လူနှစ်ရာကျော်ကို နေရာချထားပေးပြီးနောက် နောက်တစ်နေ့တွင် ရှောင်မင်က ချန်ဝမ်လုံကို စေခိုင်းကာ လုထုံနှင့် အခြားသူများကို စာရင်းသွင်းစေလိုက်သည်။ ယခုတော့ သူတို့အားလုံး လက်မှုပညာဌာန၏ တရားဝင် အလုပ်သမားများ ဖြစ်သွားကြလေပြီ။
ကျန်ရစ်ခဲ့သော ခွန်အားဗလပြည့်ဝသည့် လူငယ်နှစ်ရာသုံးဆယ့်တစ်ယောက်ထဲတွင် အများစုမှာ အသက်ဆယ့်သုံးနှစ်မှ နှစ်ဆယ်ကြား အရွယ်များသာ ဖြစ်ကြသည်။ အသက်အနည်းငယ် ကြီးသူများမှာ မိသားစုရှိတတ်ကြသဖြင့် အိမ်ပြန်ရန် ရွေးချယ်သွားခဲ့ကြခြင်း ဖြစ်သည်။
"ဒီထဲမှာ စာတတ်တဲ့သူ ပါလား" သူတို့၏ ပညာရေးအဆင့်အတန်းကို သိရှိလိုသဖြင့် ရှောင်မင်က မေးမြန်းလိုက်သည်။
တစ်ခန်းလုံး တိတ်ဆိတ်ငြိမ်သက်သွားသည်။
ရှောင်မင် ချက်ချင်း သဘောပေါက်လိုက်သည်။ ဤလူနှစ်ရာကျော်ထဲတွင် စာတတ်သူ တစ်ယောက်မှ မရှိပေ။ စာတတ်မြောက်နှုန်း အလွန်တရာ နိမ့်ကျလှသော ဤခေတ်ကာလတွင် ဒါဟာ မထူးဆန်းလှသည့် ကိစ္စပင်။
ဤသည်မှာ သူတို့ကို လေ့ကျင့်သင်ကြားပေးရန် အချိန်များစွာ ယူရမည်ဆိုသည့် သဘောလည်း ဖြစ်နေသည်။ ယခုအချိန်တွင် ရှုပ်ထွေးခက်ခဲလှသော နည်းပညာများကို သင်ပေးနေလျှင်လည်း သူတို့ နားလည်နိုင်မည် မဟုတ်သဖြင့် အချည်းနှီးသာ ဖြစ်ပေလိမ့်မည်။
နည်းပညာသလင်းကျောက်က ပညာရပ်များကို ပေးစွမ်းနိုင်ပြီး နည်းပညာအဆင့်ဆင့်ကို ရုပ်ပုံများ၊ အခြားသော ပုံစံများဖြင့် သူတို့၏ ဦးနှောက်ထဲသို့ တိုက်ရိုက် ရောက်ရှိသွားစေနိုင်သော်လည်း လက်တွေ့အသုံးချနိုင်ရန်အတွက်မူ မြေပြင်ပေါ်တွင် ကိုယ်တိုင်ကိုယ်ကျ လေ့ကျင့်လုပ်ဆောင်မှုများ လိုအပ်နေဆဲပင်။
ဥပမာအားဖြင့် လေပြင်းဖိုသုံး သံရည်ကျိုနည်းနှင့် မီးသွေးဖုတ်နည်းတို့ဆိုလျှင် ချန်ချီတစ်ယောက် အကြိမ်ကြိမ် ကျရှုံးပြီးမှသာ တတ်မြောက်ခဲ့ခြင်းဖြစ်သည်။ ရှောင်မင်က နည်းပညာပိုင်းကိုသာ သင်ပေးခဲ့ပြီး ချန်ချီက လက်တွေ့စမ်းသပ်မှုများမှတစ်ဆင့်သာ ထိုပညာရပ်များကို အမှန်တကယ် နားလည်ကျွမ်းကျင်သွားခဲ့ခြင်း ဖြစ်သည်။
