အေးစက်စက် စကားသံသည် ပတ်ဝန်းကျင်တွင် ပဲ့တင်ထပ်သွားခဲ့သည်။
တစ်ခဏအတွင်း ထူးခြားသော သွေးအရှိန်အဝါများ ထုတ်လွှတ်နေသည့် သွေးပုံရိပ် တစ်ခုသည် ကုန်သည်အဖွဲ့၏ အထက် ကောင်းကင်ယံသို့ ရောက်ရှိလာခဲ့သည်။
ထိုသွေးပုံရိပ်သည် အလွန်တရာပင် ထူးဆန်းလှပြီး ၎င်း၏ ခန္ဓာကိုယ်နှင့် ခြေလက်အင်္ဂါများသည် လူသားများနှင့် မခြားသော်လည်း အရေပြားပေါ်တွင်မူ သွေးရောင် အကြေးခွံများ ဖုံးအုပ်ထား၏။
သို့သော်လည်း ဦးခေါင်းနေရာတွင်မူ ကြီးမားသော မြွေဦးခေါင်း တစ်ခု ရှိနေခဲ့သည်။
၎င်းက သွေးရောင်မျက်ဝန်း တစ်စုံဖြင့် အောက်ဘက်ရှိ ကုန်သည်အဖွဲ့ကို အေးစက်စက် စိုက်ကြည့်လိုက်ရာ ကုန်သည်အဖွဲ့မှ လူများသည် ကျောရိုးတစ်လျှောက် စိမ့်တက်သွားသလိုပင် ခံစားလိုက်ရသည်။
“မြွေနတ်ဆိုးဘုရင်”
ဤသည်မှာ ဆိတ်ငြိမ်သွေးလွင်ပြင်တွင် အလွန်တရာ နာမည်ကျော်ကြားလှသည့် ကပ်ဘေးအဆင့် မြွေနတ်ဆိုးဘုရင်ပင် ဖြစ်သည်။
လေထုထဲရှိ မြွေခေါင်းနှင့် လူခန္ဓာကိုယ် အသွင်အပြင်ရှိသော သတ္တဝါကို ကြည့်ကာ ရှဖေးနှင့် တခြားသူများ၏ မျက်နှာသည် ရုတ်တရက် ဖြူဖျော့သွားခဲ့ပြီး ကျင့်ကြံခြင်းအဆင့် နိမ့်ကျသူ တချို့ဆိုလျှင် မြွေနတ်ဆိုးဘုရင်၏ အရှိန်အဝါဖိအားအောက်တွင် ခန္ဓာကိုယ် တစ်ခုလုံး တုန်ယင်လာခဲ့ကြသည်။
“မြွေနတ်ဆိုးဘုရင်.. ကျွန်တော်က စိမ်းလန်းသောမြစ်ကုန်သွယ်ရေးအဖွဲ့က ရှဖေးပါ.. စိမ်းလန်းသောမြစ် ကောင်းကင်နယ်မြေကို အမြန်ပြန်ဖို့ လိုအပ်နေတာကြောင့် မြွေနတ်ဆိုးဘုရင်ရဲ့ အဖိုးတန်နယ်မြေကို ဖြတ်သွားခွင့်ပြုဖို့ တောင်းဆိုပါတယ်”
ရှဖေးက အသက်ကို ခပ်ပြင်းပြင်း ရှူရှိုက်လိုက်ပြီး ယွမ်ကျောက်တုံး တစ်သောင်းကို ချက်ချင်းဆိုသလို ထုတ်ယူကာ မြွေနတ်ဆိုးဘုရင် ထံသို့ ပေးပို့လိုက်သည်။
သူတို့နှင့်အတူ လိုက်ပါလာသော ကျန်းချန်သည် သူ့ရှေ့မှ မြွေနတ်ဆိုးဘုရင်ကို ကိုင်တွယ်ရန် အလွန်တရာ ယုံကြည်မှု ရှိပုံရသော်လည်း အဆုံးသတ်တွင် မြွေနတ်ဆိုးဘုရင်သည် ကပ်ဘေးအဆင့် သားရဲတစ်ကောင် ဖြစ်ပြီး ယခုအခါတွင် သူတို့သည် ထိုသားရဲ၏ နယ်မြေထဲတွင် ရောက်ရှိနေခြင်း ဖြစ်သည်။
