"ရေအားသုံး သံထုစက် ဟုတ်လား" ချန်ချီက ဝမ်းသာအားရ ရေရွတ်လိုက်သည်။ ဤဝေါဟာရများကို သူ တစ်ခါမှ မကြားဖူးခဲ့ချေ။
သို့သော်လည်း လက်မှုပညာဌာနတွင် ရှောင်မင်က ဤကဲ့သို့သော အံ့မခန်းစက်ယန္တရားများကို အဆက်မပြတ် တီထွင်နေခြင်းကို သူ အသားကျနေပြီဖြစ်သည်။ သူ့အတွက်တော့ ဤသည်မှာ ပီတိဖြစ်စရာတစ်ခုပင်။
ရှောင်မင် ခေါင်းညိတ်လိုက်ပြီး ထိုင်ခုံတစ်လုံးကို ဆွဲထိုင်ကာ ချန်ချီကိုလည်း ထိုင်ရန် နေရာပေးလိုက်သည်။ ထို့နောက် ပြားချပ်သံချပ်ကာနှင့် ရေအားသုံး သံထုစက်များအကြောင်း ဗဟုသုတများကို ချန်ချီအား စတင် ရှင်းပြလေတော့သည်။
သမိုင်းတစ်လျှောက်တွင် အငြင်းပွားဖွယ်ရာ အများဆုံးဖြစ်ခဲ့သော ပြားချပ်သံချပ်ကာများသည် သေနတ်များ ပေါ်ပေါက်လာပြီးနောက်ပိုင်းတွင် အသုံးမဝင်တော့ဘဲ မှေးမှိန်သွားခဲ့ရသည်။ မည်သည့်သံချပ်ကာက အကြံ့ခိုင်ဆုံးလဲဆိုသည့် ငြင်းခုံမှုများကလည်း မည်သည့်အခါမျှ ရပ်တန့်မသွားခဲ့ပေ။
သို့ရာတွင် စစ်ပွဲဆိုသည်မှာ ခေတ်နောက်ကျနေသော သံချပ်ကာများကိုသာ ဖယ်ရှားပစ်လေ့ရှိသည်ဟု ရှောင်မင်က ယုံကြည်ထားသည်။
အနောက်တိုင်း၏ ရှည်လျားလှသော အလယ်ခေတ်ကာလတစ်လျှောက် မရေမတွက်နိုင်သော စစ်ပွဲများကို ဆင်နွှဲခဲ့ပြီးနောက် အနောက်တိုင်း သူရဲကောင်းများသည် နောက်ဆုံးတွင် ပြားချပ်သံချပ်ကာကိုသာ ရွေးချယ်ခဲ့ကြသည်။ ဤအချက်က ပြားချပ်သံချပ်ကာ၏ တွက်ချေကိုက်မှုနှင့် ထိရောက်မှုသည် အခြားသော သံချပ်ကာအမျိုးအစားများထက် များစွာ သာလွန်နေကြောင်း သက်သေပြနေခြင်းပင်။
အလယ်ခေတ် ကုန်ဆုံးပြီးနောက် ရေအားသုံး သံထုစက်များ ပေါ်ပေါက်လာခြင်းက ပြားချပ်သံချပ်ကာများကို အမြောက်အမြား ထုတ်လုပ်နိုင်ရန် လမ်းစဖွင့်ပေးခဲ့သည်။
သံမဏိများ စတင်ပေါ်ပေါက်လာကတည်းက ပန်းပဲထုခြင်း အတတ်ပညာလည်း ရှိလာခဲ့သည်။ အကြိမ်တစ်ရာ ထုဆွဲမှ သံမဏိစစ်စစ် ရသည် ဆိုသော စကားပုံမှာ ဤပန်းပဲထုသည့် လုပ်ငန်းစဉ်ကို ရည်ညွှန်းခြင်းပင်။ သံမဏိကို အကြိမ်အရေအတွက်များများ ထုဆွဲလေ အရည်အသွေး ပိုကောင်းလေဖြစ်သည်။