သို့သော် နည်းပညာသလင်းကျောက်၏ အားသာချက်တစ်ခုကတော့ စိတ်သက်သာရာရစေသည်။ ၎င်းက ရှောင်မင် သင်ပေးလိုက်သော ပညာရပ်များကို သင်ယူသူများ လွယ်လင့်တကူ မှတ်မိနိုင်စေရန် ကူညီပေးသည်။ မြင်သမျှကို အကုန်မှတ်မိနိုင်သော အစွမ်းမျိုး မဟုတ်သော်လည်း တစ်ကြိမ်သင်ပေးရုံဖြင့် အချက်အလက်များ၏ ရှစ်ဆယ်ရာခိုင်နှုန်းခန့်ကို ခေါင်းထဲတွင် စွဲထင်ကျန်ရစ်စေနိုင်သဖြင့် သင်ကြားရေးအပိုင်းတွင် များစွာ ထိရောက်မှုရှိလှသည်။
"ဒီလိုဆိုမှတော့ မင်းတို့ကို ငါ ပထမဆုံး သင်ပေးမှာက စာဖတ်တတ်ဖို့ပဲ" ဟု ရှောင်မင်က ကြေညာလိုက်သည်။
ဤလူငယ်များသည် နောင်တစ်ချိန် ချင်းကျိုး၏ အဓိက နည်းပညာမဏ္ဍိုင်ကြီးများ ဖြစ်လာကြမည်ဖြစ်ရာ စာမတတ်၍ လုံးဝ မဖြစ်ပေ။ သို့သော် ရှောင်မင်က သူတို့ကို ရိုးရာစာလုံးများ သင်ပေးရန် အစီအစဉ်မရှိချေ။ ထိုအစား ရိုးရှင်းလွယ်ကူအောင် ပြုပြင်ထားသော စာလုံးများကိုသာ သင်ပေးမည်ဖြစ်သည်။
ယခုမှစ၍ ချင်းကျိုးရှိ နည်းပညာဆိုင်ရာ စာရွက်စာတမ်းအားလုံးကို ရိုးရှင်းသော စာလုံးများဖြင့်သာ ရေးသားတော့မည်ဖြစ်သည်။ ဤသည်မှာ နည်းပညာများနှင့် ပစ္စည်းကိရိယာများ၏ လျှို့ဝှက်ချက်ကို ထိန်းသိမ်းရန်အတွက်လည်း ဖြစ်သည်။ ရိုးရှင်းသော စာလုံးများ ဖြစ်နေသည့်တိုင် မဟာယွီအင်ပါယာမှ လူအချို့ကတော့ အနည်းအကျဉ်း ဖတ်တတ်နိုင်သေးသည် မှန်သော်လည်း ထက်ဝက်ခန့်ကို နားမလည်နိုင်အောင် လုပ်ထားနိုင်လျှင်ပင် လုံလောက်နေပြီ ဖြစ်သည်။
လုထုံနှင့် အခြားသူများ၏ သင်ယူမှု မြန်ဆန်စေရန်အတွက် ရှောင်မင်သည် အခြေခံအကျဆုံး စာလုံးလေးများမှစတင်ကာ ခေတ်သစ် အသံထွက် သင်ကြားရေးစနစ်ကို အသုံးပြုခဲ့သည်။
နံနက်ပိုင်းတွင် အသံထွက်စနစ်တစ်ခုလုံးကို သင်ပေးပြီး သူတို့၏ တတ်မြောက်မှုကို စစ်ဆေးကြည့်သည်။ ရလဒ်ကတော့ အတော်လေး ကျေနပ်စရာကောင်းလှသည်။ သူတို့အားလုံး အသံထွက်အက္ခရာများ၏ တစ်ဝက်ကျော်ကို အလွတ်မှတ်မိနေကြပြီ ဖြစ်သည်။
