ချင်းကျိုး။
ကြမ်းတမ်းခက်ထန်လှသော ဆောင်းရာသီကြီးကို အဆုံးသတ်ပေးလိုက်သည်ကတော့ နွေဦး၏ သိမ်မွေ့နူးညံ့သော မိုးဖွဲဖွဲလေးများပင်။ နွေဦးရာသီသည် တစ်ဖန် ပြန်လည်ရောက်ရှိလာခဲ့ပြီဖြစ်ပြီး တပို့တွဲလ၏ လေပြေလေညင်းလေးများက အကြွင်းအကျန်ဖြစ်နေသော အအေးဓာတ်များကို ကတ်ကြေးတစ်လက်ပမာ ကိုက်ဖြတ် ဖယ်ရှားပေးနေသည်။
နွေဦးရာသီ ရောက်ရှိလာခြင်းသည် ရှောင်မင်အတွက် သတင်းကောင်းတစ်ခု ဖြစ်သော်လည်း ဤသည်သာ သတင်းကောင်း မဟုတ်သေးချေ။ နွားအားသုံး ရေတင်စက်အတွက် တစ်နန်းတော်လုံးမှ ချီးကျူးထောမနာပြုမှုများသည်လည်း နွေဦးလေပြေနှင့်အတူ ချင်းကျိုးဆီသို့ လွင့်ပျံလာခဲ့သည်။ ယင်းနှင့်အတူ ငွေစင်ရှစ်သိန်းသည်လည်း ချင်းကျိုးသို့ ရောက်ရှိလာခဲ့လေပြီ။ သို့ရာတွင် ဤအရာက အမြည်းသဘောမျှသာ ဖြစ်သည်။ ၎င်းနှင့်အတူ နန်းတော်မှ ဧရာမ အမှာစာကြီးတစ်ခုပါ ပူးတွဲ ပါလာခဲ့သည်။
"ချီမင်းသား ဒီအစီအစဉ်က တကယ့်ကို ပြောင်မြောက်လှပါတယ်၊ အခုဆို နွားအားသုံး ရေတင်စက်ကို ဧကရာဇ်မင်းကြီးက သဘောကျသွားပြီမို့ မဟာယွီအင်ပါယာ တစ်ခွင်လုံးမှာရှိတဲ့ တော်ဝင်စိုက်ပျိုးရေး ခြံဝင်းတွေနဲ့ အစိုးရပိုင် လယ်ယာမြေတွေ အားလုံးမှာ မဖြစ်မနေ သုံးစွဲရမယ်လို့ အမိန့်ထုတ်လိုက်ပါပြီ၊ တခြား နယ်စားမင်းသားတွေတောင် သွေးကြွသွားပြီး အမှာစာတွေ ပို့ဖို့ အရာရှိတွေကို စေလွှတ်နေကြပြီလေ၊ လောလောဆယ် ရေတင်စက်ရဲ့ လိမ့်ဘောလ်ဘယ်ရင် အစုံ သုံးသောင်း အော်ဒါရထားပြီး ငွေစင် ကိုးသန်း ဖိုးလောက် ရှိပါတယ်၊ ကုန်ကျစရိတ်တွေ နုတ်လိုက်ရင်တောင် အမြတ်ငွေ ခြောက်သန်းလောက် ကျန်မှာပါ"
လီခိုင်ယွမ် တစ်ယောက် ဝမ်းသာလွန်း၍ မြေကြီးတွင် ခြေမကပ်နိုင်အောင် ဖြစ်နေသည်။ ချင်းကျိုး ကုန်သည်အသင်းချုပ် သည် ယခုအခါ ချင်းကျိုး၏ တစ်ခုတည်းသော တရားဝင် ကုန်သွယ်ရေး အဖွဲ့အစည်း ဖြစ်လာခဲ့ပြီး အလုပ်ရုံဇုန်မှ ထုတ်လုပ်သမျှ ကုန်ပစ္စည်းများကို အင်ပါယာ၏ ထောင့်စေ့အောင် ဖြန့်ချိပေးရသည့် တာဝန်ကို ယူထားရသည်။