ထို့ကြောင့် အကြိမ်တစ်ရာ ထုဆွဲထားသော သံမဏိ ကဲ့သို့သော ဝေါဟာရများ ပေါ်ထွက်လာခဲ့ပြီး ၎င်းတို့အားလုံးမှာ ပန်းပဲထုခြင်းကို လိုအပ်သည်။ လွယ်လွယ်ပြောရလျှင် သံ၏ အရည်အသွေး ကောင်းမွန်လာစေရန် အကြိမ်ကြိမ် ထုနှက်ရခြင်းပင်။
သို့သော်လည်း လူအားဖြင့် ထုနှက်ရသော လုပ်ငန်းစဉ်ကြောင့် သံချပ်ကာများနှင့် လက်နက်များ ထုတ်လုပ်ရာတွင် အလွန်တရာ နှေးကွေးလှသည်။ ဤပြဿနာကို ဖြေရှင်းရန် အနောက်တိုင်းက ရေအားသုံး သံထုစက်ကို ပထမဆုံး စတင်မိတ်ဆက်ခဲ့ပြီး ပညာရှင်အချို့က ဤအချက်သည် အနောက်တိုင်း၏ စစ်ရေးနည်းပညာက အရှေ့တိုင်းထက် သာလွန်သွားခြင်း၏ အစပြုမှုဖြစ်သည်ဟု ယုံကြည်ကြသည်။
ယခုအခါ ရှောင်မင်သည် ထိုရေအားသုံး သံထုစက်ကို ပုံတူဖန်တီးရန် ပြင်ဆင်နေလေပြီ။
ရေနွေးငွေ့သုံး အင်ဂျင်များ မပေါ်ပေါက်မီ စက်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အခြေခံအုတ်မြစ်ချရန် ရေအားကို မဖြစ်မနေ အသုံးပြုရမည်ဖြစ်သည်။ လုံလောက်သော ခိုင်ခံ့မှုရှိသည့် သတ္တုပစ္စည်းများ ထုတ်လုပ်ရန်နှင့် ပွတ်စက်ကဲ့သို့သော စက်ယန္တရားများ ထုတ်လုပ်မှုကို တိုးမြှင့်ရန် ရေအားသုံး သံထုစက်များကို သူ လိုအပ်သည်။ လက်ရှိတွင် ရှောင်မင်၌ ပွတ်စက် အမျိုးအစား အနည်းငယ်သာ ရှိသေးရာ သူ၏ မျှော်မှန်းချက်နှင့် များစွာ ကွာဝေးနေသေးသည်။
အချုပ်ဆိုရလျှင် ရေနွေးငွေ့သုံး အင်ဂျင်များ ထုတ်လုပ်ရန် လိုအပ်သော ကုန်ကြမ်းများနှင့် ခိုင်ခံ့မှုမြင့်မားသော ကိရိယာတန်ဆာပလာများကို စုဆောင်းထားနိုင်ရန် သူ ရေအားကို လိုအပ်နေခြင်းဖြစ်သည်။
ရှောင်မင် ရှင်းပြနေစဉ် ချန်ချီမှာ တစ်စထက်တစ်စ ပိုမို စိတ်လှုပ်ရှားလာတော့သည်။ လက်မှုပညာသည်များ၏ နှေးကွေးလှသော ပန်းပဲထုသည့် လုပ်ငန်းခွင်မှာ တိုးပွားလာသော သံမဏိ အမှာစာများကို မဖြည့်ဆည်းပေးနိုင်သည်မှာ ကြာပြီဖြစ်သည်။ ယခု ရှောင်မင် ဒီဇိုင်းဆွဲထားသော စက်ယန္တရားက သူ၏ ပြဿနာကို လုံးဝ ဖြေရှင်းပေးလိုက်ပြီဖြစ်သည်။
