အနက်ရောင် ဝတ်စုံဝတ်လူသည် မှင်တက်ရာကနေ သတိပြန်ဝင်လာရန် အချိန်အတော်ကြာ ယူလိုက်ရသည်။
စိမ်းလန်းသောမြစ် ကုန်သွယ်ရေးအဖွဲ့၏ ကြီးကြပ်ရေးမှုးရှဖေးသည် လမ်းစဥ်ပေါင်းစည်းခြင်း အထွတ်အထိပ် အဆင့်သာ ရှိရာ ဝမ်ရွှယ်လင်၏ အရှင်သခင် ဖြစ်သည့် မြွေနတ်ဆိုးဘုရင်ကို သတ်ဖြတ်နိုင်ရန်မှာ လုံးဝ မဖြစ်နိုင်ပေ။
ဤအချိန်တွင် အနက်ရောင် ဝတ်စုံဝတ်လူသည် ကျောက်ကွမ်း၏ နှုတ်မှတစ်ဆင့် သိခဲ့ရသည့် ရှဖေးတို့ ကုန်သွယ်ရေးအဖွဲ့ကို ပူးပေါင်းလာသည့် လျှို့ဝှက်ဆန်းကြယ်သော ကျင့်ကြံသူနှစ်ဦး အကြောင်းကို ချက်ချင်းဆိုသလို သတိရသွားခဲ့သည်။
ထိုလျှို့ဝှက်ဆန်းကြယ်သော ကျင့်ကြံသူ နှစ်ယောက်က မြွေနတ်ဆိုးဘုရင်ကို သတ်ဖြတ်လိုက်ခြင်း ဖြစ်နိုင်ပါသလော။
ယင်းသို့ တွေးမိလျှင် အနက်ရောင် ဝတ်စုံဝတ်လူ၏ အမူအရာသည် သိသိသာသာပင် ပြောင်းလဲသွားခဲ့သည်။
မြွေနတ်ဆိုးဘုရင်သည် ဝမ်ရွှယ်လင်တွင် နှစ်ပေါင်းများစွာ စိုးမိုးလာခဲ့သူ ဖြစ်ပြီး သာမန် ကပ်ဘေးအဆင့် ကျင့်ကြံသူထက် အဆပေါင်းများစွာ ကိုင်တွယ်ရ ခက်ခဲ၏။
ရှဖေးတို့အဖွဲ့တွင် မြွေနတ်ဆိုးဘုရင်ကိုပင် သတ်ဖြတ်နိုင်သူ ရှိနေခဲ့ရာ သူ ရှဖေးကို ကြားဖြတ်တားဆီးရန် စေလွှတ်လိုက်သည့် ကပ်ဘေး အစောပိုင်းအဆင့် ကျင့်ကြံသူနှစ်ဦးသည်လည်း အန္တရာယ်ရှိနေခဲ့ပြီ မဟုတ်ပါလား။
အနက်ရောင် ဝတ်စုံဝတ်လူသည် အနည်းငယ်မျှပင် တုံ့ဆိုင်းမနေတော့ဘဲ အနက်ရောင်ပုံရိပ် တစ်ခုအဖြစ်သို့ လျင်မြန်စွာ ပြောင်းလဲသွားခဲ့ကာ ကောင်းကင်ယံသို့ တိုးဝင်၍ ပျောက်ကွယ်သွားခဲ့သည်။
မကြာမီမှာပင် အနက်ရောင် ဝတ်စုံဝတ်လူသည် ကျန်းချန်တို့ လူစု ဖြတ်သန်းသွားခဲ့သည် တောအုပ် အပြင်ဘက်ရှိ လွင်ပြင်ဆီသို့ ရောက်ရှိလာခဲ့သည်။
ထိုနေရာမှ မပျောက်ပျက်သေးသော သွေးအငွေ့အသက်များကို ခံစားမိလျှင် အနက်ရောင် ဝတ်စုံဝတ်လူသည် အကြီးအကျယ် မျက်နှာပျက်သွားခဲ့သည်။
“အားလုံး သေကုန်တာလား”
ကပ်ဘေးအဆင့် ကျင့်ကြံသူနှစ်ဦးနှင့် တိမ်တိုက်နက် ကုန်သွယ်ရေးအဖွဲ့မှ ကျင့်ကြံသူ ဒါဇင်ပေါင်းများစွာသည် ဤကဲ့သို့ပင် သေဆုံးသွားခဲ့ပါသလော။
