ဤရုတ်တရက် အပြောင်းအလဲကြောင့် အနက်ရောင်ဝတ်စုံဝတ် အဘိုးအို ထိတ်လန့်သွားခဲ့သည်။
သူက ကုန်သည်အဖွဲ့၏ အလယ်ဗဟိုရှိ ရထားလုံး တစ်စီးကို ကြည့်လိုက်သည်။
ထိုခဏမှာပင် ရထားလုံးအတွင်းကနေ အေးစက်စက်အသံတစ်သံ ထွက်ပေါ်လာခဲ့သည်။
“ရှဖေးရဲ့ ကုန်သည်အဖွဲ့ကို ငါ စောင့်ရှောက်ထားတယ်.. မသေချင်ဘူးဆိုရင် အခုချက်ချင်းထွက်သွားစမ်း”
ထိုစကားသံကြောင့် တိမ်တိုက်နက် ကုန်သွယ်ရေးအဖွဲ့မှ အနက်ရောင်ဝတ်စုံဝတ် အဘိုးအိုနှစ်ဦး၏ အမူအရာသည် အလွန်တရာပင် သုန်မှုန်သွားခဲ့သည်။
အခြား အနက်ရောင်ဝတ်စုံဝတ် အဘိုးအိုတစ်ဦးက ရထားလုံးဘက်သို့ လက်သီးဆုပ်၍ ဂါဝရပြုကာ ပြောလိုက်သည်။
“မိတ်ဆွေ ဒါက တိမ်တိုက်နက် ကုန်သွယ်ရေးအဖွဲ့နဲ့ စိမ်းလန်းသောမြစ် ကုန်သွယ်ရေးအဖွဲ့တို့ ကြားက ကိစ္စပါ.. မိတ်ဆွေအနေနဲ့ ကျုပ်တို့ တိမ်တိုက်နက် ကုန်သွယ်ရေးအဖွဲ့ကို မျက်နှာသာပေးမယ်လို့ မျှော်လင့်ပါတယ်”
“ငါက မင်းတို့ တိမ်တိုက်နက် ကုန်သွယ်ရေးအဖွဲ့နဲ့ မရင်းနှီးဘဲ ဘာလို့ မင်းတို့ တိမ်တိုက်နက် ကုန်သွယ်ရေးအဖွဲ့ကို မျက်နှာသာပေးရမှာလဲ”
ရထားလုံးအတွင်းမှ တည်ငြိမ်အေးဆေးသော အသံက ထွက်ပေါ်လာခဲ့သည်။
“မင်းက တကယ်ပဲ ငါတို့ တိမ်တိုက်နက် ကုန်သွယ်ရေးအဖွဲ့နဲ့ ရန်သူ ဖြစ်ချင်နေတာလား”
ရထားလုံးအတွင်းမှ အားနာမှု မရှိသော စကားလုံးများကို ကြားလိုက်ရလျှင် အနက်ရောင်ဝတ်စုံဝတ် အဘိုးအိုနှစ်ဦးသည် ဒေါသထွက်သွားခဲ့ပြီး သူတို့၏ စကားသံများတွင် အေးစက်သော အငွေ့အသက်များ တဖြည်းဖြည်း တိုးလာခဲ့သည်။
“မင်းတို့လို ကပ်ဘေးအစောပိုင်း အဆင့်လောက်က ငါ့ရှေ့မှာ ရမ်းကားဖို့ အရည်အချင်း မရှိသေးဘူး”
ရထားလုံးအတွင်းမှ ကျန်းချန်၏ လေသံထဲတွင် စိတ်မရှည်သော အငွေ့အသက်များ ပါဝင်လာခဲ့သည်။
“အသက်ဆယ်ရှိုက်စာ အချိန်အတွင်း မထွက်သွားရင် မင်းတို့ သေရလိမ့်မယ်”
ကျန်းချန်၏ မောက်မာသော စကားကို ကြားလျှင် အနက်ရောင်ဝတ်စုံဝတ် အဘိုးအိုနှစ်ဦးသည် ဒေါသများ အလွန်အမင်း ထွက်ပေါ်လာခဲ့သည်။
သူတို့ နှစ်ဦးစလုံးက သတ်ဖြတ်လိုသော အမူအရာဖြင့် ကျန်းချန်၏ ရထားလုံးကို စိုက်ကြည့်လိုက်ကြသည်။
“ဒီနေ့ စိမ်းလန်းသောမြစ် ကုန်သွယ်ရေးအဖွဲ့က လူတွေကို ခင်ဗျား ဘယ်လိုကာကွယ်မလဲ ဆိုတာ ကျုပ်တို့ ကြည့်ချင်သေးတယ်.. သတ်ကြစမ်း”
