ထိုစကားသံ ထွက်ပေါ်လာသည်နှင့် ရှဖေးသည် သူ၏ ဒေါသကို ထိန်းချုပ်လိုက်ပြီး ကျောက်ကွမ်းကို အေးစက်စက်အကြည့်ဖြင့် ကြည့်ကာ အော်ဟစ်လိုက်သည်။
“ကျောက်ကွမ်း စိမ်းလန်းသောမြစ် ကုန်သွယ်ရေးအဖွဲ့ကို သစ္စာဖောက်တာ ကောင်းတဲ့အရာ မဟုတ်ဘူး.. မင်းနောင်တမရဖို့ မျှော်လင့်ပါတယ်”
ကျောက်ကွမ်းက နှာခေါင်းရှုံ့ကာ အေးစက်စက် ပြောလိုက်သည်။
“မင်း ငါ့အတွက် စိုးရိမ်ပေးစရာ မလိုပါဘူး”
“သွားကြစို့”
ရှဖေးက ကျောက်ကွမ်းနှင့် အဓိပ္ပာယ်မရှိသော စကားများကို ဆက်လက် ပြောဆိုရန် စိတ်မပါတော့ဘဲ ကုန်သွယ်အဖွဲ့ကို ဝမ်ရွှယ်လင် ဘက်သို့ တိုက်ရိုက်ပင် ခရီးနှင်စေခဲ့သည်။
“ခေါင်းဆောင်ကျောက်.. ရှဖေးက ရုတ်တရက် လမ်းကြောင်းပြောင်းလိမ့်မယ်လို့ မထင်ထားခဲ့ဘူး.. အခု ကျွန်တော်တို့ ဘာဆက်လုပ်ကြမလဲ”
ကျောက်ကွမ်း၏ နံဘေးရှိ ဝိညာဥ်ခွဲထွက်ခြင်းအဆင့် ကျင့်ကြံသူ တစ်ဦးသည် ကုန်သည်အဖွဲ့ ထွက်ခွာသွားသော လမ်းကြောင်းကို ကြည့်ရင်း မျက်မှောင်ကြုတ်ကာ မေးလိုက်သည်။
ကျောက်ကွမ်းက သုန်မှုန်သော အမူအရာဖြင့် ပြောလိုက်သည်။
“အခြားဘာလုပ်နိုင်ဦးမှာလဲ.. အခုမှတော့ သခင်ဆီ အခြေအနေမှန်ကို သတင်းပို့ရုံပဲ ရှိတော့တယ်”
ကျောက်ကွမ်းသည် သူ၏ အသက်ကို အလွန်တရာ နှမြောသူဖြစ်သည်။
နောက်ဆုံးအကြိမ်က တာဝန်တစ်ခုကို ထမ်းဆောင်ရန် ခရီးထွက်စဥ်တွင် ကျောက်ကွမ်းတို့သည် အနက်ရောင်ဝတ်စုံကို ဝတ်ဆင်ထားသည့် အင်အားကြီးမားသော ကျင့်ကြံသူ တစ်ယောက်နှင့် တွေ့ဆုံခဲ့သည်။
ကျောက်ကွမ်းသည် သူ၏ အသက်ကို ချမ်းသာရာ ရရန်အတွက် အနက်ရောင်ဝတ်စုံဝတ်လူ ထံတွင် အညံ့ခံခဲ့ပြီး စိမ်းလန်းသောမြစ် ကုန်သွယ်ရေးအဖွဲ့၏ အတွင်း သတင်းပေးသူ ဖြစ်လာခဲ့သည်။
ယခုတစ်ကြိမ် ဆိတ်ငြိမ်သွေးလွင်ပြင်သို့ ရှဖေး အလုပ်ကိစ္စဖြင့် လာသောအခါတွင် ကျောက်ကွမ်းသည် အနက်ရောင်ဝတ်စုံဝတ်လူနှင့် လျှို့ဝှက် တိုင်ပင်ပြီး ရှဖေးထံမှ ပစ္စည်းကို လုယူရန် ကြံစည်ထားခဲ့သည်။