အကယ်၍သာ ငွေအနည်းငယ်ကို အသုံးပြုပြီး မြွေနတ်ဆိုးဘုရင်ကို လမ်းဖယ်ခိုင်းနိုင်လျှင် အကောင်းဆုံးပင် မဟုတ်ပါလော။
“ဒီဘုရင်ကို ယွမ်ကျောက်တုံးတစ်သောင်းနဲ့ လမ်းဖယ်ခိုင်းနေတာဆိုတော့ မင်းငါ့ကို သူတောင်းစားများ မှတ်နေလား”
မြွေနတ်ဆိုးဘုရင်က နှာခေါင်းရှုံ့ကာ အေးစက်စက် ရေရွတ်လိုက်သည်။
“မင်းတို့ စိမ်းလန်းသောမြစ် ကုန်သွယ်ရေးအဖွဲ့က အရမ်းချမ်းသာတယ်လို့ ငါကြားဖူးတယ်.. တကယ်လို့ ယွမ်ကျောက်တုံး တစ်သိန်း ထုတ်ပေးမယ်ဆိုရင် ငါ မင်းတို့ စိမ်းလန်းသောမြစ် ကုန်သွယ်ရေးအဖွဲ့ကို ဖြတ်သွားခွင့်ပြုမယ်”
“မြွေနတ်ဆိုးဘုရင်.. ခင်ဗျားက လောဘအတော်ကြီးတာပဲ.. ခင်ဗျားက ကျုပ်တို့ စိမ်းလန်းသောမြစ် ကုန်သွယ်ရေးအဖွဲ့နဲ့ တကယ်ပဲ ရန်သူ ဖြစ်ချင်လို့လား”
ရှဖေးက မြွေနတ်ဆိုးဘုရင်ကို မေးလိုက်သည်။
ယွမ်ကျောက်တုံး ဆိုသည်မှာ အင်မော်တယ် ကျင့်ကြံခြင်း စကြဝဠာ၏ ဘုံသုံးငွေကြေး ဖြစ်သော်လည်း ရရှိရန် မလွယ်ကူပေ။
သာမန် လမ်းစဥ်ပေါင်းစည်းခြင်းအဆင့် ကျင့်ကြံသူတစ်ဦးသည် ယွမ်ကျောက်တုံး တစ်သောင်းခန့် ထုတ်ပေးနိုင်လျှင် အလွန် ချမ်းသာသူဟုပင် သတ်မှတ်နိုင်၏။
ကပ်ဘေးအဆင့် ကျင့်ကြံသူ အများစုပင် ယွမ်ကျောက်တုံးတစ်သိန်းကို ထုတ်ပေးရန် ခက်ခဲမည် ဖြစ်သည်။
ရှဖေးသည် စိမ်းလန်းသောမြစ် ကုန်သွယ်ရေးအဖွဲ့၏ ကြီးကြပ်ရေးမှုးတစ်ဦး ဖြစ်၍ သာမန် ကျင့်ကြံသူများထက် အဆပေါင်းများစွာ ပို၍ ချမ်းသာသော်လည်း ယွမ်ကျောက်တုံး တစ်သိန်း ချက်ချင်း ထုတ်ပေးရန်မှာ မဖြစ်နိုင်ပေ။
ဆိုရလျှင် မြွေနတ်ဆိုးဘုရင်သည် တမင်တကာ အနိုင်ကျင့်နေခြင်း ဖြစ်ပြီး သူတို့ကို အလွှတ်ပေးရန် ရည်ရွယ်ချက်မရှိပေ။
“အင်မော်တယ် ကျင့်ကြံခြင်း စကြဝဠာရဲ့ ထိပ်တန်းဂိုဏ်းကြီးဆယ်ဂိုဏ်းထဲက တစ်ဂိုဏ်း ဖြစ်တဲ့ စိမ်းလန်းသောမြစ်ဂိုဏ်းရဲ့ လက်အောက်က စိမ်းလန်းသောမြစ် ကုန်သွယ်ရေးအဖွဲ့ဆိုတာ ငါ ရန်မစရဲတဲ့ တည်ရှိမှုပဲ”
မြွေနတ်ဆိုးဘုရင်က ကောက်ကျစ်စွာ ပြုံး၍ ပြောလိုက်သည်။
