လှံနတ်ဘုရားမှာ စိတ်လှုပ်ရှားလွန်းသဖြင့် အခန်းတံခါးကို “ဝုန်း” ခနဲ မြည်အောင် တွန်းဖွင့်ကာ အပြင်သို့ ပြေးထွက်လာခဲ့သည်။
“ဆရာ... နောက်ဆုံးတော့ ထွက်လာပြီပဲ” တပည့်များအားလုံး ဝမ်းသာအားရ ဖြစ်သွားကြသည်။
“တပည့်တို့... ဆရာ့ကြောင့် စိတ်ပူပန်နေကြပြီပဲ၊ ဆရာ ဘာမှမဖြစ်ပါဘူး” လှံနတ်ဘုရားက ထိုသို့ပြောရင်း တပည့်များထဲမှ ထင်ရှားသည့် ပုံရိပ်တစ်ခုကို လှမ်းကြည့်ကာ လက်ဟန်ခြေဟန်ဖြင့် ခေါ်လိုက်သည်။
“ယွီရှင်း... ခဏဝင်ခဲ့ဦး၊ ဆရာ မေးစရာရှိလို့”
“ ဟုတ်ကဲ့” ချိုင်ယွီရှင်းမှာ ဝေခွဲမရသည့် အမူအရာဖြင့် အခန်းထဲသို့ လိုက်ဝင်သွားသည်။
“ထိုင်ပါဦး... ဆရာတို့ ထိုင်ပြီးမှ စကားပြောကြတာပေါ့”
“ကျေးဇူးတင်ပါတယ် ဆရာ”
သူတို့နှစ်ဦး နေရာတကျ ထိုင်မိသည်နှင့် လှံနတ်ဘုရားသည် သူ၏စာလွှာကို ဂရုတစိုက် ဖြန့်ခင်းလိုက်ပြီး စိတ်လှုပ်ရှားစွာ မေးလိုက်သည် - “ယွီရှင်း... ဒီစာလွှာပေါ်က လက်ရေးက ဘယ်သူ့လက်ရေးလဲ”
“ဆရာ... ကျွန်မ ပြောပြပြီးပြီပဲလေ၊ ဒါက အရှင်မင်းကြီးဆီက ရတဲ့ မွေးနေ့လက်ဆောင်ပါဆို” ချိုင်ယွီရှင်းက နားမလည်နိုင်စွာ ပြန်ဖြေလိုက်သည်။
“အဲဒါကို ဆရာသိတယ်၊ ဆရာဆိုလိုတာက ဒီစာကို တကယ်တမ်း ဘယ်သူရေးတာလဲလို့”
“အရှင်မင်းကြီး ကိုယ်တိုင်ရေးတာပါ ဆရာ” ဟု သူမက ချက်ချင်းပင် တုံ့ပြန်လိုက်သည်။
“ဘယ်လိုလုပ် သူဖြစ်နိုင်မှာလဲ... ဆရာ့ကို မလိမ်နဲ့နော်” ပြိုင်ဘက်ကင်း လှံနတ်ဘုရား၏ စိတ်ထဲတွင် လုံးဝ မယုံကြည်နိုင်အောင် ဖြစ်နေရသည်။
သူ့အထင်တွင် ဤကဲ့သို့ လေးနက်သည့် စာလုံးမျိုးကို ရေးနိုင်သူမှာ ဧကန်မုချ ‘ကောင်းကင်’ အဆင့်ရှိသည့် စီနီယာတစ်ဦးသာ ဖြစ်ရပေမည်။ ထိုမျှမက ထိုစီနီယာမှာ လှံသိုင်းပညာရပ်တွင် အဆုံးစွန် ထိုးထွင်းသိမြင် နားလည်ထားသူလည်း ဖြစ်ရပေမည်။
အသက် ၂၀ ကျော် လူငယ်လေး လင်းပိုင်ဖန်ကမူ ဘယ်လိုလုပ် ဖြစ်နိုင်ပါ့မလဲ။
လင်းပိုင်ဖန်က သိုင်းပညာပင် မတတ်သူဖြစ်ရာ ဤမျှ လေးနက်လှသည့် သိုင်းအနှစ်သာရ ပါဝင်သော စာမျိုးကို မည်သို့ ဖန်တီးနိုင်ပါမည်နည်း။
“ဒါပေမဲ့ ဆရာ... ဒါက တကယ်ပဲ သူရေးတာပါ။ ကျွန်မ မျက်မြင်ကိုယ်တွေ့ပဲ”
ချိုင်ယွီရှင်းက ဆက်လက် ရှင်းပြလိုက်သည် - “ကျွန်မ ဆရာ့မွေးနေ့အတွက် ခွင့်တောင်းတဲ့အချိန်မှာ သူက ကျွန်မရှေ့တင် ဒီစာကို ဆရာ့အတွက် လက်ဆောင်အဖြစ် ရေးပေးလိုက်တာပါ။ အကယ်၍ ကျွန်မ လိမ်နေတာဆိုရင် ကျိန်စာသင့်ပြီးတောင် သေရဲပါတယ်”
