အားထက်သန်နေကြသော်လည်း အချို့မှာမူ တွေဝေကာ စိုးရိမ်နေသည့်ပုံပေါ်သည်။
လူတိုင်းသည် မိဘနှစ်ပါးစလုံး ဆုံးရှုံးခဲ့ရပြီး အားကိုးရာမဲ့နေသော လုထုံကဲ့သို့ မဟုတ်ကြောင်း သူ နားလည်လိုက်သည်။ ထို့ကြောင့် "လုထုံနဲ့အတူ နေခဲ့ချင်တဲ့သူတွေကို ကြိုဆိုပါတယ်၊ အိမ်ပြန်ချင်တဲ့သူရှိရင်လည်း အတင်းအကျပ် ဆက်နေခိုင်းမှာ မဟုတ်ပါဘူး၊ လမ်းစရိတ်အတွက် ငွေကြေး ထောက်ပံ့ပေးပါမယ်" ဟု အသိပေးလိုက်သည်။
"ချီမင်းသားကို ကျေးဇူးတင်ပါတယ်" ဟု အသံအချို့ ထွက်ပေါ်လာသည်။
ရှောင်မင်က ချန်ဝမ်လုံဘက်လှည့်ကာ "အခြား ကျွန်တွေကို သွားမေးကြည့်လိုက်ပါ၊ ချင်းကျိုးနယ်သားတွေဖြစ်ရင် လွတ်လပ်ခွင့်ပေးလိုက်၊ လိုအပ်ရင် လမ်းစရိတ် ထောက်ပံ့ပေးလိုက်ပါ၊ အလုပ်ရုံဇုန်မှာ ကျန်ရစ်ပြီး အလုပ်လုပ်ချင်တယ်ဆိုရင်တော့ လက်မှုပညာသည်တွေလို လုပ်အားခ ပေးရမယ်" ဟု မှာကြားလိုက်သည်။
"ဟုတ်ကဲ့ပါ" ချန်ဝမ်လုံ ခေါင်းညိတ်ကာ အလုပ်ရုံဇုန်ထဲသို့ ဝင်သွားလေသည်။ တစ်ချိန်တည်းမှာပင် အိမ်ပြန်ချင်သူများက ချန်ဝမ်လုံနောက်သို့ လိုက်သွားကြသည်။
လူသုံးရာအနက် သုံးပုံတစ်ပုံခန့် ထွက်သွားကြရာ လူနှစ်ရာခန့်သာ ကျန်ရစ်တော့သည်။ သူတို့အားလုံးက ရှောင်မင်၏ အမိန့်ကို စောင့်မျှော်ရင်း သူ့ကိုသာ ငေးကြည့်နေကြသည်။
ယခု သူတို့တွင် ပြန်စရာ အိမ်မရှိတော့ချိန်၌ မင်းသားတစ်ပါးဖြစ်သော ရှောင်မင်က လက်ခံစောင့်ရှောက်မည်ဆိုခြင်းမှာ အလွန်တရာ ကံကောင်းလှသော အခွင့်အရေးပင်။ မည်သည့်အချိန်တွင်မဆို အသက်အန္တရာယ်ကြုံတွေ့နိုင်သည့် မြက်ခင်းပြင်ပေါ်တွင် ဆင်းရဲဒုက္ခခံရခြင်းထက်မူ အဆပေါင်းများစွာ သာလွန်လှပေသည်။
ကျန်ရစ်သော လူနှစ်ရာကို ကြည့်ကာ ရှောင်မင်က "မင်းတို့ ဆက်နေဖို့ ရွေးချယ်လိုက်ပြီဆိုတော့ အခုကစပြီး မင်းတို့ဟာ ငါ့ရဲ့လူတွေပဲ၊ ထူးခြားတဲ့ ပညာရပ်တချို့ သင်ပေးဖို့ မင်းတို့ကို ငါ ရွေးချယ်ခဲ့တာ၊ ဒီနေ့ကစပြီး ငါနဲ့အတူ ချင်းကျိုးကို လိုက်ခဲ့ရမယ်၊ ချီမင်းသားအိမ်တော်ဘေးက ခြံဝင်းထဲမှာ နေကြရမယ်၊ မနက်ဖြန်ကစပြီး ဒီပညာရပ်တွေကို ငါကိုယ်တိုင် သင်ပေးမယ်" ဟု ပြောလိုက်သည်။
"ဟုတ်ကဲ့ပါ ချီမင်းသား" ဟု လုထုံနှင့် အခြားသူများက ခေါင်းညွှတ်ကာ ပြန်ဖြေကြသည်။
ရှောင်မင် ခေါင်းညိတ်ပြပြီး သူတို့ကို ကျောက်လုံနှင့် ကျောက်ဟုတို့အား ခေါ်ဆောင်သွားစေသည်။ သူတို့အနေဖြင့် လက်မှုပညာသည်များ ဖြစ်လာရန် ဆန္ဒရှိမရှိကို သူ စိုးရိမ်မနေပေ။