သို့သော်လည်း ရှဖေးသည် လမ်းကြောင်းပြောင်းပြီး ဝမ်ရွှယ်လင်ကနေ တိုက်ရိုက် ဖြတ်ကျော်ရန် ရွေးချယ်လိမ့်မည်ဟု ကျောက်ကွမ်း မထင်ထားခဲ့ပေ။
ဝမ်ရွှယ်လင်သည် မည်ကဲ့သို့သော နေရာဖြစ်မှန်း ကျောက်ကွမ်း အသေအချာ သိရှိထား၏။
ဝမ်ရွှယ်လင်ဆိုသည်မှာ သာမန် ကပ်ဘေးအဆင့် ကျင့်ကြံသူ တစ်ဦး အတွက်ပင် အသက်ရှင်ရန် ခဲယဥ်းသောနေရာမျိုးဖြစ်သည်။
ရှဖေးအနေဖြင့် ဝမ်ရွှယ်လင်ကနေ ဖြတ်ချင်သည်မှာ ကိုယ့်သေတွင်း ကိုယ်တူးနေသည်နှင့် မခြားပေ။
ထို့ကြောင့်ပင် အသက်ကို နှမြောသော ကျောက်ကွမ်းသည် ဆက်လက်၍ ဟန်မဆောင်နိုင်တော့ခြင်းပင်။
ရှင်းလင်းစွာဆိုရလျှင် သူက ရှဖေး၏ နောက်သို့ လိုက်သွားပြီး ဝမ်ရွှယ်လင်တွင် အသေမခံလိုခဲ့ပေ။
ကျောက်ကွမ်းက သူ၏ လူများကို ဦးဆောင်ကာ အခြားတစ်ဖက်သို့ ခရီးနှင်ခဲ့သည်။
ဆိတ်ငြိမ်သွေးလွင်ပြင်တွင် လေနှင့်သဲများ တိုက်ခတ်နေခဲ့ပြီး လေချွန်သံ ကဲ့သို့ အသံများသည် ပတ်ဝန်းကျင်တွင် ထွက်ပေါ်နေခဲ့သည်။
ဤနေရာသော စိမ်းလန်းသောမြစ် ကောင်းကင်နယ်မြေ၏ အပြင်ဘက်နှင့် တဖြည်းဖြည်း နီးကပ်လာပြီ ဖြစ်ရာ တစ်ခါတစ်ရံတွင် လူတစ်ယောက် နှစ်ယောက်ခန့်ကို တွေ့ရသော်လည်း လူသူ ကျဲပါးလှ၍ မျက်စိတစ်မှိတ်အတွင်း ပျောက်ကွယ်သွားတတ်ကြသည်။
ကျန်းချန်တို့ ကုန်သည်အဖွဲ့သည် ဝမ်ရွှယ်လင် ဘက်သို့ ဆက်လက်၍ ခရီးနှင်နေခြင်း ဖြစ်သည်။
ဝမ်ရွှယ်လင်နှင့် နီးကပ်လာသည်နှင့် အမျှ ကုန်သည်အဖွဲ့မှ အစောင့်များ၏ မျက်နှာအမူအရာသည် ပို၍ပင် လေးနက်လာခဲ့သည်။
သူတို့ အားလုံးက သူတို့၏ လက်နက်များကို တင်းကျပ်စွာ ဆုပ်ကိုင်ထားကြ၏။
ရှဖေး ပင်လျှင် ကျန်းချန် ရှိနေသည့် ရထားလုံးဆီသို့ မလာဘဲ မနေနိုင်ခဲ့ပေ။
သူက ရထားလုံးအတွင်း မျက်စိမှိတ်ထားသော ကျန်းချန်ကိုကြည့်ကာ သတိပေးလိုက်သည်။
“မိတ်ဆွေလေးကျန်းချန်.. ငါတို့ ဝမ်ရွှယ်လင်ကို ရောက်တော့မယ်”