“ဒါပေမဲ့ ဒီနေ့ မင်းတို့ အကုန်လုံးကို ဒီနေရာမှာ သတ်ပစ်လိုက်မယ် ဆိုရင် စိမ်းလန်းသောမြစ် ကုန်သွယ်ရေးအဖွဲ့က မင်းတို့တွေကို ငါ သတ်ခဲ့တယ်ဆိုတာ ဘယ်လိုလုပ်ပြီး သိနိုင်မှာလဲ”
ထိုစကားကို ကြားလျှင် ရှဖေးသည် အလွန်အမင်း မျက်နှာပျက်သွားခဲ့သည်။
သူက အသက်ကို ခပ်ပြင်းပြင်း ရှူရှိုက်လိုက်ပြီး ကျန်းချန်ရှိနေသာ ရထားလုံးဘက်သို့ ဂါဝရပြုကာ ပြောလိုက်၏။
“မိတ်ဆွေလေးကျန်းချန်.. အရာအားလုံးက မင်းအပေါ်မှာပဲ မူတည်တော့တယ်"
"မစိုးရိမ်ပါနဲ့.. ဝမ်ရွှယ်လင်ကို ဘေးကင်းအောင် ဖြတ်ကျော်ပေးမယ်လို့ ငါပြောထားပြီးသားပဲ.. ခင်ဗျားတို့ကို ဘယ်သူမှ လက်ဖျားနဲ့တောင် မတို့စေရဘူး”
ကျန်းချန်က ခပ်ယဲ့ယဲ့ ပြုံးလိုက်ပြီး ရှေ့ဆုံးရှိ ရွှယ်ချန်ကျဲကို တိုက်ရိုက်ပင် အမိန့်ပေးလိုက်သည်။
“ချန်ကျဲ ဒီမြွေနတ်ဆိုးဘုရင်ကို အမြန်ရှင်းပစ်လိုက်တော့”
“ဟုတ်ကဲ့ သခင်ကြီး”
ကျန်းချန်ထံမှ အမိန့်ကို ရသည်နှင့် ရွှယ်ချန်ကျဲသည် သူ၏ ထူးဆန်းသော သွေးမျက်လုံးဖြင့် လေထုထဲရှိ မြွေနတ်ဆိုးဘုရင်ကို မော့ကြည့်လိုက်သည်။
“မြွေနတ်ဆိုးဘုရင် မင်းက ငါ့သခင်ကို စိတ်အနှောင့်အယှက်ဖြစ်စေခဲ့ပြီ.. ပြောစမ်း မင်းဘယ်လိုပုံစံမျိုးနဲ့ သေချင်လဲ”
“မလောက်လေး မလောက်စားကောင်လေးကများ လေလုံးထွားနေသေးတယ်”
မြွေနတ်ဆိုးဘုရင်က ဒေါသတကြီး ရေရွတ်လိုက်သည်။
ထို့နောက်တွင် သူ၏ ပါးစပ်ကနေ စူးရှသော မြွေတွန်သံ ထွက်ပေါ်လာခဲ့သည်။
ထိုမြွေတွန်သံက ကောင်းကင်နှင့်မြေပြင် ကြားတွင် ပဲ့တင်ထပ်သွားသည်နှင့်အမျှ တောင်ကြား၏ ဝဲယာရှိ ရှေးဟောင်းတောအုပ်များထဲကနေ သွေးရောင်များ လင်းလက်နေသည့် အရွယ်အစားမျိုးစုံ ရှိသော အဆိပ်ရှိမြွေ အမြောက်အများသည် သွေးရောင်မြားတိုများ ကဲ့သို့ ကုန်သည်အဖွဲ့ ရှိရာဆီ ပြင်းထန်စွာ ပြေးဝင်လာခဲ့ကြသည်။
ထိုမြင်ကွင်းသည် သွေးမိုးရွာနေသကဲ့သို့ပင် ဖြစ်နေခဲ့ပြီး အလွန်တရာပင် ကြောက်မက်ဖွယ်ရာ ကောင်းလှ၏။
ဤသွေးရောင်အဆိပ်ရှိ မြွေ တစ်ကောင်ချင်းစီတွင် လေထုကိုပင် တိုက်စားနိုင်သော အဆိပ်များ ပါရှိနေပြီး ကပ်ဘေးအဆင့် ကျင့်ကြံသူကိုပင် ခြိမ်းခြောက်နိုင်စွမ်း ရှိသည်။