ကြားဖြတ် တိုက်ခိုက်သောအဖွဲ့တွင် ကပ်ဘေးအဆင့် ကျင့်ကြံသူနှစ်ဦး ပါဝင်နေ၍ ရှဖေးတို့ လူစု သယ်ဆောင်လာသည့် ပစ္စည်းကို အလွယ်တကူ ရရှိလိမ့်မည်ဟု သူ မူလက ထင်မှတ်ထားခဲ့သည်။
သို့သော်လည်း ရှဖေးတို့ အဖွဲ့တွင် အလွန်တရာ အင်အားကြီးမားသော ကျင့်ကြံသူ ရှိနေခဲ့ပြီး သူစေလွှတ်လိုက်သည့် ကြားဖြတ်တိုက်ခိုက်ရေး အဖွဲ့တစ်ခုလုံးပင် ချေမှုန်းခံလိုက်ရချေပြီ။
“ကောင်းတယ် သိပ်ကောင်းတယ်.. မင်းဘယ်သူပဲဖြစ်ဖြစ် ငါ့ရဲ့ကိစ္စတွေကို ဖျက်ဆီးဝံ့တယ် ဆိုမှတော့ ငါမင်းကို သေချာပေါက် အဖိုးအခ ကြီးကြီးမားမား ပေးဆပ်ခိုင်းမယ်”
အနက်ရောင် ဝတ်စုံဝတ်လူက ဒေါသတကြီး ရေရွတ်လိုက်ပြီးနောက်တွင် သူ၏ ပုံရိပ်သည် တစ်ခဏအတွင်း အစအနပင် မကျန်ရှိအောင် ပျောက်ကွယ်သွားခဲ့၏။
တိမ်တိုက်နက် ကုန်သွယ်ရေးအဖွဲ့၏ ကြားဖြတ်တိုက်ခိုက်မှုကို ရှင်းလင်းပြီးနောက်တွင် ကျန်းချန်တို့၏ နောက်ထပ် ခရီးစဥ်သည် အလွန်တရာ ချောမွေ့သွားခဲ့ပြီး မည်သည့် ပြဿနာနှင့်မျှ မကြုံတွေ့ရတော့ပေ။
မည်သို့ပင်ဆိုစေကာမူ စိမ်းလန်းသောမြစ် ကောင်းကင်နယ်မြေဆိုသည်မှာ ထိပ်တန်း အင်မော်တယ်ဂိုဏ်းကြီး ဆယ်ဂိုဏ်းထဲတွင် တစ်ဂိုဏ်း အပါအဝင် ဖြစ်သည့် စိမ်းလန်းသောမြစ်ဂိုဏ်း တည်ရှိသော နေရာဖြစ်ပြီး စိမ်းလန်းသောမြစ် ကုန်သွယ်ရေးအဖွဲ့ကိုလည်း စိမ်လန်းသောမြစ်ဂိုဏ်းက တည်ထောင်ခဲ့ခြင်း ဖြစ်သည်။
သာမန် အခြေအနေမျိုးတွင် စိမ်းလန်းသောမြစ် ကုန်သွယ်ရေးအဖွဲ့၏ ကုန်သည်အဖွဲ့ကို မည်သူမျှ လာရောက် နှောင့်ယှက်ဝံ့သူမရှိပေ။
ဆယ်ရက်ခန့် ကြာပြီးနောက်တွင် ကျန်းချန်တို့ နှစ်ဦးသည် ရှဖေးတို့ ကုန်သည်အဖွဲ့နှင့် အတူ စိမ်းလန်းသောမြစ် ကောင်းကင်နယ်မြေ၏ အဓိကမြို့ ဖြစ်သည့် စိမ်လန်းသောမြစ်မြို့ ဆီသို့ ရောက်ရှိလာခဲ့ကြသည်။
စိမ်းလန်းသောမြစ် ကောင်းကင်နယ်မြေ၏ အဓိကမြို့တော် ဖြစ်သည်နှင့်အညီ စိမ်းလန်းသောမြစ်မြို့သည် အလွန်တရာပင် စည်ကားသည်။
ထို့အပြင် ဤနေရာသည် စိမ်းလန်းသောမြစ် ကုန်သွယ်ရေးအဖွဲ့၏ ဌာနချုပ် တည်ရှိသော နေရာလည်း ဖြစ်၏။
