ပြိုင်ဘက်ကင်း လှံနတ်ဘုရားသည် အသေအချာ ပြန်လည်စဉ်းစားကြည့်ရာတွင် တစ်ခုခုကို ရိပ်မိသွားခဲ့သည်။
ဓားအဖိုးအိုကဲ့သို့ မိသားစုမရှိဘဲ မြေကြီးထဲ ခြေတစ်ဖက် နစ်နေပြီဖြစ်သည့် သူမျိုးသည် အာဏာ သို့မဟုတ် စည်းစိမ်ချမ်းသာအတွက်နှင့် မဟာရှနိုင်ငံထဲဝင်ကာ လင်းပိုင်ဖန်၏ တပည့်ခံမည်မှာ လုံးဝ မဖြစ်နိုင်ပေ။ ထို့ပြင် သူသည် အသက် ၁၀၀ ကျော်နေပြီဖြစ်ရာ အသက် ၂၀ ကျော် လူငယ်လေးတစ်ဦးကို ဆရာတင်ရန်မှာ သိက္ခာကျစရာဟု ယူဆနိုင်ပေသည်။
မည်သူမဆို ဤသို့ပြုလုပ်ရန်မှာ မဖြစ်နိုင်သလောက်ပင်။ အနည်းဆုံးတော့ သူ ဇူဝူဒီ ကိုယ်တိုင်ပင် ထိုသို့ မလုပ်နိုင်ချေ။
ဆိုလိုသည်မှာ လင်းပိုင်ဖန်ထံတွင် ဓားအဖိုးအို အလွန်အမင်း လိုချင်တောင့်တနေသည့် အရာတစ်ခုခု ရှိနေရမည် ဖြစ်သည်။ တပည့်ခံမှသာ ရရှိနိုင်မည့် ထိုအရာက ဘာဖြစ်နိုင်မည်နည်း။
သေချာပေါက် သိုင်းပညာ သို့မဟုတ် 'သိုင်းလမ်းစဉ်' သာ ဖြစ်ရပေမည်။ တပည့်ခံလိုက်မှသာ လင်းပိုင်ဖန်၏ ဘေးတွင် တရားဝင် နေထိုင်ခွင့်ရပြီး သိုင်းလမ်းစဉ်ကို လေ့လာနိုင်မည် မဟုတ်ပါလား။
လှံနတ်ဘုရား၏ အတွေးများမှာ ပို၍ ရှင်းလင်းလာခဲ့သည်။ ချိုင်ယွီရှင်း ပြောခဲ့သလိုပင် ဓားအဖိုးအိုသည် လင်းပိုင်ဖန်ထံမှ ဓားသိုင်းပညာကို သင်ယူလို၍ ဆရာတင်ခဲ့ခြင်း ဖြစ်ရပေမည်။ ယခုမူ သူ၏ ဆန္ဒများ ပြည့်ဝသွားခဲ့ပြီ ဖြစ်လေသည်။
ဒါဆို ငါလည်း...