“ယွီရှင်း သမီး ပြောတာ တကယ်ပဲလား... ဒါက တကယ်ပဲ သူ့လက်ရေးလား” လှံနတ်ဘုရားမှာ မှင်တက်သွားရသည်။
ကောင်းကင်အဆင့် သိုင်းပညာရှင်တစ်ဦး၏ ပုံရိပ်နှင့် လူငယ်လေး လင်းပိုင်ဖန်၏ ပုံရိပ်မှာ သူ၏စိတ်ထဲတွင် မည်သို့မျှ ဆက်စပ်၍ မရနိုင်အောင် ဖြစ်နေတော့သည်။
“ဆရာ... ဒီစာလွှာမှာ တစ်ခုခု မှားနေလို့လား” ချိုင်ယွီရှင်းက သတိထား၍ မေးလိုက်သည်။ ဆရာသည် ဤစာလွှာကို ရကတည်းက ထူးဆန်းနေသည်ဟု သူမ ထင်နေခဲ့ခြင်း ဖြစ်သည်။ ယခုဆိုလျှင်မူ သူမ၏ သံသယမှာ ပို၍ သေချာသွားခဲ့ပြီ ဖြစ်လေသည်။
“မှားတာပေါ့... ပြဿနာက အကြီးကြီးပဲ၊ ကဲ... ကြည့်ကြည့်လိုက်ဦး” လှံနတ်ဘုရားက စာလွှာကို ကမ်းပေးလိုက်သည်။
ချိုင်ယွီရှင်းမှာ အထက်အောက် ဘယ်ညာ အသေအချာကို ကြည့်သော်လည်း ဘာပြဿနာမှ ရှာမတွေ့ပေ။ လက်ရေးလှသည်ကလွဲ၍ ထူးခြားချက် ဘာမှမရှိဟု သူမ ထင်မိသည်။
“ဆရာ... ဘာပြဿနာမှ မရှိသလိုပဲ...”
“အဲဒါက သမီးရဲ့ နယ်ပယ်က အဲဒီအဆင့်ကို မရောက်သေးလို့ပဲ”
လှံနတ်ဘုရားက ခေါင်းယမ်းကာ ပြုံးလိုက်ရင်း - “တစ်နေ့မှာ သမီးသာ အဲဒီအဆင့်ကို ရောက်ပြီး ပြဿနာကို မြင်နိုင်ပြီဆိုရင်တော့ ကောင်းကင်အဆင့်ကို ရောက်ဖို့ မဝေးတော့ဘူးလို့ ဆိုလိုတာပဲ”
သူသည် စာလွှာကို ပြန်ယူကာ သေသေချာချာ ခေါက်၍ ရင်ဘတ်ထဲသို့ ထည့်လိုက်သည်။ ခဏမျှ စဉ်းစားပြီးနောက် ထပ်မံ မေးမြန်းလိုက်ပြန်သည် - “ဒါကို သူ တကယ်ပဲ ရေးတာလား”
“ဆရာရယ်... တကယ်ရေးတာပါဆို၊ ကျွန်မက ဆရာ့ကို ဘာလို့ လိမ်ရမှာလဲ” ချိုင်ယွီရှင်းက ညည်းညည်းညူညူ ပြောလိုက်သည်။
‘ဆရာက ဘာကြောင့် ဒီမေးခွန်းကိုပဲ ထပ်ခါတလဲလဲ မေးနေရသနည်း။ အသက်ကြီးလာ၍ စကားများလာခြင်းပေလော’
လှံနတ်ဘုရားက ခေတ္တမျှ စဉ်းစားပြီးနောက် ဆက်မေးလိုက်သည် - “သူက ဒီစာလွှာ ပေးတာအပြင် တခြားဘာများ ပြောလိုက်သေးလဲ”
“သူက ဒီစာဟာ ရွှေတေးတစ်သန်းလောက် တန်ဖိုးရှိပြီး ဆရာမြင်ရင် အမြတ်တနိုး သိမ်းထားလိမ့်မယ်လို့ ပြောလိုက်ပါတယ်” ချိုင်ယွီရှင်းက သူမ၏ဆရာမှာ ထိုစာလွှာကို တန်ဖိုးထားပုံကို ကြည့်ကာ လင်းပိုင်ဖန် ပြောသည့်အတိုင်းပင် ဖြစ်နေသည်ကို သတိပြုမိသွားသည်။
ဤစာလွှာမှာ ဘယ်လို မှော်အတတ်တွေ ပါနေလို့ ဆရာ့ကို ဒီလောက်အထိ စွဲလမ်းသွားစေသလဲဆိုတာက ထူးဆန်းလှပေသည်။
ထိုအချိန်တွင် လှံနတ်ဘုရား၏ မျက်ဝန်းများမှာ တောက်ပလာခဲ့သည်။ တစ်ဖက်လူက ဤသို့ပြောလိုက်ခြင်းမှာ ဤစာလွှာ၏ တန်ဖိုးကို သိနေ၍ ဖြစ်ရမည်။ အကယ်၍ သူသာ ဤစာကို ရေးနိုင်သည်ဆိုလျှင် ထိုလူမှာ...