ပြင်ပလောကတွင် ရှားပါးသော ရတနာများသည် စိမ်းလန်းသောမြစ်မြို့တွင် မကြာခဏ တွေ့ရှိရလေ့ ရှိ၍ ကျင့်ကြံသူများသည် စိမ်းလန်းသောမြစ်မြို့ ဆီသို့ လာရောက်ကြလေ့ ရှိသည်။
ထိုအချက်ကြောင့်ပင် စိမ်းလန်းသောမြစ်မြို့၏ စည်ကားမှုသည် ဆိတ်ငြိမ်သွေးကောင်းကင်နယ်မြေ၏ မြို့တော် ဖြစ်သည့် ရွှယ်ယန်မြို့ထက်ပင် ပို၍ သာလွန်နေခဲ့သည်။
ဤနေရာတွင် ကျင့်ကြံသူများသည် တိမ်တိုက်ကဲ့သို့ များပြားလှပြီး ပါရမီရှင်များသည်လည်း မိုးရေစက်များ ကဲ့သို့ပင် ပေါများလှ၏။
အထူးသဖြင့် မကြာသေးခင်က ကပ်ဘေးဆေးလုံး သတင်း ထွက်ပေါ်လာပြီးနောက်တွင် မရေမတွက်နိုင်သော ကျင့်ကြံသူများကို ဆွဲဆောင်နိုင်ခဲ့ပြီး ကပ်ဘေးအဆင့် ကျင့်ကြံသူများကို နေရာအနှံ့ပင် တွေ့မြင်နေရသည်။
ကျန်းချန်သည် စိမ်းလန်းသောမြစ်မြို့သို့ ဝင်ရောက်ပြီး မကြာမီမှာပင် ကပ်ဘေးအဆင့် ကျင့်ကြံသူ ဆယ်ဦးထက် မနည်းကို ဆက်တိုက်ဆိုသလို တွေ့ရှိခဲ့ရသည်။
၎င်းတို့ထဲတွင် ကပ်ဘေး အထွတ်အထိပ် အဆင့်နှင့် မဟာယာနတစ်ပိုင်း အဆင့်သို့ပင် ရောက်ရှိနေသည့် အင်အားကြီးမားသော ကျင့်ကြံသူ များစွာလည်း ပါဝင်သည်။
ထိုလူများသည် ဒဏ္ဍာရီလာ ကပ်ဘေးဆေးလုံးကြောင့် ဤနေရာသို့ ရောက်လာသည်မှာ ထင်ရှားနေခဲ့၏။
မည်သို့ပင်ဖြစ်စေကာမူ ကပ်ဘေးဆေးလုံး ဆိုသည်မှာ ကပ်ဘေးအဆင့် ကျင့်ကြံသူများနှင့် မဟာယာနတစ်ပိုင်းအဆင့် ကျင့်ကြံသူများကို မဟာယာန အဆင့်သို့ အလွယ်တကူ ရောက်ရှိစေနိုင်သည့် ကောင်းကင်ကိုပင် ဆန့်ကျင်နေသော ဆေးလုံးမျိုး ဖြစ်ရာ ဤအဆင့်ရှိ မည်သည့် ကျင့်ကြံသူမဆို ကပ်ဘေးဆေးလုံး၏ ဆွဲဆောင်မှုကို ခံနိုင်ရည်ရှိမည် မဟုတ်ပေ။
“ဒီတစ်ကြိမ် လေလံပွဲမှာ ကပ်ဘေးဆေးလုံးက မိုးလောက်ထိ မြင့်မားတဲ့ စျေးနှုန်းနဲ့ ရောင်းထွက်မှာ သေချာတယ်.. ကပ်ဘေးဆေးလုံးကို ရဖို့ ဆိုတာက မလွယ်ကူတဲ့ ကိစ္စပဲ”
စိမ်းလန်းသောမြစ်မြို့၏ ခမ်းနားလှသော အခြေအနေကို ခံစားရင်း ကျန်းချန်သည် ခပ်တိုးတိုး ရေရွတ်လိုက်သည်။