လှံနတ်ဘုရား၏ ရင်ခုန်သံများမှာ စိတ်လှုပ်ရှားစွာဖြင့် မြန်ဆန်လာခဲ့သည်။ မူလက သူသည် အဆင့်ကို တက်လှမ်းနိုင်ခြင်း မရှိမချင်း အပြင်မထွက်တော့ဘဲ အသေခံကျင့်ကြံရန် ရည်ရွယ်ထားခြင်း ဖြစ်သည်။ သို့သော် မိမိကိုယ်ကိုယ် ရိုးသားစွာ ဝန်ခံရလျှင် သူ၌ ယုံကြည်မှု သိပ်မရှိလှပေ။
ထို့ကြောင့်လည်း သူသည် မွေးနေ့ပွဲကို အခွင့်ကောင်းယူကာ တပည့်များကို ပြန်ခေါ်ခဲ့ခြင်း ဖြစ်သည်။ လူစုံတုန်း နောက်ဆုံးအကြိမ် တွေ့ဆုံပြီး သူ မရှိတော့သည့် နောက်ပိုင်းအတွက် စီစဉ်ပေးခဲ့လိုခြင်း ဖြစ်သည်။ သို့သော် ယခုမူ သူ့အတွက် မျှော်လင့်ချက် ရောင်ခြည်က သမ်းလာခဲ့ပြီ ဖြစ်သည်။
"ယွီရှင်း... သမီးတို့ရဲ့ အရှင်မင်းကြီးက တကယ်ပဲ သိုင်းပညာ မတတ်တာလား၊ သူက လှံသိုင်းအကြောင်းကို တကယ်ပဲ ဘာမှ နားမလည်တာလား"
"ဆရာရယ်... ကျွန်မ ဘယ်နှခါ ပြောရမလဲ၊ အရှင်မင်းကြီးက သိုင်းပညာလည်း မတတ်ဘူး၊ လှံသိုင်းအကြောင်းလည်း ဘာမှ မသိပါဘူးဆို" ချိုင်ယွီရှင်းက စိတ်ပျက်လက်ပျက်ဖြင့် ပြန်ဖြေလိုက်သည်။
ဆရာဖြစ်သူက ဤမေးခွန်းကိုပင် ထပ်ခါတလဲလဲ မေးနေသဖြင့် သူမမှာ တော်တော်လေး ငြီးငွေ့နေပြီ ဖြစ်သည်။
"သူက သိုင်းပညာ မတတ်ဘူးဆိုရင် ဓားအဖိုးအိုကို ဘယ်လိုလုပ် သင်ပေးနိုင်မှာလဲ" လှံနတ်ဘုရားက ထပ်မေးလိုက်ပြန်သည်။
"နှုတ်နဲ့ပဲ ပြောပြတာလေ၊ ဓားအဖိုးအို မေးသမျှကို သူက ဖြေပေးတယ်၊ အဲဒါကို ဓားအဖိုးအိုက သင်ယူတာပေါ့" ချိုင်ယွီရှင်းက ဖြေလိုက်သည်။
"ဒါဆို သမီးရော လင်းပိုင်ဖန်ဆီက သင်ဖူးလား"
"မေးတော့ မေးဖူးတယ်၊ ဒါပေမဲ့ ကျွန်မ နားမလည်ဘူး။ အဲဒီလို နားမလည်တာတွေကို နားထောင်နေမယ့်အစား သိုင်းကျင့်ပြီး ချီစွမ်းအားကို မြှင့်တင်တာကမှ ပိုကောင်းဦးမယ်"
ပိုပြီး ထူးခြားသည့် သတင်းအချက်အလက် မရနိုင်တော့သည်ကို မြင်သောအခါ လှံနတ်ဘုရားက စိတ်ပျက်လက်ပျက်ဖြင့် လက်ယမ်းပြလိုက်ကာ - "ကဲ... သွားတော့၊ လိုအပ်ရင် ပြန်ခေါ်လိုက်မယ်"
"ဟုတ်ကဲ့ ဆရာ"
တံခါးပိတ်သွားပြီးနောက် လှံနတ်ဘုရားသည် စာလွှာကို ပြန်ထုတ်ကာ ဆက်လက် လေ့လာနေပြန်သည်။ သူက ခပ်တိုးတိုး ရေရွတ်လိုက်သည် - "သူက လှံအကြောင်း နားမလည်ဘူးဆိုတာ မဖြစ်နိုင်တာ..."