တစ်ပြိုင်နက်တည်းမှာပင် ချင်းကျိုး ကုန်သည်အသင်းချုပ်က အမှာစာများ လက်ခံခြင်းကဲ့သို့သော ပြင်ပ ဆက်သွယ်ရေး ကိစ္စရပ်များကိုပါ ကိုင်တွယ်ဖြေရှင်းပေးရသည်။ ဤတစ်ကြိမ်တွင် ချန်အန်းမြို့မှ အမှာစာများအပြင် အခြားသော နယ်စားမင်းသားများထံမှလည်း အမှာစာများ အမြောက်အမြား ဝင်ရောက်လာခဲ့သည်။
သို့သော်လည်း ဤအမှာစာများကို ဖြည့်ဆည်းပေးရန် အချိန်ယူရဦးမည်ဖြစ်သည်။ ငွေကြေးများက ရှောင်မင်၏ လက်ထဲသို့ ချက်ချင်း ရောက်လာဦးမည် မဟုတ်ချေ။
"ကျက်သရေမရှိတဲ့ ကုန်ထုတ်လုပ်နိုင်စွမ်းကြီး" ဟု ရှောင်မင်က ခါးသီးစွာ သက်ပြင်းချလိုက်သည်။ ကုန်ထုတ်လုပ်နိုင်စွမ်း အကန့်အသတ်များသာ မရှိပါက သူ ဤထက်မက ငွေတွေ အများကြီး ရှာနိုင်မည် မဟုတ်ပါလား။
မည်သို့ပင်ဆိုစေကာမူ လက်ရှိ အခြေအနေကို သူ ကျေနပ်နေဆဲပင်။ ရေမွှေး၊ ရိုးရာဆပ်ပြာ နှင့် မူးယစ်ချင်းကျိုး အရက်တို့မှာ မဟာယွီအင်ပါယာ တစ်ခွင်လုံးတွင် အလွန်တရာ ရေပန်းစားလျက်ရှိရာ ငွေကြေးများကလည်း ရေစီးကြောင်းပမာ အဆက်မပြတ် ဝင်ရောက်နေသည်။ ဤထုတ်ကုန် သုံးမျိုးတည်းနှင့်ပင် မင်းသားအိမ်တော်သည် တစ်လလျှင် ငွေစင် သုံးသန်းခန့် ဝင်ငွေရရှိနေလေပြီ။
ဤပမာဏမှာ ကြီးမားလှသည်ဟု ထင်ရသော်လည်း ချင်းကျိုးရှိ ဆောက်လုပ်ရေး စီမံကိန်း အသီးသီးသို့ ခွဲဝေသုံးစွဲလိုက်သောအခါ လစဉ်လတိုင်း ရှောင်မင်၏ လက်ထဲတွင် အပိုအလျှံဟူ၍ သိပ်မကျန်တော့ချေ။
တစ်ခုတည်းသော စိတ်သက်သာရာရစရာမှာ သုံးစွဲလိုက်သော ငွေကြေးများက နောက်ဆုံးတွင် အသီးအပွင့်များ ထွက်ပေါ်လာခြင်းပင်။
ချန်တာ့ဖူ သည် ထုံးကျောက်၊ ကျောက်မီးသွေး၊ သံ နှင့် ခဲနက် သတ္တုတွင်းများကို အောင်မြင်စွာ တည်ထောင်နိုင်ခဲ့သည်။ သတ္တုတွင်း တစ်ခုစီတွင် လူငယ်ကျွန် လုပ်သား တစ်ထောင်စီကို အသုံးပြုထားရာ အလုပ်ရုံဇုန်၏ ကုန်ထုတ်လုပ်မှု လိုအပ်ချက်များကို အခြေခံအားဖြင့် ဖြည့်ဆည်းပေးနိုင်နေပြီ ဖြစ်သည်။
ဤသတ္တုများကို သယ်ယူပို့ဆောင်ရန် လိုအပ်လာမှုကြောင့် ချန်တာ့ဖူ သည် သယ်ယူပို့ဆောင်ရေး အဖွဲ့တစ်ခုကိုပါ မဖြစ်မနေ ဖွဲ့စည်းလိုက်ရသည်။
ဤအဖွဲ့သည် မြင်းဆွဲ လှည်းပြားများကို အသုံးပြုပြီး စုစုပေါင်း လှည်းအစီးရေ သုံးရာခန့်ရှိရာ နယ်မြေအတွင်းရှိ သယ်ယူပို့ဆောင်ရေး ပြဿနာများကို ထိထိရောက်ရောက် ဖြေရှင်းပေးနိုင်ခဲ့သည်။