“ကြီးကြပ်ရေးမှုးရှ စိုးရိမ်မနေပါနဲ့.. ဝမ်ရွှယ်လင်ကိုသာ ခပ်မြန်မြန် ခရီးနှင်စမ်းပါ.. ခင်ဗျားတို့ကို ဘေးကင်းအောင် စောင့်ရှောက်မယ်လို့ ကျုပ်ပြောပြီးသားပဲ.. ကျုပ်ရှိနေသရွေ့ ဝမ်ရွှယ်လင်က မြွေနတ်ဆိုးဘုရင်က ခင်ဗျားတို့ကို ဘာအန္တရာယ်မှ မပေးစေရဘူး”
ကျန်းချန်က မှိတ်ထားသော မျက်လုံးများကို ဖွင့်လိုက်ပြီး ခပ်ယဲ့ယဲ့ပြုံးကာ ပြောလိုက်သည်။
ကပ်ဘေးအဆင့် မြွေနတ်ဆိုးဘုရင် ဆိုသည်မှာ သာမန်ကျင့်ကြံသူများ အတွက် အလွန်တရာ ခက်ခဲသော တည်ရှိမှု ဖြစ်နိုင်သော်လည်း ကျန်းချန်၏ မျက်လုံးထဲတွင်မူ မြွေနတ်ဆိုးဘုရင်သည် ပုရွက်ဆိတ် တစ်ကောင်မျှသာ ဖြစ်သည်။
မြွေနတ်ဆိုးဘုရင်တွင် မဟာယာန တစ်ပိုင်းအဆင့် ကျင့်ကြံသူနှင့် တူညီသော ခွန်အားမရှိသရွေ့ ကျန်းချန် မပါလျှင်ပင် ရွှယ်ချန်ကျဲ တစ်ယောက်တည်းဖြင့် အလွယ်တကူ ကိုင်တွယ်နိုင်စွမ်းရှိသည်။
အကယ်၍ မြွေနတ်ဆိုးဘုရင်သာ သူတို့ကို ပြဿနာရှာမည်ဆိုလျှင် သတ်ဖြတ်လိုက်ရုံသာ မဟုတ်ပါလော။
“မိတ်ဆွေလေးကျန်းချန်ရဲ့စကားကိုကြားတော့ ငါ စိတ်အေးသွားရပါပြီ”
ကျန်းချန်၏ တည်ငြိမ်သော အမူအရာကို မြင်လျှင် ရှဖေးသည် အတော်လေး စိတ်သက်သာရာ ရသွားခဲ့သည်။
ယခုတစ်ကြိမ် ဆိတ်ငြိမ်သွေးလွင်ပြင်သို့ ခရီးထွက်လာရာအတွင်း သူနှင့်အတူ ပါလာသော အင်အားသည် မတောင့်တင်းပေ။
သူတို့အဖွဲ့ကနေ ကျောက်ကွမ်းတို့ လူစု မထွက်မီကပင် ဝမ်ရွှယ်လင်ထဲရှိ မြွေနတ်ဆိုးဘုရင်နှင့် ယှဥ်ပြိုင်နိုင်ရန် အလှမ်းဝေးနေသည် ဖြစ်ရာ ယခုဆိုလျှင် ပို၍ပင် ဆိုဖွယ်ရာမရှိတော့ပေ။
လက်ရှိ အချိန်အတွင်း ရှဖေးသည် သူ၏ မျှော်လင့်ချက်အားလုံးကို ကျန်းချန် အပေါ်တွင်သာ ပုံအပ်ထားရတော့သည်။
ကုန်သည်အဖွဲ့သည် ဆိတ်ငြိမ်သွေးလွင်ပြင်တွင် နာရီဝက်ခန့် ထပ်မံ ခရီးနှင်ပြီးနောက် အဆုံးသတ်၌ တဖြည်းဖြည်း အရှိန်လျှော့လိုက်သည်။
ရထားလုံးအတွင်း မျက်စိမှိတ်ကာ အနားယူနေသော ကျန်းချန်သည် ရုတ်တရက် တစ်စုံတစ်ရာကို အာရုံခံမိလိုက်သည်။