ကျန်းချန်က ကပ်ဘေးဆေးလုံး၏ ကြောက်မက်ဖွယ်ရာကောင်းသော ဆွဲဆောင်နိုင်စွမ်းကို အံ့အားသင့်နေစဥ်မှာပင် စိမ်းလန်းသောမြစ်မြို့၏ ကောင်းကင်ယံထက်တွင် အလွန်တရာ ပြင်းထန်သော လေထု တုန်ခါမှုတစ်ခု ရုတ်တရက် ဖြစ်ပေါ်လာခဲ့သည်။
မကြာမီမှာပင် ဦးခေါင်းတွင် ကြံ့ချိုနှင့် တူသော ဦးချိုတစ်ချောင်း ခေါင်းတွင် ရှိပြီး ခန္ဓာကိုယ် တစ်ခုလုံး မည်းနက်ကာ အလွန်တရာ ကိုယ်လုံးကိုယ်ထည် ကြီးမားသော သားရဲကြီး တစ်ကောင်သည် ရထားလုံး တစ်စီးကို ဆွဲလျက် ကောင်းကင်ယံကနေ ပျံသန်းလာသည်ကို ကျန်းချန် မြင်တွေ့လိုက်ရသည်။
ရုတ်တရက် ပေါ်ထွက်လာသည် လျှို့ဝှက်ဆန်းကြယ်သော ရထားလုံးသည် ပတ်ဝန်းကျင်ရှိ မရေမတွက်နိုင်သော ကျင့်ကြံသူများ၏ အကြည့်ကို ချက်ချင်းဆိုသလိုပင် ဆွဲဆောင်နိုင်ခဲ့သည်။
ထို့နောက်တွင် အံ့အားသင့်စွာ ရေရွတ်လိုက်သော စကားသံများသည် ကျန်းချန်၏ နားထဲသို့ တစ်ခဏအတွင်း ဝင်ရောက်လာကြသည်။
“ဒါက ကျိုလီအင်မော်တယ်ဂိုဏ်းရဲ့ အနက်ရောင်ယူနီကွန်းပဲ.. မမျှော်လင်ဘဲ့ ကျိုလီအင်မော်တယ်ဂိုဏ်းက လူတွေတောင် ကပ်ဘေးဆေးလုံးကြောင့် ရောက်လာကြပြီ”
“.............”
ပတ်ဝန်းကျင်မှ ဆွေးနွေးပြောဆိုသော အသံများကိုကြားလျှင် ကျန်းချန်၏ အကြည့်သည် ရထားလုံးကို ဆွဲထားသည့် အနက်ရောင်ယူနီကွန်း ဆီသို့ ကျရောက်သွားခဲ့သည်။
“ဒီအနက်ရောင်ယူနီကွန်းက တော်တော်လေး သန်မာတာပဲ”
ကျန်းချန်က ရထားလုံးကို ဆွဲလာသော အနက်ရောင်ယူနီကွန်းကိုကြည့်ကာ မျက်မှောင်ကြုတ်၍ ရေရွတ်လိုက်သည်။
အနက်ရောင်ယူနီကွန်း၏ ခွန်အားသည် အလွန်တရာပင် သန်မာပြီး အနည်းဆုံး ကပ်ဘေး အထွတ်အထိပ်အဆင့် သို့မဟုတ် မဟာယာန တစ်ပိုင်းအဆင့် ကျင့်ကြံသူနှင့်ပင် နှိုင်းယှဥ်နိုင်လောက်သည်။
ကျန်းချန်ကို ပို၍ အံ့အားသင့်စေသည်မှာ အနက်ရောင်ယူနီကွန်း၏ ခန္ဓာကိုယ်ထဲတွင် ထာဝရရှင်သန်ခြင်းနန်းတော် လက်အောက်ရှိ ကျိလင်နတ်ဆိုးသားရဲ မျိုးနွယ်စုနှင့် ဆင်တူသော အရှိန်အဝါကို ခံစားမိလိုက်ခြင်း ဖြစ်၏။
ထို့ကြောင့် အနက်ရောင်ယူနီကွန်းတွင် ကျိလင်နတ်ဆိုးသားရဲ၏ သွေးမျိုးဆက် ရှိနေသည်မှာ ထင်ရှားနေခဲ့သည်။