ကျေးကျွန်ဘဝနှင့် နှိုင်းယှဉ်လျှင် ဤအရာသည် ကြီးမားလှသော အပြောင်းအလဲတစ်ခု ဖြစ်နေပြီမဟုတ်ပါလား။ ထို့အပြင် နောင်တစ်ချိန် ချင်းကျိုးတွင် လက်မှုပညာသည်များ၏ အဆင့်အတန်း မြင့်မားလာသောအခါ ဤလူငယ်များ သူတို့၏ ဘဝသစ်အတွက် ဂုဏ်ယူလာကြလိမ့်မည်ဟု သူ ယုံကြည်ထားသည်။
ကျွမ်းကျင်နည်းပညာရှင် တစ်စုကို ပြုစုပျိုးထောင်နိုင်ရန် ရှောင်မင်က ရင်းနှီးမြှုပ်နှံမှု အကြီးအကျယ် ပြုလုပ်ထားခဲ့သည်။ လျှို့ဝှက်မှုနှင့် လုံခြုံရေးအတွက် ဘေးကပ်လျက် ခြံဝင်းကို သီးသန့် ဝယ်ယူထားခြင်းပင်။
ထိုခြံဝင်းနှင့် မင်းသားအိမ်တော်ကို ချိတ်ဆက်လိုက်သည်နှင့် တံခါးပေါက်တစ်ခုသာ ခြားသည့် လမ်းကြားငယ်လေးတစ်ခုဖြင့် ဆက်သွယ်ထားပြီး ဖြစ်သွားပေမည်။
ကျောက်လုံနှင့် ကျောက်ဟုတို့က လုထုံနှင့် အခြားသူများကို ခြံဝင်းအတွင်းသို့ လိုက်လံပို့ဆောင်ပြီးနောက် တပ်ဖွဲ့ဌာနချုပ်သို့ ချက်ချင်း သွားရောက်ခဲ့ကြသည်။ မကြာမီတွင် အပြည့်အစုံ လက်နက်တပ်ဆင်ထားသည့် အထက်တန်းစား ကိုယ်ရံတော် အယောက်နှစ်ဆယ်ကို မင်းသားအိမ်တော်တွင် ထပ်မံချထားလိုက်သည်။
ဤလူနှစ်ရာကို ရှောင်မင်ကိုယ်တိုင် စီစဉ်ထားခြင်း ဖြစ်သော်လည်း ကျောက်လုံနှင့် ကျောက်ဟုတို့က လုံခြုံရေးကို ပိုမိုတင်းကျပ်ထားလိုက်သည်။ အကယ်၍ ဤလူနှစ်ရာသာ ပုန်ကန်လာပါက မင်းသားအိမ်တော်အတွက် ကြီးမားသည့် အန္တရာယ်တစ်ခု ဖြစ်လာနိုင်ပေသည်။ ဤသည်မှာ ကြိုတင်ကာကွယ်မှု သက်သက်သာ။
ရှောင်မင်ကလည်း ဤကိစ္စကို ကန့်ကွက်ခြင်း မရှိပေ။ သူ၏ စကားအနည်းငယ်ဖြင့် ဤလူငယ်များကို အလုံးစုံ လွှမ်းမိုးထိန်းချုပ်နိုင်လိမ့်မည်ဟု သူ မယုံကြည်ထားပေ။
သူတို့၏ စစ်မှန်သော စရိုက်လက္ခဏာကို အချိန်ယူ လေ့လာရဦးမည်ဖြစ်သည်။ သူ၏ လက်ရှိ အနေအထားအရ မည်သူ့ကိုမျှ အလွယ်တကူ ယုံကြည်၍မရနိုင်ချေ။ အကယ်၍ သူတို့သာ သစ္စာရှိပြီး ကြိုးစားပမ်းစား အလုပ်လုပ်ကြောင်း သက်သေပြနိုင်ပါက အကောင်းဆုံးပင်။
သို့သော် သူတို့သာ သစ္စာဖောက်လာလျှင် သို့မဟုတ် ချင်းကျိုး၏ အကျိုးစီးပွားကို ထိခိုက်လာမည်ဆိုပါက သူ နှောင့်နှေးနေမည် မဟုတ်ပေ။ တော်ဝင်မိသားစုဝင် တစ်ဦးအနေဖြင့် သနားကြင်နာမှု လွန်ကဲ၍ မရနိုင်ကြောင်း သူ အမြဲတမ်း မှတ်သားထားသည်။
အဘယ်ကြောင့်ဆိုသော် ထိုကဲ့သို့သော သနားကြင်နာမှုသည် မိမိကိုယ်တိုင်သာမက မိမိနယ်မြေရှိ သန်းနှင့်ချီသော ပြည်သူများကိုပါ အန္တရာယ်ကျရောက်စေနိုင်သောကြောင့်ပင်ဖြစ်သည်။
အပိုင်း ( ၆၁ ) ပြီးဆုံး
***