“အင်း... အဲဒီ ဧကရာဇ်က သိုင်းပညာ လုံးဝ မတတ်တာ သေချာရဲ့လား”
“မတတ်ပါဘူး” ချိုင်ယွီရှင်းက ခေါင်းခါပြလိုက်သည်။
“ပြန်စဉ်းစားကြည့်ဦး... သူက သမီးမသိအောင် တိတ်တဆိတ် သိုင်းကျင့်နေတာမျိုးရော မဖြစ်နိုင်ဘူးလား” လှံနတ်ဘုရားက ထပ်၍ မေးလိုက်သည်။
“မဖြစ်နိုင်တာ ဆရာရယ်”
ချိုင်ယွီရှင်းက ထပ်မံ ငြင်းဆိုလိုက်သည် - “သူက နေ့တိုင်း အရက်နဲ့ မိန်းမတွေကြားမှာပဲ အချိန်ကုန်နေတာ၊ စည်းစိမ်ယစ်ပြီး ပျင်းရိနေတာမှ သာမန် မိုက်မဲတဲ့ ဘုရင်တွေထက်တောင် ပိုသေးတယ်။ သိုင်းကျင့်ဖို့ကို အချိန်ကို မရှိတာ”
“ဒါဆိုသူ လှံကိုင်တတ်လား” လှံနတ်ဘုရားက မလျှော့သောဇွဲဖြင့် မေးလိုက်ပြန်သည်။
“ဓားနဲ့ လှံကို ကိုင်ဖို့တောင် သူက ပျင်းနေတာပါ ဆရာရဲ့”
လှံနတ်ဘုရားမှာ ပါးစပ်အဟောင်းသား ဖြစ်သွားပြီး ဘာဆက်မေးရမှန်း မသိတော့ပေ။ အဘယ်ကြောင့်ဆိုသော် သူမ၏ ပြောပြချက်အရ ထိုလူမှာ သိုင်းပညာ လုံးဝ မတတ်သည့် ဧကရာဇ် တစ်ဦးအဖြစ်မှလွဲ၍ အပြစ်ရှာစရာ မရှိအောင် ဖြစ်နေသောကြောင့်ပင် ဖြစ်သည်။
သိုင်းအနှစ်သာရ ပါဝင်သည့် စာကို ရေးနိုင်ရုံနှင့် ထိုလူမှာ သိုင်းပညာရှင် ဖြစ်ရမည်ဟု မဆိုလိုနိုင်ပေ။ အချို့မှာ ပန်းချီဆွဲခြင်း သို့မဟုတ် ဟင်းချက်ခြင်းမှတစ်ဆင့်ပင် အဆင့်မြင့် နယ်ပယ်ကို ထိုးထွင်းသိမြင်သွားတတ်ကြသည်။ သို့သော်လည်း ထိုကဲ့သို့သော လူမျိုးမှာ အလွန်တရာ ရှားပါးလှသည်။
ဒါဆို လင်းပိုင်ဖန်က တကယ်ပဲ သာမန်လူတစ်ယောက်လား။ ဒါဆိုရင်တော့ သူ၏ မျှော်လင့်ချက်မှာ အချည်းနှီး ဖြစ်သွားရပေတော့မည်။
“ဆရာ... တခြား မေးစရာ ရှိသေးလား” ချိုင်ယွီရှင်းက စူးစမ်းလိုက်သည်။
လှံနတ်ဘုရားက စိတ်ပျက်လက်ပျက်ဖြင့် လက်ယမ်းပြလိုက်ကာ - “ဘာမှမရှိတော့ဘူး၊ သွားတော့”
“ဟုတ်ကဲ့ ဆရာ” ချိုင်ယွီရှင်းမှာ နားမလည်နိုင်သော လျှို့ဝှက်ချက်ကြီးကို ပိုက်ကာ ထွက်ခွာသွားတော့သည်။
‘ဆရာက ဘာလို့ ရုတ်တရက် အရှင်မင်းကြီးအပေါ် ဒီလောက် စိတ်ဝင်တစား ဖြစ်နေရတာလဲ။ သူတို့နှစ်ယောက်ကြားမှာ ဘာပတ်သက်မှုမှလည်း မရှိဘဲနဲ့၊ ထူးဆန်းလိုက်တာ’