ရှဖေးက ကောင်းကင်ယံတွင် ပျံသန်းသွားသော ရထားလုံးကို မော့ကြည့်ကာ အသက်ကို ခပ်ပြင်းပြင်းရှူရှိုက်၍ ပြောလိုက်သည်။
“မမျှော်လင့်ဘဲ ကျိုလီအင်မော်တယ်ဂိုဏ်းတောင် စိမ်းလန်းသောမြစ်မြို့ ဆီကို ရောက်ရှိလာခဲ့ပြီ”
“ကြီးကြပ်ရေးမှုးရှ.. ရထားလုံးထဲကလူက ဘယ်သူလဲ ဆိုတာ သိလား”
ကျန်းချန်က စူးစမ်းသော အမူအရာဖြင့် မေးလိုက်သည်။
ရွှယ်ချန်ကျဲ ရှိနေသောကြောင့် ကျန်းချန်သည် ယခုအခါတွင် အင်မော်တယ် ကျင့်ကြံခြင်းစကြဝဠာ၏ ထိပ်တန်း အင်မော်တယ်ဂိုဏ်းကြီး ဆယ်ဂိုဏ်း အကြောင်းကို အတော်လေး သိထားပြီးပြီ ဖြစ်သည်။
ဤကျိုလီအင်မော်တယ်ဂိုဏ်းသည် အင်မော်တယ် ကျင့်ကြံခြင်း စကြဝဠာ၏ ထိပ်တန်းဂိုဏ်းကြီး ဆယ်ဂိုဏ်းတွင် ပါဝင်ပြီး သွေးနတ်ဆိုးဂိုဏ်းထက်ပင် ပို၍ အင်အားကြီးမားသည်။
ကြည့်ရသည်မှာ ယခုတစ်ကြိမ် ကျင်းပမည့် ကပ်ဘေးဆေးလုံး လုပွဲသည် နဂါးနှင့်ကျားများ၏ တိုက်ပွဲတစ်ခု ကဲ့သို့ ဖြစ်လာမည်မှာ သေချာသလောက်ပင်။
“ကျိုလီအင်မော်တယ်ဂိုဏ်း တစ်ဂိုဏ်းလုံးမှာ အနက်ရောင်ယူနီကွန်း ဆွဲတဲ့ ရထားလုံးကို အသုံးပြုခွင့် ရှိသူက ကျိုလီအင်မော်တယ်ဂိုဏ်းရဲ့ ဂိုဏ်းချုပ် အပြင် တစ်ဦးတည်းပဲ ရှိတယ်.. အဲဒီလူက ကျိုလီအင်မော်တယ်ဂိုဏ်းရဲ့ နံပါတ်တစ် ပါရမီရှင် လီရှောင်ပဲ"
"လီရှောင်က ကပ်ဘေး အထွတ်အထိပ် အဆင့်ကို ရောက်ရှိနေတဲ့ ပြိုင်ဘက်ကင်းပါရမီရှင် တစ်ယောက် ဖြစ်ပြီး ကပ်ဘေးအဆင့် ကျင့်ကြံသူတွေ ထဲမှာ အစွမ်းအထက်ဆုံး ဆိုပြီး လူသိများတယ်. အင်မော်တယ် ကျင့်ကြံခြင်း စကြဝဠာ တစ်ခုလုံးရဲ့ လူငယ်မျိုးဆက်ထဲမှာ သူ့ကို အနိုင်ယူနိုင်စွမ်းရှိတဲ့သူက မဟာယာန တစ်ပိုင်းအဆင့် ပါရမီရှင်သုံးဦးပဲ ရှိတယ်.. ဒီတစ်ကြိမ် စိမ်းလန်းသောမြစ်မြို့ဆီ လီရှောင် ရောက်လာတာက ကပ်ဘေးဆေးလုံး အတွက်ဆိုတာ သေချာသလောက်ပဲ”
“ဒီကောင်က ကပ်ဘေးဆေးလုံးကို အားကိုးပြီး အင်မော်တယ်ကျင့်ကြံခြင်း စကြဝဠာရဲ့ စတုတ္ထမြောက် မဟာယာနတစ်ပိုင်းအဆင့် ပါရမီရှင် ဖြစ်ချင်နေတာပဲ”