"ချီမင်းသား အကယ်၍ ရေအားသုံး သံထုစက်ကိုသာ အောင်မြင်စွာ ထုတ်လုပ်နိုင်မယ်ဆိုရင် ပန်းပဲလုပ်ငန်းရဲ့ ထုတ်လုပ်နိုင်စွမ်းက အနည်းဆုံး အဆသုံးဆယ်လောက် တက်သွားနိုင်ပါတယ်" ဟု ချန်ချီက စိတ်အားထက်သန်စွာ ပြောလေသည်။
"မဟုတ်ဘူးကွ၊ အဆလေးဆယ်လောက်အထိ တိုးလာမှာ" ဟု ရှောင်မင်က ပြင်ပြောလိုက်သည်။ သူ မှတ်တမ်းအချက်အလက်များကို ရှာဖွေကြည့်ပြီးသောအခါ ရေအားသုံး သံထုစက်က ပန်းပဲဆရာများ၏ လုပ်ငန်းစွမ်းဆောင်ရည်ကို အဆလေးဆယ်အထိ တိုက်ရိုက် မြင့်တက်သွားစေကြောင်း တွေ့ရှိခဲ့ရသည်။ ထိုကဲ့သို့သော သံထုစက်မျိုးသည် တစ်မိနစ်လျှင် အကြိမ်ရာနှင့်ချီ၍ ထုနှက်နိုင်စွမ်း ရှိသည်။
သို့ရာတွင် ရေအားသုံး သံထုစက်၏ တစ်ခုတည်းသော အားနည်းချက်မှာ ရေစီးကြောင်းက အမြဲတမ်း ပုံမှန် မရှိသဖြင့် စွမ်းအင် အရင်းအမြစ် မတည်ငြိမ်ခြင်းပင်။ မည်သို့ပင်ဆိုစေကာမူ သူ၏ လက်ရှိ လိုအပ်ချက်များအတွက်မူ လုံလောက်နေပြီ ဖြစ်သည်။
အသေးစိတ် ရှင်းပြပြီးနောက် ချန်ချီသည် ရေအားသုံး သံထုစက်၏ ထုတ်လုပ်မှု လုပ်ငန်းစဉ်များကို အကြမ်းဖျင်း မှတ်မိသွားလေပြီ။ အမှန်တကယ်တော့ ရေအားသုံး စက်ယန္တရားများ၏ စွမ်းအင်ထုတ်လုပ်မှု ယန္တရားများမှာ ယေဘုယျအားဖြင့် ဆင်တူကြပြီး နွားအားသုံး ရေတင်စက်နှင့် များစွာ တူညီသည်။ လည်ပတ်မှု ရှိနေသရွေ့ စွမ်းအင်ကို ထုတ်လုပ်နိုင်မည်ဖြစ်သည်။ ဂီယာများ၊ ဘယ်ရင်များနှင့် အခြားသော အစိတ်အပိုင်းများမှာ များသောအားဖြင့် အတူတူပင်ဖြစ်ပြီး အလုပ်လုပ်သည့် အပိုင်းများသာ ကွာခြားသွားခြင်း ဖြစ်သည်။
ထို့ကြောင့် နွားအားသုံး ရေတင်စက်ကို အောင်မြင်စွာ တည်ဆောက်နိုင်ခဲ့သော ချန်ချီအတွက် ဤကိစ္စမှာ သိပ်တော့ ခက်ခဲလှသော ကိစ္စမဟုတ်ပေ။
အချိန်အတန်ကြာ လေ့လာစောင့်ကြည့်ပြီးနောက် ရှေးခေတ်လူများသည် မိုက်မဲသူများ မဟုတ်ဘဲ သူတို့၏ ဉာဏ်ရည်မှာ ခေတ်သစ်လူသားများနှင့် တန်းတူပင်ဖြစ်ကြောင်း ရှောင်မင် ကောက်ချက်ချနိုင်ခဲ့သည်။ တစ်ခုတည်းသော အားနည်းချက်မှာ ပညာရေးနှင့် ဗဟုသုတ နည်းပါးခြင်းသာ ဖြစ်သည်။
သူတို့ ရင်းနှီးကျွမ်းဝင်သော ကဗျာ၊ လက်ရေးလှ၊ ပန်းချီနှင့် စစ်ဗျူဟာပိုင်းတို့တွင် ခေတ်သစ်လူသားများထက်ပင် နောက်ကောက်ကျခြင်း မရှိကြပေ။