ချိုင်ယွီရှင်း ထွက်သွားပြီးနောက်တွင်လည်း လှံနတ်ဘုရားမှာ စိတ်မလျှော့နိုင်သေးဘဲ မဟာရှနိုင်ငံနှင့် လင်းပိုင်ဖန်အကြောင်း သတင်းအချက်အလက်များကို စုဆောင်းစေပြီး သေသေချာချာ လေ့လာနေခဲ့သည်။
ထိုအချက်အလက်များထဲတွင် သူသည် အရေးကြီးသည့် အချက်တစ်ခုကို တွေ့လိုက်ရသည်။
“ဓားအဖိုးအိုက မဟာရှနိုင်ငံကို ရောက်တာ နှစ်နှစ်တောင် မပြည့်သေးဘဲ ကောင်းကင်အဆင့်ကို တက်လှမ်းနိုင်ခဲ့တယ်ဆိုပါလား”
သူသည် ဓားအဖိုးအို၏ အခြေအနေတွင် မိမိကိုယ်မိမိ ပြန်မြင်ယောင်လာသည်။
ဓားအဖိုးအိုသည် အသက် ၁၀၀ ကျော်နေပြီဖြစ်ပြီး ပါရမီမှာလည်း ကုန်ခန်းနေပြီဖြစ်ရာ သိုင်းအနှစ်သာရကို ထိုးထွင်းသိမြင်ရန် လုံးဝ မဖြစ်နိုင်တော့သူ ဖြစ်သည်။
ယခု သူ့အခြေအနေနှင့် အတူတူပင် ဖြစ်သည်။ သူသည်လည်း အသက် ၉၀ ရှိပြီဖြစ်ပြီး ဒဏ်ရာဟောင်းများကြောင့် အိုမင်းမစွမ်း ဖြစ်နေပြီ။ ပါရမီပိုင်းတွင်လည်း အကန့်အသတ် ရှိနေ၍သာ နှစ်ပေါင်း ၃၀ တိုင်တိုင် ဒီအဆင့်၌ ပိတ်မိနေခဲ့ခြင်း ဖြစ်သည်။ သူကိုယ်တိုင်ပင် မျှော်လင့်ချက် ကင်းမဲ့နေခဲ့ရာ ဓားအဖိုးအိုဆိုလျှင် ပြောနေစရာပင် မလိုတော့ချေ။
သို့သော် ထိုသူသည် မဟာရှနိုင်ငံသို့ ရောက်ပြီးနောက်တွင် ကောင်းကင်အဆင့်သို့ တက်လှမ်းနိုင်ခဲ့သည်ဆိုသည်မှာ အံ့မခန်းဖွယ်ရာပင် ဖြစ်နေတော့သည်။
သူသည် ချိုင်ယွီရှင်းကို ချက်ချင်း ပြန်ခေါ်ကာ စိတ်လှုပ်ရှားစွာ မေးလိုက်သည် - “ဓားအဖိုးအိုဟာ မဟာရှနိုင်ငံကို ရောက်ပြီးမှ ကောင်းကင်အဆင့် သိုင်းပညာရှင် ဖြစ်သွားတယ်လို့ ကြားတယ်၊ အဲဒါ ဘယ်လိုဖြစ်တာလဲ၊ ဆရာ့ကို ပြောပြပါဦး”
ချိုင်ယွီရှင်းက ခေါင်းခါလိုက်ရင်း - “ဆရာ... အဲဒါတော့ ကျွန်မလည်း သေချာမသိဘူး။ သူက ကျင့်ကြံရင်းနဲ့ပဲ အဲဒီအဆင့်ကို ပေါက်ရောက်သွားတာလို့ ထင်တာပဲ”
“သူက ဘာဖြစ်လို့ မဟာရှနိုင်ငံကို ဝင်ရောက် အမှုထမ်းတာလဲ” လှံနတ်ဘုရားက ထပ်မေးလိုက်သည်။