ရှောင်မင် အစောပိုင်းက အဆိုပြုခဲ့သော ဆားသယ်ယူပို့ဆောင်ရေး ဌာနကိုလည်း ပန်ယွိခွန်း၏ တိုက်တွန်းမှုဖြင့် တရားဝင် ဖွဲ့စည်းနိုင်ခဲ့ပြီဖြစ်သည်။ ချင်းကျိုး၏ ပင်လယ်ကမ်းရိုးတန်း ဒေသ အနေအထားကို အခွင့်ကောင်းယူကာ ထိုဌာနက တိန့်ကျိုး နယ်မြေတွင် ဆားကွင်း အများအပြားကို တည်ဆောက်ထားခဲ့သည်။ ယခုအခါ နယ်မြေ၏ လိုအပ်ချက်ကို ဖြည့်ဆည်းရန်အတွက် ပြင်ပမှ ဆားဝယ်ယူရန် မလိုအပ်တော့ချေ။
အကြီးမားဆုံးသော တိုးတက်မှုကတော့ သေချာပေါက် လက်မှုပညာဌာန မှပင် ဖြစ်သည်။ ချန်အန်းမြို့ တစ်မြို့လုံးက နွားအားသုံး ရေတင်စက်ကို အံ့သြချီးကျူးနေကြချိန်တွင် လက်မှုပညာဌာနမှ နောက်ထပ် မြေလှုပ်မတတ် တီထွင်မှုအသစ် တစ်ခု ထွက်ပေါ်လာခဲ့ပြန်သည်။ နှစ်ပေါင်းများစွာ ရပ်တန့်နေခဲ့သော ပန်းပဲလုပ်ငန်းကို အကြီးအကျယ် တော်လှန်ပြောင်းလဲပစ်မည့် အရာတစ်ခုပင်။
ချန်ချီ နှင့် ရှောင်မင်တို့ တစ်လတိတိ အကြိမ်ကြိမ် သုံးသပ်လေ့လာမှုများ ပြုလုပ်ပြီးနောက် သံပွတ်စက်များမှ ထုတ်လုပ်ပေးသော တိကျသေချာသည့် အစိတ်အပိုင်းများ၏ အကူအညီဖြင့် ရေအားသုံး သံထုစက်ကို အပြီးသတ် ဖန်တီးနိုင်ခဲ့လေပြီ။
ဤရည်ရွယ်ချက်အတွက် ရှောင်မင်သည် လက်မှုပညာဌာနကို ပြတ်သားစွာ ပြင်ဆင်ဖွဲ့စည်းခဲ့ပြီး အလုပ်ရုံဇုန်အတွင်း ပထမဆုံးသော သီးသန့် သံမဏိအလုပ်ရုံကို တည်ထောင်လိုက်သည်။ ဤအလုပ်ရုံရှိ လက်မှုပညာသည်များသည် သံမဏိ ထုတ်လုပ်ရေးနှင့် ပန်းပဲထုခြင်းကိုသာ အဓိကထား လုပ်ဆောင်ကြရမည်ဖြစ်သည်။
ရေအားသုံး သံပွတ်စက်များနှင့် လက်လှည့် သံပွတ်စက် အမျိုးမျိုးကို သံပွတ်စက် အလုပ်ရုံ အဖြစ် စုစည်းလိုက်ပြီး ဘိလပ်မြေ၊ အုတ်၊ အရက်နှင့် ရေမွှေးတို့အတွက် အခြား အလုပ်ရုံများကိုလည်း သီးသန့် တည်ထောင်ခဲ့သည်။
အလုပ်ရုံအားလုံးကို လက်မှုပညာဌာန၏ တစ်စုတစ်စည်းတည်းသော စီမံခန့်ခွဲမှုအောက်တွင် ထားရှိလိုက်သည်။
မိမိဘာသာ တတွတ်တွတ် ရေရွတ်နေပြီးနောက် လွန်ခဲ့သော လေးငါးလအတွင်း သူ၏ အောင်မြင်မှုများကို ပြန်လည် တွေးတောမိသောအခါ ရှောင်မင်၏ ရင်တွင်း၌ ကျေနပ်အားရမှုလေးများ ခံစားလိုက်ရသည်။ ပါးစပ်အဟောင်းသားဖြင့် ပြုံးဖြီးနေသော လီခိုင်ယွမ်ကို မြင်သောအခါ သူက "စောစောစီးစီး အောင်ပွဲခံမနေနဲ့ဦး၊ ဒီအမှာစာတွေက စမ်းသပ်ဝယ်ယူတာ သက်သက်ပဲ ရှိသေးတာ၊ မင်းရှေ့ဆက် လုပ်ရမယ့် တာဝန်တွေက အများကြီး ရှိသေးတယ်" ဟု သတိပေးလိုက်သည်။