နောက်တစ်နေ့တွင် လှံနတ်ဘုရားသည် အခန်းထဲမှ ထွက်လာကာ တပည့်အားလုံးကို စုဝေးစေလိုက်သည်။ တပည့်များ၏ မျက်နှာတွင် ပူဆွေးသောက ရိပ်ယောင်များ ယှက်သန်းနေကြသည်။ ဆရာ၏ အပြုအမူများမှာ အသေခံကျင့်ကြံခြင်း မပြုမီ နောက်ဆုံးနှုတ်ဆက်ခြင်းနှင့် တူနေသောကြောင့် နောက်တစ်ကြိမ် ပြန်တွေ့နိုင်ပါဦးမလားဟု သူတို့ စိုးရိမ်နေကြခြင်း ဖြစ်သည်။
လှံနတ်ဘုရားက ကျေနပ်သည့် အမူအရာဖြင့် ပြောလိုက်သည် - "တပည့်တို့... မင်းတို့အားလုံး ဆရာ့ရဲ့ အသက် ၉၀ ပြည့် မွေးနေ့ကို ပြန်လာနိုင်ကြလို့ ဆရာ အရမ်းဝမ်းသာတယ်။ မင်းတို့အားလုံး အောင်မြင်နေတာကို မြင်ရတာက ဆရာ့ကို ပိုပြီး ပျော်ရွှင်စေတယ်"
"မင်းတို့ တပည့်စဖြစ်တုန်းက ကလေးလေးတွေပဲ ရှိသေးတာ၊ လှံကိုတောင် ဘယ်လိုကိုင်ရမှန်း မသိကြသေးဘူး။ ဆရာကပဲ ထပ်ခါတလဲလဲ သင်ပေးခဲ့လို့ မင်းတို့ လှံသိုင်းတတ်ခဲ့ကြတာ"
"ဒါပေမဲ့ အချိန်တွေဟာ မြားတစ်စင်းလိုပဲ မြန်ဆန်လွန်းတယ်။ မျက်စိတစ်မှိတ်အတွင်းမှာပဲ မင်းတို့အားလုံး လူလားမြောက်ကုန်ကြပြီ။ အိမ်ထောင်ကျတဲ့သူက ကျ၊ အောင်မြင်တဲ့သူ အောင်မြင်ကုန်ပြီ။ နောင်တစ်ချိန်မှာ ဆရာတို့ အခုလို ပြန်ဆုံခွင့် ရဦးမလားဆိုတာ ဘယ်သူမှ မသိနိုင်ဘူး"
လူတိုင်း၏ မျက်နှာများမှာ ပို၍ လေးလံသွားကြသည်။ ဆရာနှင့်အတူ ဖြတ်သန်းခဲ့ရသည့် ခက်ခဲပင်ပန်းမှုများ၊ ပျော်ရွှင်စရာများနှင့် ဝမ်းနည်းစရာများက ပုံရိပ်များအလား ပြန်လည် မြင်ယောင်လာကြသည်။ တပည့်အချို့မှာ မျက်ရည်များပင် ဝဲလာကြသည်။
အချို့ဆိုလျှင် မျက်ရည်များ ပိုးပိုးပေါက်ပေါက် ကျလာရင်း "ဆရာ..." ဟု တိုးတိုးလေး ခေါ်လိုက်ကြသည်။
"ဘယ်လောက်ပဲ စည်ကားတဲ့ ပွဲဖြစ်ဖြစ် အဆုံးသတ်တော့ ရှိစမြဲပဲ"
လှံနတ်ဘုရားက မတ်တတ်ရပ်ကာ ခိုင်မာစွာ ပြောလိုက်သည် - "ဒီနေ့ပြီးရင် မင်းတို့အားလုံး ဂိုဏ်းကနေ ထွက်သွားကြတော့။ ပြန်လာဖို့ မလိုတော့ဘူး။ ဘာလို့လဲဆိုတော့ ဆရာကိုယ်တိုင်လည်း ထွက်သွားတော့မှာမို့လို့ပဲ။ ဆရာတို့တွေ ကမ္ဘာ့အဆုံးမှာ ပြန်ဆုံနိုင်မလားဆိုတာကတော့ ကံတရားအပေါ်မှာပဲ မူတည်လိမ့်မယ်"