အရိပ်ပြလျှင် အကောင်မြင်သည် ဆိုသော စကားပုံကဲ့သို့ပင် ရှေးခေတ်လူများသည် သူတို့ကို အရိပ်အမြွက်လေး ပြပေးမည့်သူ တစ်ဦးကိုသာ လိုအပ်နေခြင်းဖြစ်ပြီး ရှောင်မင်က ထိုအခန်းကဏ္ဍမှ ပါဝင်နေခြင်း ဖြစ်သည်။
ရေအားသုံး သံထုစက်၏ အရေးပါမှုကို နားလည်သွားသော ချန်ချီသည် ၎င်းကို ထုတ်လုပ်ရန်အတွက်သာ အာရုံစိုက်ထားလေတော့သည်။ သံပွတ်စက်ဖြင့် ပြုပြင်ဖန်တီးရသည်မှာ အဆင်ပြေချောမွေ့သဖြင့် ရေအားသုံး သံထုစက် ထုတ်လုပ်မှုမှာလည်း အခက်အခဲမရှိ ချောမွေ့နေသည်။ သို့သော်လည်း ၎င်း၏ ရှုပ်ထွေးလှသော ဖွဲ့စည်းပုံကြောင့် ပထမဆုံး ရေအားသုံး သံထုစက်ကို တပ်ဆင်ရန်အတွက် တစ်လခန့် အချိန်ယူရဦးမည် ဖြစ်သည်။
ချန်ချီ၏ အရည်အချင်းအပေါ် ရှောင်မင်က အလွန်အမင်း ယုံကြည်မှုရှိသဖြင့် ဤတာဝန်ကို သူ့ထံ အပြည့်အဝ လွှဲအပ်ထားလိုက်သည်။ ချန်ချီတစ်ယောက် အခက်အခဲများနှင့် ကြုံတွေ့ရသည့်အခါတိုင်း ကျောင်းတော်ရှိ ရှောင်မင်ထံသို့ လာရောက် မေးမြန်းလေ့ရှိပြီး ထိုပြဿနာများကို သူတို့နှစ်ဦး အတူတကွ ဆွေးနွေး အဖြေရှာကြသည်။
ဤကာလအတွင်း ရှောင်မင်သည် ကျောင်းတော်၌ ပုံမှန်အတိုင်း စာဆက်သင်နေခဲ့သည်။ ယင်းအပြင် သူက လုထုံနှင့် အခြားသူများကို သူတို့၏ ပထမဆုံး ဓာတုဗေဒ ထုတ်လုပ်မှုလုပ်ငန်းစဉ်ဖြစ်သော သစ်ပြာမှတစ်ဆင့် အယ်လ်ကာလီ ထုတ်ယူခြင်းကို စတင်စေခဲ့သည်။
ဤလုပ်ငန်းစဉ်ကို အစောပိုင်းက မင်းသားအိမ်တော်ရှိ အစေခံများနှင့် လက်မှုပညာဌာနက တာဝန်ယူခဲ့သော်လည်း စက်မှုလုပ်ငန်းစနစ်ကို ပိုမို သန့်စင်ကောင်းမွန်စေရန် ရှောင်မင်က ယခုအခါ အပြီးတိုင် ခွဲထုတ်လိုက်ခြင်း ဖြစ်သည်။
ချင်းကျိုး၌ ရိုးရာဆပ်ပြာ ထုတ်လုပ်သည့် အလုပ်ရုံများ မှိုပေါက်သလို ပေါ်ပေါက်လာခဲ့ရာ အယ်လ်ကာလီ ဝယ်လိုအားလည်း အဆမတန် မြင့်တက်လာခဲ့သည်။ ဤသည်မှာလည်း အယ်လ်ကာလီကို သီးသန့်ထုတ်လုပ်ရန် ရှောင်မင် ဆုံးဖြတ်ခဲ့ရခြင်း၏ အကြောင်းရင်းတစ်ခုဖြစ်သည်။ သို့မဟုတ်ပါက အယ်လ်ကာလီ လာဝယ်သော ကုန်သည်များ၏ အနှောင့်အယှက်ကို အချိန်တိုင်း ခံနေရမည် ဖြစ်သည်။