လွန်ခဲ့သော တစ်လတာကာလအတွင်း ချန်ချီကို ရေအားသုံး သံထုစက် ဖန်တီးရာတွင် ကူညီပေးရင်း တစ်ဖက်တွင်လည်း ရှောင်မင်သည် ပေါ်ဝမ် ကျောင်းတော် တွင် အလုပ်ရှုပ်နေခဲ့သည်။ သူ၏ အဓိက အရေးပါသော လူယုံများအားလုံးကို ကျောင်းတော်သို့ ခေါ်ယူကာ သင်တန်းပေးနေခဲ့ခြင်း ဖြစ်သည်။
လီခိုင်ယွမ် အတွက်မူ ခေတ်သစ် စီးပွားရေး ဗဟုသုတများကို သူ သင်ကြားပေးခဲ့သည်။
"ချီမင်းသား စိတ်မပူပါနဲ့၊ ယူဖို့အတွက် အရင်ဆုံး ပေးရမယ် ဆိုတဲ့ သဘောတရားကို ကျွန်တော်မျိုး နားလည်ပါတယ်၊ မနက်ဖြန်ကျရင် တခြား နယ်စားမင်းသားတွေရဲ့ နယ်မြေတွေကို သွားပြီး အဲဒီက အင်အားကြီး မိသားစုတွေကို နွားအားသုံး ရေတင်စက် ဝယ်ယူလာအောင် သွားရောက် ဆွဲဆောင်ပါ့မယ်" ဟု လီခိုင်ယွမ်က ယုံကြည်မှုရှိစွာ လျှောက်တင်လေသည်။
ရှောင်မင် ခေါင်းညိတ်လိုက်သည်။ ဤသည်မှာ သူ လီခိုင်ယွမ်ကို သင်ပေးခဲ့သော စီးပွားရေး နည်းဗျူဟာဖြစ်သည့် လူထုဆက်ဆံရေး ပညာရပ်ပင်။
"မှတ်ထားပါ၊ တကယ့်ကို ထူးချွန်တဲ့ ကုန်သည်ဆိုတာ ဘုန်းကြီးကိုတောင် ဘီးရောင်းနိုင်ရမယ်" ဟု ရှောင်မင်က ပြောလိုက်သည်။
"ထုတ်ကုန်တွေ ရောင်းရဖို့ဆိုတာ ကြော်ငြာချဲ့ထွင်မှုအပေါ်မှာ မူတည်ပါတယ်" ဟု လီခိုင်ယွမ်က ချောမွေ့စွာ ပြန်ဖြေလေသည်။
ရှောင်မင် ခေါင်းညိတ်ပြလိုက်သည်။ လီခိုင်ယွမ်သည် စီးပွားရေး အခြေခံ သဘောတရားများကို အလျင်အမြန် သဘောပေါက် နားလည်ခဲ့သော်လည်း ရှောင်မင် သင်မပေးရသေးသော အရာများစွာ ကျန်ရှိနေသေးသည်။ ချက်ချင်း လက်ငင်း မလိုအပ်သေးသော အရာများပင်။ အချိန်တန်သောအခါ လူတိုင်းဆီမှ သိုးမွေးညှပ် သကဲ့သို့ အမြတ်ထုတ်ရမည့် အလှည့်မှာ ရှောင်မင်၏ အလှည့်ပင် ဖြစ်လာပေလိမ့်မည်။
ရှောင်မင်၏ အမြင်တွင် လူသားတို့၏ သမိုင်းကြောင်းသည် စစ်ပွဲများ၏ သမိုင်းကြောင်း သက်သက်သာ မဟုတ်ဘဲ စီးပွားရေး သမိုင်းကြောင်းလည်း ဖြစ်သည်။ စစ်ပွဲများကို စီးပွားရေး အမြတ်အစွန်းအတွက် ဆင်နွှဲကြပြီး စီးပွားရေးကိုလည်း စစ်ပွဲများအတွက် ရန်ပုံငွေ ရှာဖွေရန် လုပ်ဆောင်ကြခြင်းသာ ဖြစ်သည်။