ထိုနှစ်ဦး၏ အမိန့်ကို ရသည်နှင့် သူတို့နောက်မှ အနက်ရောင်ပုံရိပ်များစွာသည် လက်ထဲရှိ မှော်လက်နက်များကို ဝှေ့ယမ်းကာ ကြောက်မက်ဖွယ် အရှိန်အဝါများနှင့်အတူ စိမ်းလန်းသောမြစ် ကုန်သွယ်ရေးအဖွဲ့ ထံသို့ ပြေးဝင်လာခဲ့ကြသည်။
တိမ်တိုက်နက် ကုန်သွယ်ရေးအဖွဲ့မှ လူများ စတင် တိုက်ခိုက်လာသည်ကို မြင်လျှင် ရှဖေး၏ အမူအရာသည် အနည်းငယ် ပြောင်းလဲသွားခဲ့၏။
သို့သော်လည်း ရှဖေး တို့က ရန်သူကို ရင်ဆိုင် တိုက်ခိုက်ရန် ပြင်ဆင်နေသော အချိန်မှာပင် ရွှယ်ချန်ကျဲသည် ရှေ့သို့ ထွက်လာခဲ့သည်။
တစ်ခဏအတွင်းမှာပင် ရွှယ်ချန်ကျဲ၏ လက်ဝါးကနေ သွေးရောင် အလင်းတန်း တစ်ခု လျင်မြန်စွာ ပျံ့နှံ့သွားခဲ့သည်။
တိမ်တိုက်နက် ကုန်သွယ်ရေးအဖွဲ့မှ လူများသည် ထိုသွေးရောင်အလင်းတန်းနှင့် ထိတွေ့မိသည်နှင့် တစ်ပြိုင်နက် လေထဲမှာပင် သွေးမှုန်များ အဖြစ် ပေါက်ကွဲသွားကြသည်။
တစ်ခဏအတွင်း တိမ်တိုက်နက် ကုန်သွယ်ရေးအဖွဲ့မှ ကျင့်ကြံသူ ဒါဇင်ပေါင်း များစွာသည် လေထုထဲတွင် အငွေ့ပျံ သွားသကဲ့သို့ လုံးဝ ပျောက်ကွယ်သွားခဲ့ကြ၏။
“မင်း.. မင်း ဘယ်သူလဲ”
ထိုမြင်ကွင်းကိုကြည့်ကာ အနက်ရောင်ဝတ်စုံဝတ် အဘိုးအိုနှစ်ဦး၏ မျက်နှာထက်တွင် ထိတ်လန့်တုန်လှုပ်သော အမူအရာများ မကြုံစဖူး ဖြစ်ပေါ်လာခဲ့၏။
ရထားလုံးအတွင်းရှိ လျှို့ဝှက်ဆန်းကြယ်သော လူအပြင် ရှဖေးနှင့် အတူ ယှဥ်တွဲ လျှောက်လာသော လျှို့ဝှက်ဆန်းကြယ်သည့် လူငယ်တွင်လည်း ဤမျှ ကြောက်မက်ဖွယ်ရာကောင်းသော အင်အား ရှိနေလိမ့်မည်ဟု သူတို့ မထင်ထားခဲ့ပေ။
“အသက်ဆယ်ရှိူက်စာ အချိန်ပြည့်သွားခဲ့ပြီ.. ငါ့သခင်ကြီးက မင်းတို့ကို အခွင့်အရေး ပေးခဲ့ပေမဲ့ ကံဆိုးစွာနဲ့ မင်းတို့ကောင်တွေ အဲဒီ အခွင့်အရေးကို တန်ဖိုးမထားခဲ့ဘူး”
ရွှယ်ချန်ကျဲထံမှ အေးစက်စက် စကားသံ ထွက်ပေါ်လာခဲ့သည်။
“အတူတူ တိုက်ကြစို့”
ရွှယ်ချန်ကျဲ၏ စကားကိုကြားလျှင် အနက်ရောင်ဝတ်စုံဝတ် အဘိုးအိုနှစ်ဦးသည် ရုတ်တရက် မျက်မှောင်ကြုတ်သွားခဲ့သည်။
သူတို့နှစ်ဦးက တစ်ပြိုင်နက်တည်း လှုပ်ရှားလိုက်ရာ ကပ်ဘေးအဆင့် ကျင့်ကြံသူနှစ်ဦး၏ အားကောင်းသော အရှိန်အဝါများသည် ရှဖေးတို့ လူစုထံ သက်ရောက်လာသဖြင့် ရှဖေးတို့လူစုသည် အသက်ရှု ရပ်မတတ်ပင် ခံစားလိုက်ရသည်။
သူ့ဆီသို့ ပြေးဝင်လာသော လူနှစ်ဦးကို ကြည့်ကာ ရွှယ်ချန်ကျဲ၏ အမူအရာသည် အနည်းငယ်မျှပင် ပြောင်းလဲခြင်း မရှိခဲ့ပေ။
သူက လက်ဝါးရိုက်ချက် တစ်ချက်ကို ထုတ်ဖော်ကာ ထိုနှစ်ဦးကို ရိုက်ချလိုက်သည်။
“ဝုန်း..”