သူ၏ အကြည့်က ရထားလုံးကို ဖောက်ထွက်ကာ ရှေ့သို့ ရောက်သွားခဲ့သည်။
သူ၏ မြင်ကွင်းထဲတွင် ပေါ်လာသည်မှာ အလွန်တရာ မတ်သော တောင်တန်းတစ်ခု ဖြစ်၏။
ထိုတောင်တန်းသည် ပေထောင်ချီ မြင့်မားပြီး အလယ်တွင် ပေတစ်ရာခန့် ကျယ်သော တောင်ကြားတစ်ခု ရှိနေခဲ့သည်။
တောင်တန်း၏ အနက်ရှိုင်းဆုံး နေရာကနေ ကျန်းချန်သည် ကပ်ဘေးအဆင့် ကျင့်ကြံသူထက် မနိမ့်ကျသည့် အားကောင်းသော အရှိန်အဝါ တစ်ခုကို ခံစားမိခဲ့သည်။
ထိုအရှိန်အဝါသည် မြွေနတ်ဆိုးဘုရင် ဖြစ်နိုင်လောက်၏။
“အားလုံးပဲ သတိထားကြ.. ဝမ်ရွှယ်လင်ထဲကို ဝင်တော့မယ်.. ရှေ့ဆုံးက နှစ်ယောက်.. လမ်းတစ်လျှောက် မြွေနိုင်ဆေးမှုန့်တွေကို ဖြူးဖို့ ပြင်ထားကြပါ..ဒီနေရာက မြွေတွေကို အနားမကပ်အောင် လုပ်နိုင်သရွေ့ မြွေနတ်ဆိုးဘုရင်က ငါတို့ကို အလွယ်တကူ ရှာတွေ့မှာမဟုတ်ဘူး”
ကျန်းချန်က သူ့ရှေ့ရှိ တောင်တန်းကို ကြည့်နေစဥ် ရှဖေးသည် စနစ်တကျ အမိန့်ပေးမှုများကို ပြုလုပ်ခဲ့သည်။
ဝမ်ရွှယ်လင်ထဲတွင် ကပ်ဘေးအဆင့်ရှိ မြွေနတ်ဆိုးဘုရင်သည် တစ်နှစ်ပတ်လုံး နေထိုင်လေ့ ရှိသည်။
ထိုမြွေနတ်ဆိုးဘုရင်သည် ဝမ်ရွှယ်လင်ထဲရှိ အခြေအနေများကို သိရှိနိုင်ရန် မြွေသတ္တဝါလေးများ အပေါ် အမှီသဟဲ ပြုထားခြင်း ဖြစ်၏။
ထိုမြွေသတ္တဝါလေးများကို အနှောင့်အယှက် မဖြစ်စေသရွေ့ သူတို့သည် ဝမ်ရွှယ်လင်ကို အထိအခိုက်မရှိ ဖြတ်ကျော်နိုင်ပေလိမ့်မည်။
ကျန်းချန်က မြွေနတ်ဆိုးဘုရင်ကို ကိုင်တွယ်ရန် ယုံကြည်မှု ရှိပုံရသော်လည်း မြွေနတ်ဆိုးဘုရင်ကို အနှောင့်အယှက် မဖြစ်စေဘဲ ဝမ်ရွှယ်လင်ကို ဖြတ်ကျော်နိုင်လျှင် အကောင်းဆုံးပင် ဖြစ်သည် မဟုတ်ပါလား။
ရှဖေး၏ စနစ်တကျ စီစဥ်မှုအောက်တွင် ကုန်သည်အဖွဲ့သည် သူတို့ရှေ့ရှိ တောင်ကြားထဲသို့ ဝင်ရောက်သွားခဲ့သည်။
ကုန်သည်အဖွဲ့က ဝမ်ရွှယ်လင်ထဲသို့ ဝင်ရောက်ပြီးနောက်တွင် အမွှေးတိုင်တစ်တိုင် လောင်ကျွမ်းစာခန့် ရှေ့သို့ ဆက်လက် သွားရောက်ခဲ့သော်လည်း ဘာမှ ဖြစ်မလာခဲ့ပေ။