“အဲ့ဒါက.. သူက အရှင်မင်းကြီးကို ဆရာအဖြစ် တင်မြှောက်လိုက်လို့လေ၊ ဒါကြောင့် မဟာရှနိုင်ငံကို ရောက်လာတာပေါ့”
“လင်းပိုင်ဖန်ကို ဆရာအဖြစ် တင်မြှောက်တယ် ဟုတ်လား” လှံနတ်ဘုရား၏ မျက်ဝန်းများမှာ နောက်ဆုံးတွင် သော့ချက်ကို ရှာတွေ့သွားသကဲ့သို့ တောက်ပလာခဲ့သည်။
သူသည် ချက်ချင်းပင် ထပ်ဆင့်မေးခွန်း မေးလိုက်သည် - “သူက ဘာလို့ လင်းပိုင်ဖန်ကို ဆရာအဖြစ် တင်မြှောက်ရတာလဲ”
ချိုင်ယွီရှင်းက ပြုံးလိုက်ရင်း - “ဓားအဖိုးအိုက အစတုန်းကတော့ အရှင်မင်းကြီးကို တပည့်အဖြစ် လာခေါ်တာပါ။ ဒါပေမဲ့ သိုင်းအယူအဆတွေကို ဆွေးနွေးပြီးတဲ့ နောက်မှာတော့ အရှင်မင်းကြီးရဲ့ ဓားသိုင်းအပေါ် နားလည်မှုက သူ့ထက် အများကြီး ပိုသာနေတာကို တွေ့သွားတယ်၊ အဲဒါနဲ့ပဲ သူက ကြည်ကြည်ဖြူဖြူနဲ့ ဆရာအဖြစ် တင်မြှောက်ပြီး ဓားသိုင်းပညာရပ်တွေကို လေ့လာဖို့ နောက်က လိုက်နေခဲ့တာပဲ”
“ဓားအဖိုးအိုက တကယ်ကို လေးစားဖို့ ကောင်းတာပဲ။ ဓားသိုင်းပညာရဲ့ အထွတ်အထိပ်ကို ရောက်ဖို့အတွက် ငယ်ရွယ်တဲ့ ကလေးတစ်ယောက်ဆီကနေတောင် နှိမ့်ချပြီး သင်ယူဝံ့တယ်။ ဒါကြောင့်လည်း သူက ပိုပြီး ခရီးပေါက်ခဲ့တာ ဖြစ်မယ်”
“ဒါတင် မကသေးဘူး” ပြိုင်ဘက်ကင်း လှံနတ်ဘုရား၏ မျက်လုံးများ ပိုမို တောက်ပလာသည်။
ဤလောကတွင် သိုင်းပညာကို အပတ်တကုတ် ရှာဖွေနေသူများစွာ ရှိသည်။ သူ့လိုပင် ဆယ်စုနှစ်ပေါင်းများစွာ လှံသိုင်းပညာအတွက် အားထုတ်နေသူတွေလည်း မနည်းလှချေ။
သို့သော် ဘယ်လောက်များများကများ သိုင်းအနှစ်သာရကို ပေါက်ရောက်နိုင်ကြသနည်း။ ထိုနောက်ဆုံးခြေလှမ်းသည် ချောက်နက်ကြီးသဖွယ် လူပေါင်းများစွာကို တားဆီးထားခြင်း ဖြစ်သည်။
ထို့ကြောင့် သိုင်းပညာကို ရှာဖွေလိုသည့် စိတ်ဓာတ်ရှိရုံနှင့် မလုံလောက်ဘဲ မှန်ကန်သည့် အခွင့်အလမ်းလည်း ရှိရပေမည်။
လင်းပိုင်ဖန်သည် ဓားအဖိုးအိုအတွက် အခွင့်အလမ်း ဖြစ်ခဲ့သည်။
‘ဒါဆို... ငါ့ရဲ့ အခွင့်အလမ်းကလည်း သူ့ဆီမှာပဲ ရှိနေတာများလား’
***