နောက်ဆုံးတွင် တစ်ယောက်က မအောင့်နိုင်တော့ဘဲ လှံနတ်ဘုရား၏ ခြေထောက်ကို ဖက်ကာ ငိုရှိုက်လိုက်တော့သည်။
"ဆရာ... မသွားပါနဲ့၊ ကျွန်တော်တို့ ဆရာ့ကို မခွဲနိုင်ဘူး"
"ကျွန်တော်တို့ တစ်သက်လုံး ဆရာ့ကို လုပ်ကျွေးချင်တာပါ"
"ဆရာမရှိဘဲ ကျွန်တော်တို့ ဘာလုပ်ရမလဲ"
လှံနတ်ဘုရား၏ အမူအရာမှာ ပြတ်သားနေဆဲပင် - "မဟုတ်ဘူး... ဆရာ သွားမှဖြစ်မယ်။ နောက်ဆုံးတော့ အဆင့်တက်လှမ်းနိုင်ဖို့ မျှော်လင့်ချက် ရောင်ခြည်ကို တွေ့လိုက်ရပြီ၊ အဲဒီအခွင့်အရေးကို ဆရာ ဘယ်လိုလုပ် လက်လွှတ်နိုင်မှာလဲ"
တပည့်များက ဒူးထောက်ကာ ငိုယိုတောင်းပန်ကြသည်။
"ဆရာ... ကျေးဇူးပြုပြီး မသွားပါနဲ့"
"ကျွန်တော်တို့ တကယ် မခွဲချင်ဘူး"
"မသွားပါဘူးလို့ ကတိပေးပါ ဆရာ"
လှံနတ်ဘုရားက သူတို့ကို စိတ်ပျက်သလို ကြည့်ကာ ကျယ်လောင်စွာ အော်ဟစ်လိုက်သည် - "မင်းတို့က ပြိုင်ဘက်ကင်း လှံနတ်ဘုရားရဲ့ တပည့်တွေပဲ၊ ယောကျ်ားပီပီ သတ္တိရှိစမ်းပါ။ အခုလို ငိုယိုနေတာက ဘာသဘောလဲ။ အခု ချက်ချင်း ထကြစမ်း"
"ဆရာ မသွားဘူးလို့ ကတိပေးမှ ကျွန်တော်တို့ ထပါ့မယ်"
တပည့်ကြီးက ပြောလိုက်ရာ အခြားသူများကလည်း ထောက်ခံကြသည်။
လှံနတ်ဘုရားမှာ ဒေါသထွက်သွားပြီး - "မင်းတို့က တော်တော် အတင့်ရဲနေကြပြီပဲ။ အခုတော့ အတောင်စုံလို့ ဆရာ့စကားကိုတောင် နားမထောင်တော့ဘူးလား။ ဆရာ့ကို အကျပ်ကိုင်ချင်တာလား။ ဆရာက အဆင့်တက်ဖို့ သွားမှာ၊ သေဖို့သွားမှာ မဟုတ်ဘူး။ ဒီလောက် စိတ်လှုပ်ရှားနေရအောင် ဘာဖြစ်နေကြတာလဲ"
"ဆရာ... ဒါက သေဖို့သွားတာနဲ့ ဘာကွာလို့လဲ"
တပည့်ကြီးက မျက်ရည်များဖြင့် ပြောလိုက်သည် - "ဆရာက အသေခံကျင့်ကြံဖို့ ပြင်နေတာ မဟုတ်လား။ ဒါပေမဲ့ ဆရာ့ရဲ့ လက်ရှိ အခြေအနေနဲ့ဆိုရင် အောင်မြင်ဖို့ဆိုတာ လုံးဝ မဖြစ်နိုင်သလောက်ပဲ။ အကယ်၍ မအောင်မြင်ခဲ့ရင်..."