"ချီမင်းသားကို ကျေးဇူးတင်ပါတယ်"
နောက်ထပ် အယ်လ်ကာလီ အသုတ်တစ်သုတ်ကို အိမ်တော်မှ သယ်ဆောင်သွားကြစဉ် ဝယ်ယူသူ ကုန်သည်များ၏ မျက်နှာပေါ်တွင် အပြုံးများ ဝေဆာနေသော်လည်း သူတို့၏ ရင်ထဲတွင်တော့ နှမြောတသမှုလေးများ ရှိနေကြသည်။
အကြောင်းရင်းမှာ အယ်လ်ကာလီက အလွန်အမင်း ဈေးကြီးလွန်းနေသောကြောင့်ပင်။ ဆပ်ပြာထုတ်လုပ်ရာတွင် ကုန်ကျစရိတ်၏ ထက်ဝက်ကျော်မှာ အယ်လ်ကာလီအတွက် ဖြစ်နေသည်။ ဆပ်ပြာများကို ရောင်းချပြီးချိန်တွင် သူတို့အတွက် အမြတ်အဖြစ် ငွေစင် တစ်ကျပ် သို့မဟုတ် နှစ်ကျပ်ခန့်သာ ကျန်ရှိတော့သည်။
"ဟူး... ငါတို့သာ အယ်လ်ကာလီ ထုတ်နည်းကို တတ်ထားရင် ကြီးပွားနေလောက်ပြီ" အိမ်တော်မှ ထွက်ခွာလာစဉ် ကုန်သည်တစ်ဦးက အခြားတစ်ဦးကို လှမ်းပြောလိုက်သည်။
"သင်မယ် ဟုတ်လား၊ ဘယ်လိုလုပ် သင်မှာလဲ၊ အယ်လ်ကာလီကို အလုပ်ရုံဇုန်မှာ မထုတ်တော့ဘူးလို့ ကြားတယ်၊ မင်းသားအိမ်တော် ဘေးက ခြံဝင်းထဲမှာပဲ ထုတ်တာတဲ့၊ အဲဒီနေရာကို သာမန်လူတွေ ဝင်ခွင့်မရှိဘူးကွ"
"အဲဒါလည်း ဟုတ်တာပဲ၊ ဒါပေမဲ့ အဲဒီထဲမှာ ကျောင်းသား နှစ်ရာလောက် နေကြတယ်လို့ ငါ ကြားတယ်၊ သူတို့က တစ်ပတ်ကို တစ်ခါ အပြင်ထွက်ခွင့် ရတယ်တဲ့လေ၊ အဲဒီထဲက တစ်ယောက်ယောက်ကိုများ လာဘ်ထိုးနိုင်ရင်"
"စဉ်းတောင် မစဉ်းစားနဲ့၊ သူတို့ အပြင်ထွက်တဲ့ အချိန်တိုင်း ကိုယ်ရံတော်တွေ အမြဲတမ်း အစောင့်အကြပ် ပါတယ်ကွ၊ အပြင်လူတွေ အနားကပ်ဖို့ဆိုတာ လုံးဝ မဖြစ်နိုင်တာ"
"ဟူး..." ထိုကုန်သည်မှာ သက်ပြင်းသာ ရှည်ကြီး ချလိုက်တော့သည်။
ထိုအချိန်တွင် ပန်ယွိခွန်းက ထိုကုန်သည်နှစ်ဦးအနီးမှ ဖြတ်လျှောက်သွားခဲ့သည်။ သူတို့၏ စကားဝိုင်းကို ကြားလိုက်ရသောအခါ ပန်ယွိခွန်းတစ်ယောက် ခပ်ဟဟ ရယ်မောလိုက်မိပြီး သူ၏ ရင်တွင်း၌ ဒီကုန်သည်တွေကတော့ အမြတ်အစွန်းဆိုရင် ဘာမဆို လုပ်ရဲကြတာပဲ ဟု တွေးလိုက်မိသည်။
မင်းသားအိမ်တော်အတွင်းသို့ ဝင်ရောက်သွားပြီးနောက် ရှောင်မင်နှင့် တွေ့ဆုံကာ ထိုကုန်သည်များ၏ စကားဝိုင်းကို အရင်ဆုံး ပြန်လည် လျှောက်တင်လေသည်။