မွန်းလွဲပိုင်းရောက်သောအခါ ရှောင်မင်က သင်္ချာဘာသာရပ်ဘက်သို့ ကူးပြောင်းလိုက်ပြီး အာရေဗျဂဏန်းများနှင့် တစ်မှဆယ်အတွင်း အခြေခံ အပေါင်းအနုတ်များကို စတင်သင်ကြားပေးလေသည်။
ယေဘုယျအားဖြင့် သူ၏ သင်ကြားမှုနှုန်းသည် သာမန် မူလတန်းကျောင်း သင်ရိုးညွှန်းတမ်းထက် များစွာ မြန်ဆန်နေသည်။ အကြောင်းရင်းမှာ သူတို့သည် ကလေးများထက် အသက်အရွယ်ပိုကြီးကာ စည်းကမ်းပိုရှိကြသည့်အပြင် ပညာသင်ယူလိုစိတ် ပြင်းပြနေကြသောကြောင့်လည်း ဖြစ်သည်။
ဤခေတ်ကာလတွင် စာတတ်ခြင်းသည် ဂုဏ်သိက္ခာကြီးမားသော အရည်အချင်းတစ်ခုအဖြစ် သတ်မှတ်ခံရပြီး လူတို့သည် မိမိတို့တွင် မရှိသော အရာကိုသာ တမ်းတတတ်ကြသည် မဟုတ်ပါလား။ အနည်းဆုံးတော့ ဒီနေ့တစ်ရက်အတွက် လုထုံနှင့် အခြားသူများအားလုံး သင်ခန်းစာများအပေါ်တွင် အာရုံစိုက်မှု အပြည့်အဝ ရှိနေကြသည်။
ညနေစောင်းချိန်တွင် ချန်ဝမ်လုံက ပေါ်ဝမ် ကျောင်းတော် ဟု ကမ္ပည်းထိုးထားသော ဆိုင်းဘုတ်တစ်ခုကို ယူဆောင်လာသည်။ ဤသည်မှာ ယခုအခါ ချင်းကျိုး၏ ပညာရေးအခြေစိုက်စခန်း ဖြစ်လာတော့မည့် ခြံဝင်းအတွက် တရားဝင် အမည်နာမပင် ဖြစ်သည်။
"လုထုံ ဒီည သူတို့နဲ့အတူ သင်ခန်းစာတွေကို ပြန်နွှေးကြ၊ လောလောဆယ်တော့ မင်းတို့ကို တခြား အလုပ်တွေ ပေးမှာ မဟုတ်ဘူး၊ စားဝတ်နေရေးနဲ့ နေ့စဉ် လိုအပ်ချက်တွေအားလုံးကို အစေခံတွေက စီစဉ်ပေးလိမ့်မယ်"
လူငယ်များထဲတွင် အတက်ကြွဆုံးဖြစ်သော လုထုံသည် ချန်ဝမ်လုံ ရောက်လာသည်နှင့် ဆိုင်းဘုတ်ချိတ်ဆွဲရာတွင် ကူညီရန် အပြေးအလွှား သွားရောက်လေသည်။
"ချီမင်းသား ကျွန်တော်တို့လို လူတွေက ဒီလို အထူးအခွင့်အရေးမျိုးနဲ့ ဘယ်လိုလုပ် ထိုက်တန်မှာလဲ၊ ဒီကျေးဇူးကြွေးကို ဘယ်လိုများ ပြန်ဆပ်ရပါ့မလဲ" သူတစ်ပါး အစေခံရသည့် ကျွန်ဘဝမှ စာရေးစာဖတ်တတ်သော ပညာတတ်တစ်ယောက်အဖြစ်သို့ ရုတ်ချည်း ပြောင်းလဲသွားမှုကို လုထုံ တစ်ယောက် အသားမကျနိုင်သေးပေ။