"ဒါကို နားလည်ထားတာ ကောင်းတယ်၊ ငွေတွေ သုံးရမှာကို နှမြောမနေနဲ့၊ မင်းရဲ့ အခု တာဝန်က ကြော်ငြာဖို့ပဲ၊ အထက်တန်းလွှာ သခင်မလေးတွေ ဆပ်ပြာ ဒါမှမဟုတ် ရေမွှေး မသုံးဘဲ အပြင်ထွက်ရမှာကို ရှက်လာတဲ့အထိ ကြော်ငြာရမယ်၊ အထက်တန်းလွှာတွေက ဧည့်ခံပွဲတွေမှာ မူးယစ်ချင်းကျိုး ကလွဲလို့ တခြားအရက်တွေ တိုက်ရမှာကို မျက်နှာပူလာတဲ့အထိ ကြော်ငြာရမယ်" ရှောင်မင်က အလေးအနက်ထား၍ မှာကြားလိုက်သည်။
မဟာယွီအင်ပါယာမှ ကုန်သည်များက သူ့တွင် ကုန်ပစ္စည်းများသာ ရောင်းချစရာ ရှိသည်ဟု ထင်နေကြလျှင် အကြီးအကျယ် မှားယွင်းသွားပေလိမ့်မည်။ သူ၏ အစီအစဉ်များက ယခုမှ စတင်ရုံသာ ရှိသေးပြီး ကြွယ်ဝချမ်းသာမှုကို ဖန်တီးမည့် သူ၏ နည်းလမ်းများကလည်း ယခုမှ အစပျိုးနေဆဲပင်။
လီခိုင်ယွမ်ကို ချင်းကျိုး၏ ကုန်ပစ္စည်းများ အင်ပါယာတစ်ခွင် ကြော်ငြာရန် စေလွှတ်လိုက်သည်နှင့် တစ်ပြိုင်နက် လူထုဆက်ဆံရေးအတွက် ငွေစင် တစ်သန်းကိုလည်း ရှောင်မင် ခွဲဝေချထားပေးလိုက်သည်။
သေချာသည်ကတော့ ဤရန်ပုံငွေများသည် ဒေသခံ အရာရှိများ၏ လက်ကို ဆီဆွတ်ပေးရန်ပင်။ မည်သို့ပင်ဆိုစေကာမူ မဟာယွီအင်ပါယာသည် အရာရှိများကိုသာ ဗဟိုပြုသော လူ့အဖွဲ့အစည်းတစ်ခု ဖြစ်နေဆဲပင်။ အရာရှိများကို သိမ်းသွင်းနိုင်ပါက သူ၏ ကုန်ပစ္စည်းများသည် အဆီးအတားမရှိ စီးဆင်းနိုင်မည်ဖြစ်ပြီး အရာရှိများကပါ ကုန်ပစ္စည်းများကို ကူညီကြော်ငြာပေးကြလိမ့်မည် မဟုတ်ပါလား။
လီခိုင်ယွမ်နှင့် အသေးစိတ် အချက်အလက်အချို့ကို ဆွေးနွေးပြီးနောက် လီခိုင်ယွမ်မှာ အလွန်တရာ စိတ်အားထက်သန်စွာဖြင့် ထွက်ခွာသွားလေသည်။ ရှောင်မင်က ဧည့်ခန်းမဆောင်ရှိ စာရေးစားပွဲတွင် ထိုင်ကာ စီးပွားရေး မဟာဗျူဟာ အစီအစဉ်များကို စတင် ရေးဆွဲလေတော့သည်။
သူ၏ အစီအစဉ်အရ ဆပ်ပြာသည် အထက်တန်းလွှာများအကြား နေရာအနှံ့ ပျံ့နှံ့သွားပြီး အင်ပါယာ တစ်ခွင်လုံး သိရှိသွားသည်နှင့် တစ်ပြိုင်နက် ရေမွှေး၊ ဆပ်ပြာနှင့် မူးယစ်ချင်းကျိုး အရက်တို့ကို အဆင့်အတန်းများ ခွဲခြားရတော့မည်ဖြစ်သည်။ ထိုအချိန်ရောက်လျှင် အရည်အသွေး အနည်းငယ် နိမ့်သော ဆပ်ပြာများသည် သာမန်ပြည်သူများ၏ ဘဝထဲသို့ ဝင်ရောက်လာမည်ဖြစ်သည်။