"ဒီကုန်သည်တွေရဲ့ ဉာဏ်နီဉာဏ်နက်တွေကို ငါ ကောင်းကောင်း သိပြီးသားပါ၊ ဒီနည်းလမ်းအပြင် အလုပ်ရုံဇုန်ထဲကို ထိုးဖောက်ဝင်ရောက်နိုင်ဖို့ မျှော်လင့်ချက်နဲ့ လျန်တာ့ဟိုင်ဆီကို ကျွန်တွေကို တမင်တကာ ရောင်းစားကြသေးတယ်လေ၊ ဟင်း... သူတို့က ငါ့ကို သိပ်အထင်သေးနေတာပဲ၊ အဝင်ပဲရှိပြီး အထွက်မရှိစေရဘူး ဆိုတာ သူတို့ကို ပြလိုက်မယ်"
ပန်ယွိခွန်းက "ကျွန်တော်မျိုး ဒါကို တင်ပြရတာက လက်မှုပညာ အကြောင်းကို ဆွေးနွေးချင်လို့ မဟုတ်ပါဘူး၊ ချင်းကျိုးက တစ်နေ့တခြား ပိုပြီး ရှုပ်ထွေးလာနေပြီမို့လို့ပါ၊ ချီမင်းသား ကိုယ်ပိုင် လျှို့ဝှက်ကိုယ်ရံတော် အဖွဲ့တစ်ခုကို ဖွဲ့စည်းသင့်နေပါပြီ" ဟု လျှောက်တင်လေသည်။
ရှောင်မင်၏ မျက်နှာထား လေးနက်သွားကာ "ငါ မဖွဲ့ချင်လို့ မဟုတ်ပါဘူးကွာ၊ သင့်တော်မယ့်လူ မရှိလို့ပါ" ဟု ပြန်ပြောလေသည်။
ပန်ယွိခွန်း ရည်ညွှန်းသော လျှို့ဝှက်ကိုယ်ရံတော်ဆိုသည်မှာ မင်မင်းဆက်ခေတ်က အင်ပါယာကိုယ်ရံတော်များနှင့် ဆင်တူပြီး အခြေခံအားဖြင့် ခေတ်သစ် ထောက်လှမ်းရေး စနစ်တစ်ခုပင် ဖြစ်သည်။ ဤကဲ့သို့သော စနစ်မျိုး မရှိပါက ရှောင်မင်သည် မဟာယွီအင်ပါယာအတွင်း ဖြစ်ပျက်နေသမျှကို မည်သို့မျှ သိနိုင်မည်မဟုတ်ဘဲ မျက်ကန်းတစ်ယောက်လို ဖြစ်နေပေလိမ့်မည်။
ဥပမာအားဖြင့် မကြာသေးမီက ဝမ်မိသားစု ဖော်ထုတ်ခဲ့သော မြင်းများ ခိုးသွင်းသည့် ကိစ္စမျိုးကို ရှောင်မင်က ကြိုတင်၍ လုံးဝ မသိရှိခဲ့ချေ။ ဤဖြစ်ရပ်က ပန်ယွိခွန်းကို နိုးဆွပေးလိုက်ခြင်းကြောင့် ယခုကိစ္စကို တင်ပြလာခြင်း ဖြစ်သည်။
"ချီမင်းသား ကျွန်တော်မျိုး ဒီနေ့ လာခဲ့တာက ချီမင်းသား စိတ်ဝင်စားလောက်မယ့် လူတစ်ယောက် ရှိနေတယ်လို့ ထင်လို့ပါ" ဟု ပန်ယွိခွန်းက ပြုံးလျက် လျှောက်တင်လေသည်။
အရည်အချင်းရှိသူများကို ရှာဖွေပေးရန် ပန်ယွိခွန်းကို တာဝန်ပေးထားခဲ့သည်ကို ရှောင်မင် သတိရသွားသည်။ သူက "အမတ်ကြီး ပန် ရဲ့ စိတ်ထဲမှာ သင့်တော်မယ့်သူ ရှိနေပြီလား၊ ဘယ်သူများလဲ" ဟု မေးလိုက်သည်။
အပိုင်း ( ၆၆ ) ပြီးဆုံး။
***