အခြားသူများမှာလည်း ပို၍ ကျယ်လောင်စွာ ငိုကြွေးကုန်ကြသည်။
"ဆရာ... မသေပါနဲ့ဦး"
"ကျွန်တော်တို့ကို ပစ်မသွားပါနဲ့လို့ တောင်းပန်ပါတယ်"
"ကျွန်တော်တို့ သေကွဲ မခွဲချင်ဘူး"
လှံနတ်ဘုရားမှာ ဦးစွာ မှင်တက်သွားပြီးမှ ဒေါသထွက်လာတော့သည်။
"တောက်... မင်းတို့ ဘာတွေ လျှောက်ပြောနေတာလဲ။ ငါ့ကို သေပါစေလို့ ကျိန်ဆဲနေကြတာလား။ မင်းတို့ တော်တော် မိုက်မဲတာပဲ။ ငါသေတော့မယ်လို့ ဘယ်သူပြောလဲ။ ငါက မဟာရှနိုင်ငံကို သွားမှာ။ မင်းတို့အားလုံး သေရင်တောင် ငါက သေဦးမှာ မဟုတ်ဘူး"
"အမ်... ဆရာက မဟာရှနိုင်ငံကို သွားမလို့လား" တပည့်များမှာ တစ်လှည့်စီ မှင်တက်သွားကြသည်။
တစ်ယောက်က ကြောင်တောင်တောင်ဖြင့် မေးလိုက်သည် - "ဆရာ... မဟာရှနိုင်ငံကို သွားပြီး ဘာလုပ်မလို့လဲ"
"ဘာလို့လဲဆိုတော့ အဲဒီမှာ ဆရာ့အတွက် အဆင့်တက်လှမ်းနိုင်မယ့် အခွင့်အလမ်းရှိနေလို့ပဲ။ အဲဒါကို ကိုယ်တိုင် သွားကြည့်ချင်လို့ပဲ" လှံနတ်ဘုရားက ရှင်းပြလိုက်သည်။
"ဆရာက အသေခံကျင့်ကြံဖို့ သွားမယ်လို့ ပြောခဲ့တာ မဟုတ်ဘူးလား" နောက်တစ်ယောက်က မေးပြန်သည်။
"အရင်ကတော့ တခြားနည်းလမ်းမရှိလို့ အဲဒီလို လုပ်ဖို့ စဉ်းစားခဲ့တာ၊ ဒါပေမဲ့ အခုတော့ အခြေအနေက ပြောင်းသွားပြီ"
လှံနတ်ဘုရား၏ မျက်နှာမှာ ဂုဏ်ယူဝင့်ကြွားသည့် အမူအရာဖြင့် တောက်ပလာခဲ့သည် - "အခုတော့ နည်းလမ်းအသစ် တွေ့ထားပြီဆိုမှတော့ အဲဒါကို အမိအရ ဆုပ်ကိုင်ရမှာပေါ့။ ဒီခရီးစဉ်ကနေ ဆရာ အများကြီး ရရှိလိမ့်မယ်လို့ ခံစားနေရတယ်"
တပည့်များမှာ ပါးစပ်အဟောင်းသား ဖြစ်သွားကြပြီး ဘာပြောရမှန်း မသိတော့ပေ။ တစ်ဦးနှင့်တစ်ဦး စကားတွေလွဲကာ နားလည်မှုတွေ အကြီးအကျယ် လွဲချော်ခဲ့ကြသည် မဟုတ်ပါလား။ သူတို့၏ ခံစားချက်တွေက အလကား ဖြစ်သွားရလေပြီ။
သို့သော်လည်း လူတိုင်း ပြန်လည် ပျော်ရွှင်သွားကြသည်။
ဆရာက အသေခံကျင့်ကြံမှာ မဟုတ်တော့သည့်အတွက် သူတို့ ပြန်ဆုံနိုင်မည့် အခွင့်အရေးတွေ အများကြီး ရှိနေသေးသည် မဟုတ်ပါလား။
"ယွီရှင်း... ဘာမှ လုပ်စရာမရှိတော့ရင် ပစ္စည်းတွေ သိမ်းတော့။ ဆရာ သမီးနဲ့အတူ လိုက်ခဲ့မယ်"
"ဟုတ်ကဲ့ပါ ဆရာ" ချိုင်ယွီရှင်း၏ မျက်နှာတွင်လည်း အပြုံးများ ဝေဆာသွားသည်။
မွန်းလွဲပိုင်းတွင် လှံနတ်ဘုရားသည် မစောင့်နိုင်တော့ဘဲ စတင် ထွက်ခွာခဲ့တော့သည်။ သူ့နောက်တွင် ကိုးယောက်မြောက် မင်းသား လီထျန်းချုံးနှင့် ဆရာ့ကို ပြုစုရန် တပည့်ငယ်အချို့ လိုက်ပါလာခဲ့ကြသည်။
ကျန်ရှိသည့် တပည့်များမှာလည်း ပျော်ရွှင်စွာဖြင့် အသီးသီး ပြန်လည် ထွက်ခွာသွားကြလေသည်။
***