အနက်ရောင်ဝတ်စုံဝတ် အဘိုးအိုနှစ်ဦး၏ ပြင်းထန်သောတိုက်ကွက်သည် ရွှယ်ချန်ကျဲ၏ လက်ဝါးရိပ်များနှင့် တစ်ခဏအတွင်း ထိပ်တိုက် ဆုံတွေ့သွားခဲ့သည်။
ထို့နောက်တွင်မူ အဘိုးအိုနှစ်ဦး၏ တိုက်ကွက်သည် ရွှယ်ချန်ကျဲ၏ လက်ဝါးရိပ်များအောက်တွင် လုံးဝ ခုခံနိုင်စွမ်း မရှိဘဲ ပြိုလဲသွားခဲ့သည်။
သူတို့နှစ်ဦး၏ တိုက်ကွက်ကို အလွယ်တကူ ချေမှုန်းလိုက်ပြီးနောက်တွင် သူ၏ လက်ချောင်းကို အနည်းငယ် ဝှေ့ယမ်းလိုက်ရာ သွေးရောင်ဓားအလင်း နှစ်ခုသည် လေထုကို တိုက်ရိုက်ပင် ထိုးဖောက်သွားခဲ့ပြီး လျှပ်စီးကဲ့သို့ပင် မြန်ဆန်သောအရှိန်အဟုန်ဖြင့် အနက်ရောင်ဝတ်စုံဝတ် အဘိုးအို နှစ်ဦးထံ ရောက်ရှိသွားခဲ့သည်။
အနက်ရောင်ဝတ်စုံဝတ် အဘိုးအိုနှစ်ဦးက တုံ့ပြန်ရန်ပင် အချိန်မရလိုက်ဘဲ ထိုသွေးရောင်ဓားအလင်း ထိမှန်ခြင်းကို ခံလိုက်ရ၏။
ပေါက်ကွဲသံနှစ်သံ ဆက်တိုက် ဆိုသလို ထွက်ပေါ်လာပြီးနောက်တွင် အနက်ရောင်ဝတ်စုံဝတ် အဘိုးအိုနှစ်ဦး၏ ပုံရိပ်သည် ကြိုးပြတ်သွားသော စွန်ကဲ့သို့ပင် အရှက်တကွဲ လွင့်စင်သွားခဲ့သည်။
သူ့ရှေ့မှ မြင်ကွင်းကိုကြည့်ကာ ရှဖေးသည် သူ၏ နှလုံးသားက အေးစက်သွားသလို ခံစားလိုက်ရသည်။
မကြာသေးမီကပင် ရွှယ်ချန်ကျဲသည် ဝမ်ရွှယ်လင်တွင် မြွေနတ်ဆိုးဘုရင်ကို တိုက်ကွက် တစ်ကွက်တည်းဖြင့် ဖြိုခွင်းနိုင်ခဲ့သည်ကို ရှဖေး မြင်တွေ့ခဲ့ရသည်။
ယခုတစ်ကြိမ်တွင် တိမ်တိုက်နက် ကုန်သွယ်ရေးအဖွဲ့မှ ကပ်ဘေးအဆင့် ကျင့်ကြံသူ နှစ်ဦး ပူးပေါင်းခဲ့သော်လည်း ရွှယ်ချန်ကျဲကို မယှဥ်နိုင်ခဲ့ပေ။
ဤကဲ့သို့သော ခွန်အားသည် အမှန်တကယ်ပင် ကြောက်မက်ဖွယ် ကောင်းလွန်းလှသည်။
“ဒီလူက အရမ်းသန်မာလွန်းတယ်.. ငါတို့ ဆုတ်ကြစို့”
အနက်ရောင်ဝတ်စုံဝတ် အဘိုးအိုနှစ်ဦးသည် ပေရာချီနောက်သို့ လွင့်စင်သွားပြီးနောက်တွင် သူတို့၏ ဟန်ချက်ကို မနည်း ပြန်ထိန်းလိုက်ရသည်။