ဝမ်ရွှယ်လင်၏ နေရာ တော်တော်များများကို ဖြတ်ကျော်ခဲ့ပြီ ဖြစ်မှန်း မြင်လိုက်ရလျှင် ရှဖေးသည် အနည်းငယ်စိတ်သက်သာယာ ရသွားခဲ့သည်။
ဤတစ်ကြိမ်တွင် သူတို့သည် မြွေနတ်ဆိုးဘုရင်ကို အနှောင့်အယှက် မဖြစ်စေဘဲ ဝမ်ရွှယ်လင်ကို အမှန်တကယ် ဖြတ်ကျော်နိုင်လောက်သည်။
သို့သော်လည်း ရှဖေးတို့ လူစု စိတ်သက်သာရာ ရသွားသည့်အခိုက်အတန့်မှာပင် ကုန်သွယ်အဖွဲ့၏ ရှေ့ဆုံးတွင် ရှိနေသော ရွှယ်ချန်ကျဲသည် ရုတ်တရက် တစ်စုံတစ်ရာကို ခံစားမိလိုက်သည်။
ထို့နောက်တွင် ရွှယ်ချန်ကျဲသည် တောင်ပေါ်ရှိ တောအုပ် ဆီသို့ ရည်ရွယ်ကာ လက်ဝါးရိုက်ချက် တစ်ချက်ကို ထုတ်ဖော်လိုက်သည်။
“ဝုန်း..”
ကျယ်လောင်သော ပေါက်ကွဲသံကြီး ထွက်ပေါ်လာခဲ့ပြီး မိုင်တစ်ရာ အတွင်းရှိ မြေပြင်သည် ပြင်းထန်စွာ တုန်ခါသွားခဲ့သည်။
မရေမတွက်နိုင်သော ရှေးဟောင်း သစ်ပင်ကြီးများသည် ပြိုလဲသွားခဲ့ပြီး မီတာရာချီ ကြီးမားသော ဧရာမ မြွေအလောင်း တစ်လောင်းသည် တောင်ပေါ်ရှိ တောအုပ်ထဲကနေ လွင့်စင်လာခဲ့သည်။
“ပြဿနာပဲ.. မြွေနတ်ဆိုးဘုရင်ရဲ့ လက်အောက်ငယ်သားကို သတ်မိလိုက်ပြီ”
ဧရာမမြွေကြီး၏ အလောင်းကိုမြင်လျှင် ရှဖေး၏ အမူအရာသည် ရုတ်တရက် ပြောင်းလဲသွားခဲ့သည်။
သူတို့က မြွေနတ်ဆိုးဘုရင်၏ လက်အောက်ငယ်သားကို သတ်ဖြတ်လိုက်ပြီ ဖြစ်ရာ ဤနေရာကနေ ဘေးကင်းစွာ ထွက်ခွာသွားရန်မှာ မဖြစ်နိုင်တော့ပေ။
ရှဖေး ထိတ်လန့်နေသော အချိန်မှာပင် ဝမ်ရွှယ်လင်၏ နက်ရှိုင်းသော နေရာကနေ သွေးရောင်လွှမ်းသော နတ်ဆိုးစွမ်းအား တစ်ခုသည် ကျန်းချန်တို့ ရှိနေသည့် နေရာဆီသို့ လျင်မြန်စွာ ပျံသန်းလာခဲ့သည်။
ချက်ချင်းဆိုသလိုပင် မထီမဲ့မြင် လှောင်ရယ်သံ တစ်သံသည် ပတ်ဝန်းကျင်တွင် ပဲ့တင်ထပ်သွားခဲ့သည်။
“လူသားငတုံးတွေက ငါ့ရဲ့နယ်မြေကို ငါမသိဘဲ ခိုးဖြတ်ချင်နေတာလား.. မင်းတို့တွေ တော်တော် စိတ်ကူးယဥ်နေတာပဲ”
အခန်း(၂၄၉၅)ပြီး၏။
***