“ပြောလို့မရဘူး.. ကပ်ဘေးဆေးလုံးနဲ့ ဆိုရင် မဟာယာနအဆင့်ကို တစ်ခါတည်း ထိုးဖောက်ပြီး အင်မော်တယ် ကျင့်ကြံခြင်း စကြဝဠာရဲ့ နံပါတ်တစ် ပါရမီရှင်တောင် ဖြစ်လာနိုင်တယ်”
ရှဖေးက လေးနက်စွာ ရှင်းပြလိုက်သည်။
ကျန်းချန်က အနည်းငယ်စဥ်းစားပြီးမှ မေးလိုက်၏။
“ကပ်ဘေးဆေးလုံးက မဟာယာန တစ်ပိုင်းအဆင့် ကျင့်ကြံသူတွေ အတွက်လည်း အသုံးဝင်လောက်မှာပဲ.. အဲဒီ မဟာယာနတစ်ပိုင်း အဆင့် ပါရမီရှင် သုံးဦးကရော ကပ်ဘေးဆေးလုံးအတွက် လာမပြိုင်ကြဘူးလား”
“မဟာယာန တစ်ပိုင်းအဆင့် ပါရမီရှင်တွေက သာမန် မဟာယာန တစ်ပိုင်းအဆင့် ကျင့်ကြံသူတွေနဲ့ မတူဘူး.. သူတို့က ပြင်ပ အကူအညီကို အားမကိုးရင်တောင် မဟာယာနအဆင့်ကို ဘာအခက်အခဲမှမရှိဘဲ ဖြတ်ကျော်နိုင်ကြတယ်.. ဒါ့အပြင် ကပ်ဘေးဆေးလုံးက စိမ်းလန်းသောမြစ် ကုန်သွယ်ရေးအဖွဲ့ရဲ့ အပိုင်မဟုတ်ဘူး"
"ဆေးလုံးရဲ့ ပိုင်ရှင်က စိမ်းလန်းသောမြစ်ကုန်သွယ်ရေးအဖွဲ့ကို တစ်လအတွင်း လေလံတင်ခိုင်းထားတယ်လို့ သိရတယ်.. ဒါကြောင့် စိမ်းလန်းသောမြစ် ကုန်သွယ်ရေးအဖွဲ့ရဲ့ အနီးအနားက နယ်မြေတချို့က လွဲရင် ကျန်နယ်မြေတွေမှာ နေထိုင်တဲ့ကျင့်ကြံသူတွေက အချိန်တိုအတွင်း ဒီနေရာကို ရောက်လာနိုင်မှာမဟုတ်ဘူး”
ရှဖေးက ခေါင်းခါရမ်းကာ ရှင်းပြလိုက်သည်။
ရှဖေး၏ စကားကိုကြားလျှင် ကျန်းချန်သည် အနည်းငယ် စိတ်အေးသွားခဲ့သည်။
ကံကောင်းစွာဖြင့် စိမ်းလန်းသောမြစ်မြို့ ဆီသို့ အနီးအနားရှိ နယ်မြေတချို့သာ လာရောက်ကြခြင်း ဖြစ်သည်။
အကယ်၍သာ ထိပ်တန်း အင်မော်တယ်ဂိုဏ်းကြီး ဆယ်ဂိုဏ်းလုံးမှ လူများသာ ရောက်လာကြလျှင် သူ့အနေဖြင့် ကပ်ဘေးဆေးလုံးကို ရယူရန် ပို၍ပင် ခက်ခဲသွားပေလိမ့်မည်။
သို့သော်လည်း ဤသို့ ဖြစ်နေသည့်တိုင် သူ့အနေဖြင့် ကပ်ဘေးဆေးလုံးကို ရယူရန်မှာ မလွယ်ကူသေးပေ။
သွေးနတ်ဆိုးဂိုဏ်းမှ လူများဖြစ်စေ၊ ကျိုလီ အင်မော်တယ်ဂိုဏ်းမှ လီရှောင်ဖြစ်စေ ၎င်းတို့အားလုံးသည် ကိုင်တွယ်ရ လွယ်ကူသော လူများ မဟုတ်သည်မှာ ထင်ရှားနေခဲ့သည် မဟုတ်ပါလား။
အခန်း(၂၅၀၀)ပြီး၏။
***