သူတို့၏ အိုမင်းသော မျက်နှာထက်တွင် ဖြူဖျော့သောအမူအရာများ ဖြစ်ပေါ်လာခဲ့သည်။
ယင်းနောက်တွင်မူ သူတို့ထဲမှ တစ်ဦးသည် ထိတ်လန့်တကြားဖြင့် အလျင်အမြန် အော်ဟစ်လိုက်သည်။
သူတို့ရှေ့မှ လျှို့ဝှက်ဆန်းကြယ်သောလူသည် အလွန်တရာပင် ကြောက်မက်ဖွယ်ရာ အစွမ်းထက်သည်။
သူတို့နှစ်ဦး ပူးပေါင်း တိုက်ခိုက်ခဲ့သည့်တိုင် ထိုလူကို လုံးဝ ယှဥ်နိုင်စွမ်း မရှိခဲ့ပေ။
အကယ်၍ ဤနေရာတွင် ဆက်လက် ရှိနေမည်ဆိုလျှင် သူတို့သေချာပေါက် သေရလိမ့်မည် မဟုတ်ပါလော။
“သွားကြစို့”
ကျန်အနက်ရောင်ဝတ်စုံဝတ် အဘိုးအိုတစ်ဦးကလည်း သူ၏ ခန္ဓာကိုယ်အတွင်းမှ မတည်မငြိမ် ဖြစ်နေသော စွမ်းအားများကို အတင်းအကျပ် ဖိနှိပ်ကာ ပြောလိုက်သည်။
ထို့နောက်တွင် သူတို့နှစ်ဦးသည် တစ်ခဏ အတွင်းမှာပင် လျင်မြန်စွာ ထွက်ပြေးသွားခဲ့ကြ၏။
“အခုမှ ထွက်ပြေးချင်တာလား.. အရမ်းနောက်ကျသွားပြီ”
ထိတ်လန့်တကြား ထွက်ပြေးနေသော အဘိုးအိုနှစ်ဦးကို ကြည့်ကာ ရွှယ်ချန်ကျဲသည် ခေါင်းခါရမ်းလိုက်ပြီး လက်ဝါးရိုက်ချက် တစ်ချက်ကို ထုတ်ဖော်လိုက်ရာ သွေးရောင်မီးလျှံများ ရုတ်တရက် ထွက်ပေါ်လာခဲ့ပြီး အနက်ရောင်ဝတ်စုံဝတ် အဘိုးအို နှစ်ဦးထံ ချက်ချင်းဆိုသလို ပျံ့နှံ့သွားခဲ့သည်။
သွေးရောင်မီးလျှံများသည် လျင်မြန်စွာ ပျံ့နှံ့သွားခဲ့ပြီး ထွက်ပြေးနေသော အနက်ရောင်ဝတ်စုံဝတ် အဘိုးအိုများကို လွှမ်းခြုံသွားခဲ့ရာ အဘိုးအို နှစ်ဦးသည် ခန္ဓာကိုယ်များ ရုတ်တရက် တောင့်တင်းသွားခဲ့ပြီး ပါးစပ်ကနေ သွေးများ အန်ထုတ်လိုက်ရသည်။
သူတို့နှစ်ဦးက သူတို့၏ စစ်မှန်သော အဆီအနှစ် စွမ်းအားများကို အစွမ်းကုန် ထုတ်သုံးကာ ခုခံခဲ့သော်လည်း သွေးရောင်မီးလျှံ၏ စွမ်းအားကို မတားဆီးနိုင်ခဲ့ကြပေ။
“အား..”