၎င်းတို့သည် မြွေနတ်ဆိုးဘုရင်က ဝမ်ရွှယ်လင်တွင် သောင်းကျန်းနိုင်သည့် အဓိက လက်နက် ဆိုလည်းမမှားပေ။
စင်စစ် မြွေနတ်ဆိုးဘုရင်၏ အင်အားသည် အလွန်တရာ မကြီးမားလှဘဲ ကပ်ဘေး အစောပိုင်းအဆင့်တွင်သာ ရှိသည်။
သို့သော်လည်း မြွေနတ်ဆိုးဘုရင်သည် ဝမ်ရွှယ်လင် ထဲမှ အဆိပ်ရှိ မြွေများစွာကို ထိန်းချုပ်နိုင်သောကြောင့် ကပ်ဘေး နှောင်းပိုင်းအဆင့် ကျင့်ကြံသူများပင် မြွေနတ်ဆိုးဘုရင်ကို ကြောက်ရွံ့ကြ၏။
မြွေနတ်ဆိုးဘုရင်သည် အလွန်တရာပင် ကောက်ကျစ်စဥ်းလဲပြီး ပြိုင်ဘက်နှင့် တွေ့ဆုံသည့် အခါတိုင်းတွင် ဤမြွေများကို အသုံးပြုလေ့ ရှိသည်။
ကပ်ဘေးအဆင့် ကျင့်ကြံသူပင် ဖြစ်နေပါစေ၊ မြွေဆိပ်ဖြင့် ထိမှန်သွားလျှင် အင်အားများစွာ လျော့နည်းသွားလိမ့်မည်သာ။
ယင်းသို့ဖြင့်ပင် ဝမ်ရွှယ်လင် ထဲသို့ ကျူးကျော်ဝင်ရောက်ခဲ့သော ကပ်ဘေးအဆင့် ကျင့်ကြံသူ အများအပြားသည် အဆုံးသတ်၌ မြွေနတ်ဆိုးဘုရင်၏ လက်ထဲတွင် ကျဆုံးသွားခဲ့ကြသည်။
ဤအချက်ကြောင့်ပင် ဝမ်ရွှယ်လင်ထဲရှိ မြွေနတ်ဆိုးဘုရင်သည် အလွန်အမင်း နာမည်ကျော်ကြားနေခြင်း ဖြစ်၏။
“သတိထားပါ.. ဒီမြွေတွေက အဆိပ်ရှိမြွေတွေပဲ.. သူတို့ရဲ့ ခန္ဓာကိုယ်မှာ သွေးတွေကို ဝါးမျိုနိုင်တဲ့ ထူးဆန်းတဲ့သွေးအဆိပ်တွေ ပါဝင်နေတယ်”
ထိုမြင်ကွင်းကို မြင်လျှင် ရှဖေးသည် ရွှယ်ချန်ကျဲကို သတိမပေးဘဲ မနေနိုင်ခဲ့ပေ။
“မင်းတို့က သွေးတွေကို ဝါးမျိုနိုင်တဲ့ အဆိပ်မြွေတွေလား.. ငါ့ရှေ့မှာ သွေးစွမ်းအားကို လာထုတ်ပြနေတာက ရွှေနန်းတော်ရှေ့မှာ အပ်လာရောင်းတာနဲ့ အတူတူပဲ”
ရွှယ်ချန်ကျဲက မထီမဲ့မြင် ပြုံးလိုက်ပြီး ဆန်းကြယ်သော လက်ဟန်များကို ပြုလုပ်ကာ သွေးတံဆိပ် တစ်ခုကို ထုတ်ဖော်လိုက်သည်။
ထို့နောက်တွင်မူ သွေးတံဆိပ်ကနေ ဆန်းကြယ်သော သွေးစွမ်းအင် တစ်ခုသည် တစ်ခဏအတွင်း ပျံ့နှံ့သွားခဲ့၏။
ပြေးဝင်လာကြသည့် သွေးအဆိပ်မြွေများသည် သွေးစည်းတံဆိပ်၏ စွမ်းအား လွှမ်းမိုးမှုအောက်တွင် အလွန်အမင်း ရုန်းကန်နေကြရပြီး အဆုံးသတ်တွင် ပူဖောင်းများ သဖွယ် လေထဲတွင် ပေါက်ကွဲသွားကြသည်။
“ဝုန်း..”