ရှောင်မင် ပြုံးလိုက်ရင်း "ဒါက ယာယီပါပဲ၊ မင်းတို့တွေ အတတ်ပညာတွေကို သေချာ တတ်မြောက်သွားတဲ့အခါ ငါ့အတွက် အလုပ်လုပ်ပေးကြရမယ်၊ အဲဒါက မင်းတို့ ငါ့ကို ကျေးဇူးဆပ်တာပဲ၊ အခုလောလောဆယ်တော့ ငါသင်ပေးတာတွေကို သေချာ သင်ယူနေတာကပဲ ကျေးဇူးဆပ်တာနဲ့ အတူတူပါပဲ"
"ဟုတ်ကဲ့ပါ ချီမင်းသား" လုထုံက ပြန်ဖြေလေသည်။
လူနှစ်ရာကျော်လုံးမှာ သွေးဆူလွယ်သော လူငယ်များသာ ဖြစ်ကြရာ လုထုံတစ်ယောက်တည်းနှင့် အုပ်ထိန်းနိုင်မည် မဟုတ်ဟု ရှောင်မင် စိုးရိမ်မိသည်။ ထို့ကြောင့် လူအုပ်ကြီးကို လှမ်းကြည့်ကာ "ဒီနေ့ကစပြီး ဒီနေရာကို ပေါ်ဝမ် ကျောင်းတော်လို့ ခေါ်မယ်၊ နောင်ဆိုရင် ဒီမှာ ပညာလာသင်မယ့်သူတွေ ပိုများလာလိမ့်မယ်၊ မင်းတို့ ဒီအခွင့်အရေးကို တန်ဖိုးထားကြဖို့ ငါမျှော်လင့်တယ်၊ မင်းတို့ထဲက တစ်ယောက်ယောက်များ တိုးတက်ချင်စိတ် မရှိဘူးဆိုရင်တော့ ငွေနည်းနည်းပေးပြီး ကိုယ့်လမ်းကိုယ် လျှောက်ခိုင်းရုံကလွဲလို့ တခြားရွေးချယ်စရာ မရှိဘူး၊ ငါ ရက်စက်တယ်လို့ မပြစ်တင်ကြနဲ့၊ မင်းတို့ကို ငါရွေးချယ်ခဲ့တာက မင်းတို့ရဲ့ အမိမြေကို ပြန်လည်ထူထောင်ဖို့ပဲ၊ ဒါကြောင့် အမှားခံလို့ မဖြစ်ဘူး၊ အခုကစပြီး လုထုံကို မင်းတို့ရဲ့ ကျောင်းသားခေါင်းဆောင်အဖြစ် ငါခန့်အပ်တယ်၊ မင်းတို့အားလုံး သူ့စကားကို နားထောင်ရမယ်"
လူငယ်များအားလုံး ခေါင်းညွှတ်ကာ "ဟုတ်ကဲ့ပါ ချီမင်းသား" ဟု တစ်ခဲနက် ပြန်ဖြေကြသည်။
ရှောင်မင် ခေါင်းညိတ်ပြလိုက်သည်။ မဟာယွီအင်ပါယာတွင် ကျောင်းသားခေါင်းဆောင် ဆိုသည်မှာ ကျောင်းသားများ ကျောင်းစည်းကမ်းကို လိုက်နာစေရန် ကြီးကြပ်ပေးရပြီး ဆရာများကို သင်ကြားရေးတွင် ကူညီပေးရသူ ဖြစ်သည်။ ယခု သူ ကျောင်းတော်တစ်ခုကို တည်ထောင်လိုက်ပြီဖြစ်ရာ တရားဝင် ဖွဲ့စည်းပုံတစ်ခု ဖန်တီးပြီး လိုအပ်သော တာဝန်များ ခွဲဝေပေးရန် အရေးကြီးပေသည်။
လုထုံကို အနည်းငယ် ထပ်မံမှာကြားပြီးနောက် ရှောင်မင်နှင့် ချန်ဝမ်လုံတို့ ကျောင်းတော်မှ ထွက်ခွာလာကြသည်။ အဝင်ဝရှိ ကိုယ်ရံတော်များက သူတို့ထွက်သွားသည်နှင့် တံခါးကြီးကို ပိတ်လိုက်ကြသည်။