လေထုထဲတွင် စူးရှသော အော်ဟစ်သံကြီးသာ ပေါ်လာခဲ့ပြီး အဘိုးအိုနှစ်ဦး၏ ခန္ဓာကိုယ်များသည် ဝိညာဥ်ပါမကျန် သွေးရောင် မီးလျှံများအောက်တွင် လောင်ကျွမ်း ပျောက်ကွယ်သွားခဲ့သည်။
တိမ်တိုက်နက် ကုန်သွယ်ရေးအဖွဲ့မှ ကပ်ဘေးအဆင့် ကျင့်ကြံသူနှစ်ဦး သူ့ရှေ့မှာပင် ဝိညာဥ်ပါ မကျန် ချေမှုန်းခံလိုက်ရသည်ကို မြင်လျှင် ရှဖေး မှင်တက်သွားခဲ့သည်။
ဤခရီးစဥ်တွင် ကျန်းချန်တို့ နှစ်ယောက် လိုက်ပါလာခြင်းသည် သူ့အတွက် အလွန်တရာ ကံကောင်းစေခဲ့သည်ဟု သူယူဆမိသည်။
ကျန်းချန်တို့ နှစ်ဦးသာ မပါခဲ့လျှင် တိမ်တိုက်နက်ကုန်သွယ်ရေးအဖွဲ့မှ ကပ်ဘေးအဆင့် ကျင့်ကြံသူနှစ်ဦး၏ ကြားဖြတ် တိုက်ခိုက်မှုအောက်တွင် သူ့အနေဖြင့် မည်ကဲ့သို့ သေသွားမှန်းပင် သိလိမ့်မည် မဟုတ်ပေ။
ရွှယ်ချန်ကျဲက တိမ်တိုက်နက် ကုန်သွယ်ရေးအဖွဲ့မှ ကပ်ဘေးအဆင့် ကျင့်ကြံသူနှစ်ဦးကို သတ်ဖြတ်လိုက်သည့် တစ်ချိန်တည်းမှာပင် ဝမ်ရွှယ်လင် ဆီသို့ ဆန်းကြယ်သော အနက်ရောင်ပုံရိပ် တစ်ခုသည် ကောင်းကင်ယံကနေ ပျံသန်းကာ ရောက်ရှိလာခဲ့သည်။
ခဏအကြာတွင် ထိုပုံရိပ်သည် တစ်စုံတစ်ရာကို အာရုံခံမိခဲ့ပြီး ရွှယ်ချန်ကျဲနှင့် မြွေနတ်ဆိုးဘုရင်တို့ တိုက်ခိုက်ခဲ့သည့် နေရာသို့ ရောက်ရှိလာခဲ့သည်။
ထိုနေရာတွင် သွေးအိုင်ထဲ၌ နှစ်ပိုင်းပြတ်နေသော မြွေကြီးကို တွေ့လိုက်ရလျှင် ထိုလူသည် မျက်မှောင် ခပ်တင်းတင်း ကြုတ်သွားခဲ့သည်။
သူ၏ မြင်နိုင်စွမ်းဖြင့် ဆိုလျှင် ထိုမြွေက ကပ်ဘေးအဆင့် မြွေနတ်ဆိုးဘုရင်၏ အလောင်းဖြစ်မှန်း ခွဲခြားသိမြင်ရန် မခက်ခဲပေ။
“မြွေနတ်ဆိုးဘုရင်က သေဆုံးသွားခဲ့ပြီလား”
သိထားရမည့်အချက်မှာ မြွေနတ်ဆိုးဘုရင်သည် ဝမ်ရွှယ်လင်တွင် နှစ်ပေါင်းများစွာ အခိုင်အမာ ခြေကုတ်ယူထားသော အရှင်သခင် ဖြစ်ပြီး မရေမတွက်နိုင်သော ကပ်ဘေးအဆင့် ကျင့်ကြံသူများကိုပင် ကိုင်တွယ်ရန် ခက်ခဲစေသော သားရဲ ဖြစ်သည်။
ယခုအခါတွင်မူ မြွေနတ်ဆိုးဘုရင်သည် တစ်စုံတစ်ဦး၏ သတ်ဖြတ်ခြင်းကို မမျှော်လင့်ဘဲ ခံလိုက်ရချေပြီ။
ဤသည်က သိပ်မကြာခင်က ဤနေရာသို့ ဖြတ်သွားခဲ့သည့် စိမ်းလန်းသောမြစ် ကုန်သွယ်ရေးအဖွဲ့၏ လက်ချက်ဖြစ်နိုင်ပါသလော။
“ဒါ.. ဒါ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ”
အခန်း(၂၄၉၉)ပြီး၏။
***