ဤသည်မှာ စီးပွားရေးဖြစ်ရာ စားသုံးသူ လူတန်းစားတိုင်းကို ထည့်သွင်းစဉ်းစားရမည်ဖြစ်သည်။ ရှောင်မင်၏ မူဝါဒမှာ အရာရာတိုင်းကို အဆုံးစွန်ထိ တွန်းပို့လုပ်ဆောင်ရန်ပင်။
ချင်းကျိုး၏ ကုန်ပစ္စည်းများအတွက် အရောင်းမဟာဗျူဟာကို အပြီးသတ် ရေးဆွဲပြီးနောက် ရှောင်မင်သည် ဧည့်ခန်းမဆောင်မှ ထွက်လာခဲ့ပြီး တောက်ပနေသော နေရောင်ခြည်ကို လှမ်းကြည့်လိုက်သည်။
ရွှေရောင်လင်းလက်နေသော နေရောင်ခြည်အောက်တွင် ရှောင်မင်၏ ခန္ဓာကိုယ်တစ်ခုလုံး မှေးမှိန်သော အလင်းရောင်ဝန်းလေး တစ်ခုဖြင့် လွှမ်းခြုံထားသကဲ့သို့ ဖြစ်နေသည်။
စိုက်ပျိုးရေး ရာသီလည်း နီးကပ်လာခဲ့ပြီ။ စိုက်ပျိုးရေးသည် နယ်မြေ၏ အခြေခံအုတ်မြစ်ဖြစ်ပြီး စပါးအထွက်နှုန်းကသာ ပြည်သူမည်မျှကို ကျွေးမွေးစောင့်ရှောက်နိုင်မည်နှင့် တပ်ဖွဲ့အင်အား မည်မျှ တည်ဆောက်နိုင်မည် ဆိုသည်ကို အဆုံးအဖြတ် ပေးမည်ဖြစ်သည်။
ဤအကြောင်းကို တွေးတောနေစဉ် ပန်ယွိခွန်းသည် ပညာရှိ လူငယ်တစ်ဦးကို ခေါ်ဆောင်ကာ ချဉ်းကပ်လာခဲ့သည်။
ထိုသူမှာ ချန်းကျိုးမြို့ဝန် နေရာအတွက် ပန်ယွိခွန်း အကြံပြုထားသော သူပင် ဖြစ်သည်။ ဤလူကို နေရာချထားပြီးသည်နှင့် လက်ရှိ မြို့ဝန် ချိုက်လင်ဝူ ကို ရှောင်မင် အပြီးတိုင် ရှင်းလင်းနိုင်တော့မည် ဖြစ်သည်။
"ကျွန်တော်မျိုး ချန်ယွီချွန်း ချီမင်းသားကို အရိုအသေပေး လျှောက်တင်ပါတယ်" ပညာရှိ လူငယ်လေးက ခါးကို နက်ရှိုင်းစွာ ညွှတ်၍ ဂါရဝပြုလေသည်။
"သက်တောင့်သက်သာ နေပါ" ရှောင်မင်က မတ်တပ်ရပ်ရန် လက်ဟန်ပြရင်း ပြောလိုက်သည်။
ယင်းနောက် ပန်ယွိခွန်းက "ချီမင်းသား ချိုက်လင်ဝူကို ဘယ်သူပဲ လာဘ်ထိုးခဲ့ပါစေ၊ စစ်မြင်းတွေ ခိုးသွင်းတဲ့ ကိစ္စမှာ သူပါဝင်ပတ်သက်နေတယ် ဆိုတဲ့ သက်သေအထောက်အထားက ခိုင်လုံနေပါပြီ၊ ဥပဒေအရဆိုရင် သူ့ကို ကွပ်မျက်ရပါလိမ့်မယ်" ဟု လျှောက်တင်လေသည်။
ရှောင်မင်၏ အကြည့်များက အဝေးတစ်နေရာဆီသို့ ရောက်ရှိသွားသည်။ ယခုအချိန်သည် သူ၏ နယ်မြေကို တဖြည်းဖြည်းချင်း ထိန်းချုပ် သိမ်းပိုက်ရမည့် အချိန်ပင် ဖြစ်လေတော့သည်။
အပိုင်း ( ၇၀ ) ပြီးဆုံး။
***