ကျောင်းသားများကို ခုနစ်ရက်လျှင် တစ်ရက်သာ ကျောင်းတော်မှ ထွက်ခွာခွင့်ပြုမည်ဟု ရှောင်မင်က အမိန့်ထုတ်ထားသည်။ ကျန်အချိန်များတွင်မူ ကျောင်းတော်အတွင်း၌သာ နေထိုင်ကာ ပညာသင်ကြားကြရမည် ဖြစ်သည်။
"ချီမင်းသား ကျွန်တော်မျိုးရဲ့ သားကိုရော ဒီကျောင်းတော်မှာ တက်ရောက်ပြီး ပညာသင်ယူခွင့် ပြုနိုင်မလား" ဘေးပေါက် လမ်းကြားလေးမှတစ်ဆင့် မင်းသားအိမ်တော်အတွင်းသို့ ဝင်ရောက်လာစဉ် ချန်ဝမ်လုံက ရုတ်တရက် မေးလာသည်။
ရှောင်မင်က ရယ်မောလိုက်ရင်း "အမတ်ကြီး ချန် ဘာလို့ ရုတ်တရက်ကြီး ဒီလို တောင်းဆိုရတာတုန်း"
"ချီမင်းသားရယ် ကျွန်တော်မျိုးရဲ့ သားက ဉာဏ်ရည် သာမန်လောက်ပဲ ရှိတာပါ၊ ဉာဏ်နီဉာဏ်နက်လေး နည်းနည်းရှိရုံကလွဲလို့ ထူးထူးချွန်ချွန် မရှိပါဘူး၊ ဒီလိုပဲ အချိန်တွေ ဆက်ဖြုန်းတီးနေမယ်ဆိုရင် နောင်ကျရင် ဘာမှ ဖြစ်လာမှာ မဟုတ်ဘူး" ဟု ချန်ဝမ်လုံက ပြန်ဖြေလေသည်။
"မိဘတွေရဲ့ မေတ္တာဆိုတာ သားသမီးတွေအတွက် အမြဲတမ်း ရှေ့ရေးကို ကြိုတွေးပေးတတ်ကြတာချည်းပါပဲ၊ ခင်ဗျားက ချန်ချီအပေါ်မှာ တင်းကျပ်တယ်ဆိုပေမယ့် သူ့အနာဂတ်အတွက် အများကြီး စိတ်ပူလို့ဆိုတာ သိသာပါတယ်၊ စိတ်ချပါ အမတ်ကြီး ချန်၊ ပေါ်ဝမ် ကျောင်းတော်မှာ ချန်ချီအတွက် နေရာတစ်နေရာ သေချာပေါက် ရှိစေရမယ်" ဟု ရှောင်မင်က ပြောလိုက်သည်။
ချန်ဝမ်လုံ၏ မျက်နှာပေါ်တွင် ဝမ်းသာပျော်ရွှင်မှုများ လင်းလက်သွားပြီး "ချီမင်းသားရဲ့ ကျေးဇူးကို အထူးပဲ ကျေးဇူးတင်ပါတယ်"
ရှောင်မင်က လက်ကာပြလိုက်ရင်း "ခင်ဗျားတို့အားလုံးက ငါ့ရဲ့ ယုံကြည်ရတဲ့ အမတ်တွေပဲလေ၊ ဒီလောက်ကတော့ လုပ်ပေးရမှာပေါ့"
ချန်ဝမ်လုံ၏ ခန္ဓာကိုယ်လေး အနည်းငယ် တုန်ယင်သွားသည်။ ယုံကြည်ရသော အမတ် ဟု ခေါ်ဝေါ်ခံလိုက်ရခြင်းက သူ့ရင်ကို လှိုင်းထန်သွားစေသည်။
ကျေးဇူးတင်စကား ဆိုပြီးနောက် ဤသတင်းကောင်းကို ချန်ချီအား ပြောပြရန် ချန်ဝမ်လုံ ထွက်ခွာသွားလေသည်။