တစ်ခဏအတွင်းမှာပင် သွေးအဆိပ်မြွေ ရာပေါင်းများစွာသည် လေထုထဲတွင် သွေးမှုန်များ အဖြစ်သို့ ပြောင်းလဲကာ ပျောက်ကွယ်သွားခဲ့၏။
“သွေးအဆိပ်မြွေတွေက ဒီလိုပဲ သေဆုံးသွားပြီလား”
ရွှယ်ချန်ကျဲက သွေးရောင် တောက်ပနေသော စည်းတံဆိပ်တစ်ခုကို ထုတ်ဖော်ကာ သွေးအဆိပ်မြွေ ရာပေါင်းများစွာကို တစ်ခဏအတွင်း သတ်ဖြတ်လိုက်သည်အား မြင်လျှင် ရှဖေးတို့ လူစု၏ မျက်ဝန်းထဲ၌ ဝမ်းသာသော အရိပ်အယောင်များ ဖြစ်ပေါ်လာခဲ့သည်။
ရှဖေးသည် ကျန်းချန်၏ ထူးခြားမှုကို ကောင်းစွာ ရိပ်စားမိခဲ့သည်။
သို့သော်လည်း ကျန်းချန်၏ အစေခံ ဖြစ်သည့် ရွှယ်ချန်ကျဲ သည်ပင် ဤမျှအထိ ကြောက်မက်ဖွယ်ရာ အစွမ်းထက်နေလိမ့်မည်ဟု မထင်ထားခဲ့ပေ။
သူ၏ သွေးအဆိပ်မြွေများက ရွှယ်ချန်ကျဲ၏ တိုက်ကွက်တစ်ကွက်တည်းဖြင့် သေဆုံးသွားသည်ကို မြင်လိုက်ရလျှင် မြွေနတ်ဆိုးဘုရင်၏ မျက်ဝန်းများသည် ရုတ်တရက် ကျုံ့သွားခဲ့သည်။
သူ၏ ပြိုင်ဘက်ကင်း သွေးအဆိပ်မြွေ စစ်တပ်သည် ယခုတစ်ကြိမ်တွင် သူ၏ ရှေ့မှ လူ၏ လက်ချက်ဖြင့် အလွယ်တကူ ချေမှုန်းခံလိုက်ရမည်ဟု သူ မထင်ထားခဲ့ပေ။
သူ့ရှေ့မှ လူသည် ကပ်ဘေးအဆင့် ကျင့်ကြံသူ တစ်ဦး ဖြစ်ရုံသာမက သာမန် ကပ်ဘေးအဆင့် ကျင့်ကြံသူတစ်ဦး လုံးဝ မဟုတ်ပေ။
“မင်းက သွေးနတ်ဆိုးဂိုဏ်းကလား”
မြွေနတ်ဆိုးဘုရင်သည် သူ၏ စိတ်နှလုံးထဲမှ ထိတ်လန့်မှုကို ဖိနှိပ်လိုက်ပြီး မြွေမျက်ဝန်း တစ်စုံဖြင့် ရွှယ်ချန်ကျဲကို စိုက်ကြည့်ကာ မေးလိုက်သည်။
ဤလူသားသည် ကပ်ဘေးအဆင့် ကျင့်ကြံသူ ဖြစ်ပြီး သွေးနည်းစနစ်ကိုလည်း တတ်မြောက်ထားသည်။
ထိပ်တန်း အင်မော်တယ်ဂိုဏ်းကြီး ဆယ်ဂိုဏ်း အနက် သွေးနတ်ဆိုးဂိုဏ်း တစ်ဂိုဏ်းတည်းသာလျှင် ဤမျှ အင်အားကြီးမားသော သွေးကျင့်ကြံသူ တစ်ဦးကို မွေးထုတ်ပေးနိုင်လိမ့်မည်ဟု သူထင်မြင်ခဲ့သည်။
“ငါဘယ်သူလဲဆိုတာ အရေးမကြီးဘူး”
ရွှယ်ချန်ကျဲက အေးစက်စက် စိုက်ကြည့်ကာ ပြောလိုက်သည်။
“အရေးကြီးတာက မင်းက ငါ့ရဲ့သခင်ကို အနှောင့်အယှက်ပေးလိုက်တာပဲ.. ဒါကြောင့် သေဖို့သာ ပြင်ထားပေတော့”
စကားဆုံးသည်နှင့် ရွှယ်ချန်ကျဲသည် ကြောက်မက်ဖွယ် လက်သီးချက်ဖြင့် မြွေနတ်ဆိုးဘုရင်ကို တိုက်ရိုက်ပင် ထိုးနှက်လိုက်သည်။
ထိုမြင်ကွင်းကိုမြင်လျှင် မြွေနတ်ဆိုးဘုရင်၏ အမူအရာသည် ရုတ်တရက် ပြောင်းလဲသွားခဲ့သည်။
ချက်ချင်းဆိုသလိုပင် သူက သွေးရောင် အကြေးခွံများ ဖုံးအုပ်ထားသော သူ၏ လက်ဝါးဖြင့် ရွှယ်ချန်ကျဲ၏ လက်သီးချက်ကို ပြန်လည် ရင်ဆိုင်လိုက်၏။
အခန်း(၂၄၉၆)ပြီး၏။
***