ရှောင်မင်၏ နောက်သို့ တစ်နေကုန် လိုက်ပါလာခဲ့သော လုလော့ တစ်ယောက် နောက်ဆုံးတွင် သူမ၏ သိချင်စိတ်ကို မမျိုသိပ်ထားနိုင်တော့ပေ။ "ချီမင်းသား ဒီနေ့ သင်ပေးလိုက်တဲ့ ဟာတွေက အကုန်လုံး ထူးထူးဆန်းဆန်းတွေချည်းပါလား၊ အရင်က အဲဒီလိုမျိုးတွေ တစ်ခါမှ မကြားဖူးပါဘူး"
လုလော့ရော ကျီယွမ်ပါ စာတတ်ကြသဖြင့် ရှောင်မင်က လုထုံတို့ကို သင်ပေးလိုက်သော စာလုံးများမှာ ပုံမှန်စာလုံးများ မဟုတ်ဘဲ ထူးဆန်းနေသည်ကို သဘာဝကျစွာပင် သတိထားမိကြသည်။
"ဒါက ငါ့ရဲ့ လျှို့ဝှက်ချက်လေ၊ တခြားသူတွေကို လျှောက်မပြောနဲ့နော်" ရှောင်မင်က ပြုံးလျက် ပြောလိုက်သည်။
လုလော့လည်း ခေါင်းညိတ်လိုက်ပြီး ဆက်မမေးရဲတော့ချေ။
ယခုဆိုလျှင် မင်းသားအိမ်တော်၌ ညစာ အဆင်သင့်ဖြစ်နေလေပြီ။ လွန်ခဲ့သော နှစ်လက ဆင်းရဲနွမ်းပါးလှသော အစားအသောက်များနှင့် မတူတော့ဘဲ ယခုအခါ မုန့်ပဲသရေစာများသာမက အကြော်အလှော် ဟင်းလျာများဖြင့်ပါ စားသောက်ဖွယ်ရာများ ပိုမို ပေါများကြွယ်ဝနေပြီဖြစ်သည်။
ဤသည်မှာ မင်းသားအိမ်တော်၏ ဘဏ္ဍာတိုက်ထဲတွင် ငွေကြေးများ ရှိလာခြင်းကြောင့် တစ်ကြောင်း၊ ကုန်သည်များ ချင်းကျိုးသို့ စုပြုံရောက်ရှိလာကာ ကုန်ပစ္စည်း အမျိုးစုံကို ယူဆောင်လာကြခြင်းကြောင့် တစ်ကြောင်း ဖြစ်သည်။
လွန်ခဲ့သည့် ရက်အနည်းငယ်က ရှောင်မင်သည် အိမ်တော်အတွက် သံဒယ်အိုး တစ်လုံးနှင့် ကျောက်မီးသွေးမီးဖို တစ်ခုကို လက်မှုပညာဌာနမှ အထူးတလည် ပြုလုပ်ခိုင်းခဲ့သည်။ ဤဟင်းချက်ကိရိယာများ ရှိလာသည်နှင့်အမျှ မီးဖိုချောင်မှာလည်း အသုံးအဆောင်များ ပြည့်စုံလုံလောက်သွားလေပြီ။
"ချီမင်းသား အလိုရှိတဲ့ ကြက်သားဟင်း ရပါပြီ" ဟု စားဖိုမှူးက ပြောရင်း သံဒယ်အိုးကို စားပွဲပေါ်သို့ တင်ပေးလိုက်သည်။ ဟင်းလျာ၏ မွှေးပျံ့သော ရနံ့က လေထုထဲတွင် ပျံ့လွင့်သွားကာ ရှောင်မင်၏ သွားရည်များကို ယိုကျလာစေတော့သည်။
အပိုင်း ( ၆၂ ) ပြီးဆုံး။
***